ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၂/၁ စာ. ၃-၄
  • ရွှေပညတ် လူခပ်သိမ်းနှင့်ဆိုင်သော သွန်သင်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွှေပညတ် လူခပ်သိမ်းနှင့်ဆိုင်သော သွန်သင်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွှေပညတ်မှေးမှိန်ခဲ့ရ
  • ရွှေပညတ်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ရွှေပညတ် ယင်းသည် လက်တွေ့ကျ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ရွှေ ပညတ်—အဘယ်ကြောင့်ယုတ္တိတန်ဆဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ရွှေပညတ်—ယင်းကားအဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၂/၁ စာ. ၃-၄

ရွှေပညတ် လူခပ်သိမ်းနှင့်ဆိုင်သော သွန်သင်ချက်

“သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။”—မဿဲ ၇:၁၂။

ယေရှုခရစ်သည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးက သူ၏ကျော်ကြားလှသော တောင်ပေါ်တရားတော်၌ ထိုစကားများကို မြွက်ကြားခဲ့၏။ ထိုအချိန်မှစ၍ ရာစုနှစ်များစွာအတွင်း အဆိုပါရိုးရှင်းသောစကားကို များစွာဖွဲ့နွဲ့ရေးသား ဖော်ပြပြောဆိုခဲ့ကြပြီ။ အကြောင်းများစွာအနက် ၎င်းကို “သမ္မာကျမ်းစာ၏အနှစ်သာရ၊” “မိမိအိမ်နီးချင်းနှင့်စပ်လျဉ်း၍ ခရစ်ယာန်ဝတ္တရားအချုပ်” နှင့် “အခြေခံကျသော လူ့ကျင့်ဝတ်ဆိုင်ရာမူ” စသည်ဖြင့် ချီးမွမ်းထောမနာပြုခဲ့ကြပြီ။ ယင်းကို ရွှေပညတ်အဖြစ် မကြာခဏရည်ညွှန်းသည့်အထိ လူသိများလာလေပြီ။

သို့သော် ရွှေပညတ်အယူအဆသည် ခရစ်ယာန်လောကဟုခေါ်သည့်သူတို့အတွက်သာ မဟုတ်ပါ။ ယုဒဘာသာ၊ . . . နှင့် ဂရိအတွေးအခေါ်ပညာရပ်အားလုံးက ဤလူ့ကျင့်ဝတ်ဆိုင်ရာအခြေခံမူကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ရှင်းလင်းဖော်ပြကြသည်။ အရှေ့တိုင်းတွင် အကြီးမြတ်ဆုံးပညာရှင်နှင့် ဆရာကြီးအဖြစ် ကြည်ညိုလေးစားခံရသူ ကွန်ဖြူးရှပ်၏ဖော်ပြချက်ကို အထူးသဖြင့် အရှေ့ဖျားတွင်နေထိုင်သူတို့ ကောင်းစွာသိကြသည်။ ကွန်ဖြူးရှပ်၏ ကျမ်းလေးကျမ်း တွင်တတိယမြောက်ကျမ်းဖြစ်သော စာပေအတိုအထွာစု ၌ဤသဘောထားကို သုံးကြိမ်တိုင်ဖော်ပြထားကြောင်း တွေ့ရှိရ၏။ တပည့်များ၏အမေးကိုဖြေကြားရာတွင် ကွန်ဖြူးရှပ်က ဤသို့နှစ်ကြိမ်ဖြေဆိုသည်– “သင့်ကိုသူတစ်ပါးမပြုစေလိုသောအရာကို သူတစ်ပါးအားမပြုနှင့်။” အခြားတစ်ချိန်တွင် သူ၏တပည့် ဇိုင်ဂွန်က “သူတစ်ပါးကျွန်တော့်ကိုမပြုစေလိုရာကို သူတို့ကိုလည်း ကျွန်တော်မပြုလိုဘူး” ဟုဝါကြွားပြောဆိုရာတွင် ဆရာက “ကောင်းတာပေါ့၊ ဒါပေမဲ့ အဲဒါကို မင်းအခုထိမလုပ်နိုင်သေးဘူး” ဟု ကိုယ်ရှိန်သတ်မိစေသောစကားဖြင့် ပြန်လှန်ချေပခဲ့သည်။

ထိုစကားများကိုဖတ်ရှုရာတွင် ကွန်ဖြူးရှပ်၏စကားသည် နောက်ပိုင်းတွင် ယေရှုပြောဆိုသောစကား၏ ပြောင်းပြန်ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ထင်ရှားသောကွဲပြားချက်မှာ ယေရှုမိန့်ဆိုခဲ့သော ရွှေပညတ်က အခြားသူများအား ကောင်းမှုပြုရန် အပြုသဘောဆောင်၏။ ယေရှု၏အပြုသဘောဆောင်သော ထိုဖော်ပြချက်နှင့်အညီ လူအများသည် အခြားသူများကို ဂရုစိုက်၍ ကူညီပေးမည်၊ ဤကျင့်ထုံးနှင့်အညီ နေ့စဉ်အသက်ရှင်နေထိုင် ကျင့်ကြံကြသည်ဆိုပါစို့။ သို့ပြုခြင်းက မျက်မှောက်လောကကို သာ၍ကောင်းသောနေရာဖြစ်လာစေမည်ဟု သင်ယူမှတ်ပါသလော။ ယုံမှားဖွယ်မရှိပါလေ။

ဤပညတ်ကို အပြုသဘောဖြင့်ဖြစ်စေ၊ အပျက်သဘောဖြင့်ဖြစ်စေ၊ အခြားမည်သည့်သဘောဖြင့်မဆို ပြောဆိုကြပါစေ ထူးခြားစွာထင်ရှားသည်မှာ ကွဲပြားသောအချိန်၊ ကွဲပြားသောနေရာများရှိ နောက်ခံအမျိုးမျိုးမှသူတို့သည် ရွှေပညတ်အယူအဆကို ယုံကြည်စိတ်ချကြခြင်းဖြစ်သည်။ ယင်းက တောင်ပေါ်တရားတော်တွင် ယေရှုမိန့်တော်မူခဲ့သောစကားသည် ခေတ်အဆက်ဆက် နေရာတိုင်းတွင်ရှိလူများ၏ဘဝကို အကျိုးပြုသည့် လူခပ်သိမ်းနှင့်ဆိုင်သော သွန်သင်ချက်တစ်ရပ်ဖြစ်ကြောင်း ထင်ရှားပေသည်။

သင့်ကိုယ်သင် ဤသို့မေးပါ– ‘အကျွန်ုပ်ကို ရိုရိုသေသေ၊ ညီတူညီမျှ၊ ရိုးရိုးသားသား ဆက်ဆံစေလိုသလော။ လူမျိုးစုစိတ်စွန်းကွက်မှု၊ ရာဇဝတ်မှုနှင့် စစ်မှုမရှိသောကမ္ဘာတွင် အကျွန်ုပ်အသက်ရှင်နေထိုင်လိုသလော။ အချင်းချင်းတစ်ဦးကိုတစ်ဦး သူတစ်ပါး၏ခံစားချက်နှင့် အကျိုးကိုလိုလားကြောင်းတင်ပြသည့် မိသားစုတွင် အကျွန်ုပ်နေထိုင်လိုသလော။’ အမှန်မှာ၊ ထိုသို့သောအလားအလာများကို ငြင်းဆန်မည့်သူ မည်သူရှိမည်နည်း။ ဖြစ်ရပ်မှန်မှာ ထိုသို့သောအခြေအနေများကိုခံစားရသူ မရှိသလောက်ပင်ဖြစ်သည်။ လူအများစုသည် ယင်းသို့သောအခြေအနေများကို မမျှော်လင့်ဝံ့ချေ။

ရွှေပညတ်မှေးမှိန်ခဲ့ရ

သမိုင်းတစ်လျှောက် လူ့အခွင့်အရေးများကို လုံးဝလျစ်လျူရှုခဲ့သည့် လူမဆန်သောရာဇဝတ်မှုများစွာရှိခဲ့ပြီ။ ယင်းတို့တွင် အာဖရိကမှ ကျွန်ကုန်ကူးခြင်း၊ နာဇီခေတ် အသေသတ်စခန်းများတည်ထောင်ခြင်း၊ ကလေးများကို အကျပ်ကိုင် အလုပ်ခိုင်းခြင်း၊ တစ်နေရာပြီးတစ်နေရာ ရက်စက်စွာ အမျိုးဖြုတ်သတ်ဖြတ်ခြင်းတို့ ပါဝင်သည်။ ထိတ်လန့်တုန်လှုပ်ဖွယ်စာရင်းသည် ထို့ထက်မကရှည်လျားနိုင်သည်။

ယနေ့ ကျွန်ုပ်တို့၏အဆင့်မြင့်နည်းပညာလောကသည် ကိုယ်ကျိုးကိုအဓိကထားသည်။ မိမိအဆင်ပြေမှု သို့မဟုတ် မိမိရသင့်သည်ဟုထင်သော အခွင့်အရေးများကို ထိပါးလာသောအခါ အခြားသူများအတွက် ထည့်စဉ်းစားပေးသူ မရှိသလောက်ပင်။ (၂ တိမောသေ ၃:၁-၅) လူအများသည် အဘယ်ကြောင့်တစ်ကိုယ်ကောင်းဆန်၊ ရက်စက်ကြမ်းကြုတ်၊ အကြင်နာကင်းမဲ့၍ ကိုယ်ကျိုးကိုအဓိကထားသူများ ဖြစ်လာရကြသနည်း။ ရွှေပညတ်ကို လူသိများသော်လည်း မဖြစ်နိုင်ရာ၊ ရှေးခေတ်မှကျန်ရစ်သည့် ကိုယ်ကျင့်တရားအဖြစ် ပယ်ထားကြသောကြောင့် မဟုတ်ပေလော။ ဝမ်းနည်းစရာကား ဘုရားသခင်ကိုယုံကြည်သည်ဟု ဆိုသူများစပ်ကြားတွင်ပင် ထိုအတိုင်းဖြစ်နေခြင်းတည်း။ ဖြစ်ပျက်လျက်ရှိသောအရာများကို အကဲဖြတ်မည်ဆိုလျှင် လူတို့သည် ကိုယ်ကျိုးကိုသာ ပို၍အဓိကထားလာကြမည်ဖြစ်သည်။ 

ထို့ကြောင့် သုံးသပ်သင့်သည့် အရေးပါသောမေးခွန်းများမှာ– “ရွှေပညတ်နှင့်အညီ အသက်ရှင်နေထိုင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ယင်းနှင့်အညီ အသက်ရှင်နေထိုင်သူ တစ်စုံတစ်ယောက်ရှိနေဆဲလော။ လူခပ်သိမ်းသည် ရွှေပညတ်နှင့်အညီ အသက်ရှင်နေထိုင်ကြမည့်အချိန် ရောက်လာဦးမည်လော။ ၎င်းမေးခွန်းများ၏ မှန်ကန်သောအဖြေများရဖို့ ကျေးဇူးပြု၍ နောက်ဆောင်းပါးကို ဖတ်ပါလေ။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကွန်ဖြူးရှပ်နှင့် အခြားသူများသည် ရွှေပညတ်ကို အမျိုးမျိုးအဖုံဖုံ သွန်သင်ခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ