Blue Planet Archive/Mark Conlin
အလိုလို ဖြစ်လာနိုင်ပါ့မလား
ဂရန်နီယန်ငါး ဥဥတဲ့ နည်းဟန်
ကယ်လီဖိုးနီးယား ဂရန်နီယန် လို့ခေါ်တဲ့ ငါးလေးတွေဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၊ မက္ကဆီကိုနိုင်ငံ ဘာဟာကယ်လီဖိုးနီးယား ပစိဖိတ်ကမ်းခြေတွေမှာ ဥဥကြတယ်။ ဒီငါးတွေက သူတို့ရဲ့သားပေါက်လေးတွေ ရှင်သန်ဖို့ ဘယ်နေ့၊ ဘယ်အချိန်မှာ ဥဥရမလဲဆိုတာကို တိတိကျကျ သိကြတယ်။
စဉ်းစားကြည့်ပါ။ ဂရန်နီယန်ငါးတွေဟာ ဒီရေအမြင့်ဆုံးတက်တဲ့ လပြည့်၊ လကွယ်နောက်ပိုင်း သုံးလေးညအတွင်းမှာပဲ ဥဥကြတာ။ တကယ်လို့ လပြည့်၊ လကွယ် မတိုင်ခင် ညတွေမှာ ဥဥလိုက်မယ်ဆိုရင် ဒီရေအကျမှာ သဲတွေကို ရေတိုက်စားလို့ ဥတွေ ပင်လယ်ထဲ ပါသွားကြမှာ။ ဒါပေမဲ့ ဒီရေအမြင့်ဆုံးတက်ပြီးနောက်မှာမှ ဥဥကြတဲ့အတွက် သဲလွှာအောက်မှာ ဥတွေ လုံလုံခြုံခြုံ ရှိနေကြတယ်။
Wally Skalij/Los Angeles Times via Getty Images
ဒါ့အပြင် ငါးတွေ ဥဥချိန်ဖြစ်တဲ့ နွေဦးရာသီနဲ့ နွေရာသီမှာ ညဘက်တက်တဲ့ ဒီရေဟာ နေ့ဘက်တက်တဲ့ ဒီရေထက် ပိုမြင့်တယ်။ ဒါကြောင့် ညဘက် ပင်လယ်ကမ်းခြေမှာ ချခဲ့တဲ့ဥတွေက ဒီရေနဲ့ ပါမသွားကြတာ။
ဥဥဖို့အတွက် ဂရန်နီယန်ငါးတွေဟာ လှိုင်းလုံးကြီးကို စောင့်ပြီး ကမ်းခြေကို လှိုင်းနဲ့ပါသွားတယ်။ ပြီးနောက် သဲပြင်ပေါ် တတ်နိုင်သလောက် တက်သွားကြတယ်။ ရေဆုတ်သွားတဲ့အခါ ငါးအမက သဲစိုစိုပေါ်မှာ တွင်းတူးပြီး အမြီးပိုင်းကို သဲထဲမှာ မြှုပ်ထားလိုက်တယ်။ ၂ လက်မကနေ ၃ လက်မနက်တဲ့ တွင်းထဲကို ဥဥချတဲ့အခါ ငါးအထီး တစ်ကောင် ဒါမှမဟုတ် တစ်ကောင်မက,က မျိုးစပ်ပေးကြတယ်။ အဲဒီနောက် ငါးတွေက ရေရှိရာကို လူးလွန့်သွားပြီး နောက်ရေလှိုင်းနဲ့အတူ ပင်လယ်ထဲ ပြန်ဆင်းသွားကြတယ်။
စွတ်စိုတဲ့သဲထဲမှာ ဥတွေ ကြီးထွားလာတယ်။ ဒါပေမဲ့ ဥကနေ အကောင်ပေါက်လာဖို့ လှိုင်းတွေ ရိုက်ခတ်ပေးနေဖို့ လိုတယ်။ တကယ်ဆိုရင် ဥတွေဟာ လေးပတ်ကြာတဲ့အထိ သဲထဲမှာနေနိုင်ပေမဲ့ နှစ်ပတ်လောက်အကြာ ဒီရေအမြင့်ဆုံး တက်လာချိန်မှာ အကောင်ပေါက်လာတယ်။
ဘယ်လို ထင်ပါသလဲ။ ဂရန်နီယန်ငါးတွေရဲ့ ဥဥရမယ့်အချိန်၊ ဥဥရမယ့်နည်းဟန်ကို သိနိုင်စွမ်းဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။