အလိုလို ဖြစ်လာနိုင်ပါ့မလား
ဟော်မုန်းတွေရဲ့ ထိန်းညှိပေးနိုင်စွမ်း
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာ ကောင်းကောင်း လည်ပတ်လှုပ်ရှားနိုင်ဖို့ဆိုရင် သွေးကြောထဲမှာ ကယ်လ်ဆီယမ်လိုမျိုး သတ္တုဓာတ်တွေဟာ ရှိသင့်တဲ့ ပမာဏအတွင်း အမြဲရှိနေဖို့ လိုတယ်။ ဒါပေမဲ့ အစားအစာကနေ ရရှိတဲ့ သတ္တုဓာတ်တွေ တစ်နေ့နဲ့ တစ်နေ့ ပမာဏ မတူနိုင်ဘူး။ ဒါဆိုရင် သတ္တုဓာတ် မပိုမလို တစ်သမတ်တည်း အမြဲရှိနေနိုင်ဖို့ ခန္ဓာကိုယ်က ဘယ်လိုများ လုပ်ဆောင်သလဲ။
ကျန်းမာရေးကောင်းသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ သတ္တုဓာတ်တွေကို လိုတိုးပိုလျှော့ ထိန်းညှိပေးနိုင်ဖို့ ဟော်မုန်းတွေကို ထုတ်လုပ်၊ သိုလှောင်ပြီး သွေးကြောထဲ လွှတ်ပေးပါတယ်။ ဟော်မုန်းဆိုတာ ခန္ဓာကိုယ် ဖြစ်စဉ်တွေကို ထိန်းချုပ်လည်ပတ်စေတဲ့ ဓာတုပစ္စည်းပါ။ ဟော်မုန်း ပမာဏ နည်းနည်းလေးကတောင် ကိုယ်ခန္ဓာတစ်ခုလုံးကို သက်ရောက်မှု ကြီးကြီးမားမား ရှိနိုင်တယ်။ ဗြိတိန်နီကာစွယ်စုံကျမ်းအရ ဟော်မုန်း ထုတ်လွှတ်မှုဟာ “ကြုံသလို ဖြစ်လာတာ မဟုတ်ဘဲ အင်မတန် တိကျပြီး အနုစိတ်ကျတဲ့ ဖြစ်စဉ်ပါ။”
ဥပမာ၊ သွေးထဲမှာ ကယ်လ်ဆီယမ်ဓာတ် အပြောင်းအလဲ နည်းနည်းလေး ဖြစ်ရင်တောင် လည်ပင်းမှာရှိတဲ့ ပါရာ သိုင်းရွိုက်ဂလင်းတွေက အာရုံခံတယ်။ ဒီဂလင်းတွေဟာ ပုံမှန်အားဖြင့် လေးခု ရှိပြီး ဆန်စေ့အရွယ်လောက်ပဲ ရှိတယ်။
ကယ်လ်ဆီယမ်ဓာတ် ရှိသင့်တဲ့ပမာဏထက် စလျော့နေပြီဆိုတာ ပါရာ သိုင်းရွိုက်ဂလင်း အာရုံခံမိတာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ ဟော်မုန်းတစ်မျိုး ချက်ချင်း ထုတ်ပေးတယ်။ ဒီဟော်မုန်းဟာ အရိုးထဲ သိုလှောင်ထားတဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ထုတ်လွှတ်ဖို့ အချက်ပြတယ်။ ဒါတင်မကဘူး၊ ကျောက်ကပ်တွေကို ကယ်လ်ဆီယမ်ဓာတ် မစစ်ထုတ်တော့ဖို့၊ အူသိမ်ကိုလည်း အစာထဲက ကယ်လ်ဆီယမ်ဓာတ် များများစုပ်ယူဖို့ အချက်ပေးတယ်။
ဆန့်ကျင်ဘက်အနေနဲ့ သွေးထဲမှာ ကယ်လ်ဆီယမ်ဓာတ် များနေပြီဆိုတာနဲ့ သိုင်းရွိုက်မှာရှိတဲ့ တခြားဂလင်းတွေက ဟော်မုန်းဓာတ် နောက်တစ်မျိုး ထုတ်ပေးတယ်။ ဒီဟော်မုန်းကျတော့ အရိုးတွေကို ကယ်လ်ဆီယမ်ဓာတ် များများ စုပ်ယူဖို့၊ ကျောက်ကပ်တွေကို ခါတိုင်းထက်ပိုပြီး ကယ်လ်ဆီယမ် ဖယ်ရှားစစ်ထုတ်ဖို့ အချက်ပေးတယ်။
ဒါတွေဟာ ကိုယ်ခန္ဓာ ဖြစ်စဉ်အမျိုးမျိုးကို ထိန်းချုပ်လည်ပတ်စေတဲ့ ဟောမုန်း ရာနဲ့ချီထဲက နှစ်ခုပဲ ရှိသေးတာ။
ဘယ်လို ထင်ပါသလဲ။ ဟော်မုန်းတွေရဲ့ လိုတိုးပိုလျှော့ ထိန်းညှိပေးနိုင်စွမ်းဟာ အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြု ဖန်တီးထားတာလား။