“လာ၍ ငါ့နောက်သို့လိုက်လော့”
၁။ လာမည့်လများတွင် အသင်းတော်ကျမ်းစာလေ့လာမှုမှ အဘယ်အခွင့်အရေး ရရှိကြမည်နည်း။
၁ ယေရှု၏မြေကြီးအသက်တာကိုဖော်ပြသော ခရစ်ဝင်ကျမ်းလေးစောင်ပါ မှတ်တမ်းများသည် ဘုရားသခင့်သားတော်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များစွာကို ဖော်ပြသည်။ ခရစ်ယာန်များသည် “ခြေရာတော်ကို ထက်ကြပ်မကွာ လိုက်လျှောက်” လိုကြသောကြောင့် မတ် ၁ ရက်အပတ်မှစတင်ကာ အသင်းတော်ကျမ်းစာလေ့လာမှုတွင် “လာ၍ ငါ့နောက်သို့လိုက်လော့” စာအုပ်ကို သုံးသပ်သည့်အခါ ကျွန်ုပ်တို့သည် ကောင်းစွာပြင်ဆင်ပြီး အာရုံစိုက်လိုကြသည်။ (၁ ပေ. ၂:၂၁; မာ. ၁၀:၂၁) အထူးဆင်ခြင်သုံးသပ်ထိုက်သည့် အကြောင်းအရာမှာ ဓမ္မအမှုတွင် ကျွန်ုပ်တို့ကို ခွန်အားရှိစေနိုင်သည့် ယေရှု၏အသက်တာမှ သွင်ပြင်လက္ခဏာများဖြစ်သည်။
၂။ ယေရှု၏ခံနိုင်ရည်ရှိသော စံနမူနာက ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုနိုင်သနည်း။
၂ ယေရှုချမှတ်ခဲ့သောစံနမူနာ– တစ်အိမ်မှတစ်အိမ်ဟောပြောနေစဉ် သင် အပျက်သဘောတုံ့ပြန်မှုနှင့် ကြုံဖူးပါသလော။ ကြုံဖူးပါက ယေရှု၏ ဤစကားများ မှန်ကန်ခြင်းဖြစ်သည်– “သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။” (ယော. ၁၅:၂၀) အပျက်သဘောတုံ့ပြန်မှုအားလုံးသည် ညှဉ်းဆဲခြင်းပုံစံတစ်ခုဖြစ်မည်တော့ မဟုတ်ပါ။ သို့သော် ယေရှု၏ရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းက စမ်းသပ်မှုများ၊ စုံစမ်းနှောင့်ယှက်မှုအားလုံးကို ခံရပ်ရန် ကိုယ်တော်အား ထောက်ကူခဲ့သည်။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့၏ သစ္စာရှိမှုကြောင့်ရရှိသည့် ယေဟောဝါ၏မျက်နှာသာနှင့် ဆုကျေးဇူးတို့အပေါ် အာရုံစိုက်နိုင်သည်။ ယင်းသို့ပြုခြင်းက ကျွန်ုပ်တို့ကို “မောပန်းနွမ်းနယ်ခြင်းမရှိ” စေရန် ထောက်ကူပေးပါလိမ့်မည်။ (ဟေဗြဲ ၁၂:၂၊ ၃; သု. ၂၇:၁၁) ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် စွဲမြဲနေမည်ဆိုလျှင် ခရစ်တော်ယေရှု၏ ထောက်မမှုကိုလည်း ယုံကြည်စိတ်ချနိုင်ကြသည်။—မ. ၂၈:၂၀။
၃။ ဓမ္မအမှုအပေါ် ယေရှု၏ရှုမြင်ပုံကို ကျွန်ုပ်တို့ မည်သို့ တုပနိုင်သနည်း။
၃ “ထိုအကြောင်းကြောင့် ငါ့ကိုစေလွှတ်တော်မူ၏”– နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် ယေရှု၏အသက်တာတွင် အဓိကဦးစားထားရာဖြစ်သည်။ (လု. ၄:၄၃) ကိုယ်တော်သည် ဓမ္မအမှုတွင် မိမိကိုယ်ကို ရက်ရက်ရောရော ပေးဆက်ခဲ့သည်။ အရေးတကြီးသဘောထားဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အကြောင်းဟောပြောရန် အခွင့်အရေးများ မပြတ်ရှာဖွေခဲ့သည်။ ကျွန်ုပ်တို့သည် ယေရှု၏နောက်လိုက်များအနေနှင့် ကိုယ်တော်၏ စံနမူနာကိုလိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့အား အဘယ်အရာ ပြုလုပ်စေသနည်း။ ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေစဉ် တစ်စုံတစ်ဦးကို သတင်းကောင်းဝေမျှနိုင်ပါသလော။ ခရစ်တော်၏ချစ်ခြင်းမေတ္တာက သတင်းကောင်းကို အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့်ဝေငှရန် ကျွန်ုပ်တို့ကို အနိုင်အထက်နှိုးဆော်ပါစေ။—၂ ကော. ၅:၁၄။
၄။ အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ဓမ္မအမှု အရည်အသွေးကို တိုးတက်စေနိုင်သနည်း။
၄ “ထိုသူဟောသကဲ့သို့ မည်သူမျှမဟောဖူးပါ”– ယေရှု၏စကားကို နားထောင်နေသူတို့သည် ကိုယ်တော်၏သွန်သင်ပုံကြောင့် အံ့သြခဲ့ကြသည်။ (ယော. ၇:၄၆; မ. ၇:၂၈၊ ၂၉) အဘယ်အရာက အခြားဆရာများနှင့် ကိုယ်တော့်ကို ကွဲပြားခြားနားစေသနည်း။ ကိုယ်တော်သည် မိမိသွန်သင်သည့် အမှန်တရားကို ချစ်မြတ်နိုးတော်မူသည်၊ မိမိသွန်သင်ပေးရသည့်လူတို့ကို ကိုယ်တော်ချစ်မြတ်နိုးသည်၊ သွန်သင်နည်းအမျိုးမျိုးကို ကိုယ်တော်အသုံးပြုခဲ့သည်။ ကျွန်ုပ်တို့သည် ကြီးမြတ်သောဆရာကို တုပခြင်းဖြင့် ကျွန်ုပ်တို့ဓမ္မအမှု အရည်အသွေးကို တိုးတက်စေနိုင်ပါသည်။—လု. ၆:၄၀။
၅။ “လာ၍ ငါ့နောက်သို့လိုက်လော့” စာအုပ်ကိုလေ့လာနေစဉ် ကျွန်ုပ်တို့၏ပန်းတိုင်မှာ အဘယ်အရာဖြစ်သင့်သနည်း။
၅ ယင်းတို့သည် ယေရှု၏ဘဝအသက်တာမှ ကျွန်ုပ်တို့သင်ယူနိုင်သည့် အဖိုးထိုက်ရာအနည်းငယ်ဖြစ်သည်။ အခြားအဖိုးထိုက်သော အဘယ်အရာများကို တွေ့ရှိနိုင်သေးသနည်း။ အသင်းတော်ကျမ်းစာလေ့လာမှု၌ ယေရှု၏ဘဝအသက်တာအကြောင်း ဆန်းစစ်ချိန်တွင် ကိုယ်တော်၏စကားများ၊ ကိုယ်တော်၏လုပ်ဆောင်မှုများကို တုပခြင်းဖြင့် “ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို သိကျွမ်းလာ” စေရန် ပန်းတိုင်ထားပါ။—ဧ. ၃:၁၉။