ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၆ ဇန်နဝါရီ စာ. ၁၄-၁၉
  • ရွေးဖိုး ဘာကြောင့် လိုအပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွေးဖိုး ဘာကြောင့် လိုအပ်
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွေးဖိုးကြောင့် လုပ်မိတဲ့အပြစ်တွေ ခွင့်လွှတ်ခံရ
  • ရွေးဖိုးကြောင့် အမွေရထားတဲ့အပြစ်ကနေ လွတ်မြောက်
  • ရွေးဖိုးကြောင့် ဖန်ဆင်းရှင်နဲ့ ပြန်လည်သင့်မြတ်လာ
  • ရွေးဖိုးက ယေဟောဝါရဲ့ ကရုဏာကို ထင်ရှားစေ
  • ရွေးဖိုးကနေ သိနိုင်ရာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ယေဟောဝါရဲ့ မေတ္တာကြောင့် ခံစားရတဲ့ ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ဘာကြောင့် တန်ဖိုးထားလေးမြတ်ရမလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
က၂၆ ဇန်နဝါရီ စာ. ၁၄-၁၉

မတ် ၁၆-၂၂၊ ၂၀၂၆

သီချင်း ၂၀ အချစ်ဆုံးသားကို ပေးခဲ့

ရွေးဖိုး ဘာကြောင့် လိုအပ်

“ဒီလိုအဖြစ်မျိုးနဲ့ သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ။”—ရော. ၇:၂၄။

အာရုံစိုက်ရာ

ရွေးဖိုးကြောင့် လုပ်မိတဲ့အပြစ်တွေ ခွင့်လွှတ်ခံရတယ်၊ အမွေရထားတဲ့အပြစ်ကနေ လွတ်မြောက်လာတယ်၊ ဘုရားနဲ့ ပြန်လည်သင့်မြတ်လာတယ်။

၁-၂။ လူသားတွေ ဘာကြောင့် ကယ်တင်ခံရဖို့ လိုသလဲ။ (ရောမ ၇:၂၂-၂၄) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အဆောက်အအုံ ပြိုကျပြီး အပျက်အစီးတွေကြား လူတစ်ယောက် ပိတ်မိနေတယ်လို့ မြင်ယောင်ကြည့်ပါ။ အသက်တော့ ရှိသေးပေမဲ့ အပျက်အစီးပုံအောက်ကနေ မိမိဘာသာ မထွက်လာနိုင်ဘူး။ သူလုပ်နိုင်တာဆိုလို့ အကူအညီ အော်တောင်းတာ၊ ကယ်ဆယ်ရေးသမားတွေ ရောက်လာဖို့ မျှော်လင့်တာပါပဲ။

၂ ကျွန်တော်တို့အားလုံး အလားတူ အခြေအနေမျိုး ကြုံနေရတယ်။ ဖန်ဆင်းရှင်ကို အာဒံ ပုန်ကန်လိုက်ချိန်မှာ အပြစ်သားတစ်ယောက် ဖြစ်လာတယ်။ လူသားအားလုံး အာဒံကနေ ဆင်းသက်လာလို့ အာဒံဆီက အပြစ်ကို အမွေရခဲ့တယ်။ ဒါကြောင့် လူသားမျိုးနွယ်တစ်ခုလုံး အပြစ်တရားအောက်မှာ ပိတ်မိနေပြီး မိမိဘာသာ ရုန်းထွက်လို့ မရနိုင်ဘူး။ ရောမမြို့သားတွေဆီ ပေါလုရေးတဲ့ စာထဲမှာ ကျွန်တော်တို့ရဲ့ အပြစ်အကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ရောမ ၇:၂၂-၂၄ ကို ဖတ်ပါ။) “ဒီလိုအဖြစ်မျိုးနဲ့ သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင်” ကယ်တင်ပေးဖို့ သူ အသနားခံထားတယ်။ အပြစ်တရားအောက်မှာ ပိတ်မိနေလို့ သေခြင်းတရားကို မရှောင်လွှဲနိုင်မှန်း ပေါလုသိတယ်။ (ရော. ၆:၂၃) ကျွန်တော်တို့ အခြေအနေလည်း အဲဒီလိုပါပဲ။ ကယ်တင်ခံရဖို့ လိုအပ်နေပါတယ်။

အဆောက်အအုံ ပြိုကျပြီး အပျက်အစီးတွေကြား ဒဏ်ရာတွေနဲ့ လူတစ်ယောက် ပိတ်မိနေပြီး လက်ဆန့်တန်း အကူအညီတောင်းခံနေ။

အဆောက်အအုံ ပြိုကျပြီး အပျက်အစီးတွေကြား ပိတ်မိနေတဲ့လူလို အပြစ်တရားရဲ့ ချုပ်နှောင်မှုအောက် ကျွန်တော်တို့ ရောက်နေ (စာပိုဒ် ၁-၂ ကို ကြည့်ပါ)


၃။ ရွေးဖိုးကြောင့် ဘာအကျိုးရသလဲ။

၃ အပြစ်တရားအောက် ပိတ်မိနေတဲ့အကြောင်းပဲ ပေါလု ပြောခဲ့တာမဟုတ်ဘူး။ မျှော်လင့်ချက်အကြောင်းလည်း ပြောခဲ့တယ်။ “ဒီလိုအဖြစ်မျိုးနဲ့ သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ” လို့ မေးပြီးနောက် “သခင်ယေရှုခရစ်အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ဆက်ပြောတယ်။ (ရော. ၇:၂၅) ယေရှုရဲ့ ရွေးဖိုး ပူဇော်သကာaအကြောင်း ပေါလု ပြောနေတာပါ။ ရွေးဖိုးကြောင့် (၁) လုပ်မိတဲ့အပြစ်တွေ ခွင့်လွှတ်ခံရတယ်၊ (၂) အမွေရထားတဲ့အပြစ်ကနေ လွတ်မြောက်လာတယ်၊ (၃) ဖန်ဆင်းရှင်နဲ့ ပြန်လည်သင့်မြတ်လာတယ်။ ဒီအချက်တွေကို လေ့လာသွားတဲ့အခါ “မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်” ကို ပိုချစ်မြတ်နိုးလာပါလိမ့်မယ်။ (ရော. ၁၅:၁၃) ကျွန်တော်တို့ လွတ်မြောက်အောင် ရွေးဖိုးပေးခဲ့တဲ့ ယေရှုကိုလည်း ပိုကျေးဇူးတင်လေးမြတ်လာမယ်။—ကော. ၁:၁၄။

ရွေးဖိုးကြောင့် လုပ်မိတဲ့အပြစ်တွေ ခွင့်လွှတ်ခံရ

၄-၅။ ကျွန်တော်တို့အားလုံး ဘာကြောင့် ရွေးဖိုးလိုသလဲ။ (ဒေသနာ ၇:၂၀)

၄ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ရွေးဖိုးလိုတယ်။ ကျွန်တော်တို့ယောက်တိုင်း အပြောနဲ့ရော လုပ်ရပ်နဲ့ပါ အပြစ်တွေ လုပ်မိတတ်ကြတယ်။ (ဒေသနာ ၇:၂၀ ကို ဖတ်ပါ။) တချို့အပြစ်တွေဆို တော်တော်လေး ကြီးလေးတယ်။ ဥပမာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လူ့အသက်သတ်တာဟာ မောရှေပညတ်အရ သေဒဏ်ခံထိုက်တဲ့ ပြစ်မှုတွေဖြစ်တယ်။ (ဝတ်. ၂၀:၁၀။ တော. ၃၅:၃၀၊ ၃၁) အပြစ်တော်တော်များများကတော့ ကြီးလေးတဲ့ အပြစ်မဟုတ်ပေမဲ့လည်း အပြစ်ပြုခြင်းပါပဲ။ ဥပမာ၊ “စကားနဲ့ မပြစ်မှားမိအောင် ငါစောင့်စည်းမယ်” လို့ ဒါဝိဒ် ပြောခဲ့တယ်။ (ဆာ. ၃၉:၁) စကားအပြောအဆိုနဲ့ အပြစ်လုပ်မိနိုင်တယ်ဆိုတာ ဖော်ပြတယ်။—ယာ. ၃:၂။

၅ မပြောသင့်တဲ့စကား ပြောမိတာ၊ မလုပ်သင့်တဲ့လုပ်ရပ် လုပ်ခဲ့တာမျိုး ကြုံဖူးတယ်မဟုတ်လား။ ကျွန်တော်တို့အားလုံး နောက်မှ နောင်တရစေတဲ့ အပြောတွေ ပြောမိ၊ အမှားတွေ လုပ်မိကြတယ်။ “‘ကျွန်တော်တို့ အပြစ်မလုပ်ဘူး’ လို့ ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာပဲ။ ကျွန်တော်တို့မှာ အမှန်တရား မရှိဘူး” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ယော. ၁:၈။

၆-၇။ ကျွန်တော်တို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ယေဟောဝါ ဘာလုပ်ပေးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၆ ယေရှုပေးခဲ့တဲ့ ရွေးဖိုးကြောင့် ကျွန်တော်တို့အပြစ်ကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ (ဧ. ၁:၇) ရွေးဖိုးရှိနေတဲ့အတွက် ကျွန်တော်တို့ ဘယ်လိုပဲ အပြစ်လုပ်လုပ် ယေဟောဝါ အရေးမစိုက်ဘူးလို့တော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ အပြစ်လုပ်တာကို ယေဟောဝါ မနှစ်သက်ဘူး။ (ဟေရှာ. ၅၉:၂) ယေဟောဝါဟာ တရားမျှတတဲ့ဘုရားဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်ဖို့ဆိုရင် အပြစ်တွေကို ချေဖျက်ပေးနိုင်မယ့်အရာ လိုတယ်။

၇ မောရှေပညတ်အရ အစ္စရေးတွေ အပြစ်ခွင့်လွှတ်ခံရဖို့ တိရစ္ဆာန်တွေ ပူဇော်ဖို့လိုတယ်။ (ဝတ်. ၄:၂၇-၃၁။ ၁၇:၁၁) တိရစ္ဆာန်ပူဇော်သက္ကာတွေက ပိုကြီးမြတ်တဲ့ ပူဇော်သက္ကာရှိမယ်ဆိုတာ သိစေတယ်။ အဲဒါကတော့ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာပါ။ ရွေးဖိုးကြောင့် ကျွန်တော်တို့ ကောင်းချီးများစွာ ခံစားရတယ်။ ကျွန်တော်တို့အပြစ်ကို ယေဟောဝါ ခွင့်လွှတ်ပေးနိုင်သွားတယ်။ ယေရှုရဲ့ ရွေးဖိုးကြောင့် ခံစားရတဲ့ အကျိုးကျေးဇူးတွေကို ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ပေါလုရေးတဲ့စာမှာ တွေ့ရတယ်။ သူတို့လုပ်ခဲ့တဲ့ အပြစ်တွေအကြောင်း ပြောပြီးနောက် ဒီလိုပြောတယ်– “အခုတော့ ဘုရားသခင်က ခင်ဗျားတို့ကို ဆေးကြော သန့်စင်ပေးလိုက်ပြီ။ သခင်ယေရှုခရစ်ရဲ့ နာမည်နဲ့ စွမ်းအားတော်အားဖြင့် ခင်ဗျားတို့ကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်လိုက်ပြီ။”—၁ ကော. ၆:၉-၁၁။

အစ္စရေးမိသားစုတစ်စု ဗိမာန်တော်မှာ ပုရောဟိတ်ကို သိုးတစ်ကောင် ပြုံးပြုံးရွှင်ရွှင်နဲ့ပေးနေ။

တိရစ္ဆာန်ပူဇော်သက္ကာတွေက ပိုကြီးမြတ်တဲ့ ပူဇော်သက္ကာရှိမယ်ဆိုတာ သိစေ၊ အဲဒါကတော့ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာဖြစ်ပြီး ရွေးဖိုးကြောင့် ကောင်းချီးများစွာ ခံစားရ (စာပိုဒ် ၆-၇ ကို ကြည့်ပါ)


၈။ ဒီနှစ်အောက်မေ့ရာနေ့ မတိုင်ခင် ဘာအကြောင်း စဉ်းစားနိုင်သလဲ။

၈ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကြောင့် သင် ဘယ်လို အကျိုးခံစားရတယ်ဆိုတာ ဒီနှစ် အောက်မေ့ရာနေ့ မတိုင်ခင် အချိန်ယူ စဉ်းစားကြည့်ပါ။ ဥပမာ၊ အတိတ်က အမှားလုပ်ခဲ့ပေမဲ့ နောင်တယူပြီးပြီဆိုရင် အပြစ်ရှိတယ်ဆိုပြီး ဆက်ခံစားနေစရာ မလိုတော့ဘူး။ ဒါပေမဲ့ အပြစ်ခွင့်လွှတ်ခံရတယ်ဆိုတာ လက်ခံဖို့ ခက်နေရင်ကော။ ‘ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ သိပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တာ’ လို့ ခံစားနေရနိုင်တယ်။ အဲဒီလိုဖြစ်နေရင် ဒီအချက်ကို သတိရပါ– ခွင့်လွှတ်ပေးတဲ့အရှင်ဟာ ယေဟောဝါဖြစ်တယ်။ ခွင့်လွှတ်ပေးသင့်မသင့် တရားစီရင်ဖို့ ယေရှုကို တာဝန်ပေးထားတယ်။ အဲဒီတာဝန်ကို သင့်ကိုရော၊ တခြား ဘယ်လူသားကိုမှ ယေဟောဝါ မပေးထားဘူး။ “ဘုရားသခင်ဟာ အလင်းထဲမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့လည်း အလင်းမှာ လျှောက်လှမ်းမယ်။ . . . သားတော်ယေရှုရဲ့ သွေးက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သန့်စင်ပေးလိမ့်မယ်” လို့ ကျမ်းစာမှာ ဖတ်ရတယ်။ (၁ ယော. ၁:၆၊ ၇) တခြားကျမ်းစာ သွန်သင်ချက်တွေကို ကျွန်တော်တို့ လက်ခံသလို အဲဒီအချက်ကိုလည်း လက်ခံဖို့ လိုတယ်။ “ခွင့်လွှတ်ဖို့ အသင့်ရှိ” တဲ့ ယေဟောဝါဟာ ရွေးဖိုးကိုအခြေခံပြီး ကျွန်တော်တို့ရဲ့အပြစ်ကို တရားဝင် ခွင့်လွှတ်ပေးနိုင်သွားတယ်။—ဆာ. ၈၆:၅။

ရွေးဖိုးကြောင့် အမွေရထားတဲ့အပြစ်ကနေ လွတ်မြောက်

၉။ အပြစ်ဆိုတာ မှားယွင်းတဲ့လုပ်ရပ်အပြင် တခြား ဘာကိုလည်း ဆိုလိုသေးသလဲ။ (ဆာလံ ၅၁:၅)

၉ ကျမ်းစာမှာဖော်ပြထားတဲ့ “အပြစ်” ဆိုတာ မှားယွင်းတဲ့ လုပ်ရပ်ကိုပဲ ဆိုလိုတာမဟုတ်ဘူး။ မွေးရာပါ မစုံလင်တဲ့ အခြေအနေကိုလည်း ဆိုလိုတယ်။ (ဆာလံ ၅၁:၅ ကို ဖတ်ပါ။) ဒီအခြေအနေကြောင့် မှားယွင်းတဲ့ အတွေးအခေါ်တွေ ဝင်လာတတ်တယ်၊ အမှားလုပ်မိတတ်ကြတယ်။ ယေဟောဝါ ပုံစံပြုထားသလို မဟုတ်တော့ဘဲ အိုရ၊ နာရ၊ သေရတယ်။ ဒါကြောင့် ဘာအပြစ်မှမလုပ်ရသေးတဲ့ မွေးကင်းစ ကလေးငယ်တွေတောင် ဖျားနာကြ၊ သေကြတယ်။ လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် အိုရ၊ နာရ၊ သေရတာလည်း ဒီမစုံလင်တဲ့ အခြေအနေကြောင့်ပဲ။ အာဒံလုပ်ခဲ့တဲ့အပြစ်ကြောင့် လူသားအားလုံး အခုလို အဖြစ်ဆိုးကြုံနေရတာပါ။

၁၀။ အာဒံနဲ့ဧဝ အပြစ်လုပ်ပြီးနောက် ဘယ်လို ခံစားရသလဲ။

၁၀ ပထမလူသားမောင်နှံ အပြစ်လုပ်ခဲ့တဲ့အတွက် ဘာဆိုးကျိုးတွေ ခံစားရသလဲ။ အတွင်းစိတ် မသိုးမသန့်ဖြစ်လာကြတယ်။ အာဒံနဲ့ဧဝ ဘုရားပညတ်ကို ချိုးဖောက်ပြီးတာနဲ့ သူတို့ရဲ့သိစိတ် ဒုက္ခပေးတာခံရတယ်။ (ရော. ၂:၁၅) အပြစ်မလုပ်ခင်ကနဲ့ မတူတော့ဘူး။ အဝတ်မဝတ်ထားမှန်း သိလာပြီး ဝတ်စရာ ဖန်တီးကြတယ်။ ယေဟောဝါဘုရားမမြင်အောင် ရာဇဝတ်သားတွေလိုပဲ ပုန်းနေကြတယ်။ (က. ၃:၇၊ ၈) အပြစ်ရှိတယ်ဆိုတဲ့စိတ်၊ ရှက်စိတ်၊ မလုံမလဲဖြစ်တဲ့စိတ်တွေ ဝင်လာတယ်။ အဲဒီစိတ်တွေပိုက်ပြီး တစ်သက်လုံး နေသွားရတယ်။—က. ၃:၁၆-၁၉။

၁၁။ မစုံလင်မှုကြောင့် ဘာတွေကြုံရသလဲ။

၁၁ ကျွန်တော်တို့လည်း အာဒံနဲ့ဧဝကနေ မွေးဖွားလာတဲ့အတွက် အဲဒီခံစားချက်တွေ ပါလာတယ်။ စိတ်ပိုင်း၊ ခန္ဓာပိုင်း နာကျင်ခံစားရတယ်ဆိုတာ မစုံလင်မှုကြောင့်ပါ။ ဘယ်လောက်ပဲကြိုးစားကြိုးစား ဒီအခြေအနေကနေ မလွတ်မြောက်နိုင်ကြဘူး။ “ဘာကြောင့်လဲဆိုတော့ ဖန်ဆင်းရာတွေ အချည်းနှီးအဖြစ်ကို ရောက်ခဲ့ရလို့ပဲ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရော. ၈:၂၀) ဒါကို ကျွန်တော်တို့ တစ်ယောက်ချင်းစီသာမက လူသားထုတစ်ရပ်လုံး ကြုံရတာပါ။ ဥပမာ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာဇဝတ်မှု တိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ စစ်ပွဲတွေ အဆုံးသတ်ရေးအတွက် လူတွေ ကြိုးစားတဲ့နေရာမှာ တိုးတက်မှု အနည်းငယ်ရှိပေမဲ့ အောင်မြင်မှု အပြည့်အဝ မရကြဘူး။ ဒါပေမဲ့ ရွေးဖိုးကြောင့် မျှော်လင့်ချက်ရှိလာတယ်။ ဘာမျှော်လင့်ချက်လဲ။

၁၂။ ရွေးဖိုးကြောင့် ဘာမျှော်လင့်ချက် ရှိလာသလဲ။

၁၂ ရွေးဖိုးကြောင့် “ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝကနေ လွတ်မြောက်” မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိလာတယ်။ (ရော. ၈:၂၁) ကမ္ဘာသစ်ရောက်လာတဲ့အခါ စိတ်ပိုင်း၊ ခန္ဓာပိုင်း နာကျင်ခံစားရတာတွေ ရှိမှာ မဟုတ်တော့ဘူး။ အပြစ်ရှိတယ်ဆိုတဲ့စိတ်၊ ရှက်စိတ်၊ မလုံမလဲဖြစ်တဲ့စိတ်တွေ ရှိမှာမဟုတ်တော့ဘူး။ အဲဒီအပြင် ရွေးဖိုးအဖြစ် အသက်ပေးခဲ့သူ၊ “ငြိမ်းချမ်းရေးမင်းသား” ယေရှုရဲ့ အုပ်ချုပ်မှုအောက်မှာ တစ်ကမ္ဘာလုံး ငြိမ်းချမ်းလုံခြုံပြီး သာယာဝပြောနေပါလိမ့်မယ်။—ဟေရှာ. ၉:၆၊ ၇။

၁၃။ ဒီနှစ်အောက်မေ့ရာနေ့ မတိုင်ခင် ဘာလုပ်နိုင်သလဲ။

၁၃ လူတွေ စုံလင်လာတဲ့အခါ ဘယ်လိုများနေမလဲ မြင်ယောင်ကြည့်ပါ။ ကျန်းကျန်းမာမာနဲ့ မနက်တိုင်း နိုးထခွင့်ရမယ်။ အစားအစာ ရှားပါးမှာ၊ ကျန်းမာရေးမကောင်းဖြစ်မှာ၊ သေရမှာကို စိုးရိမ်ကြောက်ရွံ့နေစရာ မလိုတော့ဘူး။ အခုအချိန်မှာတောင် “ရှေ့မှာရှိတဲ့ မျှော်လင့်ချက်ကို မြဲမြဲဆုပ်ကိုင်ထား” တဲ့အတွက် ငြိမ်သက်အေးချမ်းမှု အတိုင်းအတာတစ်ခုအထိ ခံစားရနိုင်ပါတယ်။ (ဟီ. ၆:၁၈၊ ၁၉) ကျောက်ဆူးက သင်္ဘောကို တည်ငြိမ်စေသလို ခရစ်ယာန်မျှော်လင့်ချက်က သင့်ကို ခိုင်ခံ့စေပြီး အခက်အခဲတွေကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နိုင်စေတယ်။ ယေဟောဝါဟာ “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်” ဖြစ်တယ်ဆိုတာ ခံစားရပါလိမ့်မယ်။ (ဟီ. ၁၁:၆) လက်ရှိခံစားနေရတဲ့ ငြိမ်သက်မှုနဲ့ အနာဂတ်မှာ ခံစားရမယ့် ကောင်းချီးတွေဟာ ရွေးဖိုးကြောင့်သာ ဖြစ်လာတာ။

ရွေးဖိုးကြောင့် ဖန်ဆင်းရှင်နဲ့ ပြန်လည်သင့်မြတ်လာ

၁၄။ အပြစ်ကြောင့် ဘုရားနဲ့ လူသားတွေရဲ့ ဆက်ဆံရေး ဘာဖြစ်သွားသလဲ။ ဘာကြောင့်လဲ။

၁၄ အာဒံနဲ့ဧဝ အပြစ်လုပ်လိုက်ချိန်ကစပြီး လူသားတွေဟာ ဘုရားနဲ့ ကင်းကွာသွားကြတယ်။ “ဘုရားရဲ့ရန်သူတွေ ဖြစ်ခဲ့ကြတယ်” လို့တောင် ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရော. ၈:၇၊ ၈။ ကော. ၁:၂၁) ဘာကြောင့်လဲ။ ယေဟောဝါဟာ စုံလင်တဲ့အတွက်ကြောင့် အပြစ်လုပ်တာကို လက်သင့်မခံနိုင်ဘူး။ “ကိုယ်တော့်မျက်လုံးတွေဟာ သန့်စင်လွန်းလို့ ဆိုးညစ်တဲ့အရာကို ကြည့်မနေနိုင်ဘူး” လို့ ကျမ်းစာဆိုတယ်။ (ဟဗ. ၁:၁၃) အပြစ်ကြောင့် လူတွေနဲ့ ဘုရားကြားက ဆက်ဆံရေး ပြတ်တောက်သွားတယ်။ ပြတ်တောက်သွားတဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ဘယ်လူသားမှ မလုပ်နိုင်ဘူး။ ရွေးဖိုးကြောင့်သာ ဘုရားနဲ့ ပြန်လည်သင့်မြတ်နိုင်တာပါ။

၁၅။ ရွေးဖိုးက လူသားတွေကို ဘုရားနဲ့ ဘယ်လို ပြန်ရင်းနှီးစေသလဲ။

၁၅ ယေရှုဟာ “တစ်လောကလုံးရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာပဲ” လို့ ကျမ်းစာဆိုတယ်။ (၁ ယော. ၂:၂) “အပြစ်ဖြေရာ ပူဇော်သက္ကာ” ကို မူရင်း ဂရိလိုမှာဆိုရင် “ပြန်လည်သင့်မြတ်ရာ ပူဇော်သကာ” လို့လည်း အဓိပ္ပာယ်ရတယ်။ ယေရှုရဲ့ရွေးဖိုးက လူသားတွေကို ဘယ်လိုနည်းနဲ့ ပြန်လည်သင့်မြတ်စေသလဲ။ သားတော်ရဲ့ သေခြင်းကြောင့် ယေဟောဝါ စိတ်ကျေနပ်သွားတာလို့တော့ မဆိုလိုပါဘူး။ ရွေးဖိုးကြောင့် ယေဟောဝါရဲ့ တရားမျှတမှုစံနှုန်းနဲ့အညီ လူသားတွေကို မိမိနဲ့ ပြန်လည်ရင်းနှီးခွင့်ပေးလို့ ရသွားတာ။ (ရော. ၃:၂၃-၂၆၊ အောက်ခြေမှတ်ချက်) ရွေးဖိုးမပေးခင်က အသက်ရှင်ခဲ့တဲ့ ရှေးသစ္စာရှိ ကျေးကျွန်တွေကိုလည်း ‘ဖြောင့်မတ်သူတွေအဖြစ် ယေဟောဝါ သတ်မှတ်တယ်။’ (က. ၁၅:၁၊ ၆) ဘာကြောင့်လဲ။ ယေရှု သေချာပေါက် ရွေးဖိုးပေးမယ်ဆိုတာ ယေဟောဝါ အပြည့်အဝ ယုံကြည်စိတ်ချလို့ဖြစ်တယ်။ (ဟေရှာ. ၄၆:၁၀) ရွေးဖိုးကြောင့် လူသားတွေ ဘုရားနဲ့ ပြန်ရင်းနှီးနိုင်သွားပြီ။

၁၆။ ဒီနှစ်အောက်မေ့ရာနေ့ မတိုင်ခင် ဘာအကြောင်း စဉ်းစားနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ ဘုရားနဲ့ ပြန်သင့်မြတ်လာတဲ့အတွက် သင့်ဘဝကို ဘယ်လို အကျိုးပြုသလဲဆိုတာ စဉ်းစားပါ။ ဥပမာ၊ ယေရှုသင်ပေးတဲ့အတိုင်း ယေဟောဝါကို ကျွန်တော်တို့ရဲ့ “အဖ” လို့ ခေါ်ဆိုနိုင်တယ်။ (မ. ၆:၉) ယေဟောဝါကို ကိုယ့် “မိတ်ဆွေ” လို့ ခေါ်တဲ့အခါတွေလည်း ရှိတယ်။ ယေဟောဝါကို “မိတ်ဆွေ၊” “ဖခင်” လို့ ခေါ်ဆိုတဲ့အခါ လေးစားမှု၊ နှိမ့်ချမှုရှိဖို့တော့လိုတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ဟာ အပြစ်သားတွေဖြစ်ပြီး ကိုယ့်အစွမ်းအစကြောင့် ဘုရားနဲ့ ရင်းနှီးနိုင်တာ မဟုတ်လို့ပဲ။ ရွေးဖိုးကြောင့်သာ ဘုရားနဲ့ ရင်းနှီးခွင့်ရတာ။ “ဘုရားသခင်က ဒုက္ခသစ်တိုင်မှာ သားတော်သွန်းလောင်းခဲ့တဲ့ သွေးအားဖြင့် ရန်ငြိမ်းစေပြီး . . . အရာခပ်သိမ်းကို သားတော်ကတစ်ဆင့် မိမိနဲ့ ပြန်လည်သင့်မြတ်” စေခဲ့တယ်။ (ကော. ၁:၁၉၊ ၂၀) ဒါကြောင့်လည်း မစုံလင်တဲ့လူသားတွေ ဖြစ်နေဆဲအချိန်မှာတောင် ယေဟောဝါနဲ့ ရင်းနှီးနိုင်တာဖြစ်တယ်။

ယေရှုကို သစ်တိုင်မှာ သံနဲ့ရိုက်ဖို့ ရောမစစ်သားတွေ ပြင်ဆင်နေကြ။ ရောမစစ်သားနှစ်ယောက်က ယေရှုကို သစ်တိုင်ဆီ ခေါ်ဆောင်လာချိန်မှာ နောက်ရောမစစ်သားတစ်ယောက်က လက်ထဲမှာ တူနဲ့ သံချောင်းကို ကိုင်ထား။

ရွေးဖိုးကြောင့်သာ လူသားတွေ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပြန်ရနိုင်တာဖြစ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)


ရွေးဖိုးက ယေဟောဝါရဲ့ ကရုဏာကို ထင်ရှားစေ

၁၇။ ရွေးဖိုးက ယေဟောဝါရဲ့ ကရုဏာကို ဘယ်လို ထင်ရှားစေသလဲ။ (ဧဖက် ၂:၄၊ ၅)

၁၇ ရွေးဖိုးအကြောင်း စဉ်းစားရင် ယေဟောဝါ “ကရုဏာကြီးမား” တယ်ဆိုတာ သိနိုင်တယ်။ “ပြစ်မှားမှုတွေကြောင့် လူသေတွေလို ကျွန်တော်တို့ ဖြစ်နေချိန်မှာတောင် . . . အသက်ရှင်စေ” တယ်။ (ဧဖက် ၂:၄၊ ၅ ကို ဖတ်ပါ။) အပျက်အစီးပုံအောက်မှာ ပိတ်မိနေတဲ့သူလိုပါပဲ စိတ်ရင်းမှန်တဲ့သူတွေဟာ အပြစ်တရားအောက်မှာ ပိတ်မိနေပြီး လွတ်မြောက်ဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုကြတယ်။ ဒါကြောင့် သူတို့ အကူအညီ တောင်းကြတယ်။ (တ. ၁၃:၄၈) ယေဟောဝါက သူတို့ကို နိုင်ငံတော်သတင်းကောင်း ကြားသိစေခြင်းအားဖြင့် မိမိနဲ့ သားတော်ယေရှုကို သိကျွမ်းလာအောင် ကူညီပေးတယ်။ (ယော. ၁၇:၃) အာဒံနဲ့ ဧဝ အပြစ်လုပ်လိုက်လို့ ဘုရားရည်ရွယ်ချက် ပျက်စီးသွားပြီလို့ စာတန်ထင်ရင် အမှားကြီး မှားတာပဲ။

၁၈။ ရွေးဖိုးအကြောင်း စဉ်းစားတဲ့အခါ ဘာကို သတိရသင့်သလဲ။

၁၈ ရွေးဖိုးကြောင့် ကျွန်တော်တို့ ခံစားရတဲ့ ကောင်းကျိုးတွေကို စဉ်းစားတာ ကောင်းပါတယ်။ ဒါပေမဲ့ ရွေးဖိုးပြင်ဆင်ပေးရတဲ့ ပိုအရေးကြီးတဲ့ အကြောင်းရင်းကိုလည်း သတိရဖို့လိုတယ်။ ကျွန်တော်တို့ အကျိုးရဖို့ပဲ ရွေးဖိုးပေးခဲ့တာ မဟုတ်ဘူး။ ဧဒင်ဥယျာဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ စာတန်ရဲ့ စွပ်စွဲချက် မှားတယ်ဆိုတာ ယေဟောဝါ သက်သေပြဖို့ပါ။ (က. ၃:၁-၅၊ ၁၅) ရွေးဖိုးကြောင့် ဘုရားနာမ သန့်ရှင်းမြင့်မြတ်စေတယ်။ လူသားတွေကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေတယ်။ ဘုရားက ကရုဏာရှင်ဖြစ်ကြောင်း ထင်ရှားစေတယ်။ ဘုရားကရုဏာကြီးလို့သာ ကျွန်တော်တို့အားလုံး အပြစ်သားတွေ ဖြစ်နေချိန်မှာတောင် စာတန်ရဲ့ အလိမ်အညာတွေ မှားကြောင်း သက်သေပြခွင့်ရတယ်။ (ပညာ. ၂၇:၁၁) ဒါဆိုရင် ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြကြမလဲ။ နောက်ဆောင်းပါးမှာ အဲဒီအကြောင်း လေ့လာပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • ရွေးဖိုးကြောင့် လုပ်မိတဲ့အပြစ်တွေ ဘယ်လို ခွင့်လွှတ်ခံရသလဲ။

  • ရွေးဖိုးကြောင့် အမွေရထားတဲ့အပြစ်ကနေ ဘယ်လို လွတ်မြောက်လာသလဲ။

  • ရွေးဖိုးကြောင့် ဖန်ဆင်းရှင်နဲ့ ဘယ်လို ပြန်လည်သင့်မြတ်လာသလဲ။

သီချင်း ၁၉ သခင့်ညစာစားပွဲ

a စကားလုံး ရှင်းလင်းချက်။ ရွေးဖိုးဆိုတာ သုံ့ပန်းဘဝကနေ လွတ်မြောက်ဖို့ ပေးရတဲ့ အဖိုးအခဖြစ်တယ်။ ယေရှုက နာခံမှုရှိတဲ့ လူသားတွေကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေဖို့ ပူဇော်သက္ကာအဖြစ် အသေခံပြီး ရွေးဖိုးပေးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ