ဂီအိုဂျီ ပေါ်ချောလ်ယန် | ဘဝအတ္ထုပ္ပတ္တိ
“ယေဟောဝါဘုရားကို ချစ်တဲ့ မေတ္တာက ကျွန်တော့်ကို ထောက်မပေး”
ဆိုက်ဘေးရီးယား၊ ကြမ်းတမ်းခက်ခဲတဲ့ မာဂဒန်ဒေသမှာ ရှိတဲ့ အလုပ်ကြမ်းစခန်းဆီ အပို့ခံရတုန်းက ကျွန်တော့်အသက် ၂၃ နှစ်ပါ။ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံထားတာ တစ်နှစ်ပဲ ရှိသေးတယ်။ စိတ်မြန်ပြီး အတွေ့အကြုံ နုတဲ့အတွက် ကိုယ့်ယုံကြည်ချက်အကြောင်း အခန်းဖော်ကို ဦးဆုံးအကြိမ် ပြောပြချိန်မှာ ရန်ပွဲဖြစ်လုနီးပါးပဲ။
ကျွန်တော့်လို ကွန်မြူနစ်တစ်ယောက်က နိုင်ငံတော်ရန်သူလို့ သတ်မှတ်ထားတဲ့ ဘာသာကို ဘာကြောင့် သက်ဝင်ယုံကြည်ခဲ့သလဲ။ နယ်နှင်ခံရချိန်မှာ၊ အလုပ်ကြမ်းစခန်းမှာ ယေဟောဝါဘုရားကို ချစ်တဲ့ မေတ္တာ၊ ဘုရားရဲ့ လေ့ကျင့်ပေးမှုတွေက အရည်အသွေးကောင်းတွေ ရှိတဲ့သူ ဘယ်လို ဖြစ်လာစေခဲ့သလဲ။
တရားမျှတမှု၊ စိတ်ငြိမ်သက်မှုကို ရှာဖွေခြင်း
၁၉၃၀ ပြည့်နှစ်၊ မောလ်ဒိုဗာမြောက်ပိုင်း၊ ဆင်းရဲတဲ့ တဘနီရွာလေးမှာ ကျွန်တော် မွေးလာတယ်။ မိဘတွေက ကလေး ခြောက်ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ စိုက်ပျိုးမွေးမြူရေးခြံမှာ ကြိုးစားပမ်းစား အလုပ်လုပ်တယ်။ ကျွန်တော်တို့မှာ ပိုင်ဆိုင်ရာ များများစားစား မရှိပါဘူး။ အမေက ရုရှား သြသဒေါ့စ်ချာ့ချ်အသင်းသား၊ အဖေက ကက်သလစ်အသင်းသား။ ဘုန်းတော်ကြီးတွေရဲ့ အမူအကျင့်ဆိုးတွေအကြောင်း စကားများ ငြင်းခုံတတ်ကြတယ်။
ကျွန်တော့် အသက် ၁၈ နှစ်မှာ ကျောင်းပြီးတဲ့အခါ ကောမ်စိုမိုလို့ ခေါ်တဲ့ လူငယ်အဖွဲ့ထဲ ဝင်လိုက်တယ်။ ကွန်မြူနစ်ဝါဒတွေ ဖြန့်ရတယ်၊ ကွန်မြူနစ်ပါတီထဲ ဝင်ဖို့ လူငယ်တွေကို စည်းရုံးရတယ်။ သိပ်မကြာခင် ဒေသခံအဖွဲ့ရဲ့ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရတယ်။ ညီနောင်သားချင်း ချစ်ကြည်ရေး၊ သာတူညီမျှ ရှိရေး၊ တရားမျှတရေး စတာတွေကို ကျွန်တော် ကြိုက်တယ်။ ဒါပေမဲ့ လူ့အသိုင်းအဝိုင်းမှာ မြင်နေရတဲ့ တရားမမျှတမှု၊ အကျင့်ပျက် ခြစားမှုတွေကြောင့် စိတ်ပျက်မိတယ်။
ကျွန်တော်ဟာ ထက်သန်တဲ့ ကောမ်စိုမိုအသင်းသား ဖြစ်နေတော့ ဆိုဗီယက် ပြည်ထောင်စုa အစိုးရက ချာ့ချ်တွေ ပိတ်သိမ်းဖို့၊ ဘာသာရေးအဖွဲ့တွေ ဖျက်သိမ်းဖို့ အမိန့်ပေးတာကို မဖြစ်မနေ နာခံခဲ့ရတယ်။ ကျွန်တော်တို့ရွာမှာ ယေဟောဝါသက်သေတချို့ ရှိတယ်။ သူတို့က ရိုးသားသူတွေ၊ အေးအေးဆေးဆေး နေတတ်သူတွေ ဖြစ်မှန်း သိပေမဲ့ တစ်ယူသန်သမားတွေလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဘဝနဲ့ပတ်သက်ပြီး ကျွန်တော် သိချင်နေတဲ့ မေးခွန်းတွေရဲ့ အဖြေကို မကြာခင် ယေဟောဝါသက်သေတစ်ယောက်ဆီကနေ သိရလိမ့်မယ်လို့ မထင်ခဲ့ဘူး။
ကျွန်တော့်ရွာမှာ နေတဲ့ ဦးလေး ဒီမီထရီက ယေဟောဝါသက်သေပါ။ ၁၉၅၂ ခုနှစ်၊ နွေဦး တစ်ရက်မှာ ဦးလေးက “ဂီအိုဂျီ၊ သားရဲ့ ဘဝမှာ ဘာဖြစ်ချင်သလဲ” လို့ မေးတယ်။ ကျွန်တော့်ကို အခုလို ဂရုတစိုက် မေးဖော်ရတာ ဒီဦးလေးပဲ ရှိတယ်။ တကယ်တော့ ကျွန်တော် သိချင်နေတာတွေ အများကြီးပဲ။ ‘ဘုရားသခင် ရှိတယ်ဆိုရင် ဒုက္ခဆင်းရဲတွေကို ဘာကြောင့် ခွင့်ပြုထားသလဲ’ ဆိုတာတွေပေါ့။ နောက်ရှစ်ရက်လုံးလုံး ဦးလေး ဒီမီထရီက ကျွန်တော့်မေးခွန်းတွေကို ကျမ်းစာ သုံးပြီး ဖြေပေးတယ်။ တစ်ခါတလေ မနက် သုံးနာရီအထိ ဘုရားအကြောင်း ဆွေးနွေးဖြစ်ကြတယ်။
တချို့ညတွေမှာ ဂီအိုဂျီနဲ့ ဒီမီထရီ မအိပ်ဘဲ ကျမ်းစာ ဆွေးနွေးကြ
ဒီလိုဆွေးနွေးပြီးတဲ့နောက် ကျမ်းစာကို အလေးအနက်ထားပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ကို သိပ်ချစ်တဲ့ ကောင်းကင်ဘုံစံ ဖခင် ရှိမှန်း သဘောပေါက်လာတယ်။ (ဆာလံ ၂၇:၁၀) ကျွန်တော် ကျမ်းစာအကြောင်း သိပ်မသိပေမဲ့ ယေဟောဝါကို သိပ်ချစ်တဲ့အတွက် လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်နိုင်ခဲ့တယ်။ ဒေသခံခေါင်းဆောင် ခြိမ်းခြောက်ပေမဲ့ ကွန်မြူနစ်ပါတီကနေ နုတ်ထွက်လိုက်တယ်။ ကျမ်းစာ စလေ့လာပြီး လေးလအကြာ ၁၉၅၂၊ စက်တင်ဘာလမှာ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်တယ်။
ယေဟောဝါဘုရားကို ချစ်တဲ့ မေတ္တာ စမ်းသပ်ခံရ
အဲဒီတုန်းက ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေကို ပိတ်ပင်ထားတယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တယ်ဆိုတာ လက်တွေ့ ပြချင်တယ်။ ဒါကြောင့် ရွာတွေမှာ နေတဲ့ သက်သေခံတွေဆီ ကျမ်းစာ စာပေတွေ လိုက်ဝေတဲ့အခါ ကျွန်တော် လုပ်အားပေးတယ်။ အန္တရာယ်တော့ အများသား။ ရွာသားတွေက သံသယဖြစ်ရင် အာဏာပိုင်တွေဆီ သတင်းပို့ကြမှာ။ တကယ်တော့ သက်သေခံတွေကတောင် ကျွန်တော့်ကို အသင်းတော်ထဲ လျှိုဝင်လာတဲ့ လျှို့ဝှက်ရဲ ဖြစ်နေမလားလို့ စိုးရိမ်နေကြတယ်။ မကြာပါဘူး၊ ကျွန်တော် သူလျှို မဟုတ်မှန်း သိသွားကြတယ်။ နှစ်ခြင်းခံပြီး နှစ်လအကြာမှာ ပိတ်ပင်ထားတဲ့ စာပေတွေ ဝေငှမှုနဲ့ အဖမ်းခံရ၊ အပြစ်ရှိကြောင်း စီရင်ခံရတယ်။
တစ်နှစ်နီးပါးကြာတဲ့ အမှုကြားနာစစ်ဆေးချိန်မှာ ရဲတွေက ကျွန်တော့်သမာဓိကို ချိုးဖျက်ဖို့ အကြိမ်ကြိမ် စစ်ကြောမေးမြန်းကြတယ်။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ ယေဟောဝါကို ချစ်တဲ့ မေတ္တာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ။ ယူကရိန်း၊ အိုဒီစာမြို့၊ ပြည်သူ့တရားရုံးမှာ အမှုကြားနာဖို့ စီစဉ်ကြတယ်။ အဲဒီအချိန်တုန်းက ယေဟောဝါသက်သေတွေ မဟုတ်တဲ့ မိဘမောင်နှမတွေလည်း တရားရုံးဆီ ဆင့်ခေါ်ခံရတယ်။
အန္တရာယ်ရှိတဲ့ ဂိုဏ်းနဲ့ ပူးပေါင်းဖို့ လှည့်စားခံရသူအဖြစ် ရုံးတင်ခံရတယ်။ အာဏာပိုင်တွေက ကျွန်တော် စိတ်ဖောက်နေတယ်လို့ မိဘမောင်နှမတွေကို ထင်စေချင်တယ်။ မိဘတွေလည်း ခြိမ်းခြောက်ခံရတယ်။ သက်သေခံ ဆက်မလုပ်ဖို့ ငိုယိုပြီး တောင်းပန်ကြတယ်။ ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ “စိတ်မပူပါနဲ့ အမေ။ ကျွန်တော် လှည့်စားခံနေရတာ မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး ရှာနေတဲ့အရာကို တွေ့သွားပြီ။ ဒါကို လုံးဝ မစွန့်လွှတ်နိုင်ဘူး” လို့ ပြောလိုက်တယ်။ (ပညာအလိမ္မာ ၂၃:၂၃) ကျမ်းစာအကြောင်း များများစားစား မသိပေမဲ့ သိထားတာလေးနဲ့ ယေဟောဝါဘုရားကို ဆက်သစ္စာစောင့်သိနိုင်ခဲ့ပါတယ်။ နောက်ခြောက်နှစ်အကြာမှာ မိဘတွေက ကျွန်တော့်ယုံကြည်ခြင်းကို ပိုနားလည်လာပြီး ယေဟောဝါသက်သေ ဖြစ်လာကြတယ်။
ဂီအိုဂျီဟာ အန္တရာယ်ရှိတဲ့ ဂိုဏ်းနဲ့ ပူးပေါင်းတယ်လို့ မိဘတွေရှေ့ တရားရုံးက စွပ်စွဲ
ကျွန်တော့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်ပြီး ကိုလီမာဒေသဆီ ရထားနဲ့ ပို့လိုက်ကြတယ်။ ဆိုက်ဘေးရီးယားရဲ့ အလုပ်ကြမ်းစခန်း အများဆုံး ရှိတဲ့ ဒေသပါ။ အကျဉ်းသားတွေကို ထိန်းချုပ်နိုင်ဖို့ အစောင့်တွေ၊ ရဲတွေက ကျွန်တော်တို့ကို ရိုက်နှက်ပြီး အစာ အငတ်ထားကြတယ်။ အစပိုင်းမှာတော့ အသက်ရှင်လျက် လွတ်နိုင်ပါ့မလားဆိုတဲ့ အတွေးဝင်လာတယ်။
ဘုရားသခင့်မေတ္တာပါပါ ဂရုစိုက်မှုနဲ့ လေ့ကျင့်မှု ခံရခြင်း
ကျွန်တော် ရောက်ပြီး မကြာခင် စခန်းကို အရင် ရောက်နှင့်နေတဲ့ သက်သေခံ ၃၄ ယောက်က “ခင်ဗျားရဲ့ အုပ်စုထဲမှာ ယောနဒဒ် ရှိသေးသလား” လို့ မသိမသာ မေးတယ်။ ဒါ သက်သေခံတွေပဲဆိုတာ တန်းသိသွားတယ်။ ကျမ်းစာအသုံးအနှုန်း သုံးတာ သူတို့ပဲ ရှိတယ်။ အတွေ့အကြုံ ရင့်တဲ့ ဒီညီအစ်ကိုတွေက ခက်ခဲတဲ့ အခြေအနေမှာ ကျမ်းစာမူတွေကို လိုက်နာတတ်အောင် သင်ပေးရုံမက ပိုင်းခြားဉာဏ်လိုမျိုး ခရစ်ယာန် အရည်အသွေးတွေ မွေးမြူတတ်အောင်လည်း ကူညီပေးကြတယ်။
စခန်းမှာ ကျွန်တော် စက်ပြင်အလုပ် လုပ်တယ်။ တစ်နေ့၊ မက်ဖေးလို့ ခေါ်တဲ့ အလုပ်ဖော်က သူတော်စင် အယောက် ၅၀ ရဲ့ နာမည် အလွတ်ရွတ်နိုင်တယ်လို့ ကြွားတယ်။ အဲဒီသူတော်စင်တွေအကြောင်း မကောင်းပြောလိုက်တဲ့အတွက် ကျွန်တော့်ကို ထိုးမလို့ လုပ်တော့ ထွက်ပြေးရသေးတယ်။ ညီအစ်ကိုတွေ ရယ်ကြတော့ ကျွန်တော် စိတ်ဆိုးဆိုးနဲ့ “ဘာရယ်တာလဲ။ ဟောဖို့ ကြိုးစားနေတာ” လို့ ပြောလိုက်တယ်။ ဒါနဲ့ သူတို့က ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ သတင်းကောင်း ဟောဖို့ ဖြစ်တယ်၊ တခြားသူတွေကို စိတ်ထိခိုက်အောင် လုပ်ဖို့ မဟုတ်ဘူးဆိုပြီး မေတ္တာပါပါ ပြောပြတယ်။ (၁ ပေတရု ၃:၁၅) မက်ဖေးက အစိုးရ ဆန့်ကျင်ရေးသမား ဆိုပေမဲ့ အစောင့်တွေ၊ အာဏာပိုင်တွေကို ယေဟောဝါသက်သေတွေ လေးစားမှု ပြတာကိုတော့ သဘောကျသွားတယ်။ နောက်တော့ ကျမ်းစာသတင်းတရားကို စိတ်ဝင်စားလာတယ်။ အေးစိမ့်နေတဲ့ ရေစည်ပိုင်းထဲ တိတ်တိတ်လေး နှစ်ခြင်းခံတဲ့ ညကို ကျွန်တော် အမှတ်ရနေဆဲပါ။
အလုပ်ကြမ်းစခန်းကို ရောက်ပြီး မကြာခင် ညီအစ်ကိုငယ် နှစ်ယောက်နဲ့ ကျွန်တော် နိုင်ငံရေးသင်တန်းတွေ တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ စစချင်းတော့ မတက်ဖို့ ငြင်းလိုက်တယ်။ တက်ရင် ခရစ်ယာန် ကြားနေမှုကို ချိုးဖောက်တယ်လို့ ထင်ခဲ့တာ။ (ယောဟန် ၁၇:၁၆) ဒါကြောင့် နှစ်ပတ်ကြာ မဲမှောင်နေတဲ့ အကျဉ်းခန်းထဲ အပိတ်ခံထားရတယ်။ ပြန်လွတ်လာတော့ ညီအစ်ကိုတွေက ဒီလိုအစည်းအဝေးတက်ရုံနဲ့ ကြားနာမှု ချိုးဖောက်ရာ မရောက်ဘူး၊ သက်သေခံနိုင်မယ့် အခွင့်အရေးအဖြစ် ယူဆနိုင်တယ်လို့ ပြောပြကြတယ်။ ဒီညီအစ်ကိုတွေက ကျွန်တော်တို့ကို ဉာဏ်ပညာ ရှိဖို့၊ ပြောင်းလွယ်ပြင်လွယ် ဖြစ်ဖို့ ကူညီပေးကြတယ်။
သူတို့ စိတ်ရှည်ရှည် လေ့ကျင့်ပေးတာက ကျွန်တော့်ကို ယေဟောဝါဘုရား ဂရုစိုက်နေတယ်ဆိုတဲ့ သက်သေပါပဲ။ ဥပမာ၊ ဘုန်းတော်ကြီး ဖြစ်ခဲ့ဖူးတဲ့ အကျဉ်းသား တစ်ယောက် စာရင်းကိုင်ချုပ်အဖြစ် တာဝန်ရတယ်။ ထမင်းစားချိန်တွေမှာ ဆုံတိုင်း “ဟဲလို၊ မာရ်နတ်ရဲ့ သား” လို့ နှုတ်ဆက်လေ့ရှိတယ်။ အကျဉ်းသားတစ်ယောက်က “ဟဲလို၊ အဖေ” ဆိုပြီး ပြန်နှုတ်ဆက်လိုက်ပါလားလို့ ပြောတယ်။ ကျွန်တော်လည်း အဲဒီလို ပြောလိုက်တော့ အထိုးခံရတယ်။ ဒါကို ညီအစ်ကိုတွေ သိသွားတော့ ကျွန်တော့်လုပ်ရပ် မှားတယ်ဆိုတာ နားလည်အောင် ကူညီပေးကြတယ်။ (ပညာအလိမ္မာ ၂၉:၁၁) ကျွန်တော်လည်း ဘုန်းတော်ကြီးကို ပြန်တောင်းပန်လိုက်တယ်။
အလုပ်ကြမ်းစခန်းကို အပို့မခံရခင်တုန်းကတော့ ညဘက်၊ ဒါမှမဟုတ် မနက်စောစောမှာ ခရစ်ယာန် အစည်းအဝေးတွေကို တိတ်တိတ်လေး သွားတက်လေ့ရှိတယ်။ စခန်းမှာတော့ ပုန်းစရာနေရာ မရှိတဲ့အတွက် နေ့တိုင်း အစောင့်တွေမြင်ကွင်းမှာပဲ ကျွန်တော်တို့ ဝိုင်းရပ်ပြီး စက္ကူအပိုင်းအစတွေပေါ် ကြိုရေးထားတဲ့ ကျမ်းချက်တွေကို ဆွေးနွေးကြတယ်။ ကျမ်းချက်တွေကို အလွတ်ရပြီး မှတ်မိနေဖို့ ဖြစ်တယ်။ အစောင့်တွေ လာစစ်ရင် စက္ကူတွေကို မျိုချလိုက်ကြတယ်။
အလုပ်ကြမ်းစခန်းမှာ ပုန်းမယ့်နေရာ မရှိတော့ အစောင့်တွေမြင်ကွင်းမှာပဲ သက်သေခံတွေ ကျမ်းစာ ဖတ်နေစဉ်
နယ်နှင်ခံရပေမဲ့ ဘုရားသခင့်မေတ္တာ ဆက်ခံစားရ
၁၉၆၀ ပြည့်လွန်နှစ်များ အစောပိုင်းမှာ အလုပ်ကြမ်းစခန်းကနေ ဂီအိုဂျီ ပြန်လွတ်လာပြီးနောက်
၁၉၅၉ ခုနှစ်မှာ အလုပ်ကြမ်းစခန်းကနေ လွတ်လာပြီးနောက် ကာဇက်စတန်၊ ကာရာဂန်ဒါဒေသဆီ နယ်နှင်ခံရတယ်။ ခံဝန်ချုပ်နဲ့ နေရပေမဲ့ လက်ထပ်ဖို့ ခွင့်ရက် ၂၀ ပေးပါလို့ အာဏာပိုင်တွေကို ခွင့်တောင်းတယ်။ ပြီးတော့ သစ္စာရှိပြီး ချစ်စရာကောင်းတဲ့ ညီအစ်မ မာရီးယာရှိရာ ရုရှား၊ တော့မ်ဒေသကို ခရီးထွက်လာတယ်။ ကျွန်တော့်ထုံးစံအတိုင်း “မာရီးယာ၊ သမီးရည်းစားတွေလို ပိုးပန်းဖို့ အချိန်မရှိလို့ ကျွန်တော့်ကို လက်ထပ်ပါ” လို့ တဲ့တိုးပဲ ပြောချလိုက်တယ်။ သူ လက်ခံတဲ့အတွက် လက်ထပ်ပွဲ အကျဉ်းရုံး ကျင်းပကြတယ်။ ကျွန်တော် စမ်းသပ်မှု အများကြီး ကြုံခဲ့ရတယ်ဆိုတဲ့အချက်ကို မာရီးယာ တန်ဖိုးထားပြီး ယေဟောဝါကို ဆက်ဝတ်ပြုနိုင်အောင် ကူညီပေးချင်တယ်။—ပညာအလိမ္မာ ၁၉:၁၄။
၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တစ်အိမ်တက်ဆင်း ပေါ်ပေါ်ထင်ထင် သွားလို့ မရဘူး။ အခွင့်အရေး ရှာပြီး သက်သေခံခဲ့ကြတယ်။ ဧည့်သည်အဖြစ် ဖိတ်ခေါ်ခံရတဲ့အခါ၊ အားလပ်ရက် ခရီးထွက်တဲ့အခါတွေမှာ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ရမယ့် မျှော်လင့်ချက်အကြောင်း ပြောပြလေ့ရှိတယ်။ တခြားသူတွေကို စကားပြောခွင့် ရအောင် ကြိုးစားတယ်။ ဥပမာ၊ အိမ်ရောင်းချင်တဲ့သူဆီ သွားပြီး အိမ်ရှင်ကို သက်သေခံနိုင်ဖို့ စကားစကြည့်တယ်။ ကျွန်တော်နဲ့ မာရီးယာက ဒီနည်းတွေ သုံးပြီး ကျမ်းစာသင်အံမှု ခြောက်ခု စတင်နိုင်ခဲ့တယ်၊ ယေဟောဝါသက်သေတွေ ဖြစ်လာကြတယ်။
ရွေးကောက်ပွဲကာလမှာလည်း သက်သေခံနိုင်ခဲ့တယ်။ တစ်နေ့၊ လျှို့ဝှက်ရဲတွေက ညီအစ်ကိုတချို့နဲ့ ကျွန်တော် ရှိနေတဲ့ စက်ရုံကို ရောက်လာတယ်။ အလုပ်သမား ၁,၀၀၀ ကျော်အရှေ့မှာ ယေဟောဝါသက်သေတွေ ဘာကြောင့် နိုင်ငံရေးမှာ မပါသလဲဆိုပြီး မေးတယ်။ အင်ဂျင်နီယာချုပ်နဲ့ အလုပ်သမားတွေက ကျွန်တော်တို့ဘက်ကနေ ပြောပေးကြတယ်။ ကျွန်တော်တို့ဟာ ခေါင်းမရှောင်တတ်တဲ့၊ အလုပ်ကြိုးစားတဲ့ လုပ်သားတွေ ဖြစ်ကြောင်း ပြောပေးကြတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း မှတ်မိနေတဲ့ ကျမ်းချက်တွေကို ကိုးကားပြီး ကိုယ့်ရပ်တည်ချက်အကြောင်း ရှင်းပြဖို့ အားတက်သွားတယ်။ ရဲရဲရင့်ရင့် သက်သေခံလိုက်တဲ့အခါ အလုပ်သမား လေးယောက် ကျမ်းစာကို စိတ်ဝင်စားလာပြီး တစ်နှစ်အတွင်း နှစ်ခြင်းခံကြတယ်။
၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းမှာ ကာဇက်စတန်မှာ ရှိတဲ့ စိတ်ရိုးဖြောင့်သူများစွာ ယေဟောဝါသက်သေ ဖြစ်လာကြတယ်။ ဒါကြောင့် ပထမဆုံးအကြိမ် စည်းဝေးပွဲ ကျင်းပဖို့ လိုတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ ဒါပေမဲ့ အာဏာပိုင်တွေ မသိအောင် စည်းဝေးပွဲကို ဘယ်လို လုပ်ကြမလဲ။ အယ်လ်မတီမြို့အနီး ရွာတစ်ရွာမှာ မင်္ဂလာဆောင်ပွဲ ရှိလို့ အဲဒီနေ့မှာ စည်းဝေးပွဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မင်္ဂလာပွဲလည်း ဟုတ်၊ စည်းဝေးပွဲလည်း ဟုတ်တယ်။ အယောက် ၃၀၀ လောက် လာတက်ကြတယ်။ ကျွန်တော့်ဇနီးနဲ့ ညီအစ်မတချို့ အခမ်းအနားအတွက် အလှဆင်ကြတယ်၊ စားသောက်စရာတွေ စီစဉ်ကြတယ်။ တက်ရောက်သူတွေက ဟောပြောချက် ပေးတဲ့ ညီအစ်ကို ၁၂ ယောက်လောက် ကျမ်းစာသွန်သင်ပေးတာကို အလွန် နှစ်သက်ကြတယ်။ အဲဒီနေ့က ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပရိသတ် အများကြီးရှေ့ ဟောပြောချက် ပေးရတာပဲ။
စမ်းသပ်မှု ကြုံရချိန်တစ်လျှောက် ဘုရားသခင်ကို ချစ်တဲ့ မေတ္တာက ထောက်မပေး
ဂီအိုဂျီ၊ ဇနီး မာရီးယာ၊ သမီး လုဒ်မီလာ
ချစ်ဇနီး မာရီးယာက ဘဝတစ်လျှောက် ကျွန်တော့်ကို သစ္စာရှိရှိ ထောက်မပေးတယ်။ စိတ်ထားနူးညံ့သူ၊ လက်အောက်ခံတတ်သူ၊ နိုင်ငံတော်ကို အမြဲ ဦးစားထားသူပါ။ ကျန်းမာသန်စွမ်းပေမဲ့ ရုတ်တရက် အရိုးပွရောဂါ ရသွားပြီး ၁၆ နှစ်နီးပါး အိပ်ရာထဲ လဲသွားတယ်။ ကြင်နာတတ်တဲ့ သမီး လုဒ်မီလာက ပြုစုစောင့်ရှောက်ပေးတယ်။ ၂၀၁၄ ခုနှစ်မှာ မာရီးယာ ဆုံးသွားတယ်။
ချစ်ရတဲ့ မာရီးယာ ဝေဒနာ ခံစားနေရချိန် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး။ သူ ဆုံးခါနီးအချိန်အထိ ကျမ်းစာ ဖတ်ပေးတယ်၊ အားရှိစရာ ဆောင်းပါးတွေ အတူလေ့လာတယ်။ ကမ္ဘာသစ်အကြောင်း ပြောကြတယ်။ တစ်ခါတလေတော့ သူ့ဘေးမှာ ကြိတ်ငိုမိတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကောင်းမြတ်လှတဲ့ ကတိတော်ကို ဖတ်တဲ့အခါတိုင်း စိတ်ငြိမ်သက်သွားပြီး ရှေ့ဆက်ဖို့ ခွန်အားရလာတယ်။—ဆာလံ ၃၇:၁၈။ ၄၁:၃။
ခရစ်ယာန် စုဆုံမှုမှာ ဂီအိုဂျီနဲ့ လုဒ်မီလာ
ယေဟောဝါဘုရားရဲ့ မေတ္တာကို ခံစားရတဲ့ ဦးဆုံးနေ့ကစလို့ ဘုရားရဲ့ ထောက်မမှု၊ ဂရုစိုက်စောင့်ရှောက်မှုကို အမြဲ ခံစားနေရတယ်။ (ဆာလံ ၃၄:၁၉) အတွေ့အကြုံ နုတဲ့ လူငယ် ကျွန်တော့်ကို အရည်အသွေးကောင်းတွေ ရှိလာအောင် စိတ်ရှည်ရှည် ကူညီခဲ့သူတွေကတစ်ဆင့် ဘုရားမေတ္တာ ခံစားရတယ်။ အလုပ်ကြမ်းစခန်းမှာ၊ နယ်နှင်ခံရချိန်မှာ အခက်အခဲ ကြုံတဲ့အခါ ကျမ်းစာကတစ်ဆင့် ယေဟောဝါဘုရား ထောက်မပေးတယ်။ ချစ်ဇနီး မာရီးယာ ဆုံးပါးသွားချိန်အထိ ဂရုစိုက်နိုင်ဖို့ ခွန်အားပေးတယ်။ အခု၊ ယေဟောဝါဘုရားကို ချစ်တဲ့ မေတ္တာက ကျွန်တော့်ကို ထောက်မပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။
a ကာဇက်စတန်၊ မောလ်ဒိုဗာ၊ ယူကရိန်းတို့ဟာ ၁၉၉၁ ခုနှစ်အထိ ယခင်ဆိုဗီယက်ပြည်ထောင်စုထဲ ပါဝင်တယ်