ယေဟောဝါကိုဂုဏ်တင်ရန် အခြားသူများအားကူညီခြင်း
၁ ကမ္ဘာတစ်ဝန်းတွင် အရေးကြီးသောသတင်းတစ်ရပ်ကို လူတို့အားကြွေးကြော်လျက်ရှိသည်– “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။” (ဗျာ. ၁၄:၆၊ ၇) ထိုသို့ကြွေးကြော်ရာ၌ ပါဝင်ရခြင်းသည် ကျွန်ုပ်တို့အတွက်အခွင့်ထူးဖြစ်၏။ ယေဟောဝါကို ကြောက်ရွံ့၍ ဝတ်ပြုကိုးကွယ်ရန် ကိုယ်တော့်အကြောင်း လူတို့သိဖို့လိုသည့်အရာကား အဘယ်နည်း။
၂ ကိုယ်တော်၏နာမတော်– လူတို့သည် ယနေ့ကိုးကွယ်ကြသည့် မှားယွင်းသောဘုရားများစွာမှ စစ်မှန်သောဘုရားသခင်တစ်ဆူတည်းကို နာမတော်အားဖြင့် ခွဲခြားနိုင်ဖို့လိုသည်။ (တရား. ၄:၃၅; ၁ ကော. ၈:၅၊ ၆) အမှန်မှာ၊ ကျမ်းရေးသူတို့သည် ယေဟောဝါ၏ထူးမြတ်သောနာမတော်ကို အကြိမ်ပေါင်း ၇,၀၀၀ ကျော်အသုံးပြုခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နာမတော်အား စတင်အသုံးပြုသည့်အခါ ပိုင်းခြားသိမြင်မှုကို တော်မှန်စွာအသုံးပြုကြသော်လည်း ဘယ်သောအခါမျှ ယင်းနာမတော်ကို မသုံးဘဲမနေသင့်၊ သို့မဟုတ် အသုံးပြုခြင်းကို မရှက်သင့်ပေ။ ဘုရားသခင်၏အလိုတော်မှာ မိမိ၏နာမတော်ကို လူသားအားလုံးသိရှိရန်ဖြစ်သည်။—ဆာ. ၈၃:၁၈၊ ကဘ။
၃ ကိုယ်တော်၏ ဂုဏ်ရည်တော်– လူတို့သည် ယေဟောဝါကိုဂုဏ်တင်ရန် ကိုယ်တော်ကား မည်သို့သောဘုရားဖြစ်ကြောင်း သိဖို့လိုသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ကရုဏာ၊ ချစ်ခင်ကြင်နာမှု၊ အခြားအံ့ဖွယ်အရည်အချင်းများနှင့်အတူ ကိုယ်တော်၏ထူးခြားသောမေတ္တာ၊ သာလွန်ထူးကဲသောဉာဏ်ပညာ၊ အကြွင်းမဲ့တရားမျှတမှုနှင့် အနန္တတန်ခိုးတို့ကို သူတို့နှင့်အကျွမ်းဝင်စေရမည်။ (ထွ. ၃၄:၆၊ ၇) ကျွန်ုပ်တို့၏အသက်သည် ယေဟောဝါ၏မျက်နှာသာရရှိခြင်းအပေါ် မူတည်ကြောင်း သူတို့အသိအမှတ်ပြုကာ အကျိုးဖြစ်ထွန်းသောကြောက်ရွံ့မှုဖြင့် ဘုရားသခင်ကိုကြောက်ရွံ့၍ ရိုသေလေးမြတ်ရန်လည်း သူတို့သင်ယူကြရမည်။—ဆာ. ၈၉:၇။
၄ ဘုရားသခင်ထံချဉ်းကပ်ခြင်း– ဘုရားသခင်၏ လာမည့်တရားစီရင်ခြင်းမှ ကယ်တင်ခံရရန် လူတို့သည် ယုံကြည်ခြင်းဖြင့် ယေဟောဝါကို ပတ္ထနာပြုကြရမည်။ (ရော. ၁၀:၁၃၊ ၁၄; ၂ သက်. ၁:၈) ယင်းတွင် ဘုရားသခင့်နာမတော်နှင့် အရည်အသွေးတော်များနှင့်ဆိုင်သည့် အသိပညာကိုရရှိရုံမျှမက အကျုံးဝင်သည်။ ကျွန်ုပ်တို့သည် လူတို့အား ယေဟောဝါနှင့် နှစ်ကိုယ်ကြားဆက်ဆံရေး တိုးတက်ကောင်းမွန်ကာ နှလုံးရှိသမျှဖြင့် ကိုယ်တော်ကို ယုံကြည်ကိုးစားရန် ကူညီပေးရမည်။ (သု. ၃:၅၊ ၆) သူတို့သည် သင်ယူသိရှိသမျှကို လက်တွေ့ကျင့်သုံး၍ ထက်သန်စွာဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို မှီခိုအားထားကာ အသက်တာတွင် ကိုယ်တော်၏ကူညီမှုကို ခံစားရသည်နှင့်အမျှ သူတို့၏ယုံကြည်ခြင်းသည် တိုးပွားလာကာ ယေဟောဝါထံချဉ်းကပ်ရန် သူတို့ကိုကူညီပေးပါလိမ့်မည်။—ဆာ. ၃၄:၈။
၅ ကျွန်ုပ်တို့သည် ဘုရားသခင်၏နာမတော်ကို ထက်သန်စွာကြေညာကာ ကိုယ်တော်အပေါ် အပြည့်အဝယုံကြည်ကိုးစား၊ ကြောက်ရွံ့ရန် အခြားသူတို့အား ကူညီနိုင်ကြပါစေ။ ယေဟောဝါအား သူတို့၏ “ကယ်တင်သောဘုရားသခင်” အဖြစ် သိရှိဂုဏ်တင်ရန် နောက်ထပ်များစွာသောသူတို့ကို ကျွန်ုပ်တို့ ကူညီနိုင်ကောင်းကူညီနိုင်ဦးမည်ဖြစ်သည်။—ဆာ. ၂၅:၅။