ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၆ ဇန်နဝါရီ စာ. ၂၀-၂၅
  • ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာသင်သားတွေ
  • နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ
  • အသင်းတော်ကနေ ဝေးကွာသွားသူတွေ
  • သင် ဘာလုပ်မလဲ
  • ယေဟောဝါရဲ့ မေတ္တာကြောင့် ခံစားရတဲ့ ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ရွေးဖိုးကနေ သိနိုင်ရာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ရွေးဖိုး ဘာကြောင့် လိုအပ်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • တစ်နှစ်တာရဲ့ အရေးကြီးဆုံး နေ့အတွက် အဆင်သင့် ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
က၂၆ ဇန်နဝါရီ စာ. ၂၀-၂၅

မတ် ၂၃-၂၉၊ ၂၀၂၆

သီချင်း ၁၈ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်ပါ

ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်ပုံ

“ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေးတယ်။”—၂ ကောရိန္သု ၅:၁၄။

အာရုံစိုက်ရာ

ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ကျွန်တော်တို့အားလုံး ဘယ်လိုပြကြမလဲ။

၁-၂။ ယေရှုရဲ့ ရွေးဖိုးက ဘာလုပ်ဖို့ ကျွန်တော်တို့ကို တွန်းအားပေးသလဲ။ ဘာကြောင့်လဲ။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ ကယ်ထုတ်ခံလိုက်ရတယ်ဆိုရင် ဘယ်လို ခံစားရမလဲ။ လာကယ်တဲ့သူအပေါ် အကြွေးတင်သွားပြီလို့ ခံစားရမှာ။ ကယ်တင်ခံရတဲ့သူက ကိုယ်တစ်ယောက်တည်း မဟုတ်ရင်တောင် ကယ်ပေးတဲ့သူကို ကျေးဇူးတင်ကြောင်း ကိုယ်တိုင် သွားပြောမှာပဲ။

၂ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း အမွေရထားတဲ့ အပြစ်ကနေလွတ်အောင် ကိုယ့်အစွမ်းအစနဲ့ မလုပ်နိုင်ဘူး။ ဒါကြောင့် ယေရှုရဲ့ရွေးဖိုးကို ယေဟောဝါ ပြင်ဆင်ပေးခဲ့တယ်။ ရွေးဖိုးကြောင့် (၁) ကျွန်တော်တို့ လုပ်မိတဲ့အပြစ်တွေ ခွင့်လွှတ်ခံရတယ်၊ (၂) အမွေရထားတဲ့အပြစ်ကနေ လွတ်မြောက်နိုင်ကြတယ်၊ (၃) ဖန်ဆင်းရှင်နဲ့ ပြန်လည်သင့်မြတ်လာကြတယ်။ ရလဒ်အနေနဲ့ ကမ္ဘာသစ်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာတယ်။ ရွေးဖိုးက လူတွေအပေါ်ထားတဲ့ ယေရှုရဲ့ မေတ္တာကိုလည်း မြင်သာစေတယ်။ စုံလင်တဲ့လူသားအနေနဲ့ မွေးဖွားမလာခင်ကတည်းက လူသားတွေကို ယေရှု ချစ်ခဲ့တာ။ (ပညာ. ၈:၃၀၊ ၃၁) ဒါကြောင့် “ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေးတယ်” လို့ တမန်တော်ပေါလု ပြောတယ်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅ ကို ဖတ်ပါ။) ယေရှုရဲ့မေတ္တာကို ကျေးဇူးတင်ကြောင်း ပြဖို့၊ ရွေးဖိုးကို ပေါ့ပေါ့တန်တန် သဘောမထားဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ အမျိုးသားကို ကယ်ဆယ်ရေးလုပ်သား ကယ်ထုတ်ပေးနေ။

ပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ ကယ်ထုတ်ခံရတာဖြစ်ဖြစ်၊ အပြစ်တရားရဲ့ ချုပ်နှောင်မှုအောက်ကနေ ကယ်ထုတ်ခံရတာဖြစ်ဖြစ် လာကယ်တဲ့သူအပေါ် အကြွေးတင်သွား (စာပိုဒ် ၁-၂ ကို ကြည့်ပါ)


၃။ ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်းပြတာ ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူသလဲ။

၃ ရွေးဖိုးအတွက် ကျေးဇူးတင်တယ်ဆိုရင် သင် ဘာလုပ်မလဲ။ သင်လုပ်မယ့်အရာက တခြားသူတွေနဲ့တော့ တူချင်မှတူမယ်။ ဥပမာ၊ လူသုံးယောက်က နေရာတစ်ခုတည်းကိုပဲ တစ်နေရာစီကနေ လာကြတယ် ဆိုပါစို့။ သူတို့လာတဲ့လမ်းက တစ်ယောက်နဲ့တစ်ယောက် တူကြမှာမဟုတ်ဘူး။ အလားတူပါပဲ၊ ရွေးဖိုးကို ကျေးဇူးတင်ကြောင်း ပြတဲ့ပုံစံက တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ဘူး။ လူတစ်ယောက်ချင်းစီဟာ ဘုရားနဲ့ ဘယ်လောက်ရင်းနှီးသလဲဆိုတဲ့အပေါ် မူတည်လို့ပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ အုပ်စုသုံးစုခွဲပြီး လေ့လာသွားပါမယ်။ (၁) ကျမ်းစာသင်သားတွေ၊ (၂) နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ၊ (၃) အသင်းတော်ကနေ ဝေးကွာသွားသူတွေ ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်ပုံကို ဆွေးနွေးသွားပါမယ်။

ကျမ်းစာသင်သားတွေ

၄။ ကျမ်းစာသင်သားတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

၄ သင်ဟာ ကျမ်းစာသင်သားတစ်ယောက်လား။ ယေဟောဝါအကြောင်း သင်ယူနေတယ် ဆိုကတည်းက ယေဟောဝါ သင့်ကို ဆွဲဆောင်ထားလို့ပါ။ (ယော. ၆:၄၄။ တ. ၁၃:၄၈) သင့်ရဲ့စိတ်နှလုံးကို ယေဟောဝါမြင်လို့ အခုလိုဆွဲဆောင်ထားတာဖြစ်တယ်။ မိမိအကြောင်း ကြိုးစားသင်ယူနေတာ သတိထားမိတယ်၊ ဘဝလမ်းစဉ် ပြောင်းလဲပြီး မိမိစံနှုန်းနဲ့အညီ အသက်ရှင်ဖို့ ကြိုးစားနေတာကိုမြင်ပြီး ယေဟောဝါ စိတ်ရွှင်လန်းတယ်။ (ပညာ. ၁၇:၃။ ၂၇:၁၁) ရွေးဖိုးကြောင့် ယေဟောဝါနဲ့ သင် ရင်းနှီးလာနိုင်တာ ဖြစ်တယ်။ (ရော. ၅:၁၀၊ ၁၁) ဒါကြောင့် ရွေးဖိုးကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။

၅။ ဖိလိပ္ပိ ၃:၁၆ မှာပါတဲ့စကားတွေကို ကျမ်းစာသင်သားတွေ ဘယ်လို လိုက်လျှောက်နိုင်သလဲ။

၅ ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ကျမ်းစာသင်သားတွေ ဘယ်လို ပြမလဲ။ ပြနိုင်တဲ့ တစ်နည်းကို ဖိလိပ္ပိမြို့က ခရစ်ယာန်တွေဆီ ပေါလုရေးတဲ့စာမှာ တွေ့နိုင်တယ်။ “ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့” လို့ ပေါလု ပြောခဲ့တယ်။ (ဖိ. ၃:၁၆) ဒါကြောင့် ယေဟောဝါအကြောင်း ဆက်သင်ယူနေဖို့၊ အသက်လမ်းပေါ်မှာ ဆက်လျှောက်နေဖို့ ဘယ်အရာကမှ အတားအဆီး မဖြစ်ပါစေနဲ့။—မ. ၇:၁၄။ လု. ၉:၆၂။

၆။ အပြောင်းအလဲလုပ်ဖို့ အခက်တွေ့နေရင် ကျမ်းစာသင်သား ဘာလုပ်နိုင်သလဲ။ (တရားဟောရာ ၃၀:၁၁-၁၄) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၆ လေ့လာနေတဲ့ ကျမ်းစာသွန်သင်ချက်တစ်ခုကို လက်ခံရ ခက်နေရင်ကော။ ထပ်ဆင့်အချက်အလက်တွေ ရှာဖွေလေ့လာပါ။ ရှင်းရှင်းလင်းလင်း နားလည်လာဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဆာ. ၈၆:၁၁) ဒါတောင် လက်ခံရ ခက်နေသေးတယ်ဆိုရင် ခဏထားလိုက်ပြီး ကျမ်းစာကို ဆက်လေ့လာသွားပါ။ ကျမ်းစာလေ့လာရင်း အဲဒီအချက်ကို ပိုနားလည်လာပါလိမ့်မယ်။ ကျမ်းစာက ပြစ်တင်ရှုတ်ချထားတဲ့ အကျင့်တစ်ခုကို ဖြတ်ဖို့ ခက်နေတယ်ဆိုရင်ကော။ မစုံလင်တဲ့လူသားတွေ မတတ်နိုင်တာကို ယေဟောဝါ မတောင်းဆိုဘူးဆိုတာ သတိရပါ။ လူသားတွေ လိုက်နိုင်တဲ့ စံနှုန်းတွေကိုပဲ ဘုရားသခင် ချမှတ်ထားတာ ဖြစ်တယ်။ (တရားဟောရာ ၃၀:၁၁-၁၄ ကို ဖတ်ပါ။) ကူညီပေးမယ်လို့လည်း ယေဟောဝါ ကတိပေးထားတယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃။ ၁ ကော. ၁၀:၁၃) ဒါကြောင့် လက်မလျှော့လိုက်ပါနဲ့။ အခက်အခဲတွေကို မစဉ်းစားဘဲ ရွေးဖိုးအပါအဝင် သင့်အတွက် ယေဟောဝါ လုပ်ပေးနေတာတွေကို အာရုံစိုက်ပါ။ ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးလာလေ “ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်” မှန်း သိလာပါလိမ့်မယ်။—၁ ယော. ၅:၃။a

အမျိုးသားတစ်ယောက် “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်ထဲက သင်ခန်းစာ ၄၀ ကိုဖတ်နေ။ စားပွဲပေါ်မှာ စီးကရက်ဘူးရော စီးကရက်တိုတွေနဲ့ ပြည့်နေတဲ့ ဆေးလိပ်ပြာခွက်ကိုပါ တွေ့ရ။

လူသားတွေ မတတ်နိုင်တာကို ယေဟောဝါ ဘယ်တော့မှ မတောင်းဆို၊ မိမိစံနှုန်းတွေကို လိုက်နိုင်အောင် ကူညီပေးမှာဖြစ် (စာပိုဒ် ၆ ကို ကြည့်ပါ)


၇။ အမှန်တရားထဲ ကြီးပြင်းလာတဲ့ လူငယ်တွေ ဘာအကြောင်း စဉ်းစားနိုင်သလဲ။

၇ အမှန်တရားထဲမှာ ကြီးပြင်းလာကြတဲ့ လူငယ်တွေဖြစ်မယ်ဆိုရင်ကော။ သင်တို့လည်း ကျမ်းစာသင်သားတွေပါပဲ။ သင်တို့ဟာ သင်တို့မိဘတွေ အလေးထားရဆုံး ကျမ်းစာသင်သားတွေပါ။ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ ကျမ်းစာဆိုတယ်။ (ယာ. ၄:၈။ ၁ ရာ. ၂၈:၉) သင့်ဘက်က စပြီး ဘုရားနဲ့ရင်းနှီးအောင်ကြိုးစားရင် ဘုရားလည်း သင်နဲ့ ရင်းနှီးလာမယ်။ သက်သေခံမိသားစုထဲ ကြီးပြင်းလာလို့ မဟုတ်ဘဲ သင်နဲ့ကို မိတ်ဆွေဖြစ်ချင်လို့ ယေဟောဝါ ဆွဲဆောင်တာ။ သင် ဘုရားနဲ့ ရင်းနှီးနိုင်အောင် ဘုရား ဘာလုပ်ပေးသလဲ။ ရွေးဖိုး ပြင်ဆင်ပေးတယ်။ ဒီအဖိုးတန် လက်ဆောင်ကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ (ရော. ၅:၁၊ ၂) ဒါကြောင့် ဒီနှစ် အောက်မေ့ရာနေ့ မတိုင်ခင် ယေဟောဝါနဲ့ ယေရှု သင့်အတွက် လုပ်ပေးခဲ့တာတွေအကြောင်း အသေအချာ စဉ်းစားကြည့်ပါ။ ပြီးနောက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း တင်ပြနိုင်တဲ့ ဘယ်လို ပန်းတိုင်တွေချမှတ်မယ်၊ ဘယ်လိုနေထိုင်မယ်ဆိုတာ စဉ်းစားနိုင်တယ်။b

နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ

၈။ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ ရွေးဖိုးကို ယုံကြည်ကြောင်း ဘယ်လို တင်ပြကြသလဲ။

၈ သင်ဟာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက် ဖြစ်မယ်ဆိုရင် ရွေးဖိုးကို ယုံကြည်ကြောင်း နည်းအမျိုးမျိုးနဲ့ တင်ပြခဲ့ပြီးသား ဖြစ်မယ်။ ဥပမာ၊ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ သင့်အသက်တာကို ဘုရားစံနှုန်းနဲ့ညီအောင် ပြုပြင်ပြောင်းလဲတယ်။ ယေရှုရဲ့ အမိန့်ကိုနာခံပြီး တခြားသူတွေကို သတင်းကောင်းပြောတယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတယ်။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်တဲ့အတွက် ဆန့်ကျင်မှုတွေလည်း ကြုံခဲ့ရနိုင်တယ်။ (၂ တိ. ၃:၁၂) ဒါပေမဲ့ သင့်ရဲ့ သစ္စာရှိမှုနဲ့ ခံနိုင်ရည်က သင် ယေဟောဝါကို ချစ်တယ်၊ ရွေးဖိုးအတွက် ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြတယ်။—ဟီ. ၁၂:၂၊ ၃။

၉။ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ ဘာသတိထားရမလဲ။

၉ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေအနေနဲ့ သတိထားရမယ့် အချက်ရှိတယ်။ အချိန်ကြာလာတဲ့အခါ ရွေးဖိုးကို တန်ဖိုးထားလေးမြတ်စိတ် လျော့လာနိုင်တယ် ဆိုတဲ့အချက်ပါ။ ပထမရာစု ဧဖက်မြို့က ခရစ်ယာန်တွေအကြောင်း သုံးသပ်ကြည့်ပါ။ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုက ဧဖက်အသင်းသားတွေရဲ့ ခံနိုင်ရည်ကို ချီးမွမ်းတယ်။ ဒါပေမဲ့ “ကနဦးမေတ္တာ ပျက်ပြယ်သွားလို့ မင်းကို အပြစ်ဆိုစရာ ရှိတယ်” လို့ ယေရှု ဆက်ပြောတယ်။ (ဗျာ. ၂:၃၊ ၄) ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာ တဖြည်းဖြည်း စိတ်မပါတော့တာမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ယေရှုစကားတွေကနေ သိနိုင်တယ်။ ခရစ်ယာန်တစ်ယောက်ဟာ ဆုတောင်းတယ်၊ အစည်းအဝေးတက်တယ်၊ အမှုဆောင်ထွက်တယ်။ ဒါပေမဲ့ စိတ်ဆန္ဒရှိလို့မဟုတ်ဘဲ တာဝန်အရလုပ်တာမျိုး ဖြစ်နေနိုင်တယ်။ အဲဒါက ကနဦးမေတ္တာ ပျက်ပြယ်လာတာပါပဲ။ ဘုရားကိုချစ်တဲ့မေတ္တာ လျော့နည်းလာတယ်လို့ ခံစားမိရင် ဘာလုပ်နိုင်သလဲ။

၁၀။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို “ဆင်ခြင်သုံးသပ်” ပြီး “အဲဒီအရာတွေမှာ အာရုံနှစ်ထား” နိုင်ဖို့ ဘာလုပ်ရမလဲ။ (၁ တိမောသေ ၄:၁၃၊ ၁၅)

၁၀ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို “ဆင်ခြင်သုံးသပ်” နေဖို့၊ “အဲဒီအရာတွေမှာ အာရုံနှစ်ထား” ဖို့ တိမောသေကို ပေါလု အားပေးတယ်။ (၁ တိမောသေ ၄:၁၃၊ ၁၅ ကို ဖတ်ပါ။) သင်လည်း ဝတ်ပြုရေးမှာ ပိုပြီး အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်ဖို့ ဘာတွေ လုပ်နိုင်မလဲဆိုတာ စဉ်းစားပါ။ ဒါမှ “စွမ်းအားတော်ရဲ့ စေ့ဆော်မှုနဲ့ စိတ်ထက်သန်နေ” နိုင်မယ်။ (ရော. ၁၂:၁၁) ဥပမာ၊ အစည်းအဝေးမှာ ပိုအာရုံစိုက်နိုင်အောင် လေ့လာမယ့် အကြောင်းအရာတွေကို အချိန်ပေးပြီး ကြိုတင်ပြင်ဆင်ပါ။ ကိုယ်ပိုင်လေ့လာမှုကနေ အကျိုးအပြည့်အဝရနိုင်ဖို့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ လေ့လာပါ။ ဒီလိုဆက်လုပ်နေတာက ရွေးဖိုးအတွက် ကျေးဇူးတင်စိတ် လျော့မသွားဖို့ ကူညီပေးတယ်။ မီးတောက်မငြိမ်းသွားဖို့ ထင်းထည့်ပေးနေရသလိုပါပဲ။ ယေဟောဝါကို ကိုးကွယ်လို့ ခံစားနေရတဲ့ ကောင်းချီးတွေအကြောင်း အောက်မေ့ရာနေ့ မတိုင်ခင်မှာ အချိန်ယူ တွေးတောပါ။ အဲဒါက ဘုရားနဲ့ ရင်းနှီးဖို့ မရှိမဖြစ်လိုအပ်တဲ့ ရွေးဖိုးကို ကျေးဇူးတင်လေးမြတ်စေပါလိမ့်မယ်။

၁၁-၁၂။ ထက်သန်မှု လျော့နည်းနေတာက ဘုရားစွမ်းအားတော် မရှိဘူးဆိုတဲ့ သဘောလား။ ရှင်းပြပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ ဝတ်ပြုရေးမှာ အရင်ကလောက် ထက်သန်မှု မရှိတော့ဘူးလို့ ခံစားနေရတယ်ဆိုရင် ဘုရား စွမ်းအားတော် မရှိတော့ဘူးဆိုပြီး မယူဆပါနဲ့။ မိမိရဲ့ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ကောရိန္သုမြို့သားတွေဆီ ပေါလုရေးတဲ့စာမှာ “စိတ်မပါရင်တောင် ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်ကို လုပ်ဆောင်ရမှာပဲ” လို့ ဖတ်ရတယ်။ (၁ ကော. ၉:၁၇) သူဘာကို ဆိုလိုချင်တာလဲ။

၁၂ ပေါလုလည်း ဟောပြောသွန်သင်ချင်စိတ် မရှိတဲ့အခါတွေ ရှိတယ်။ ဒါပေမဲ့ စိတ်မပါရင်တောင် ဆက်ပြီး ဟောပြောဖို့ ပေါလု ဆုံးဖြတ်ထားတယ်။ သင်လည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်။ လုပ်သင့်တဲ့အလုပ်ဆိုရင် ဆန္ဒမရှိရင်တောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ “လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနား” ဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ (ဖိ. ၂:၁၃) ဘုရားနဲ့ ရင်းနှီးစေတဲ့အရာတွေကို ဆက်လုပ်ဆောင်နေပါ။ လုပ်ရင်းနဲ့ ဘုရားကို ချစ်တဲ့စိတ် တိုးပွားလာမယ်။ ထက်သန်တဲ့စိတ် ပြန်ရှိလာမယ်။

စိတ်မပျော်ဖြစ်နေတဲ့ ညီအစ်မတစ်ယောက် ကလေးလက်တွန်းလှည်းကို တွန်းရင်း နောက်ညီအစ်မတစ်ယောက်နဲ့ အမှုဆောင်မှာ ပါဝင်နေ။ ညီအစ်မက သူ့ပခုံးကို ဖက်ထား။

စိတ်မပါတဲ့အချိန်တွေမှာတောင် ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေမှာ ဆက်ပါဝင်နေပါ (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)


၁၃။ ယုံကြည်ခြင်း ခိုင်မြဲနေမနေ ဘယ်လို ဆန်းစစ်နိုင်သလဲ။

၁၃ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ။ ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ” ဆိုပြီး ပေါလု ပြောတယ်။ (၂ ကော. ၁၃:၅) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဆန်းစစ်တာ ကောင်းတယ်။ ‘ငါ့ဘဝမှာ ဘုရားနိုင်ငံတော်ကို အမြဲ ဦးစားထားနေသလား။’ (မ. ၆:၃၃) ‘အပန်းဖြေမှု ရွေးချယ်တဲ့အခါ မကောင်းမှုကို မုန်းတယ်ဆိုတာ ပြနေရဲ့လား။’ (ဆာ. ၉၇:၁၀) ‘ယုံကြည်သူချင်းတွေကြား စည်းလုံးငြိမ်သက်မှု တိုးစေသူလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ (ဧ. ၄:၂၊ ၃) အဲဒီလို ဆန်းစစ်ဖို့ အကောင်းဆုံးအချိန်ဟာ အောက်မေ့ရာနေ့ အချိန်ကာလဖြစ်တယ်။ ယေဟောဝါနဲ့ ယေရှု လုပ်ဆောင်ပေးခဲ့ရာအကြောင်းကို စဉ်းစားလိုက်တဲ့အခါ ကျေးဇူးတင်လေးမြတ်စိတ် တိုးလာပြီး ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ခရစ်တော်အတွက် အသက်ရှင်သူတွေ ဖြစ်နိုင်ကြမယ်။c

အသင်းတော်ကနေ ဝေးကွာသွားသူတွေ

၁၄။ ဘုရားကျေးကျွန်တချို့ ဘာကြောင့် အသင်းတော်ကနေ ဝေးကွာသွားကြသလဲ။

၁၄ ဘုရားကျေးကျွန်တချို့ဟာ ယေဟောဝါကို နှစ်များစွာ သစ္စာရှိရှိ ဝတ်ပြုခဲ့ကြပေမဲ့လည်း နောက်ပိုင်းမှာ အသင်းတော်ကနေ ဝေးကွာသွားကြတယ်။ တချို့သူတွေကတော့ “ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေ” ကြောင့် ဝေးကွာသွားကြတယ်။ (လု. ၂၁:၃၄) တချို့သူတွေကျပြန်တော့လည်း ယုံကြည်သူချင်းတွေရဲ့ အပြောအဆို၊ လုပ်ရပ်ကြောင့် စိတ်ထိခိုက်သွားကြတာ။ (ယာ. ၃:၂) ကြီးလေးတဲ့အပြစ်လုပ်ပြီး အသင်းတော်ထဲ ပြန်မလာရဲသူတွေလည်း ရှိကြတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ အသင်းတော်နဲ့ ဝေးကွာသွားတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ မေတ္တာနဲ့ ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ ရွေးဖိုးက ဘာလုပ်ဖို့ သင့်ကို တွန်းအားပေးသလဲ။

၁၅။ အသင်းတော်ကနေ ဝေးကွာသွားသူတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ (ယေဇကျေလ ၃၄:၁၁၊ ၁၂၊ ၁၆)

၁၅ အသင်းတော်ကနေ ဝေးကွာသွားသူတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ သူတို့ကို မစွန့်ပစ်လိုက်ပါဘူး။ သိုးတစ်ကောင် ပျောက်သွားတယ်ဆိုရင် သိုးထိန်းက လိုက်ရှာတယ်၊ ကျွေးမွေးတယ်၊ သိုးအုပ်ဆီ ပြန်ခေါ်လာတယ်။ (ယေဇကျေလ ၃၄:၁၁၊ ၁၂၊ ၁၆ ကို ဖတ်ပါ။) ယေဟောဝါလည်း အဲဒီသိုးထိန်းလိုပါပဲ။ ဒီဆောင်းပါးကို သင်လေ့လာနေတာကိုက ဘုရားနှစ်သက်ရာကို သင်လုပ်ချင်စိတ် ရှိနေသေးတယ်ဆိုတာ သိနိုင်တယ်။ သင့်ရဲ့စိတ်ရင်းကို ယေဟောဝါ တွေ့မြင်ပြီး အမှန်တရားထဲ ဆွဲဆောင်ခဲ့သလို အခုလည်း ပြန်ဆွဲဆောင်နိုင်တယ်။

၁၆။ ယေဟောဝါဆီ ပြန်လာနိုင်ဖို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ “သင်ပြန်လာတာကို ယေဟောဝါ ကြိုဆိုနေတယ်ဆိုတာ ယုံကြည်စိတ်ချပါ” ဆိုပြီး ယေဟောဝါဘုရားဆီ ပြန်လာပါ စာစောင်မှာ ဖတ်ရတယ်။ ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့၊ စိတ်ဒဏ်ရာတွေကို ဖြေဖျောက်နိုင်ဖို့၊ ကြည်လင်တဲ့သိစိတ်နဲ့ ရှေ့ဆက်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်။ အသင်းတော်နဲ့ပူးပေါင်းပြီး ယေဟောဝါကို ပြန်ဝတ်ပြုနိုင်မယ်။ အကြီးအကဲတွေကလည်း ကူညီပေးချင်ကြတယ်ဆိုတာ မမေ့ပါနဲ့။ သူတို့က “လေကွယ်ရာအရပ်လို၊ မိုးသက်မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာအရပ်လို” ဖြစ်ပေးကြမှာ။ (ဟေရှာ. ၃၂:၂) သင့်မှာ ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ်ရှိတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒါကြောင့် ‘ယေဟောဝါဆီ ပြန်လှည့်လာနိုင်ဖို့ ငါ ဘာလုပ်နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဟေရှာ. ၁:၁၈။ ၁ ပေ. ၂:၂၅) ဥပမာ၊ အစည်းအဝေးကို လူကိုယ်တိုင် သွားတက်နိုင်မလား။ ယေဟောဝါဆီ ပြန်လာချင်ကြောင်း အကြီးအကဲတစ်ယောက်ကို အသိပေးနိုင်မလား။ တစ်ယောက်ယောက်နဲ့ ကျမ်းစာသင်ဖို့ အကြီးအကဲ စီစဉ်ပေးနိုင်တယ်။ ရွေးဖိုးကို ကျေးဇူးတင်လေးမြတ်တဲ့စိတ်ရှိတာ၊ အသင်းတော်နဲ့ ပြန်ပူးပေါင်းဖို့ ကြိုးစားတာကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။

သက်ကြီးအမျိုးသားတစ်ယောက် ကျမ်းစာအုပ်ကိုကိုင်ပြီး အစည်းအဝေးခန်းမရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေ။ အစည်းအဝေး လာကြတဲ့ ညီအစ်ကို/မတွေ တစ်ယောက်ကိုတစ်ယောက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာကို သူကြည့်နေ။

‘ယေဟောဝါဆီ ပြန်လှည့်လာနိုင်ဖို့ ငါ ဘာလုပ်နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ (စာပိုဒ် ၁၆ ကို ကြည့်ပါ)


သင် ဘာလုပ်မလဲ

၁၇-၁၈။ ဒီနှစ် အောက်မေ့ရာနေ့မတိုင်ခင် ဘာလုပ်နိုင်သလဲ။

၁၇ “မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်” လို့ ယေရှု ပြောတယ်။ (ယော. ၃:၁၆) အပြစ်နဲ့သေခြင်းအောက်ကနေ ကယ်တင်နိုင်ဖို့ ရွေးဖိုးကို ယေဟောဝါ စီစဉ်ပေးခဲ့တာ။ ဒါကြောင့် ကျွန်တော်တို့အားလုံး ပေါ့ပေါ့တန်တန် သဘောမထားလိုကြဘူး။ (ရော. ၃:၂၃၊ ၂၄။ ၂ ကော. ၆:၁) ယေဟောဝါနဲ့ ယေရှုပြခဲ့တဲ့ မေတ္တာအကြောင်း အောက်မေ့ရာနေ့ မတိုင်ခင်မှာ တွေးတောဆင်ခြင်ပါ။ ဒါက သူတို့ရဲ့မေတ္တာကို ကျေးဇူးတင်လေးမြတ်ကြောင်းပြဖို့ ကျွန်တော်တို့ကို တွန်းအားဖြစ်စေပါလိမ့်မယ်။

၁၈ ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း သင် ဘယ်လို ပြမလဲ။ သင့်အဖြေက တခြားသူတွေနဲ့ တူချင်မှ တူပါလိမ့်မယ်။ “ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်” နေကြတဲ့ သန်းနဲ့ချီတဲ့သူတွေကို ကောင်းချီးပေးသလို သင့်ရဲ့ကြိုးစားမှုကိုလည်း ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါ။—၂ ကော. ၅:၁၅။

သင် ဘယ်လို ဖြေမလဲ

  • ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ကျမ်းစာသင်သားတွေ ဘယ်လိုပြနိုင်သလဲ။

  • ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ ဘယ်လိုပြနိုင်သလဲ။

  • ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း အသင်းတော်ကနေ ဝေးကွာသွားသူတွေ ဘယ်လိုပြနိုင်သလဲ။

သီချင်း ၁၄ မြေကြီးဘုရင်သစ်ကို ချီးမွမ်းခြင်း

a ကျမ်းစာကနေ သိလာတာကို လက်တွေ့ကျင့်သုံးဖို့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ တစ်ခုစီရဲ့အဆုံးနားမှာပါတဲ့ “ရည်မှန်းပန်းတိုင်” ဆိုတဲ့ အကွက်ကို သုံးပါ။

b ဘုရားရေးရာမှာ တိုးတက်ဖို့ ထားနိုင်တဲ့ပန်းတိုင်တွေအကြောင်း ၂၀၁၇၊ ဒီဇင်ဘာ ကင်းမျှော်စင် မှာပါတဲ့ “လူငယ်တို့၊ ‘ကယ်တင်ခြင်းရဖို့ ဆက်ကြိုးစားနေကြပါ’” ဆိုတဲ့ ဆောင်းပါးကို လေ့လာပါ။

c ယေဟောဝါကို ကျေးဇူးတင်စိတ်ဆက်ရှိနေဖို့ ၁၉၉၅ ဇွန် ၁၅၊ ကင်းမျှော်စင် မှာပါတဲ့ “ဘုရားသခင်အမှုဆောင်ရန် မည်သည့်အရာက သင့်ကို လှုံ့ဆော်သနည်း” ဆောင်းပါးကို လေ့လာပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ