Ahmad Gharabli/AFP via Getty Images
သတိနဲ့ စောင့်နေကြပါ
ရာသီဥတု ကပ်ဆိုက်နေတာကို အစိုးရတွေ ပူးပေါင်းပြီး ဖြေရှင်းနိုင်မလား—ကျမ်းစာအဆိုက ဘာလဲ
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့မှာ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ COP27 ညီလာခံ ကျင်းပပြီးစီးသွားတယ်။ ရာသီဥတုဒဏ်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးဆုံးရှုံးမှုတွေ ကြုံရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ငွေကြေးအရ ကူညီပေးဖို့ ညီလာခံ တက်ရောက်သူတွေ သဘောတူခဲ့ကြတယ်။ အများစုကတော့ ဒီလိုလုပ်ရုံနဲ့ ရာသီဥတု ပြောင်းလဲမှု ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ အသိအမှတ်ပြုကြတယ်။
“ပျက်စီးဆုံးရှုံးမှုတွေအတွက် ရန်ပုံငွေထားဖို့ သဘောတူညီချက်ရခဲ့လို့ ဝမ်းမြောက်ပါတယ်။ ဒီလိုလုပ်ရုံနဲ့ မလုံလောက်ဘူးဆိုတာ သိပါတယ်။ . . . ကျွန်တော်တို့ ကမ္ဘာဂြိုဟ်က အရေးပေါ်အခြေအနေနဲ့ ကြုံနေရတယ်” ဆိုပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က ၂၀၂၂၊ နိုဝင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့တယ်။
“ကမ္ဘာကြီးဟာ မကြာခင်မှာ ဆိုးဝါးတဲ့ ရာသီဥတုကပ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ်” ဆိုပြီး အိုင်ယာလန် သမ္မတဟောင်း၊ ယူအဲန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖြစ်ခဲ့သူ မာရီ ရော်ဘင်ဆင်က ၂၀၂၂၊ နိုဝင်ဘာ ၂၀ မှာ ပြောကြားခဲ့တယ်။
လူငယ်၊ လူလတ်ပိုင်းတွေက ကမ္ဘာကြီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အထူးသဖြင့် စိုးရိမ်ကြတယ်။ ဒါပေမဲ့ အစိုးရတွေ ပူးပေါင်းပြီး ရာသီဥတု ပြောင်းလဲမှုကို ဖြေရှင်းပေးနိုင်မလား။ သမ္မာကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ။
အစိုးရတွေ ပူးပေါင်းလုပ်ဆောင်ရင် အောင်မြင်နိုင်မလား
အစိုးရတွေ စိတ်ရင်းစေတနာနဲ့ ဘယ်လောက်ပဲ ကြိုးစားလုပ်ဆောင်ပါစေ ရာသီဥတု ကပ်ဆိုက်နေမှုကို အပြည့်အဝ ဖြေရှင်းမပေးနိုင်ဘူးဆိုပြီး ကျမ်းစာက ဆိုတယ်။ အကြောင်းရင်း နှစ်ခုကို သတိပြုကြည့်ပါ–
“ကောက်တဲ့အရာကို ဖြောင့်အောင် မလုပ်နိုင်ဘူး။”—ဒေသနာ ၁:၁၅။
အဓိပ္ပာယ်– လူလူချင်း အုပ်ချုပ်နိုင်စွမ်း မရှိတဲ့အတွက် အစိုးရတွေရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ အကန့်အသတ်ပဲ ဖြစ်နေတယ်။ (ယေရမိ ၁၀:၂၃) အစိုးရတွေ တညီတညွတ်တည်း ကြိုးစားပြီး လုပ်ဆောင်ကြမယ် ဆိုရင်တောင် ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
‘လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ညှိနှိုင်းလို့မရသူတွေ ဖြစ်ကြလိမ့်မယ်။’—၂ တိမောသေ ၃:၂၊ ၃။
အဓိပ္ပာယ်– ဒီနေ့ခေတ် လူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး တခြားသူတွေရဲ့ ကောင်းကျိုးအတွက် ပူးပေါင်းလုပ်ဆောင်ချင်စိတ် ရှိကြမှာမဟုတ်ဘူးလို့ ကျမ်းစာမှာ အတိအကျကို ကြိုဟောထားတယ်။
မျှော်လင့်ချက် မရှိတော့ဘူးလား
ကမ္ဘာမြေရဲ့ အနာဂတ်ဟာ လူ့အစိုးရတွေရဲ့ ကတိတွေအပေါ် မမူတည်ဘူး။ ဘုရားသခင်က ကမ္ဘာမြေကို အုပ်ချုပ်ဖို့ အရည်အချင်းပြည့်မီတဲ့ ယေရှုခရစ်ကို ခန့်အပ်ထားတယ်။ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဆိုထားတယ်–
“အုပ်ချုပ်ခွင့်အာဏာက သူ့ပခုံးပေါ် ကျရောက်လာမယ်။ သူ့နာမည်ဟာ အကောင်းဆုံးအတိုင်ပင်ခံ၊ တန်ခိုးကြီးတဲ့ဘုရား၊ ထာဝရဖခင်၊ ငြိမ်းချမ်းရေးမင်းသား ဖြစ်လိမ့်မယ်။”—ဟေရှာယ ၉:၆။
ယေရှုဟာ ကောင်းကင်မှာတည်ရှိတဲ့ ဘုရားသခင့် နိုင်ငံတော် အစိုးရရဲ့ ဘုရင်ဖြစ်တယ်။ (မဿဲ ၆:၁၀) ယေရှုမှာ တန်ခိုး၊ ဉာဏ်ပညာရှိတယ်။ ကမ္ဘာမြေနဲ့ ကမ္ဘာသူကမ္ဘာသားတွေကို ကြည့်ရှုစောင့်ရှောက်ပေးချင်တဲ့ ဆန္ဒလည်းရှိတယ်။ (ဆာလံ ၇၂:၁၂၊ ၁၆) ယေရှုရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဘုရားနိုင်ငံတော် အစိုးရဟာ “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို” ဖယ်ရှားပြီး မကျန်းမမာဖြစ်နေတဲ့ ကမ္ဘာကို ပြန်ကျန်းမာလာအောင် ကုစားပေးပါမယ်။—ဗျာဒိတ် ၁၁:၁၈။ ဟေရှာယ ၃၅:၁၊ ၇။
ရာသီဥတု ဖောက်ပြန်မှု ကင်းတဲ့ကမ္ဘာ ဘယ်လိုဖြစ်လာမလဲ ဆိုတဲ့အကြောင်း သိချင်ရင် “ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ” ဆောင်းပါးကို ဖတ်ပါ။