အခန်း ၇
“မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေး” တဲ့ အစည်းအဝေးများ
ရာစုနှစ်တွေတစ်လျှောက် ယေဟောဝါရဲ့ လူမျိုးဟာ စနစ်တကျ စည်းဝေးလာခဲ့ကြတယ်။ ရှေးခေတ်အစ္စရေးမှာ ယောက်ျားအားလုံးဟာ ပွဲတော်ကြီး သုံးခု ကျင်းပဖို့ ဂျေရုဆလင်မြို့ကို ခရီးနှင်ကြရတယ်။ (တရား. ၁၆:၁၆) ပထမရာစုမှာ ခရစ်ယာန်တွေဟာ အများအားဖြင့် တစ်ယောက်ယောက်ရဲ့ အိမ်မှာ ပုံမှန် စုဝေးကြတယ်။ (ဖိလေ. ၁၊ ၂) ဒီနေ့ခေတ်မှာလည်း ပတ်စဉ် အစည်းအဝေးတွေ၊ တိုက်နယ်အစည်းအဝေးနဲ့ ခရိုင်အစည်းအဝေးတွေမှာ ကျွန်တော်တို့ ပျော်ရွှင်ရတယ်။ ဘုရားသခင့် ကျေးကျွန်တွေ ဘာကြောင့် အတူစည်းဝေးကြတာလဲ။ အဓိက အကြောင်းရင်းကတော့ အစည်းအဝေးတွေဟာ ဝတ်ပြုရေးရဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်လို့ပါပဲ။—ဆာ. ၉၅:၆။ ကော. ၃:၁၆။
၂ အစည်းအဝေးတွေဟာ တက်ရောက်သူတွေကို အကျိုးပြုတယ်။ ရှေးခေတ်တုန်းက အစ္စရေးတွေဟာ နှစ်စဉ် ကျင်းပတဲ့ တဲနေပွဲမှာ ယောက်ျား၊ မိန်းမ၊ ကလေး၊ တိုင်းတစ်ပါးသား အပါအဝင် လူအားလုံး ခုနစ်နှစ်တစ်ကြိမ် စုဝေးကြဖို့ မိန့်မှာခံရတယ်။ ဒါမှ သူတို့အားလုံး ‘နားထောင် နာယူပြီး ယေဟောဝါဘုရားကို ကြောက်ရွံ့တတ်လာမယ်။ ဒီပညတ်ကျမ်းမှာ ပါတဲ့ စကားတွေကို ဂရုတစိုက် လိုက်နာနိုင်မယ်။’ (တရား. ၃၁:၁၂) မှန်ပါတယ်။ အတူစည်းဝေးရတဲ့ အဓိက အကြောင်းရင်းတစ်ခုက “ယေဟောဝါ သွန်သင်ပေးတာကို ခံရ” ဖို့ ဖြစ်တယ်။ (ဟေရှာ. ၅၄:၁၃) အစည်းအဝေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလာဖို့၊ အားပေးမှု ရရှိဖို့၊ အချင်းချင်း ပေါင်းသင်းမှုကနေ ခွန်အား ရရှိဖို့ အခွင့်အရေး ရရှိစေတယ်။
အသင်းတော် အစည်းအဝေးများ
၃ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ နောက်ပိုင်းမှာ အတူစုဝေးတဲ့ တပည့်တွေဟာ “နေ့စဉ်ရက်ဆက် ဗိမာန်တော်မှာ စည်းစည်းလုံးလုံး စုဝေးပြီး” တမန်တော်တွေရဲ့ သွန်သင်ချက်ကို အာရုံစိုက် နားထောင်ခဲ့ကြတယ်။ (တ. ၂:၄၂၊ ၄၆) နောက်ပိုင်း၊ ခရစ်ယာန်တွေဟာ ဝတ်ပြုဖို့ အတူစုဝေးချိန်မှာ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစောင်တွေကို ဖတ်ကြတယ်။ အဲဒီထဲမှာ တမန်တော်တွေနဲ့ တခြားခရစ်ယာန်တပည့်တွေ ရေးသားတဲ့ စာတွေ ပါဝင်တယ်။ (၁ ကော. ၁:၁၊ ၂။ ကော. ၄:၁၆။ ၁ သက်. ၁:၁။ ယာ. ၁:၁) အသင်းတော်လိုက်လည်း ဆုတောင်းကြတယ်။ (တ. ၄:၂၄-၂၉။ ၂၀:၃၆) တစ်ခါတလေ သာသနာပြုလုပ်ငန်းရဲ့ တွေ့ကြုံမှုတွေကို ပြောပြကြတယ်။ (တ. ၁၁:၅-၁၈။ ၁၄:၂၇၊ ၂၈) ကျမ်းစာအယူဝါဒတွေ၊ ပရောဖက်ပြုချက် ပြည့်စုံမှုတွေကို ဆွေးနွေးကြတယ်။ နှစ်သက်လက်ခံစရာ ခရစ်ယာန် အပြုအမူ၊ ဘုရားတရားဆည်းကပ်မှု ကိစ္စတွေနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေ ပေးတယ်။ သတင်းကောင်းကို စိတ်ထက်သန်စွာ ကြွေးကြော်ဖို့ ယောက်တိုင်း အားပေးခံရတယ်။—ရော. ၁၀:၉၊ ၁၀။ ၁ ကော. ၁၁:၂၃-၂၆။ ၁၅:၅၈။ ဧ. ၅:၁-၃၃။
ခက်ခဲတဲ့ ဒီနောက်ဆုံး ကာလ အတွင်း ပုံမှန်စည်းဝေးခြင်းကနေ ရရှိတဲ့ အားပေးမှုကို ကျွန်တော်တို့ လိုအပ်တယ်
၄ ဒီနေ့ခေတ် ခရစ်ယာန် အစည်းအဝေးတွေကိုလည်း တမန်တော်တွေခေတ်မှာ ချမှတ်ခဲ့တဲ့ နည်းလမ်းအတိုင်း ကျင်းပတယ်။ “အချင်းချင်း ထောက်ထားစာနာကြစို့။ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။ အချင်းချင်း အားပေးကြပါ။ ဘုရားသခင်ရဲ့ နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ” ဆိုတဲ့ တိုက်တွန်းချက်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ခက်ခဲတဲ့ ဒီနောက်ဆုံးကာလအတွင်း ပုံမှန် စည်းဝေးခြင်းကနေ ရရှိတဲ့ အားပေးမှုကို ကျွန်တော်တို့ လိုအပ်တယ်။ ဒါမှ ဘုရားရေးရာဘက်မှာ သန်မာအားကောင်းနေပြီး ခရစ်ယာန် သမာဓိကို စောင့်ထိန်းနိုင်ပါလိမ့်မယ်။ (ရော. ၁:၁၁၊ ၁၂) ကျွန်တော်တို့ဟာ ကောက်ကျစ်စဉ်းလဲတဲ့ လူမျိုးဆက်အလယ်မှာ ခရစ်ယာန်တွေအနေနဲ့ အသက်ရှင်နေရတယ်။ ဘုရားတရား မဲ့တာတွေ၊ လောကရဲ့ မကောင်းတဲ့ ဆန္ဒတွေကို ကျွန်တော်တို့ ငြင်းပယ်ကြတယ်။ (ဖိ. ၂:၁၅၊ ၁၆။ တိ. ၂:၁၂-၁၄) အမှန်ပါပဲ။ ယေဟောဝါရဲ့ လူမျိုးကလွဲလို့ တခြားဘယ်နေရာမှာမှ ကျွန်တော်တို့ မပူးပေါင်းချင်ဘူး။ (ဆာ. ၈၄:၁၀) အဲဒီအပြင် ဘုရားသခင့်စကားတော် ကျမ်းစာအကြောင်း လေ့လာဆွေးနွေးတာထက် ဘယ်အရာကများ ပိုအကျိုးရှိနိုင်မှာလဲ။ ကျွန်တော်တို့ရဲ့ အကျိုးအတွက် စီစဉ်ထားတဲ့ အစည်းအဝေး အမျိုးမျိုးအကြောင်း သုံးသပ်ကြည့်ပါ။
သီတင်းပတ်အဆုံးမှာ ကျင်းပတဲ့ အစည်းအဝေး
၅ သီတင်းပတ်အဆုံးမှာ ကျင်းပတဲ့ အစည်းအဝေးရဲ့ ပထမပိုင်းက လူထုဟောပြောချက် ဖြစ်တယ်။ တက်ရောက်သူ ပရိသတ်အားလုံးအတွက် အထူးပြင်ဆင်ထားတဲ့ ဟောပြောချက် ဖြစ်တယ်။ ပရိသတ်ထဲက တချို့ဟာ အစည်းအဝေးကို ဦးဆုံးအကြိမ် ရောက်လာတာ ဖြစ်နိုင်တယ်။ လူထုဟောပြောချက်ဟာ လူသစ်တွေနဲ့ ကြေညာသူတွေရဲ့ ဘုရားရေးရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာမှာ အဓိက ကဏ္ဍကနေ ပါဝင်တယ်။—တ. ၁၈:၄။ ၁၉:၉၊ ၁၀။
၆ ဒီနေ့ခေတ် ယေဟောဝါသက်သေ အသင်းတော်တွေမှာ ဟောပြောတဲ့ လူထုဟောပြောချက်ကို ခရစ်တော်ယေရှု၊ တမန်တော်တွေနဲ့ အပေါင်းပါတွေလည်း ဟောပြောခဲ့ကြတယ်။ ယေရှုဟာ ကမ္ဘာပေါ် အသက်ရှင်ခဲ့သမျှမှာ အတော်ဆုံး လူထုဟောပြောချက်ပေးသူ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ယေရှုနဲ့ပတ်သက်ပြီး “သူဟောသလို ဘယ်သူမှ မဟောဖူးဘူး” လို့ ပြောခဲ့ကြတယ်။ (ယော. ၇:၄၆) ယေရှုဟာ အခွင့်အာဏာနဲ့ ဟောပြောပြီး ပရိသတ်ကို တအံ့တသြ ဖြစ်စေခဲ့တယ်။ (မ. ၇:၂၈၊ ၂၉) ယေရှုရဲ့ စကားကို နှလုံးသွင်းမှတ်သားသူတွေဟာ အကျိုးကျေးဇူးများစွာ ရရှိကြတယ်။ (မ. ၁၃:၁၆၊ ၁၇) ယေရှုရဲ့ ပုံနမူနာကို တမန်တော်တွေ လိုက်လျှောက်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲတုန်းက ပေတရုရဲ့ အားမာန်ပါပါ ဟောပြောချက်ကို တမန်တော် ၂:၁၄-၃၆ မှာ တွေ့ရတယ်။ လူထောင်ပေါင်းများစွာဟာ ကြားတဲ့အတိုင်း ကျင့်သုံးဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ နောက်ပိုင်း၊ အေသင်မြို့မှာလည်း ပေါလုရဲ့ ဟောပြောချက်ကို ကြားနာပြီးနောက် လူတချို့ ယုံကြည်သူတွေ ဖြစ်လာတယ်။—တ. ၁၇:၂၂-၃၄။
၇ ကျွန်တော်တို့ခေတ်မှာလည်း အသင်းတော်တွေမှာ ပတ်စဉ် ကျင်းပတဲ့ လူထုဟောပြောချက်အပြင် တိုက်နယ်အစည်းအဝေးနဲ့ ခရိုင်အစည်းအဝေးတွေမှာ တင်ဆက်တဲ့ လူထုဟောပြောချက်တွေကနေ လူသန်းပေါင်းများစွာ အကျိုးရရှိနေကြတယ်။ အဲဒီဟောပြောချက်တွေက ခရစ်ယာန် သွန်သင်ချက်တွေကို အမှတ်ရစေပြီး နိုင်ငံတော်လုပ်ငန်းမှာ တည်ကြည်စွဲမြဲနေအောင် ကူညီပေးတယ်။ စိတ်ဝင်စားသူတွေနဲ့ တခြားသူတွေကို လူထုဟောပြောချက် နားထောင်ဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို သူတို့ အကျွမ်းတဝင် ရှိလာအောင် များစွာကူညီပေးနိုင်တယ်။
၈ လူထုဟောပြောချက်မှာ တင်ဆက်တဲ့ အကြောင်းအရာတွေက အမျိုးမျိုးပဲ။ ကျမ်းစာအယူဝါဒနဲ့ ပရောဖက်ပြုချက်တွေ၊ အိမ်ထောင်မိသားစုနဲ့ပတ်သက်တဲ့ ကျမ်းစာမူနဲ့ ဆုံးမစကားတွေ၊ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ ခရစ်ယာန် ကိုယ်ကျင့်တရား စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်။ ဟောပြောချက်တချို့က ယေဟောဝါရဲ့ အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာတွေကို အခြေခံတယ်။ တချို့ဟောပြောချက်တွေကတော့ ယုံကြည်ခြင်း၊ သတ္တိနဲ့ သမာဓိ ရှိခြင်းမှာ စံထားလောက်စရာ ကျမ်းစာဇာတ်ကောင်တွေအကြောင်း ဖြစ်ပြီး ဒီနေ့ခေတ်နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာတွေကို အလေးပေး ဖော်ပြတယ်။
၉ လူထုဟောပြောချက်ကနေ အကျိုးအပြည့်အဝ ရရှိဖို့ဆိုရင် ဂရုစိုက် နားထောင်ဖို့၊ ဟောပြောသူ ပြောတဲ့ ကျမ်းချက်တွေကို လိုက်ဖွင့်ဖို့၊ ဖတ်ပြီး ရှင်းပြတဲ့အခါ လိုက်ကြည့်ဖို့ အရေးကြီးတယ်။ (လု. ၈:၁၈) ဒီနည်းအားဖြင့် တင်ဆက်တဲ့ အကြောင်းအရာကို ကောင်းကောင်း နားလည်ပြီး သင်ယူဖို့၊ လက်တွေ့ကျင့်သုံးဖို့ စိတ်ပိုင်းဖြတ်နိုင်ပါလိမ့်မယ်။—၁ သက်. ၅:၂၁။
၁၀ ဟောပြောသူတွေ ရှိမယ်ဆိုရင် အသင်းတော်ဟာ လူထုဟောပြောချက်ကို ပတ်စဉ်ဟောပြောပါလိမ့်မယ်။ အနီးအနား အသင်းတော်တွေကနေလည်း ဟောပြောသူတွေကို မကြာမကြာ ဖိတ်ခေါ်မယ်ဆိုရင် ပတ်စဉ်ကျင်းပဖို့ အကူအညီ ဖြစ်စေနိုင်တယ်။ ဟောပြောသူ မလုံလောက်ရင်တော့ ဖြစ်နိုင်တဲ့အခါတိုင်း လူထုဟောပြောချက်ပေးဖို့ စီစဉ်နိုင်တယ်။
၁၁ သီတင်းပတ်အဆုံးမှာ ကျင်းပတဲ့ အစည်းအဝေးရဲ့ ဒုတိယပိုင်းက ကင်းမျှော်စင် သင်တန်း ဖြစ်တယ်။ ကင်းမျှော်စင် လေ့လာရန်စာစောင်မှာ ပါတဲ့ ဆောင်းပါးတွေကို မေးဖြေဆွေးနွေးကြတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ကို ကင်းမျှော်စင်ကတစ်ဆင့် အချိန်တန် ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးတယ်။
၁၂ လေ့လာရန် ဆောင်းပါးတွေက အများအားဖြင့် ကျမ်းစာမူတွေကို နေ့စဉ်အသက်တာမှာ ဘယ်လို ကျင့်သုံးနိုင်တယ်ဆိုတာ ဖော်ပြလေ့ရှိတယ်။ “လောကစိတ်ဓာတ်” နဲ့ မသန့်ရှင်းတဲ့ အကျင့်တွေကို ရှောင်ဖို့ ခရစ်ယာန်တွေကို ခွန်အားပေးတယ်။ (၁ ကော. ၂:၁၂) ကျမ်းစာအယူဝါဒ၊ ပရောဖက်ပြုချက်တွေနဲ့ပတ်သက်ပြီး ပိုရှင်းလင်းလာတဲ့ နားလည်မှုအသစ်တွေကို ကင်းမျှော်စင်ကတစ်ဆင့် ရရှိတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့အားလုံး အမှန်တရားနဲ့အညီ ရင်ပေါင်တန်းနိုင်ပြီး ဖြောင့်မတ်သူတွေရဲ့ လမ်းပေါ် ဆက်လျှောက်နိုင်ကြတယ်။ (ဆာ. ၉၇:၁၁။ ပညာ. ၄:၁၈) ကင်းမျှော်စင် သင်တန်းကို တက်ရောက်ပြီး ပါဝင်ခြင်းက ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ကမ္ဘာသစ် မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေဖို့ ကူညီပေးနိုင်တယ်။ (ရော. ၁၂:၁၂။ ၂ ပေ. ၃:၁၃) ခရစ်ယာန်ပေါင်းသင်းမှုက စွမ်းအားတော် အရည်အသွေးတွေကို မွေးမြူဖို့၊ ယေဟောဝါကို ထက်သန်စွာ အမှုဆောင်လိုစိတ် တိုးများလာဖို့ ကူညီပေးတယ်။ (ဂလ. ၅:၂၂၊ ၂၃) စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့၊ “အနာဂတ်အတွက် အုတ်မြစ်ကောင်း” တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ ခွန်အားရရှိကြတယ်။ ဒီနည်းအားဖြင့် “စစ်မှန်တဲ့ အသက် ရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ အမြဲ ရှင်သန်နေလိမ့်မယ်။”—၁ တိ. ၆:၁၉။ ၁ ပေ. ၁:၆၊ ၇။
၁၃ ပုံဆောင်အစာ ကျွေးမွေးတဲ့ ဒီပြင်ဆင်ပေးမှုကနေ ကျွန်တော်တို့ ဘယ်လို အကျိုးအပြည့်အဝ ရရှိနိုင်သလဲ။ တစ်ယောက်ချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ သင်ခန်းစာကို ကြိုတင်ပြင်ဆင်ပါ။ ညွှန်းထားတဲ့ ကျမ်းချက်တွေကို ဖွင့်ဖတ်ပါ။ သင်တန်းမှာ ကိုယ်ပိုင်စကားနဲ့ အဖြေပေးပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့နှလုံးထဲ အမှန်တရား စိမ့်ဝင်လာမယ့်အပြင် ကိုယ်ပြောလိုက်တဲ့ ယုံကြည်ခြင်းအကြောင်း ကြားရတဲ့ တခြားသူတွေလည်း အကျိုးရရှိပါလိမ့်မယ်။ တခြားသူတွေ အဖြေပေးတဲ့အခါ အသေအချာ နားထောင်ခြင်းအားဖြင့် သင်ခန်းစာကနေ ပတ်စဉ် အကျိုးရရှိပါလိမ့်မယ်။
ကြားရက်အစည်းအဝေး
၁၄ ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်လုပ်ငန်းဆိုတဲ့ အစီအစဉ်အတွက် နိုင်ငံတော်ခန်းမမှာ ကျွန်တော်တို့ ပတ်စဉ် စည်းဝေးကြတယ်။ အပိုင်းသုံးပိုင်း ပါတဲ့ ဒီအစည်းအဝေးဟာ ဘုရားသခင့် အမှုဆောင်တွေအဖြစ် “အရည်အချင်း ပြည့်မီ” စေဖို့ ကူညီပေးတယ်။ (၂ ကော. ၃:၅၊ ၆) အစီအစဉ်နဲ့ အကြောင်းအရာကို လစဉ်ထုတ် ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်မှာ ဖော်ပြပါလိမ့်မယ်။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာ အမှုဆောင်လုပ်ငန်းအတွက် နမူနာ တင်ဆက်နည်းတွေကိုလည်း ဖော်ပြထားတယ်။
၁၅ ဒီအစည်းအဝေးရဲ့ ပထမပိုင်းဟာ ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဖြစ်တယ်။ ဒီအပိုင်းဟာ ကျမ်းစာမှတ်တမ်းတွေရဲ့ နောက်ခံနဲ့ ရှေ့နောက်အကြောင်းအရာတွေကို နားလည်ဖို့၊ လက်တွေ့ ကျင့်သုံးနိုင်ပုံကို သိရှိဖို့ ကူညီပေးပါလိမ့်မယ်။ ဒီအပိုင်းမှာ ဟောပြောချက်တစ်ခု၊ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်းကို အခြေခံထားတဲ့ ဆွေးနွေးခန်းတစ်ခုနဲ့ ကျမ်းစာဖတ်ရှုခြင်းတို့ ပါဝင်တယ်။ အဲဒီမှတ်တမ်းတွေကို သင်ကြားပေးရာမှာ ကူညီပေးတဲ့ ရုပ်မြင်သင်ထောက်ကူပစ္စည်းနဲ့ လေ့ကျင့်ခန်း စာရွက်တွေလည်း အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာ ပါဝင်တယ်။ ကျမ်းစာကို အဲဒီလို နက်နက်နဲနဲ လေ့လာတာက ကိုယ့်ရဲ့ ဘဝအသက်တာနဲ့ သွန်သင်ခြင်းလုပ်ငန်းမှာ အထောက်အကူပြုတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့ဟာ “မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်ဝလာပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေ” နိုင်ပါလိမ့်မယ်။—၂ တိ. ၃:၁၆၊ ၁၇။
၁၆ အစည်းအဝေးရဲ့ ဒုတိယပိုင်းကတော့ အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါဖြစ်တယ်။ ဒီအပိုင်းက အမှုဆောင်လုပ်ငန်းအတွက် ကျွန်တော်တို့ကို လေ့ကျင့်ပေးဖို့၊ ဟောပြောသွန်သင်ခြင်းစွမ်းရည် တိုးတက်လာစေဖို့ ရည်ရွယ်တယ်။ ကျောင်းသားတာဝန်တွေအပြင် နမူနာ တင်ဆက်နည်း ဗီဒီယိုတွေကို ဆွေးနွေးတယ်။ အစည်းအဝေးရဲ့ ဒီအပိုင်းက “ပင်ပန်းနေသူကို စကားပြောဆိုတတ်ဖို့” “သင်ပေးတယ်။”—ဟေရှာ. ၅၀:၄။
၁၇ ခရစ်ယာန် အသက်တာလမ်းစဉ် ဆိုတဲ့ တတိယပိုင်းကတော့ နေ့စဉ်အသက်တာမှာ ကျမ်းစာမူတွေကို လက်တွေ့ ကျင့်သုံးနိုင်ပုံအကြောင်း ဆွေးနွေးတယ်။ (ဆာ. ၁၁၉:၁၀၅) ဒီအပိုင်းရဲ့ အဓိက ကဏ္ဍကတော့ အသင်းတော် ကျမ်းစာလေ့လာမှု ဖြစ်တယ်။ အသင်းတော် ကျမ်းစာလေ့လာမှုဟာ ကင်းမျှော်စင် သင်တန်းလိုပဲ မေးဖြေဆွေးနွေးခန်း ဖြစ်တယ်။
၁၈ လတိုင်း၊ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် အသစ် ရရှိတဲ့အခါ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးဖြစ်စေ၊ လက်ထောက် အကြီးအကဲဖြစ်စေ စာစောင်ကို အသေအချာ ဖတ်ရှုလေ့လာပြီး ဇယားဆွဲတယ်။ အပတ်တိုင်း အရည်အချင်း ပြည့်မီစွာ သွန်သင်နိုင်ပြီး အကြီးအကဲအဖွဲ့ရဲ့ ထောက်ခံမှု ရရှိထားတဲ့ အကြီးအကဲ တစ်ယောက်က အစည်းအဝေး သဘာပတိအဖြစ် လုပ်ဆောင်ပါလိမ့်မယ်။ သဘာပတိရဲ့ တာဝန်ထဲမှာ အစည်းအဝေးကို သတ်မှတ်ထားချိန်မှာ အချိန်ကိုက် စတင်ပြီး အဆုံးသတ်နိုင်အောင် ကြီးကြပ်ပေးတာ ပါဝင်တယ်။ ကျောင်းသားတာဝန် ရရှိထားသူတွေကို ချီးမွမ်းပေးတာ၊ သွန်သင်ချက် ပေးတာလည်း ပါဝင်တယ်။
၁၉ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးအတွက် ပုံမှန် ကြိုတင်ပြင်ဆင်ပြီး တက်ရောက်၊ ပါဝင်တဲ့အခါ ကျမ်းစာအသိပညာ တိုးများလာမယ်၊ ကျမ်းစာမူတွေကို ပိုနားလည်လာမယ်၊ သတင်းကောင်းဟောဖို့ ယုံကြည်စိတ်ချမှု ရှိလာမယ်၊ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ စွမ်းရည် တိုးတက်လာမယ်။ နှစ်ခြင်း မခံရသေးတဲ့ သက်သေခံတွေလည်း အချင်းချင်း ပေါင်းသင်းမှုနဲ့ တည်ဆောက်မှု ဖြစ်စေတဲ့ ဆွေးနွေးတင်ဆက်မှုတွေကနေ အကျိုးခံစားရပါလိမ့်မယ်။ ဒီအစည်းအဝေးနဲ့ တခြားအစည်းအဝေးတွေအတွက် ပြင်ဆင်တဲ့အခါ ကင်းမျှော်စင် စာကြည့်တိုက်၊ JW စာကြည့်တိုက်®၊ (သင့်ဘာသာစကားနဲ့ ရရှိနိုင်ရင်) ကင်းမျှော်စင် အွန်လိုင်းစာကြည့်တိုက်™ နဲ့ နိုင်ငံတော်ခန်းမမှာ ရှိတဲ့ စာကြည့်တိုက်ကို အသုံးပြုနိုင်တယ်။ နိုင်ငံတော်ခန်းမ စာကြည့်တိုက်မှာ ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ ရရှိနိုင်တဲ့စာပေတွေ၊ ကင်းမျှော်စင်စာပေများ အညွှန်း၊ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန်၊ ဘာသာပြန်ကျမ်းစာတွေ၊ အဘိဓာန်နဲ့ တခြားရည်ညွှန်းစာအုပ်တွေ ထားရှိတယ်။ အစည်းအဝေး မတိုင်ခင် ဒါမှမဟုတ် ပြီးနောက်မှာ ဒီစာကြည့်တိုက်ကို ဘယ်သူမဆို အသုံးပြုနိုင်တယ်။
လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှု
၂၀ ကြားရက်နဲ့ စနေ၊ တနင်္ဂနွေနေ့တွေအတွင်း အချိန်အမျိုးမျိုးမှာ ကြေညာသူအုပ်စုတွေဟာ လယ်ကွင်းလုပ်ငန်း စုဆုံမှုအတွက် ခဏတစ်ဖြုတ် စည်းဝေးကြတယ်။ အဲဒီစုဆုံမှုတွေကို အများအားဖြင့် အိမ်တွေ၊ တခြား အဆင်ပြေတဲ့ နေရာတွေမှာ ကျင်းပတယ်။ နိုင်ငံတော် ခန်းမတွေကိုလည်း အသုံးပြုနိုင်တယ်။ ရပ်ကွက်ထဲက နေရာအတော်များများမှာ အုပ်စုလေးတွေ ခွဲပြီး စုဆုံခြင်းအားဖြင့် လယ်ကွင်းစုဆုံမှုနဲ့ ရပ်ကွက်ကို သွားဖို့ ကြေညာသူတွေအတွက် ပိုလွယ်ကူသွားတယ်။ ကြေညာသူတွေကို အမြန် စီစဉ်ပေးပြီးနောက် ရပ်ကွက်ကို သူတို့ ချက်ချင်း သွားနိုင်တယ်။ အုပ်စုကြီးကြပ်မှူးလည်း ကိုယ့်အုပ်စုမှာ ရှိသူတွေကို အနီးကပ် ကြည့်ရှုနိုင်တယ်။ အုပ်စုတွေ သီးသန့်ခွဲပြီး စုဆုံတာ အကျိုးရှိပေမဲ့ အခြေအနေအရ အုပ်စုအတော်များများ အတူစုဆုံဖို့လည်း စီစဉ်နိုင်တယ်။ ဥပမာ၊ ကြားရက်တွေမှာ ကြေညာသူနည်းနည်းပဲ အမှုဆောင် သွားတယ်ဆိုရင် အုပ်စုတွေကို ပေါင်းလိုက်တာ ဒါမှမဟုတ် နိုင်ငံတော် ခန်းမမှာဖြစ်စေ၊ သင့်တော်တဲ့ တခြားနေရာမှာဖြစ်စေ အားလုံး အတူစုဆုံတာက အကျိုးရှိနိုင်တယ်။ ဒီနည်းအားဖြင့် ကြေညာသူတွေမှာ အတူတွဲအမှုဆောင်ဖို့ အဖော် ရရှိမှာ ဖြစ်တယ်။ ရုံးပိတ်ရက်တွေမှာလည်း နိုင်ငံတော်ခန်းမမှာ လယ်ကွင်းစုဆုံမှု ပြုလုပ်တာ ပိုအဆင်ပြေနိုင်တယ်။ ဒါမှမဟုတ် ကင်းမျှော်စင် သင်တန်းပြီးနောက် လယ်ကွင်းစုဆုံမှုကို ပေါင်းလုပ်ဖို့လည်း ရွေးချယ်နိုင်တယ်။
၂၁ အုပ်စုတွေ သီးသန့်ခွဲပြီး စုဆုံတဲ့အခါ အုပ်စုကြီးကြပ်မှူးက လယ်ကွင်းစုဆုံမှုကို ကိုင်တွယ်တယ်။ အုပ်စုကြီးကြပ်မှူးက မိမိရဲ့ လက်ထောက် ဒါမှမဟုတ် အရည်အချင်းရှိ တခြားညီအစ်ကို တစ်ယောက်ကိုလည်း လယ်ကွင်းစုဆုံမှုကို ကိုင်ဖို့ မကြာမကြာ တာဝန်ပေးနိုင်တယ်။ ကိုင်တွယ်သူဟာ အမှုဆောင်လုပ်ငန်းအတွက် လက်တွေ့ကျမယ့်၊ အကူအညီ ဖြစ်စေမယ့် အချက်တစ်ခုခုကို ဆွေးနွေးဖို့ ကြိုတင်ပြင်ဆင်လာသင့်တယ်။ လယ်ကွင်းလုပ်ငန်းအတွက် အစီအစဉ်တွေ ပြုလုပ်ပြီးနောက် အုပ်စုထဲက တစ်ယောက်ယောက် ဆုတောင်းတယ်။ အဲဒီနောက် ရပ်ကွက်ကို ချက်ချင်း သွားသင့်တယ်။ အဲဒီလို စုဆုံမှုတွေဟာ ငါးမိနစ်ကနေ ခုနစ်မိနစ်အထိ ကြာနိုင်ပေမဲ့ အသင်းတော် အစည်းအဝေးပြီးနောက် လုပ်တယ်ဆိုရင် အဲဒီထက် ပိုတိုသင့်တယ်။ ဟောပြောခြင်းလုပ်ငန်း သွားမယ့်သူတွေကို အားပေးမှုနဲ့ လက်တွေ့ကျ လမ်းညွှန်မှု ပေးသင့်တယ်။ အကူအညီ လိုအပ်နိုင်တဲ့ လူသစ်တွေ ဒါမှမဟုတ် တခြားသူတွေဟာ လေ့ကျင့်မှု ရရှိဖို့အတွက် အတွေ့အကြုံရှိ ကြေညာသူတွေနဲ့အတူ တွဲအမှုဆောင်နိုင်တယ်။
အသင်းတော်သစ် ဒါမှမဟုတ် အသင်းတော်ငယ်လေးတွေအတွက် အစည်းအဝေး အစီအစဉ်များ
၂၂ တပည့်တွေ တိုးများလာတာနဲ့အမျှ အသင်းတော် အရေအတွက်လည်း တိုးလာတယ်။ အများအားဖြင့် အသင်းတော်သစ်အတွက် လျှောက်လွှာကို တိုက်နယ်ကြီးကြပ်မှူးက အဆိုပြု တင်သွင်းလေ့ရှိတယ်။ ဒါပေမဲ့ တချို့ကိစ္စမှာတော့ အုပ်စုငယ်လေးတွေဟာ အနီးဆုံး အသင်းတော်နဲ့ ပူးပေါင်းတာ ပိုအကျိုးရှိနိုင်တယ်။
၂၃ တစ်ခါတလေ အသင်းတော်ငယ်လေးတွေမှာ ညီအစ်မတွေချည်းပဲ ဖြစ်နေနိုင်တယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် အသင်းတော်မှာ ဆုတောင်းတဲ့ ဒါမှမဟုတ် အစည်းအဝေးတွေကို ဦးဆောင်ပေးတဲ့ ညီအစ်မက ကျမ်းစာအစီအစဉ်နဲ့အညီ ခေါင်းဖုံးရမယ်။ (၁ ကော. ၁၁:၃-၁၆) အများအားဖြင့် သူက အုပ်စုနဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး ဦးဆောင် ကျင်းပတယ်။ ညီအစ်မတွေဟာ အစည်းအဝေးတွေမှာ စင်မြင့်ပေါ် ရပ်ပြီး ဟောပြောချက် ပေးတာမျိုး မလုပ်ကြဘူး။ အဲဒီအစား အဖွဲ့အစည်း ပြင်ဆင်ပေးတဲ့ အကြောင်းအရာကို ဖတ်ပြီး မှတ်ချက်ပေးတာ ဒါမှမဟုတ် ဆွေးနွေးခန်းသဘော၊ သရုပ်ပြသဘော တင်ဆက်တာမျိုး လုပ်ကြတယ်။ ဌာနခွဲရုံးနဲ့ စာအဆက်အသွယ် လုပ်ဖို့၊ အစည်းအဝေးတွေ ကျင်းပပေးဖို့ ညီအစ်မတစ်ယောက်ကို ဌာနခွဲရုံးက ခန့်အပ်ပါလိမ့်မယ်။ အချိန်တန်လို့ အရည်အချင်းရှိ ညီအစ်ကိုတွေ ရှိလာတဲ့အခါ အဲဒီတာဝန်တွေကို ညီအစ်ကိုတွေ ထမ်းဆောင်ပါလိမ့်မယ်။
တိုက်နယ် အစည်းအဝေးများ
၂၄ တိုက်နယ်တစ်ခုတည်းမှာ ရှိတဲ့ အသင်းတော်တွေအတွက် တစ်နှစ်ကို တစ်ရက်ကြာ တိုက်နယ်အစည်းအဝေး နှစ်ကြိမ် ကျင်းပဖို့ စီစဉ်ပေးတယ်။ ပျော်ရွှင်စရာ ဒီအချိန်အခါတွေမှာ တက်ရောက်သူအားလုံးဟာ “နှလုံးသားကို ကျယ်ကျယ် ဖွင့်” ပြီး ခရစ်ယာန် ပေါင်းသင်းမှု ပြုဖို့ အခွင့်အရေး ရရှိကြတယ်။ (၂ ကော. ၆:၁၁-၁၃၊ အောက်ခြေမှတ်ချက်) ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ကျမ်းစာကို အခြေခံတဲ့ အဓိက အကြောင်းအရာနဲ့ အစီအစဉ်ပိုင်း အမျိုးမျိုးကို သတ်သတ်မှတ်မှတ် လိုအပ်ချက်နဲ့အညီ ပြင်ဆင်ပေးတယ်။ အဲဒီအကြောင်းအရာကို ဟောပြောချက်၊ သရုပ်ပြခန်း၊ ပြန်လည်သရုပ်ပြခန်း၊ တစ်ကိုယ်တည်း စကားပြောခန်းနဲ့ လူတွေ့မေးမြန်းခန်းတွေကတစ်ဆင့် တင်ဆက်တယ်။ အဲဒီလို အချိန်တန် ညွှန်ကြားချက်က တက်ရောက်သူအားလုံးကို အားရှိစေတယ်။ ဒီတိုက်နယ်အစည်းအဝေးတွေမှာ တပည့်သစ်တွေဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံဖို့ အခွင့်အရေး ရရှိကြတယ်။
ခရိုင်အစည်းအဝေးများ
၂၅ တစ်နှစ်တစ်ခါ ခရိုင်အစည်းအဝေးတွေကို ကျင်းပတယ်။ အများအားဖြင့် တိုက်နယ်အတော်များများမှာ ရှိတဲ့ အသင်းတော်တွေကို စုပေါင်းထားတဲ့ အဲဒီအစည်းအဝေးတွေဟာ သုံးရက်ကြာ ခရိုင်အစည်းအဝေး ဖြစ်လေ့ရှိတယ်။ ပိုသေးငယ်တဲ့ ဌာနခွဲတွေအတွက်တော့ ဌာနခွဲနယ်မြေမှာ ရှိတဲ့ အသင်းတော်အားလုံးကို စုပေါင်းပြီး တစ်နေရာတည်းမှာပဲ ကျင်းပတာ ပိုလက်တွေ့ကျနိုင်တယ်။ အခြေအနေပေါ် မူတည်ပြီး ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်ပေါ် မူတည်ပြီး ခရိုင်အစည်းအဝေး အစီအစဉ်တွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကွဲပြားနိုင်တယ်။ နိုင်ငံတချို့မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးတွေ၊ အထူးအစည်းအဝေးကြီးတွေကို မကြာမကြာ ကျင်းပတယ်။ နိုင်ငံအတော်များများက သက်သေခံ ထောင်ပေါင်းများစွာ လာတက်ရောက်နိုင်တယ်။ နှစ်တွေတစ်လျှောက် ယေဟောဝါသက်သေတွေ ကျင်းပတဲ့ အဲဒီလိုအစည်းအဝေးကြီးတွေရဲ့ သတင်းကျော်ကြားမှုကြောင့် သတင်းကောင်းကို ကြားသိခဲ့သူများစွာ ရှိတယ်။
၂၆ ယေဟောဝါဆီ ဆက်ကပ်ထားတဲ့ လူမျိုးအတွက် အစည်းအဝေးကြီးတွေဟာ စည်းလုံးတဲ့ ဝတ်ပြုရေးရဲ့ ပျော်ရွှင်စရာ အချိန်အခါတွေ ဖြစ်တယ်။ ပိုရှင်းလင်းလာတဲ့ နားလည်မှုအသစ်တွေကို အဲဒီအစည်းအဝေးကြီးတွေမှာ ဖော်ပြလေ့ရှိတယ်။ တချို့အစည်းအဝေးကြီးတွေမှာ ကိုယ်ပိုင်အတွက်၊ အသင်းတော် လေ့လာမှုအတွက်၊ အမှုဆောင်လုပ်ငန်းအတွက် အသုံးပြုဖို့ စာပေသစ်တွေကို ထုတ်ဝေတယ်။ အစည်းအဝေးကြီးတွေမှာ နှစ်ခြင်းအစီအစဉ်လည်း ရှိတယ်။ ဘုရားရေးရာ ကြီးထွားမှုကို တိုးမြှင့်ပေးရာမှာ အစည်းအဝေးကြီးတွေရဲ့ ကဏ္ဍက အရေးပါတယ်။ ယေဟောဝါရဲ့ လူမျိုးဟာ တကယ်ပဲ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်း ဖြစ်တယ်ဆိုတဲ့ အထောက်အထားကို အစည်းအဝေးကြီးတွေက ထင်ရှားဖော်ပြတယ်။ အဲဒီညီအစ်ကို အသင်းအပင်းကို ယေရှုခရစ်ရဲ့ တပည့်တွေ ဖြစ်တယ်ဆိုတဲ့ အမှတ်လက္ခဏာရှိတဲ့ ဆက်ကပ်အပ်နှံ ခရစ်ယာန်တွေနဲ့ ဖွဲ့စည်းထားတယ်။—ယော. ၁၃:၃၅။
၂၇ ယေဟောဝါလူမျိုးရဲ့ ဒေသခံ အသင်းတော် အစည်းအဝေး၊ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေကို တက်ရောက်ခြင်းအားဖြင့် ယေဟောဝါရဲ့ အလိုတော် ထမ်းဆောင်ဖို့ ကျွန်တော်တို့ ခွန်အားရရှိကြတယ်။ ခရစ်ယာန် ယုံကြည်ခြင်းကို လှိုက်စားပစ်နိုင်တဲ့ လောကသြဇာလွှမ်းမိုးမှုတွေကနေလည်း ကာကွယ်ခံရကြတယ်။ ဒီအစည်းအဝေးအားလုံးက ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတယ်။ (ဆာ. ၃၅:၁၈။ ပညာ. ၁၄:၂၈) ဒီနောက်ဆုံးကာလမှာ ဆက်ကပ်အပ်နှံလူမျိုးကို ဘုရားရေးရာဘက်မှာ လန်းဆန်းစေတဲ့ အဲဒီလိုအချိန်အခါတွေ ပြင်ဆင်ပေးလို့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။
သခင့်ညစာစားပွဲ
၂၈ တစ်နှစ်တစ်ခါ၊ ယေရှုခရစ် သေဆုံးတဲ့ နှစ်ပတ်လည်နေ့မှာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေ အသင်းတော်တွေဟာ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ပွဲ ဒါမှမဟုတ် သခင့်ညစာစားပွဲကို ကျင်းပကြတယ်။ (၁ ကော. ၁၁:၂၀၊ ၂၃၊ ၂၄) တစ်နှစ်လုံးမှာ ဒီပွဲဟာ ယေဟောဝါရဲ့ လူမျိုးအတွက် အရေးကြီးဆုံးပွဲ ဖြစ်တယ်။ အောက်မေ့ရာပွဲကို ကျင်းပဖို့ ကျွန်တော်တို့ အထူး မိန့်မှာခံထားရတယ်။—လု. ၂၂:၁၉။
၂၉ အောက်မေ့ရာပွဲ နေ့စွဲဟာ ကျမ်းစာမှာ ဖော်ပြထားတဲ့ ပသခါပွဲ နေ့စွဲနဲ့ တစ်ထပ်တည်း ကျတယ်။ (ထွ. ၁၂:၂၊ ၆။ မ. ၂၆:၁၇၊ ၂၀၊ ၂၆) ပသခါပွဲဟာ ဘီစီ ၁၅၁၃ မှာ အီဂျစ်ပြည်ကနေ အစ္စရေးတွေ လွတ်မြောက်လာတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ် ကျင်းပတဲ့ပွဲ ဖြစ်တယ်။ အဲဒီတုန်းက ပသခါ သိုးသငယ်ကို စားပြီး အီဂျစ်ပြည် ကျွန်ဘဝကနေ ထွက်ရမယ့် ရက်အဖြစ် ပထမလရဲ့ ၁၄ ရက်နေ့ကို ယေဟောဝါ သတ်မှတ်ပေးခဲ့တယ်။ (ထွ. ၁၂:၁-၅၁) နွေဦးရာသီရဲ့ နေ့တာနဲ့ ညတာ အတူညီဆုံးနေ့မှာ ဂျေရုဆလင်ကနေ ဆန်းစလ ပေါ်ထွက်တဲ့နေ့ကစပြီး နောက်ထပ် ၁၃ ရက်ကို ရေတွက်ခြင်းအားဖြင့် အဲဒီနေ့ကို ရရှိတယ်။ အများအားဖြင့် အောက်မေ့ရာပွဲဟာ နွေဦးရာသီရဲ့ နေ့တာနဲ့ ညတာ အတူညီဆုံးနေ့အပြီး ပထမဆုံး လပြည့်နေ့မှာ ကျရောက်တယ်။
၃၀ မဿဲ ၂၆:၂၆-၂၈ မှာ အောက်မေ့ရာပွဲ ကျင်းပပုံနဲ့ပတ်သက်ပြီး ယေရှု ကိုယ်တိုင် ပြောခဲ့တဲ့ စကားတွေကို ဖော်ပြထားတယ်။ ဒီပွဲဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရိုးရာပွဲ မဟုတ်ဘဲ ကောင်းကင်နိုင်ငံမှာ ယေရှုခရစ်နဲ့အတူ တွဲဖက်အမွေခံဖို့ ဖိတ်ခေါ်ခံရသူတွေ ပါဝင်စားသောက်တဲ့ ပုံဆောင် စားသောက်ပွဲတစ်ခု ဖြစ်တယ်။ (လု. ၂၂:၂၈-၃၀) ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်တွေနဲ့ စိတ်ဝင်စားသူအားလုံးဟာ သခင့်ညစာစားပွဲကို ပရိသတ်အနေနဲ့ တက်ရောက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဒီပွဲကို တက်ရောက်ခြင်းအားဖြင့် သားတော် ယေရှုခရစ်ကတစ်ဆင့် လူသားအားလုံး အကျိုးရရှိအောင် ယေဟောဝါဘုရား ပြင်ဆင်ပေးတာကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်တယ်။ အောက်မေ့ရာပွဲအတွက် စိတ်ထက်သန်နေအောင်၊ ကျမ်းစာလေ့လာမှုကို ပိုစိတ်ဝင်စားလာအောင် ကူညီပေးတဲ့ အထူး လူထုဟောပြောချက်ကို အောက်မေ့ရာပွဲ မတိုင်ခင်မှာ ကျင်းပတယ်။
၃၁ ယေဟောဝါသက်သေတွေဟာ အစည်းအဝေးတွေမှာ အတူစုဝေးရမယ့် အချိန်အခါတွေကို ပျော်ရွှင်စွာ မျှော်လင့်စောင့်စားကြတယ်။ အဲဒီမှာ “မေတ္တာစိတ် ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာ” ကြတယ်။ (ဟီ. ၁၀:၂၄) သစ္စာနဲ့ သတိပညာရှိကျွန်ဟာ ကျွန်တော်တို့ရဲ့ ဘုရားရေးရာ လိုအပ်ချက်နဲ့အညီ အဲဒီလို အစည်းအဝေးတွေကို နိုးနိုးကြားကြား ပြင်ဆင်ပေးတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေနဲ့ စိတ်ဝင်စားသူအားလုံးဟာ အတူတကွ ပုံမှန် စည်းဝေးတဲ့ အစီအစဉ်တွေကနေ အကျိုးအပြည့်အဝ ရယူဖို့ တိုက်တွန်းခံရတယ်။ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးတာတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြခြင်းအားဖြင့် ဘုရားသခင့် ကျေးကျွန်တွေဟာ တစည်းတလုံးတည်း ရှိနေကြတယ်။ ပိုအရေးကြီးတာကတော့ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနေကြတယ်။—ဆာ. ၁၁၁:၁။