အခန်း ၁၁
ဝတ်ပြုရာနေရာများ
ယေဟောဝါကို ဝတ်ပြုတဲ့ ခရစ်ယာန်စစ်တွေဟာ လမ်းညွှန်ချက်တွေ ရရှိဖို့နဲ့ အချင်းချင်းကို အားပေးဖို့ အတူ စုဝေးပါဆိုပြီး မိန့်မှာခံထားရတယ်။ (ဟီ. ၁၀:၂၃-၂၅) ဘုရား ရွေးချယ်ထားတဲ့ လူမျိုး ဖြစ်တဲ့ အစ္စရေးလူမျိုးရဲ့ ပထမဦးဆုံး ဝတ်ပြုရာနေရာဟာ “တွေ့ဆုံရာတဲတော်” ဖြစ်တယ်။ (ထွ. ၃၉:၃၂၊ ၄၀) နောက်ပိုင်း၊ ဒါဝိဒ်ရဲ့ သားတော် ရှောလမုန်ဟာ ဘုရားသခင့် ဘုန်းတော်အတွက် အိမ်တော် ဒါမှမဟုတ် ဗိမာန်တော်ကို ဆောက်လုပ်ခဲ့တယ်။ (၁ ဘု. ၉:၃) ဘီစီ ၆၀၇ မှာ အဲဒီဗိမာန်တော် ဖျက်ဆီးခံရပြီးနောက် ဂျူးတွေဟာ ဘုရားသခင်ကို ဝတ်ပြုဖို့ တရားဇရပ်လို့ ခေါ်တဲ့ အဆောက်အအုံတွေမှာ စည်းဝေးဖို့ စီစဉ်ခဲ့တယ်။ နောက်ပိုင်း၊ ဗိမာန်တော်ကို ပြန်တည်ဆောက်တယ်။ အဲဒီဗိမာန်တော်ဟာ စစ်မှန်တဲ့ ဝတ်ပြုရေးရဲ့ ဗဟို ပြန်ဖြစ်လာတယ်။ ယေရှုဟာ တရားဇရပ်တွေမှာရော ဗိမာန်တော်မှာပါ သွန်သင်ပေးခဲ့တယ်။ (လု. ၄:၁၆။ ယော. ၁၈:၂၀) တောင်ပေါ်မှာတောင် အစည်းအဝေးတစ်ခုကို ယေရှု ကျင်းပခဲ့တယ်။—မ. ၅:၁–၇:၂၉။
၂ ယေရှု သေဆုံးပြီးနောက် ခရစ်ယာန်တွေဟာ ကျမ်းစာ သွန်သင်ပေးဖို့၊ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းဖို့ လူစုဝေးရာတွေနဲ့ လူနေအိမ်တွေမှာ စည်းဝေးကြတယ်။ (တ. ၁၉:၈၊ ၉။ ရော. ၁၆:၃၊ ၅။ ကော. ၄:၁၅။ ဖိလေ. ၂) တစ်ခါတလေ အစောပိုင်း ခရစ်ယာန်တွေဟာ နှိပ်စက်ညှဉ်းပန်းသူတွေ မတွေ့နိုင်ဖို့ သီးခြားနေရာတွေမှာ စည်းဝေးခဲ့ရတယ်။ မှန်ပါတယ်။ ဘုရားသခင့် ရှေးခေတ် သစ္စာရှိ ကျေးကျွန်တွေဟာ “ယေဟောဝါ သွန်သင်ပေးတာကို” ခံယူဖို့ ဝတ်ပြုရာနေရာတွေမှာ တလိုတလား စုဝေးလိုစိတ် ရှိခဲ့ကြတယ်။—ဟေရှာ. ၅၄:၁၃။
၃ ဒီနေ့ခေတ်မှာလည်း လူစုဝေးရာတွေနဲ့ လူနေအိမ်တွေကို ခရစ်ယာန် အစည်းအဝေးတွေအတွက် အသုံးပြုတယ်။ ကိုယ်ပိုင်အိမ်တွေကို လယ်ကွင်းလုပ်ငန်း စုဆုံမှုအတွက် သုံးလေ့ရှိတယ်။ အဲဒီလိုစုဆုံမှုအတွက် ကိုယ့်အိမ်ကို အသုံးပြုခွင့် ပေးသူတွေဟာ ဒါကို အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။ အဲဒီလိုသုံးဖို့ ကိုယ့်အိမ်ကို ဖွင့်ပေးလို့ ဘုရားရေးရာဘက် အကျိုးရရှိနေတယ်ဆိုပြီး လူများစွာ ခံစားရတယ်။
နိုင်ငံတော်ခန်းမ
၄ ယေဟောဝါသက်သေတွေရဲ့ အဓိက စည်းဝေးရာဟာ နိုင်ငံတော်ခန်းမ ဖြစ်တယ်။ ပုံမှန်အားဖြင့် မြေကွက် ဝယ်ပြီး နိုင်ငံတော်ခန်းမသစ်ကို ဆောက်လုပ်ကြတယ် ဒါမှမဟုတ် ရှိပြီးသား အဆောက်အအုံကို ပြုပြင်မွမ်းမံကြတယ်။ ကုန်ကျစရိတ် သက်သာစေဖို့နဲ့ ကိုယ့်အဆောက်အအုံတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ ဖြစ်နိုင်တဲ့အခါတိုင်း နိုင်ငံတော်ခန်းမ တစ်ခုတည်းကို အသင်းတော် အတော်များများ မျှသုံးနိုင်တယ်။ ဒေသတချို့မှာတော့ ခန်းမ ငှားဖို့ လိုအပ်တယ်။ နိုင်ငံတော်ခန်းမသစ်တွေ၊ အကြီးစား ပြုပြင်မွမ်းမံထားတဲ့ ခန်းမတွေအတွက် ဆက်ကပ်အပ်နှံပွဲ လုပ်တာ သင့်တော်တယ်။ ဒါပေမဲ့ ရှိပြီးသား နိုင်ငံတော်ခန်းမကိုပဲ အသေးစား ပြုပြင်မွမ်းမံတယ်ဆိုရင်တော့ ဆက်ကပ်အပ်နှံပွဲ လုပ်ဖို့ မလိုအပ်ဘူး။
၅ နိုင်ငံတော်ခန်းမဟာ တခြားသူတွေ အထင်ကြီးစေဖို့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံ မဖြစ်သင့်ဘူး။ အဆောက်အအုံပုံစံဟာ တစ်နေရာနဲ့ တစ်နေရာ ကွဲပြားနိုင်ပေမဲ့ ရည်ရွယ်ချက်ကတော့ အမြဲတမ်း အသုံးတည့်နေဖို့ ဖြစ်တယ်။ (တ. ၁၇:၂၄) ခရစ်ယာန် အစည်းအဝေးတွေ ကျင်းပတဲ့ နေရာဟာ ဒေသအခြေအနေတွေနဲ့အညီ သက်သောင့်သက်သာ ရှိပြီး အဆင်ပြေတဲ့နေရာ ဖြစ်သင့်တယ်။
၆ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်အားလုံးဟာ ကိုယ်ရရှိထားတဲ့ နိုင်ငံတော်ခန်းမ အသုံးပြုရေး၊ လည်ပတ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးအတွက် အလှူငွေ ထည့်ဝင်ကြတယ်။ အလှူငွေ ကောက်ခံတာ၊ ရန်ပုံငွေ တောင်းဆိုတာတွေ မလုပ်ဘူး။ အလှူငွေပုံး ထားပေးတဲ့အတွက် အစည်းအဝေး တက်သူတွေဟာ ခန်းမ အသုံးပြုမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ကုန်ကျစရိတ်တွေအတွက် အလှူငွေ ထည့်ဝင်နိုင်တယ်။ သူတို့ စေတနာအပြည့်နဲ့ လိုလိုလားလား ထည့်ဝင်ကြတယ်။—၂ ကော. ၉:၇။
၇ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မအားလုံးဟာ နိုင်ငံတော်ခန်းမအတွက် ငွေကြေး ထောက်ပံ့ရတာ၊ ခန်းမ သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက် စေတနာ့ဝန်ထမ်းရတာကို အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။ အများအားဖြင့် အကြီးအကဲ ဒါမှမဟုတ် အသင်းတော်အမှုထမ်းက အဲဒီလုပ်ငန်းအတွက် ဇယားဆွဲလေ့ရှိတယ်။ ပုံမှန်အားဖြင့် လယ်ကွင်းလုပ်ငန်း အုပ်စု ကြီးကြပ်မှူး ဒါမှမဟုတ် လက်ထောက်ကြီးကြပ်မှူး ဦးဆောင်ပြီး အုပ်စုအလိုက် သန့်ရှင်းရေး လုပ်ကြတယ်။ ခန်းမ အတွင်းအပြင် နှစ်ခုစလုံးဟာ ယေဟောဝါနဲ့ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့အရာအဖြစ် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေသင့်တယ်။
အသင်းတော်မှာ ရှိတဲ့ ညီအစ်ကိုညီအစ်မအားလုံးဟာ နိုင်ငံတော် ခန်းမအတွက် ငွေကြေး ထောက်ပံ့ရတာ၊ ခန်းမ သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက် စေတနာ့ဝန်ထမ်းရတာကို အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်
၈ ခန်းမတစ်ခုမှာ အသင်းတော်တစ်ခုထက်မက စည်းဝေးတဲ့အခါ သက်ဆိုင်ရာ အသင်းတော်တွေရဲ့ အကြီးအကဲတွေဟာ နိုင်ငံတော်ခန်းမ လည်ပတ်လုပ်ဆောင်မှု ကော်မတီကို ဖွဲ့စည်းကြတယ်။ အဲဒီကော်မတီက အဆောက်အအုံနဲ့ မြေနေရာ အပါအဝင် ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်ပေးတယ်။ အကြီးအကဲအဖွဲ့တွေက ညီအစ်ကိုတစ်ယောက်ကို လည်ပတ်လုပ်ဆောင်မှု ကော်မတီ ညှိနှိုင်းရေးမှူးအဖြစ် ရွေးချယ်တယ်။ အကြီးအကဲအဖွဲ့တွေရဲ့ ညွှန်ကြားချက်အောက်မှာ လည်ပတ်လုပ်ဆောင်မှု ကော်မတီဟာ ခန်းမသန့်ရှင်းရေးကို ကြီးကြပ်စစ်ဆေးပေးတယ်။ ခန်းမကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်းပြီး လိုအပ်တဲ့ ပစ္စည်းတွေ အဆင်သင့် ရှိအောင် သေသေချာချာ ကြည့်ရှုပေးတယ်။ အဲဒီအတွက် သက်ဆိုင်တဲ့ အသင်းတော်အားလုံး အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။
၉ နိုင်ငံတော်ခန်းမတစ်ခုကို အသင်းတော် အတော်များများ အသုံးပြုတဲ့အခါ အစည်းအဝေးအချိန်တွေကို အလှည့်ကျ ဇယားဆွဲရနိုင်တယ်။ ဇယားဆွဲတဲ့အခါ အကြီးအကဲတွေဟာ အားလုံးရဲ့အကျိုးကို ထည့်စဉ်းစားပြီး ညီရင်းအစ်ကိုမေတ္တာနဲ့ ညှိနှိုင်းဆောင်ရွက်ကြပါလိမ့်မယ်။ (ဖိ. ၂:၂-၄။ ၁ ပေ. ၃:၈) အသင်းတော်တစ်ခုကပဲ တခြားအသင်းတော်တွေ ကိုယ်စား ဆုံးဖြတ်ချက် ချပေးမှာ မဟုတ်ဘူး။ နိုင်ငံတော်ခန်းမကို သုံးနေတဲ့ အသင်းတော်တွေထဲက တစ်ခုကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့အခါ တခြားအသင်းတော်တွေက အဲဒီအပတ်အတွက် အစည်းအဝေး အချိန်တွေကို လိုအပ်သလို ပြုပြင်ပေးပါလိမ့်မယ်။
၁၀ နိုင်ငံတော်ခန်းမကို အသင်းတော် လုပ်ငန်းတော် ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ မင်္ဂလာဆောင်၊ အသုဘ အခမ်းအနားတွေအတွက် အသုံးပြုနိုင်ပါတယ်။ အကြီးအကဲတွေဟာ တောင်းဆိုချက်တွေကို အသေအချာ သုံးသပ်ပြီးနောက် ဌာနခွဲရုံးရဲ့ ညွှန်ကြားချက်ပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချတယ်။
၁၁ အဲဒီလိုကိစ္စတွေအတွက် နိုင်ငံတော်ခန်းမ အသုံးပြုခွင့် ရရှိထားသူတွေဟာ ခရစ်ယာန်စစ်တွေနဲ့ အပ်စပ်တဲ့ အမူအကျင့်တွေ ရှိရမယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို တိုက်မိလဲစေမယ့်၊ ယေဟောဝါနဲ့ အသင်းတော်ရဲ့ နာမည်ကောင်းကို ရှုတ်ချစရာ ဖြစ်စေမယ့် ဘယ်အရာကိုမှ နိုင်ငံတော်ခန်းမမှာ မပြုလုပ်သင့်ဘူး။ (ဖိ. ၂:၁၄၊ ၁၅) ဌာနခွဲရုံးရဲ့ ညွှန်ကြားမှုအရ အကြီးအကဲနဲ့ အမှုထမ်းများအတွက် သင်တန်း၊ ရှေ့ဆောင်လုပ်ငန်းသင်တန်းစတဲ့ တခြားဘုရားရေးရာ ကိစ္စတွေအတွက် နိုင်ငံတော်ခန်းမကို အသုံးပြုနိုင်တယ်။
၁၂ ညီအစ်ကိုညီအစ်မတွေဟာ အစည်းအဝေး ကျင်းပတဲ့ နေရာကို အမြဲ ရိုသေလေးစားကြပါလိမ့်မယ်။ ဝတ်စားဖြီးလိမ်းပုံနဲ့ အမူအကျင့်ဟာ ယေဟောဝါဝတ်ပြုရေးနဲ့ ဆက်စပ်နေတဲ့ ဂုဏ်သိက္ခာကို ပေါ်လွင်စေသင့်တယ်။ (ဒေ. ၅:၁။ ၁ တိ. ၂:၉၊ ၁၀) ဒီကိစ္စနဲ့ပတ်သက်တဲ့ အကြံပြုချက်ကို လိုက်နာခြင်းအားဖြင့် ခရစ်ယာန် အစည်းအဝေးတွေကို တန်ဖိုးထားကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။
၁၃ အစည်းအဝေးတွေဟာ စနစ်ကျဖို့ အရေးကြီးတယ်။ သားသမီးတွေကို မိဘနဲ့အတူ ထိုင်ဖို့ အကြံပြုပါတယ်။ ကလေးငယ် ရှိတဲ့ မိဘတွေဟာ သားသမီးတွေကို အပြင် ခေါ်သွားပြီး ဆုံးမဖို့ ဒါမှမဟုတ် တခြားလိုအပ်ရာတွေ လုပ်ပေးဖို့ လိုအပ်လာတဲ့အခါ တခြားသူတွေကို အနှောင့်အယှက် မဖြစ်စေသင့်ဘူး။ ဒါကြောင့် တခြားသူတွေကို အတတ်နိုင်ဆုံး အနှောင့်အယှက် မဖြစ်စေမယ့် နေရာမျိုးမှာ ထိုင်ဖို့ တောင်းဆိုခံရနိုင်တယ်။
၁၄ အရည်အချင်းရှိ ညီအစ်ကိုတွေဟာ နိုင်ငံတော်ခန်းမ အစည်းအဝေးတွေမှာ ဧည့်ကြိုအဖြစ် ထမ်းဆောင်ဖို့ ခန့်အပ်ခံရတယ်။ သူတို့ဟာ ဖျတ်လတ်၊ ဖော်ရွေပြီး ကောင်းကောင်း ချင့်ချိန်တတ်သူတွေ ဖြစ်သင့်တယ်။ သူတို့ရဲ့ တာဝန်တွေမှာ လူသစ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်တာ၊ နောက်ကျရောက်လာသူတွေကို ထိုင်ခုံ ရှာပေးတာ၊ တက်ရောက်သူ အရေအတွက် မှတ်တာ၊ ခန်းမအပူချိန်နဲ့ လေဝင်လေထွက် သင့်တင့်မျှတမှု ရှိဖို့ လိုအပ်သလို ဂရုစိုက်ပေးတာတွေ ပါဝင်တယ်။ လိုအပ်တဲ့အခါ ဧည့်ကြိုတွေဟာ အစည်းအဝေး မစခင်နဲ့ ပြီးနောက် ကလေးတွေ လျှောက်မပြေးရအောင်၊ စင်မြင့်ပေါ်မှာ မဆော့ရအောင် ကောင်းကောင်း ထိန်းကျောင်းဖို့ မိဘတွေကို သတိပေးပါလိမ့်မယ်။ ကလေးတစ်ယောက် ဂျီကျသောင်းကျန်းလာပြီဆိုရင် ပရိသတ်ကို တအားအနှောင့်အယှက် မဖြစ်ရအောင် အပြင် ခေါ်သွားဖို့ မိဘကို ကြင်ကြင်နာနာ၊ ပါးပါးနပ်နပ် ပြောနိုင်တယ်။ ဧည့်ကြိုတွေရဲ့ လုပ်ငန်းဟာ လူတိုင်း အစည်းအဝေးမှာ ပျော်ရွှင်ဖို့ တော်တော် ထောက်ကူပေးတယ်။ အကြီးအကဲတွေ၊ အသင်းတော် အမှုထမ်းတွေကို ဧည့်ကြိုတွေအဖြစ် အသုံးပြုတာ ပိုကောင်းတယ်။—၁ တိ. ၃:၁၂။
နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး
၁၅ ပထမရာစုတုန်းက ခရစ်ယာန်တချို့ဟာ တခြားသူတွေထက် ငွေကြေးတတ်နိုင်ကြတဲ့အတွက် တမန်တော် ပေါလု အခုလိုရေးတယ်– “သာတူညီမျှ ဖြစ်ဖို့ အခုချိန်မှာ ခင်ဗျားတို့ဆီက ပိုလျှံရာတွေနဲ့ သူတစ်ပါးရဲ့ ချို့တဲ့မှုကို ဖြည့်ဆည်းပေးရမယ်။ သူတစ်ပါးရဲ့ ပိုလျှံရာတွေက ခင်ဗျားတို့ရဲ့ ချို့တဲ့မှုကို ဖြည့်ဆည်းပေးလိမ့်မယ်။ အဲဒီအခါ သာတူညီမျှ ဖြစ်သွားလိမ့်မယ်။” (၂ ကော. ၈:၁၄) အဲဒီတုန်းကလိုပဲ ဒီနေ့ခေတ်မှာလည်း “သာတူညီမျှ” ရှိနေတယ်။ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေ လှူဒါန်းတဲ့ အလှူငွေတွေကို နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ဖို့၊ ပြုပြင်မွမ်းမံဖို့ အသုံးပြုနေတယ်။ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းရဲ့ ရက်ရက်ရောရော ကူညီပံ့ပိုးမှုကို အဖွဲ့အစည်းရော အဲဒီအလှူငွေတွေကနေ အကျိုးခံစားနေရတဲ့ အသင်းတော်တွေပါ သိပ်ကျေးဇူးတင်လေးမြတ်ကြတယ်။
၁၆ ဒေသစီမံချက်ပေါ် မူတည်ပြီး ဌာနခွဲရုံးဟာ အသင်းတော်တွေကို သတ်သတ်မှတ်မှတ် နိုင်ငံတော်ခန်းမတွေမှာ တက်ရောက်ဖို့ တာဝန်ချပေးတယ်။ ဌာနခွဲ နယ်မြေအတွင်း ဘယ်အချိန်နဲ့ ဘယ်နေရာမှာ နိုင်ငံတော်ခန်းမသစ်တွေ ဆောက်လုပ်မယ်၊ ရှိပြီးသား ခန်းမတွေကို ပြုပြင်မွမ်းမံမယ် ဆိုတာကိုလည်း ဌာနခွဲရုံးက ဆုံးဖြတ်တယ်။ သဘာဝဘေးတွေ ကျရောက်တဲ့အခါ ပျက်စီးသွားတဲ့ နိုင်ငံတော်ခန်းမတွေ၊ တစ်ခါတလေ ညီအစ်ကိုညီအစ်မတွေရဲ့ အိမ်တွေကို လိုအပ်သလို ပြုပြင်ဖို့ အစီအစဉ်တွေ ပြုလုပ်ပေးတယ်။
၁၇ မြေနေရာ၊ နိုင်ငံတော်ခန်းမ ဒီဇိုင်း၊ ဆောက်လုပ်ခွင့်၊ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးတွေအတွက် ကူညီပေးမယ့် စေတနာ့ဝန်ထမ်းတွေ အသုံးပြုတဲ့ကိစ္စကို ဌာနခွဲရုံးက ညှိနှိုင်းဆောင်ရွက်ပေးတယ်။ ဒေသအများစုမှာ နိုင်ငံတော်ခန်းမတွေ အကြီးအကျယ် လိုအပ်နေတဲ့အတွက် စေတနာ့ဝန်ထမ်းများစွာ လိုအပ်တယ်။ အရည်အချင်း ပြည့်မီပြီး ကူညီပေးချင်ရင် လျှောက်လွှာ ဖြည့်ပြီး ဒေသခံ အသင်းတော် လုပ်ငန်းတော် ကော်မတီကို ပေးဖို့ နှစ်ခြင်းခံပြီးသား ကြေညာသူအားလုံးကို အားပေးပါတယ်။ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူတွေတောင် ကိုယ့်အသင်းတော်ရဲ့ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး ဒါမှမဟုတ် ပြုပြင်မွမ်းမံရေးမှာ ထောက်ကူပေးနိုင်တယ်။
စည်းဝေးပွဲခန်းမများ
၁၈ ပုံမှန်အားဖြင့် အစောပိုင်း ခရစ်ယာန်တွေဟာ အုပ်စုလေးတွေ ခွဲပြီး စုဝေးကြတယ်။ ဒါပေမဲ့ တစ်ခါတလေ “လူအုပ်” လိုက် စုဝေးကြတယ်။ (တ. ၁၁:၂၆) ဒီနေ့ခေတ်မှာလည်း ယေဟောဝါရဲ့ လူမျိုးဟာ တိုက်နယ်အစည်းအဝေးတွေ၊ ခရိုင်အစည်းအဝေးတွေမှာ လူအုပ်လိုက် စည်းဝေးကြတယ်။ ဒီလိုစည်းဝေးဖို့ ဒေသခံ အဆောက်အအုံတွေကို ငှားရမ်းလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလိုအဆောက်အအုံတွေ မသင့်တော်တဲ့ ဒါမှမဟုတ် မရနိုင်တဲ့အခါ စည်းဝေးပွဲခန်းမလို့ ခေါ်တဲ့ ဝတ်ပြုရာနေရာတွေကို ဆောက်လုပ်ဖို့၊ ဝယ်ယူဖို့ လိုအပ်လာနိုင်တယ်။
၁၉ တစ်ခါတလေ အဆောက်အဦတစ်ခုကို ဝယ်ယူ၊ ပြုပြင်မွမ်းမံပြီး စည်းဝေးပွဲခန်းမအဖြစ် အသုံးပြုတယ်။ ဒါပေမဲ့ အများအားဖြင့် မြေနေရာ ရယူပြီး ခန်းမသစ် ဆောက်လုပ်တာ ပိုများတယ်။ စည်းဝေးပွဲခန်းမတွေဟာ ဒေသလိုအပ်ချက်ပေါ် မူတည်ပြီး အရွယ်အစား အမျိုးမျိုး ရှိတယ်။ ဌာနခွဲရုံးဟာ ကုန်ကျစရိတ်ကို အသေအချာ တွက်ချက်ပြီး၊ အသုံးပြုမယ့် အကြိမ်အရေအတွက်ကို ဆုံးဖြတ်ပြီးနောက်မှသာ အဲဒီလိုအဆောက်အအုံကို ဝယ်ယူဖို့၊ ဆောက်လုပ်ဖို့ ဆုံးဖြတ်ချက် ချတယ်။
၂၀ အစည်းအဝေးပွဲခန်းမ လည်ပတ်လုပ်ဆောင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးကို ဂရုစိုက်ကြည့်ရှုပေးဖို့ ညီအစ်ကိုတွေကို ဌာနခွဲရုံးက ခန့်အပ်တယ်။ ပုံမှန် သန့်ရှင်းရေး၊ တစ်နှစ် နှစ်ကြိမ် သန့်ရှင်းရေးနဲ့ ကြိုတင်ပြုပြင်ထိန်းသိမ်းရေးတွေအတွက် တိုက်နယ်တွေအလိုက် အစီအစဉ်တွေ ပြုလုပ်ပေးတယ်။ ဒီလုပ်ငန်းမှာ ညီအစ်ကိုညီအစ်မတွေ စေတနာ့ဝန်ထမ်းရင် ပိုအကျိုးရှိတယ်။ ဒါကြောင့် အသင်းတော်တွေဟာ ဒီအစီအစဉ်တွေကို စိတ်နှလုံး အကြွင်းမဲ့ ထောက်မကူညီဖို့ အားပေးခံရကြတယ်။—ဆာ. ၁၁၀:၃။ မာလ. ၁:၁၀။
၂၁ တစ်ခါတလေ စည်းဝေးပွဲခန်းမကို ကျမ်းစာသင်တန်းတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေအတွက် အထူးအစည်းအဝေးတွေစတဲ့ တခြားဘုရားရေးရာ ကိစ္စတွေအတွက်လည်း အသုံးပြုနိုင်တယ်။ နိုင်ငံတော်ခန်းမလိုပဲ စည်းဝေးပွဲခန်းမဟာလည်း ဆက်ကပ်အပ်နှံထားတဲ့ ဝတ်ပြုရာနေရာ ဖြစ်တယ်။ စည်းဝေးပွဲခန်းမမှာ စည်းဝေးတဲ့အခါ နိုင်ငံတော်ခန်းမမှာလိုပဲ ကျွန်တော်တို့ရဲ့ ဝတ်စားဖြီးလိမ်းပုံနဲ့ အမူအကျင့်ဟာ သိက္ခာရှိသင့်တယ်။
၂၂ ဒီနောက်ဆုံးကာလရဲ့ နောက်ဆုံးအပိုင်းမှာ လူသစ်များစွာဟာ ဘုရားသခင့် အဖွဲ့အစည်းထဲ အလျင်အမြန် ဝင်ရောက်လာနေတယ်။ ဒါဟာ ယေဟောဝါ ကောင်းချီးပေးနေတဲ့ အထောက်အထားပါပဲ။ (ဟေရှာ. ၆၀:၈၊ ၁၀၊ ၁၁၊ ၂၂) ဒါကြောင့် သန့်ရှင်းပြီး သက်သောင့်သက်သာ ရှိတဲ့ ဝတ်ပြုရာ နေရာတွေ ရရှိဖို့၊ ပြုပြင်ထိန်းသိမ်းဖို့ အစီအစဉ်တွေကို ကျွန်တော်တို့ ထောက်မပေးချင်တယ်။ ဒီနည်းအားဖြင့် ဘုရားနေ့ရက် နီးလာတာနဲ့အမျှ အချင်းချင်း ပိုအားပေးနိုင်ဖို့ ထောက်ကူပေးတဲ့ ဒီအဆောက်အဦတွေရဲ့ ကဏ္ဍကို တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြနေကြတယ်။