အကျဉ်းထောင်ရှိသူတို့ထံဝိညာဉ်ရေးလွတ်လပ်မှု သယ်ဆောင်ပေးခြင်း
“ကျွန်တော်တို့ ခင်ဗျားတို့ကို စောင့်နေကြတယ်။” “လွန်ခဲ့တဲ့ညတွေက ခင်ဗျားတို့ ရောက်လာတယ်လို့ အိပ်မက်မက်ခဲ့တယ်။” “တစ်ယောက်သောသူကို ကျွန်တော်တို့ဆီ မှန်မှန်လည်ပတ်ဖို့စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” “ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်အဖွဲ့အစည်းဆီက မခံစားထိုက်ဘဲရရှိတဲ့ကောင်းချီးတစ်ခုစီနဲ့ အချိန်တန်ကျွေးမွေးတဲ့ဝိညာဏအစာအတွက် ကျေးဇူးတင်ကြောင်း ပြောပြချင်တယ်။”
ဤကျေးဇူးတင်စကားများ အဘယ်ကြောင့်ထွက်ပေါ်လာရသနည်း။ ယင်းတို့သည် မက္ကစီကိုရှိထောင်အသီးသီးမှ အကျဉ်းသားများ၏ ဖော်ပြချက်အချို့ဖြစ်သည်။ သူတို့သည် ထောင်ကျနေစဉ်ပင် ဝိညာဉ်ရေးလွတ်လပ်မှုကို သယ်ဆောင်ပေးသော ယေဟောဝါသက်သေတို့၏ဂရုစိုက်ခြင်းခံရသည့်အတွက် ကျေးဇူးတင်ကြသည်။ မက္ကစီကိုတွင် အကျဉ်းသားများ၏ဝိညာဉ်ရေးလိုအပ်မှုအတွက် ယေဟောဝါသက်သေများက မှန်မှန်ဆောင်ရွက်ပေးသည့်ထောင်ပေါင်း ၄၂ ခုရှိ၏။ ဤနေရာများကို ဆန်တရို ရီအာဒါပ်တာဆီယွန် ဆိုစီယက်လ် (လူမှုရေးနှင့်ဆိုင်သော ပြန်လည်ပြုပြင်ရေးဌာန) ဟုခေါ်သည်။ ယင်းထောင်များမှ အချို့ထောင်တို့တွင် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်ကျင်းပလျက်ရှိပြီး အကျိုးများစွာဖြစ်ထွန်းသည်။ ဥပမာ၊ မကြာသေးခင်က ရရှိသောစာရင်းအရ ဤနေရာများတွင် စည်းဝေးတက်ရောက်သူပေါင်း ၃၈၀ ဦးရှိသည်။ ထိုအချိန်၌ ပျမ်းမျှခြင်းအားဖြင့် ကျမ်းစာသင်အံမှုပေါင်း ၃၅၀ ကျင်းပသည်။ သုံးဆယ့်ခုနစ်ဦးတို့သည် ဟောပြောခြင်းလုပ်ငန်းစတင်ရန် အရည်အချင်းပြည့်မီကြပြီး ၃၂ ဦးတို့သည် သူတို့၏ဘဝအသက်တာကို ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံကြောင်း အထိမ်းအမှတ်အဖြစ် ရေတွင်နှစ်ခြင်းခံကြသည်။
လုပ်ငန်းကိုဆောင်ရွက်ပုံ
ယေဟောဝါသက်သေများသည် ယင်းနေရာများတွင် သူတို့၏ဟောပြောခြင်းလုပ်ငန်းကို မည်သို့လုပ်ဆောင်ကြသနည်း။ သူတို့သည် တာဝန်ခံအရာရှိများထံ ဦးစွာသွား၍ ထောင်ထဲဝင်ခွင့်စာရွက်စာတမ်းရရှိရန် တောင်းဆိုပြီး လည်ပတ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းပြသည်– ၎င်းမှာ အကျဉ်းသားများ၏ဘဝအရည်အသွေးကိုမည်သို့တိုးတက်စေရန်နှင့် ဘုရားသခင်ကို ကိုယ်တော်နှစ်သက်သည့်နည်းလမ်းဖြင့် မည်သို့ဝတ်ပြုရန် သင်ကြားပေးဖို့ဖြစ်သည်။
အခါတိုင်းတွင် အာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့သည်။ ယင်းအရာရှိများသည် အကျဉ်းသားများအား ကမ်းလှမ်းသည့်ကျမ်းစာညွှန်ကြားချက်ကို လေးမြတ်ကြသည်။ ထောင်အာဏာပိုင်တို့သည် ယင်းနေရာများအတွက် ပြဋ္ဌာန်းထားသောလုံခြုံရေးစည်းမျဉ်းများကို ယေဟောဝါသက်သေတို့က လိုက်နာကြောင်း သတိပြုမိသည်။ သူတို့သည် ရောက်ရှိလာသောအမှုတော်ဆောင်များအား အစည်းအဝေးကျင်းပနိုင်ဖို့ ရုံးခန်းများ၊ ထမင်းစားခန်းများနှင့် အလုပ်ခန်းတို့ကို အသုံးပြုရန်ခွင့်ပြုသည်။ မက္ကဆီကိုအရှေ့တောင်ပိုင်းရှိ နယ်လှည့်ကြီးကြပ်မှူးတစ်ဦး ပြောပြသည့် အောက်ပါတွေ့ ကြုံမှုတွင်ကဲ့သို့ တစ်နေရာ၌ သက်သေခံတို့သည် ဘုရားသခင့်နိုင်ငံတော်ခန်းမငယ်တစ်ခု တည်ဆောက်ခွင့်ပင်ရရှိသည်။
“၁၉၉၁ ခုနှစ်အစောပိုင်းမှာ ဝိညာဉ်ရေးရာဆာလောင်နေတဲ့ ဝဟာ့ကာပြည်နယ် တဝှမ်တပက်ခ်ဒေသရှိအကျဉ်းထောင်ကို ကျွန်တော်တို့စတင်လည်ပတ်တယ်။ မကြာခင်မှာ ကျမ်းစာသင်အံမှုပေါင်း ၂၇ ခုစခဲ့တယ်။ အကျဉ်းသားတွေစိတ်ဝင်စားကြတာကြောင့် အသင်းတော်အစည်းအဝေးငါးခုကို ကျင်းပပေးရတယ်။ အကျဉ်းသားတွေထဲက ယေဟောဝါဘုရားသခင်အပေါ် အားကြီးတဲ့မေတ္တာတင်ပြတဲ့ အကျဉ်းသားတစ်ယောက်က အစည်းအဝေးတွေကျင်းပနိုင်ဖို့ ထောင်အတွင်းမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမငယ်တစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက ထောင်ညွှန်ကြားရေးမှူးဆီသွားပြီး ခွင့်ပြုချက်တောင်းတဲ့အခါ အာဏာပိုင်တွေက ပူးပေါင်းလုပ်ဆောင်ပေးကြတယ်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလအစမှာ အကျဉ်းသားခြောက်ဦးဟာ သတင်းကောင်းကြေညာသူများအဖြစ် အရည်အချင်းပြည့်မီလာကြတယ်။ တိုးတက်မှုရှိလာတဲ့အတွက်ကြောင့် အကျဉ်းထောင်အတွင်း သတိရအောက်မေ့ပွဲကျင်းပဖို့ အစီအစဉ်များရေးဆွဲရတယ်။ ကျွန်တော်တို့က ပွဲတော်အတွက်အထိမ်းအမှတ်—မုန့်နဲ့စပျစ်ရည်—ကိုယူဆောင်လာဖို့ ထောင်ညွှန်ကြားရေးမှူးနဲ့လေးနာရီကြာ ဆွေးနွေးပြီးနောက်မှ ခွင့်ပြုချက်ရရှိခဲ့တယ်။
“၁၉၉၃ ခုနှစ် ဧပြီလ ၃ ရက်မှာ (သတိရအောက်မေ့ပွဲမကျင်းပခင် သုံးရက်အလိုမှာ) အချို့အကျဉ်းသားတွေ လွတ်မြောက်ခွင့်ရရှိကြတယ်။ သူတို့ထဲက ကြေညာသူတစ်ယောက်က သူရဲ့လွတ်မြောက်ခွင့်အမိန့်စာရရှိတဲ့အခါ ထောင်ညွှန်ကြားရေးမှူးဆီသွားပြီး သတိရအောက်မေ့ပွဲပြီးတဲ့အထိ နေထိုင်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။ အဲဒါက ဖြစ်ရိုးဖြစ်စဉ်တောင်းဆိုချက်မဟုတ်တဲ့အတွက် ညွှန်ကြားရေးမှူးလည်း တကယ်အံ့သြသွားတယ်၊ ဒါပေမဲ့ ထောင်ထဲမှာ သတိရအောက်မေ့ပွဲတက်ရောက်ဖို့ အကျဉ်းသားတွေ အရမ်းစိတ်ဝင်စားတာကြောင့် တောင်းဆိုချက်ကိုခွင့်ပြုလိုက်တယ်။ သတိရအောက်မေ့ပွဲကို တက်ရောက်သူ ၅၃ ဦးရှိပြီး အစီအစဉ်ပြီးဆုံးတဲ့အခါမှာ ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ကြရတယ်။ ဒီအုပ်စုကို ‘လွတ်လပ်သော စယ်ရယ်စို’ လို့ခေါ်ဖို့ ကျွန်တော်တို့သဘောတူကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဝိညာဉ်ရေးသဘောအရ လွတ်လပ်နေကြတဲ့အတွက်ကြောင့်ဖြစ်တယ်။”
ဤနေရာများတွင် ယေဟောဝါသက်သေများ၏လုပ်ဆောင်မှုကို အလွန်လေးမြတ်ကြသည်။ ယင်းစာရိတ္တပြုပြင်ရေးစခန်းများအနက်တစ်ခုသည် အကျဉ်းသားများ၏စာရိတ္တပြန်လည်ကောင်းမွန်မှု လျင်မြန်စေရေးအတွက် “ကုထုံး” မှာယေဟောဝါသက်သေများ၏အစည်းအဝေးကို တက်ရောက်ခြင်းဖြစ်သည်ဟု ထောင်တာဝန်ခံက ပွင့်လင်းစွာထောက်ခံသည်။
အောင်မြင်သောပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ခု
ယေဟောဝါသက်သေတို့၏လုပ်ဆောင်မှုသည် မြောက်မြားစွာသော အကျဉ်းသားများကို စာရိတ္တပြန်လည်ကောင်းမွန်ရေးတွင် ထိရောက်စွာအကျိုးပြုသည်။ အချို့သူတို့သည် ထောင်မှလွတ်သွားသောအခါ ရာဇဝတ်သားဘဝသို့ ပြန်လည်ရောက်ရှိသွားလေ့ရှိသော်လည်း ဘုရားသခင်၏နှုတ်ကပါဌ်တော်သတင်းစကားကို အမှန်တကယ်လက်ခံသူများသည် လုံးဝပြောင်းလဲသွားသည်။ သူတို့၏ပြောင်းလဲမှုသည် တမန်တော်ပေါလု၏စကားများကို ပြန်လည်သတိရစေသည်– “မတရားသောမေထုန်၌ မှီဝဲသောသူ . . . ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။”—၁ ကောရိန္သု ၆:၉-၁၁။
သူတို့၏ခံစားချက်များကို ထုတ်ဖော်ပြခြင်းက သူတို့၏ဥပဓိရုပ် သိသိသာသာပြောင်းလဲသွားကြောင်း သက်သေထူသည်။ ကန်မ်ပီချီ မြို့ ကန်မ်ပီချီထောင်ရှိ မီဂဲလ်က ဤသို့ဖော်ပြသည်– “ဒီနေ့ ကျွန်တော်ဟာ ၂ ပေတရု ၃:၁၃ နဲ့ မဿဲ ၅:၅ တို့မှာဖော်ပြထားတဲ့ မျှော်လင့်ချက်ရှိသူ အခြားသိုးအုပ်စုမှာပါဝင်တယ်လို့ ကိုယ့်ကိုကိုယ်သတ်မှတ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ပြောနိုင်တယ်။” ကန်မ်ပီချီ ပြည်နယ် ကိုဘဲန်ထောင်ရှိ ဟိုဆေးဆိုသူက ဤသို့မှတ်ချက်ချသည်–“ကျွန်တော်ဟာ ထောင်သားတစ်ယောက်ဖြစ်ပြီး ကျွန်တော့်အမှုဟာ ကြီးလေးပေမဲ့ ယေဟောဝါဘုရားသခင်ဟာ တကယ့်ကိုကရုဏာရှိပြီး ကျွန်တော့်ရဲ့ဆုတောင်းချက်တွေနဲ့ အသနားခံချက်တွေကို နားညောင်းတော်မူတယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါပြီ။ ကိုယ်တော်ဟာ ကျွန်တော်ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ခွင့်လွှတ်ပေးတဲ့အပြင် ကျွန်တော့်ဘဝရဲ့ကျန်တဲ့အပိုင်းကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောဖို့ အသုံးချခွင့်ပေးတယ်။ ဘုရားသခင့်နိုင်ငံတော်ကတိတော်ကနေ အကျိုးခံစားရဖို့ အကြီးအကဲတွေက ကျွန်တော်တို့ဆီကို အချိန်ယူလည်ပတ်ပေးတဲ့အတွက် သူတို့ကို ကျေးဇူးတင်ပါတယ်။ နှစ်သက်ဖွယ်ကောင်းတဲ့ ကောင်းချီးတွေပါကလား! ကျွန်တော်ဟာ အကျဉ်းသားတစ်ယောက်ပါလို့ ပြောနိုင်မလား။ မပြောနိုင်ဘူး၊ ယေဟောဝါဟာ ကျွန်တော်လိုအပ်တဲ့ဝိညာဉ်ရေးလွတ်လပ်မှုကိုပေးထားလို့ပါပဲ။”
လူသတ်သမားများ၊ မုဒိမ်းသမားများ၊ မီးကွင်းပစ်သူများ၊ သူခိုးများနှင့်အခြားသူများတို့သည် ဖြောင့်မတ်စွာအသက်ရှင်သောခရစ်ယာန်များအဖြစ်ပြောင်းလဲနိုင်ရန် မည်သည့်အရာကဖြစ်စေသနည်း။ ယင်းလူများ၏အဆိုအရ ဘုရားသခင့်နှုတ်ကပါဌ်စကားတော်၏ ပြောင်းလဲစေနိုင်သောအစွမ်းတန်ခိုးနှင့် အမှန်တကယ်ဘုရားတရားကြည်ညိုသူများနှင့်ပေါင်းသင်းခြင်းတို့ဖြစ်သည်။ ဆီနလိုပြည်နယ် မားစ်တလဲန်မြို့ရှိ စာရိတ္တပြန်လည်ထူထောင်ရေးစခန်းတွင် ထောင်ကျနေသော တီးဘူးရ်စီယို၏အဖြစ်အပျက်က ဤစာရိတ္တပြုပြင်ရေးအစီအစဉ်သည် အောင်မြင်ကြောင်း ရှင်းလင်းဖော်ပြသည်။ သူသည် ဆီနလိုပြည်နယ် ကောန်ကောဒ်ယားရှိထောင်တွင် ဒေါသကြီးမှုကြောင့် ပြဿနာတက်ခဲ့ရသည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်သည့် သူ၏ဇနီးဖြစ်သူက သူ့ကိုထောင်၌သွားတွေ့တိုင်း အမြဲရိုင်းစိုင်းစွာ ပြုမူဆက်ဆံခံရတတ်သည်။ သူမသည် သူ့ကိုစိတ်ရှည်လက်ရှည် သွား၍တွေ့နေသောကြောင့် သူသည် ဇနီးသည်အား သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကိုယူလာဖို့တောင်းကာ မိမိကိုယ်တိုင်လေ့လာမှုစခဲ့သည်။a ပြီးနောက် ထောင်သို့တစ်ဦးတစ်ယောက်လာပြီး မိမိနှင့်အတူ သင်အံမှုပြုလုပ်ရန် တောင်းဆိုသည်။ သူသည် ဝိညာဉ်ရေးတွင်စတင်တိုးတက်လာကာ သူနှင့်အခြားသူများ၏ဆက်ဆံရေးလည်း စ၍တိုးတက်ပြောင်းလဲလာသည်။ သူသည် ကျမ်းစာလေ့လာသည့်အုပ်စုတစ်ခုရှိသောမားစ်တလဲန်ရှိထောင်သို့ အပို့ခံရကာ ယခုကြေညာသူတစ်ယောက်ဖြစ်နေပြီ။ သူဤသို့မှတ်ချက်ချသည်– “အခု ကျွန်တော့်အမျိုးသမီး၊ သားသမီးတွေ၊ အကျဉ်းသားအပေါင်းအဖော်တွေနဲ့အတူ ဒီနေရာမှာ ကျမ်းစာသမ္မာတရားကို နားထောင်နိုင်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်တယ်၊ မကြာခင်ကျွန်တော်ထောင်ကလွတ်ပြီး အစည်းအဝေးအားလုံးနဲ့အသင်းတော်စည်းဝေးတွေကို တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။”
သူ၏ဘဝအသက်တာကိုပြောင်းလဲနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်မဆုံးဖြစ်နေသော ကော်န်ရာဒိုဆိုသူလည်းရှိသည်။ ကြီးမားသည့်အိမ်ထောင်ရေးပြဿနာကြောင့် ဇနီးဖြစ်သူက သူ့ကိုစွန့်ခွာသွားသည်။ ထိုကြောင့် သူသည် မူးယစ်ဆေးဝါးဖြင့်စိတ်ဖြေရန် ကြိုးစားအားထုတ်လာသည်။ အတန်ကြာသော် မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ယောက်ဖြစ်လာသည်။ ဆေးခြောက်နှင့်ကိုကင်းတို့ကို သယ်ယူပို့ဆောင်မှုကြောင့် အဖမ်းခံရပြီး ထောင်ချခံရသည်။ ထောင်၌ ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသော အုပ်စုတစ်စုရှိပြီး လေ့လာမှုတွင်ပါဝင်ရန် သူ့ကိုဖိတ်ခေါ်ကြသည်။ သူ၏ခံစားချက်များကို ဤအတိုင်း ဖော်ပြသည်– “အစည်းအဝေးတွေကို စည်းစနစ်ကျနစွာကျင်းပပုံ၊ အသင်းမစာပေတွေနဲ့ ကျမ်းစာစစ်ဆေးခြင်းအစီအစဉ်၊ အရာရာတိုင်းက ကျမ်းစာကိုအခြေခံထားတယ်ဆိုတဲ့အချက်တွေက ကျွန်တော့်စိတ်ထဲစွဲမှတ်စေတယ်၊ ကျွန်တော့်ကို ကျမ်းစာသင်ပေးဖို့ချက်ချင်းတောင်းဆိုလိုက်ပြီး အစည်းအဝေးတွေကို စတင်တက်ရောက်ခဲ့တယ်။” ယင်းသည် ၁၉၉၃ ခုနှစ် ဇန်နဝါရီလတွင်ဖြစ်ပါသည်။ ယခု ကော်န်ရာဒိုသည် ထောင်မှလွတ်လာပြီး ခရစ်ယာန်အသင်းတော်တွင် ဆက်လက်တိုးတက်လျက်ရှိသည်။
အီးစ်လာစ် မားရီးယားစ်
မက္ကစီကို၌ အီးစ်လာစ် မားရီးယားစ် ဟုခေါ်သည့် ကျွန်းလေးခုပါဝင်သောနေရာတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အကျဉ်းထောင်တစ်ခုရှိသည်။ ချုပ်နှောင်ခံရသော အကျဉ်းသားများသည် ကျွန်းများပေါ်တွင် လျှောက်သွားနိုင်သည်။ ထိုနေရာတွင် အချို့သူများသည် သူတို့၏ဇနီး၊ သားသမီးများနှင့်အတူ နေထိုင်ကြသည်။
ထိုတွင်အသင်းတော်ငယ်တစ်ခုရှိနှင့်ပြီးဖြစ်သည်။ မားစ်တလဲန်မြို့မှ ညီအစ်ကိုသုံးယောက်သည် တစ်လတစ်ခါလည်ပတ်ပြီး အစည်းအဝေးများကျင်းပနိုင်ရန် ကူညီပေးသည်၊ စာအုပ်စာတမ်းများ ပို့ပေးသည်၊ အားပေးစကားများပြောကြသည်။ တစ်ခါတစ်ရံ တိုက်နယ်ကြီးကြပ်မှူးသည် သူတို့ထံ လည်ပတ်သည်။ ပျမ်းမျှတက်ရောက်သူမှာ ၂၀ မှ ၂၅ ယောက်အထိရှိသည်။ နှစ်ခြင်းခံပြီးသော ကြေညာသူလေးယောက်ရှိပြီး နှစ်ခြင်းမခံရသေးသော ကြေညာသူနှစ်ယောက်ရှိသည်။ နယ်လှည့်ကြီးကြပ်မှူးက ဤသို့သတင်းပို့သည်– “အချို့သူများသည် တနင်္ဂနွေနေ့တွင် စည်းဝေးတက်ရောက်ဖို့ ၁၇ ကီလိုမီတာ [၁၀ မိုင်] ခရီးကိုလမ်းလျှောက်ကြရပြီး အမည်စာရင်းခေါ်ချိန်အမီ ပြန်ရောက်နိုင်ရန် စည်းဝေးမှ သုတ်သီးသုတ်ပျာ ပြန်ထွက်ခဲ့ကြရသည်။ မြန်မြန်ဆန်ဆန်လမ်းလျှောက်လျှင်ပင် ပြန်ရောက်နိုင်ရန် နှစ်နာရီကျော်ကြာသည်။” ထိုထောင်ထဲတွင် သမ္မာတရားရခဲ့သည့် ညီအစ်ကိုများထဲက တစ်ယောက်သည် မကြာသေးခင်က ဤသို့ပြောသည်– “အရင်တုန်းကဆိုရင် ကျွန်တော် အကျဉ်းထောင်ကလွတ်မြောက်ဖို့ပဲ စိတ်ဝင်စားခဲ့ပေမဲ့ အခုထောင်ထဲမှာ လုပ်စရာအများကြီးရှိနေတဲ့အတွက် ယေဟောဝါဘုရားသခင်အလိုတော်ရှိတဲ့အချိန်မှ ထွက်တော့မယ်။”
ယေဟောဝါဘုရားသခင် နှစ်သက်သောလမ်းစဉ်ကို ရှာဖွေနေသောစိတ်နှလုံးရိုးဖြောင့်သူများ လွတ်လပ်စေဖို့ သမ္မာတရား၏အစွမ်းတန်ခိုးများကို မြင်ရသည့်အတွက် ကျွန်တော်တို့ ပျော်ရွှင်ကြသည်။ ထောင်ထဲတွင် သမ္မာတရားရရှိခဲ့ကြသည့် တစ်ဆယ့်နှစ်ယောက်ကျော်သည် ထောင်မှထွက်သောအခါ နှစ်ခြင်းယူကြပြီး ယခုအခါ ဘုရားသခင့်ကျေးကျွန်များအဖြစ် လေးစားဖွယ်ဘဝအသက်တာဖြင့် နေထိုင်ကြသည်။ အချို့သောသူများသည် အသင်းတော်အကြီးအကဲများပင် ဖြစ်နေကြပြီ။ စိတ်သက်သာစေပြီး လူများကိုပြောင်းလဲစေနိုင်သော သမ္မာတရား၏အစွမ်းတန်ခိုးသည် ထင်ရှားစွာပေါ်လွင်ခဲ့သည်။ အပြစ်ကျူးလွန်မိသည့်အတွက် ချုပ်နှောင်ခံရသော ယင်းလူများသည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်၏ အလင်းတရားထဲဝင်ရောက်လာသောအခါ ယေရှုကတိပေးခဲ့သည့် စစ်မှန်သောလွတ်လပ်မှုကို သူတို့ခံစားကြရသည်။ ယေရှုဤသို့မိန့်တော်မူသည်– “သမ္မာတရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။”—ယောဟန် ၈:၃၂; ဆာလံ ၁၁၉:၁၀၅။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
လူများစွာတို့သည် ထောင်၌သင်ယူခဲ့သည့်ခရစ်ယာန်သမ္မာတရားမှ အကျိုးရရှိ