မေးခွန်းသေတ္တာ
◼ နိုင်ငံတော်ခန်းမသန့်ရှင်းရေးအတွက် မည်သူတာဝန်ရှိသနည်း။
သန့်ရှင်းပြီးဆွဲဆောင်မှုရှိသော နိုင်ငံတော်ခန်းမတစ်လုံးသည် ကျွန်ုပ်တို့ဟောသည့်သတင်းတရားအပေါ် နှစ်သက်ဖွယ်ဖြစ်စေသည်။ (၁ ပေတရု ၂:၁၂ နှိုင်းယှဉ်။) ခန်းမကို သပ်ရပ်သေသပ်စွာထားခြင်းသည် မရှိမဖြစ်လိုအပ်ပြီး ယင်းကိုပြုပြင်ထိန်းသိမ်းရာတွင် ယောက်တိုင်းပါဝင်နိုင်သည်။ တာဝန်အားလုံးကို လူအနည်းငယ်မျှသာထမ်းရွက်ရန် မမျှော်လင့်သင့်ပေ။ များသောအားဖြင့် သန့်ရှင်းရေးကို အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုအလိုက် စီစဉ်ကာ သင်တန်းမှူး သို့မဟုတ် သူ၏လက်ထောက်က ဦးဆောင်သည်။ အသင်းတော်တစ်ခုထက်မက စည်းဝေးသောခန်းမများတွင် အကြီးအကဲများသည် ပြုပြင်ထိန်းသိမ်းရာ၌ အသင်းတော်အားလုံးပါဝင်နိုင်ရန် စီစဉ်ပါမည်။
ကျွန်ုပ်တို့သည် ဤတာဝန်ကို အကောင်းဆုံး မည်သို့ထမ်းရွက်နိုင်သနည်း။ ပုံမှန်ဇယားတစ်ခုအရ နိုင်ငံတော်ခန်းမကို သန့်ရှင်းရေးလုပ်သင့်သည်။ သန့်ရှင်းရေးလုပ်ရာတွင်သုံးရန်အတွက် ပစ္စည်းကိရိယာများကို ဆောင်ထားသင့်သည်။ ညွှန်ကြားချက်အတွက် လုပ်သားများကြည့်ရှုနိုင်သည့်နေရာတွင် လုပ်ဆောင်ဖို့လိုအပ်ရာများ၏စာရင်းတစ်ခုကို ကပ်ထားသင့်သည်။ စာရင်းနှစ်ခုရှိပေမည်၊ တစ်ခုမှာ စည်းဝေးတစ်ခုစီမတိုင်မီနှင့် ပြီးသည့်နောက်တွင် ယေဘုယျအားဖြင့် အပေါ်ယံသန့်ရှင်းရေးအတွက်နှင့် အခြားတစ်ခုမှာ ပိုအသေးစိတ်ကျသောပတ်စဉ်သန့်ရှင်းရေးအတွက်ဖြစ်သည်။ စာအုပ်ကြီးသင်တန်းမှူးသည် တာဝန်ကျသူအားလုံးအတွက် အဆင်ပြေမည့်ရက်တစ်ရက်နှင့် အချိန်တစ်ချိန်အတွက် အသေးစိတ်သန့်ရှင်းရေးကို ဇယားဆွဲသင့်သည်။ မြက်ခင်း၊ ပန်းပင်များနှင့် ချုံပင်ငယ်များကို မှန်မှန်ဂရုစိုက်ပေးသင့်သည်။ လူသွားလမ်းများနှင့် ကားရပ်ရန်နေရာများတွင် အမှိုက်သရိုက်များရှင်းနေသင့်သည်။ နှစ်စဉ် အသေးစိတ်သန့်ရှင်းရေးလုပ်သင့်သည်၊ သတိရအောက်မေ့ပွဲမတိုင်မီလေးတွင် လုပ်နိုင်သည်။ ယင်းတွင် ပြတင်းပေါက်များနှင့်နံရံများကို ဆေးကြောခြင်း၊ ကော်ဇောလျှော်ခြင်းနှင့် လိုက်ကာများကို သန့်ရှင်းရေးလုပ်ခြင်းတို့ပါဝင်ပေမည်။
ကျွန်ုပ်တို့အားလုံးသည် ခန်းမအတွင်းအပြင်တွင် ပီကေ သို့မဟုတ် အမှိုက်သရိုက်မချခြင်းဖြင့် အမှန်ပင်ဝန်ကိုပေါ့စေနိုင်၏။ နောက်လူအတွက် သန့်ရှင်းနေစေရန် အိမ်သာကို တစ်ဦးစီသုံးပြီးတိုင်း သန့်ရှင်းစွာထားနိုင်သည်။ ပစ္စည်းကိရိယာများ၊ ပရိဘောဂများကို မကျိုးပဲ့မပျက်စီးစေရန် သတိထားပါ။ ကော်ဇောအစွန်းအထင်းများ၊ ကုလားထိုင်ပျက်များ၊ ရေပိုက်ပြဿနာများ၊ ကျွမ်းနေသည့်မီးသီးများ အစရှိသည်တို့ကို အာရုံစိုက်ကာ နိုင်ငံတော်ခန်းမပြုပြင်ထိန်းသိမ်းရေး တာဝန်ခံညီအစ်ကိုအား ယင်းတို့ကို ချက်ချင်းသတင်းပို့ပါ။
ကျွန်ုပ်တို့အားလုံး ကိုယ့်အပိုင်းကဏ္ဍကို လိုလိုလားလားလုပ်ဆောင်ကြစို့။ ယင်းက နှစ်လိုဖွယ်ဝတ်ပြုရေးအိမ်တော်တစ်ခုဖြစ်စေကာ ယေဟောဝါဘုရားသခင်ကိုဂုဏ်တင်သော သန့်ရှင်းသည့်လူမျိုးတစ်မျိုးအဖြစ် ကျွန်ုပ်တို့ကိုခြားနားစေသည်။—၁ ပေ. ၁:၁၆။