အခန်း ၅
သိုးတော်စုကို ထိန်းကျောင်းတဲ့ ကြီးကြပ်မှူးများ
မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ယေရှုဟာ “သိုးထိန်းကောင်း” ဖြစ်ကြောင်း သက်သေထူခဲ့တယ်။ (ယော. ၁၀:၁၁) မိမိနောက်ကို ထက်သန်စွာ လိုက်လာတဲ့ လူအုပ်ကို မြင်တဲ့အခါ “အရေခွံဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေလို့ သူတို့ကို . . . ယေရှု သနားတယ်။” (မ. ၉:၃၆) ယေရှုရဲ့ မေတ္တာပါ စိုးရိမ်မှုကို ပေတရုနဲ့ တခြားတမန်တော်တွေ သတိပြုမိတယ်။ အစ္စရေးရဲ့ သိုးထိန်းအတုအယောင်တွေနဲ့တော့ ဆီနဲ့ ရေလိုပဲ။ သူတို့က သိုးတွေကို မျက်နှာလွှဲ ခဲပစ်လုပ်ထားလို့ သိုးတွေခမျာ တကွဲတပြား ဖြစ်ပြီး ဘုရားရေးရာဘက်မှာ ငတ်ပြတ်နေကြတယ်။ (ယေဇ. ၃၄:၇၊ ၈) ကိုယ့်အသက်ကို ပေးဆက်တဲ့အထိ သိုးတွေကို ထိန်းကျောင်းသွန်သင်တဲ့ ယေရှုရဲ့ စံနမူနာကောင်းက “သိုးထိန်း” ဖြစ်တဲ့ ယေဟောဝါဆီ ယုံကြည်ခြင်းရှိသူတွေ ပြန်လာဖို့ ဘယ်လို ကူညီပေးရမယ်ဆိုတာ တမန်တော်တွေကို သိနားလည်စေတယ်။—၁ ပေ. ၂:၂၅။
၂ တစ်ခါမှာ ပေတရုကို စကားပြောရင်း သိုးတွေကို ထိန်းကျောင်းကျွေးမွေးဖို့ အရေးကြီးတယ်ဆိုတာ ယေရှု အလေးပေးပြောခဲ့တယ်။ (ယော. ၂၁:၁၅-၁၇) ပေတရု လုံးဝ စွဲမှတ်သွားပြီး နောက်ပိုင်းမှာ အစောပိုင်း ခရစ်ယာန်အသင်းတော် အကြီးအကဲတွေကို ဒီလိုတိုက်တွန်းခဲ့တယ်– “ခင်ဗျားတို့ဆီ ပေးအပ်ထားတဲ့ ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ။ ကြီးကြပ်သူတွေအဖြစ် အမှုဆောင်ကြပါ။ တာဝန်အရ လုပ်တာမျိုး မဟုတ်ဘဲ ဘုရားသခင်ရှေ့မှာ စိတ်ပါလက်ပါ လုပ်ဆောင်ကြပါ၊ မသမာတဲ့နည်းနဲ့ အမြတ်ထုတ်ချင်လို့ မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်ကြပါ။ ဘုရားသခင် ပိုင်ဆိုင်တဲ့ လူတွေကို ပိုင်စိုးပိုင်နင်း မလုပ်ဘဲ သိုးတော်စုရှေ့မှာ စံနမူနာပြကြပါ။” (၁ ပေ. ၅:၁-၃) ပေတရုရဲ့ စကားဟာ ဒီနေ့ခေတ် အသင်းတော် ကြီးကြပ်မှူးတွေနဲ့လည်း သက်ဆိုင်တယ်။ ယေရှုကို တုပတဲ့အနေနဲ့ အကြီးအကဲတွေဟာ သိုးတော်စုရှေ့မှာ ပုံသက်သေကောင်းသူတွေအနေနဲ့ လိုလိုလားလား၊ ထက်ထက်သန်သန် အမှုဆောင်ပြီး ယေဟောဝါရဲ့ အမှုတော်မှာ ဦးဆောင်နေကြတယ်။—ဟီ. ၁၃:၇။
ယေရှုကို တုပတဲ့အနေနဲ့ အကြီးအကဲတွေဟာ သိုးတော်စုရှေ့မှာ ပုံသက်သေကောင်းသူတွေအနေနဲ့ လိုလိုလားလား၊ ထက်ထက်သန်သန် အမှုဆောင်ပြီး ယေဟောဝါရဲ့ အမှုတော်မှာ ဦးဆောင်နေကြတယ်
၃ အသင်းတော်မှာ စွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့ ကြီးကြပ်မှူးတွေကို ကျေးဇူးတင်စရာပါပဲ။ သူတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတွေ သိပ်များတယ်။ ဥပမာ၊ ကြီးကြပ်မှူးတွေဟာ အသင်းတော်မှာ ရှိတဲ့သူတိုင်းကို အားပေးပြီး တစ်ဦးစီကို ဂရုစိုက်တယ်။ အပတ်တိုင်း အသင်းတော် အစည်းအဝေးတွေကို ဝီရိယရှိရှိ ဦးစီးပေးတယ်။ ယုံကြည်ခြင်းရှိသူအားလုံး ခွန်အားရရှိကြတယ်။ (ရော. ၁၂:၈) ဆိုးသွမ်းတဲ့ လူတွေစတဲ့ အန္တရာယ်တွေကနေ သိုးအုပ်ကို ကာကွယ်ပေးတဲ့အတွက် လုံခြုံမှု ခံစားရတယ်။ (ဟေရှာ. ၃၂:၂။ တိ. ၁:၉-၁၁) အမှုဆောင်လုပ်ငန်းမှာ ဦးဆောင်ပေးတဲ့အတွက် လတိုင်း ဟောပြောခြင်းလုပ်ငန်းမှာ ပုံမှန် ပါဝင်ဖို့ ခွန်အားရှိစေတယ်။ (ဟီ. ၁၃:၁၅-၁၇) အသင်းတော်ကို တည်ဆောက်ပေးဖို့ “အဲဒီလူတွေကို လက်ဆောင်အဖြစ်” ယေဟောဝါ ပြင်ဆင်ပေးထားတယ်။—ဧ. ၄:၈၊ ၁၁၊ ၁၂။
ကြီးကြပ်မှူးတွေ ပြည့်မီရမယ့် အရည်အချင်းများ
၄ အသင်းတော်ကို ကောင်းကောင်း ဂရုစိုက်နိုင်ဖို့အတွက် ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတဲ့ အမျိုးသားတွေဟာ ကျမ်းစာတောင်းဆိုချက်တွေကို ပြည့်မီရမယ်။ အရည်အချင်း ပြည့်မီမှသာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ခန့်အပ်ခံရတယ်လို့ ပြောနိုင်မယ်။ (တ. ၂၀:၂၈) ကြီးကြပ်မှူးတာဝန်ဟာ ကြီးမားတဲ့တာဝန် ဖြစ်တဲ့အတွက် ကြီးကြပ်မှူးတွေ ပြည့်မီရမယ့် ကျမ်းစာစံနှုန်းတွေက မြင့်မားတယ်။ ဒါပေမဲ့ မပြည့်မီနိုင်လောက်အောင် မြင့်မားတာတော့ မဟုတ်ပါဘူး။ ယေဟောဝါကို တကယ် ချစ်ပြီး လိုလိုလားလား အသုံးတော်ခံချင်ရင် ပြည့်မီနိုင်ပါတယ်။ ကြီးကြပ်မှူးတွေဟာ နေ့စဉ် အသက်တာမှာ ကျမ်းစာအကြံဉာဏ်ကို လိုက်လျှောက်နေသူတွေ ဖြစ်မှန်း လူအားလုံး သိမြင်သင့်တယ်။
အသင်းတော်ကို ကောင်းကောင်း ဂရုစိုက်နိုင်ဖို့အတွက် ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတဲ့ အမျိုးသားတွေဟာ ကျမ်းစာတောင်းဆို ချက်တွေကို ပြည့်မီရမယ်
၅ တိမောသေဆီ ရေးတဲ့ ပထမစာနဲ့ တိတုဆီ ရေးတဲ့ စာမှာ ကြီးကြပ်မှူးတွေ ပြည့်မီရမယ့် အခြေခံ ကျမ်းစာတောင်းဆိုချက်စာရင်းကို တမန်တော် ပေါလု ဖော်ပြတယ်။ ၁ တိမောသေ ၃:၁-၇ မှာ အခုလို ဖတ်ရတယ်– “ကြီးကြပ်မှူး ဖြစ်ဖို့ ကြိုးစားတက်လှမ်းနေသူဟာ မွန်မြတ်တဲ့ အလုပ်ကို လိုလားတဲ့သူပဲ။ . . . ဒါကြောင့် ကြီးကြပ်မှူးတွေဟာ အပြစ်ပြောစရာ မရှိသူ၊ ဇနီးတစ်ဦးတည်း ရှိသူ၊ ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊ ချင့်ချိန်တတ်သူ၊ စည်းစနစ်ရှိသူ၊ ဧည့်ဝတ်ကျေပွန်သူ၊ သွန်သင်ဖို့ အရည်အချင်း ပြည့်မီသူ ဖြစ်ရမယ်။ သောက်ကြူးသူ၊ ရိုက်နှက်တတ်သူ မဖြစ်ရဘူး။ အကျိုးသင့်အကြောင်းသင့်ရှိသူ၊ ရန်မလိုတတ်သူ၊ ငွေမတပ်မက်သူ၊ အိမ်ထောင်ကို ကောင်းစွာ ဦးစီးတတ်သူ ဖြစ်ရမယ်။ သူ့သားသမီးတွေကလည်း အမူအကျင့်ကောင်းပြီး နာခံတတ်သူတွေ ဖြစ်ရမယ်။ (သူ့အိမ်ထောင်ကိုတောင် မဦးစီးတတ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ကို ဘယ်လိုလုပ် ဂရုစိုက်စောင့်ရှောက်နိုင်မလဲ။) ကြီးကြပ်မှူးဟာ ယုံကြည်သူ လူသစ်တော့ မဖြစ်ရဘူး။ အဲဒီလိုဖြစ်နေရင် ထောင်လွှားလာပြီး မာရ်နတ် ခံရမယ့် ပြစ်ဒဏ်စီရင်မှုမျိုး ခံရနိုင်စရာ အကြောင်းရှိတယ်။ ဒါ့အပြင် အသင်းတော်ပြင်ပက လူတွေရှေ့မှာ နာမည်ကောင်းရှိတဲ့သူလည်း ဖြစ်ရမယ်။ ဒါမှ ကဲ့ရဲ့ပြစ်တင်ခံရတာမျိုး၊ မာရ်နတ်ရဲ့ ကျော့ကွင်းထဲ ကျသွားတာမျိုး မဖြစ်မှာပါ။”
၆ တိတုဆီကိုလည်း ပေါလု ရေးခဲ့တယ်– “ခရိကျွန်းမှာ မင်းကို ထားခဲ့တဲ့ အကြောင်းရင်းက ချွတ်ယွင်းချက်တွေကို တည့်မတ်ပေးဖို့၊ ငါညွှန်ကြားထားတဲ့အတိုင်း မြို့တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်ပေးဖို့ပဲ။ အကြီးအကဲဟာ ပြစ်တင်စွပ်စွဲစရာ ဘာမှ မရှိတဲ့သူ၊ ဇနီးတစ်ဦးတည်းရှိသူ ဖြစ်ရမယ်။ သားသမီးတွေလည်း ယုံကြည်သူတွေ ဖြစ်ရမယ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့သူ၊ ဆုံးမရခက်သူတွေလို့ နာမည်မထွက်ရဘူး။ ဘုရားသခင်ရဲ့ ဘဏ္ဍာစိုး ဖြစ်တဲ့ ကြီးကြပ်မှူးဟာ ပြစ်တင်စွပ်စွဲစရာ ဘာမှ မရှိတဲ့သူ ဖြစ်ရမယ်။ ထင်ရာစိုင်းသူ၊ ဒေါသထွက်လွယ်သူ၊ သောက်ကြူးသူ၊ ရိုက်နှက်တတ်သူ၊ မသမာနည်းနဲ့ လောဘတကြီး အမြတ်ထုတ်သူ မဖြစ်ရဘူး။ ဧည့်ဝတ်ကျေပွန်သူ၊ ကောင်းမြတ်တဲ့အရာကို နှစ်သက်သူ၊ ချင့်ချိန်တတ်သူ၊ ဖြောင့်မတ်သူ၊ သစ္စာစောင့်သိသူ၊ ချုပ်တည်းခြင်းရှိသူ ဖြစ်ရမယ်။ သွန်သင်ခြင်း နည်းပညာကို အသုံးပြုတဲ့အခါ စစ်မှန်တဲ့ တရားစကားကို လက်ကိုင်ပြုသူ ဖြစ်ရမယ်။ ဒါမှ သူဟာ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်တွေနဲ့ အားပေးနိုင်ရုံမက အဲဒီသွန်သင်ချက်ကို အတိုက်အခံ လုပ်သူတွေကိုလည်း ပဲ့ပြင်နိုင်လိမ့်မယ်။”—တိ. ၁:၅-၉။
၇ ကြီးကြပ်မှူးတွေ ပြည့်မီရမယ့် ကျမ်းစာတောင်းဆိုချက်တွေဟာ ရုတ်တရက် ကြည့်လိုက်ရင် သိပ်များလွန်းတယ်လို့ ထင်ရပေမဲ့ ခရစ်ယာန် အမျိုးသားတွေဟာ တက်လှမ်းဖို့ မတွန့်ဆုတ်သင့်ဘူး။ ကြီးကြပ်မှူးတွေဆီက တောင်းဆိုထားတဲ့ ခရစ်ယာန် အရည်အသွေးကောင်းတွေကို တင်ပြတာက အသင်းတော်မှာရှိတဲ့ တခြားသူတွေကိုလည်း အဲဒီလိုတင်ပြဖို့ အားပေးရာကျတယ်။ အဲဒီ “လက်ဆောင်” တွေကို စီစဉ်ပေးထားတာဟာ “သန့်ရှင်းသူတွေကို ပြန်တည့်မတ်ပေးဖို့၊ အမှုဆောင်ဖို့၊ ခရစ်တော်ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ပေးဖို့ပဲ။ နောက်ဆုံးမှာ ကျွန်တော်တို့အားလုံးဟာ ယုံကြည်ခြင်းကြောင့်၊ ဘုရားသခင်ရဲ့ သားတော်အကြောင်း မှန်မှန်ကန်ကန် သိရှိခြင်းကြောင့် တစ်စည်းတစ်လုံးတည်း ရှိပြီး ရင့်ကျက်သူတွေ ဖြစ်လာလိမ့်မယ်။ ခရစ်တော်လို လုံးလုံးလျားလျား ရင့်ကျက်တဲ့ အဖြစ်ကို ရောက်ရှိလိမ့်မယ်” လို့ ပေါလု ပြောတယ်။—ဧ. ၄:၈၊ ၁၂၊ ၁၃။
၈ ကြီးကြပ်မှူးတွေဟာ လူငယ်လေး ဒါမှမဟုတ် ယုံကြည်သူလူသစ် မဖြစ်ရဘူး။ အဲဒီအစား ခရစ်ယာန်အသက်တာမှာ အတွေ့အကြုံ ရင့်ကျက်သူ၊ ကျမ်းစာအသိပညာ ကြွယ်ဝသူ၊ ကျမ်းစာကို ကောင်းကောင်း နားလည်သူ၊ အသင်းတော်ကို စိတ်ရင်းမှန်နဲ့ ချစ်မြတ်နိုးသူ ဖြစ်ရမယ်။ အမှားလုပ်သူတွေကို သတ္တိရှိရှိ ပြောဆိုတည့်မတ်ရဲသူတွေ ဖြစ်ရမယ်။ ဒီနည်းအားဖြင့် သိုးတွေကို ကုပ်သွေးစုပ်မယ့်သူတွေလက်ကနေ ကာကွယ်ပေးတယ်။ (ဟေရှာ. ၃၂:၂) ဘုရားသခင့် သိုးတော်စုကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားတဲ့၊ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသားတွေအဖြစ် ကြီးကြပ်မှူးတွေကို အသင်းတော်သားအားလုံး အသိအမှတ်ပြုကြတယ်။
၉ ကြီးကြပ်မှူးအဖြစ် အရည်အချင်း ပြည့်မီသူတွေဟာ ဉာဏ်ပညာရှိရှိ အသက်ရှင်နေထိုင်ကြတယ်။ အိမ်ထောင်သည် ဖြစ်တယ်ဆိုရင် အိမ်ထောင်နဲ့ပတ်သက်တဲ့ ခရစ်ယာန်စံနှုန်းတွေကို လိုက်နာရမယ်။ ဇနီးတစ်ဦးတည်း ရှိရမယ်။ အိမ်ထောင်ကို ကောင်းစွာဦးစီးတတ်သူ ဖြစ်ရမယ်။ ကြီးကြပ်မှူးတွေမှာ အမူအကျင့်ကောင်းပြီး နာခံတတ် တဲ့၊ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး ဆုံးမရခက်သူတွေလို့ နာမည်မထွက် တဲ့ ယုံကြည်သူ သားသမီးတွေ ရှိမယ်ဆိုရင် အသင်းတော်မှာရှိတဲ့ တခြားသူတွေလည်း မိသားစုဘဝ၊ ခရစ်ယာန် အသက်တာတွေနဲ့ပတ်သက်ပြီး ကြီးကြပ်မှူးဆီမှာ ယုံကြည်စိတ်ချစွာ အကြံဉာဏ်တောင်းနိုင်မှာ ဖြစ်တယ်။ ကြီးကြပ်မှူးဟာ အပြစ်ပြောစရာ မရှိသူ၊ ပြစ်တင်စွပ်စွဲစရာ ဘာမှ မရှိတဲ့သူ၊ အသင်းတော်ပြင်ပက လူတွေရှေ့မှာ နာမည်ကောင်းရှိတဲ့သူ လည်း ဖြစ်တယ်။ မသင့်လျော်တဲ့ အပြုအမူတွေ ပြုကျင့်နေတယ်ဆိုပြီး အသင်းတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် သူ့ကို စွပ်စွဲဖို့ ဘယ်သူမှ အကြောင်းရှာမရနိုင်ဘူး။ ကြီးလေးတဲ့အမှား ကျူးလွန်မိလို့ မကြာသေးခင်က ပဲ့ပြင်ခံထားရသူ မဖြစ်ရဘူး။ အသင်းတော်မှာရှိတဲ့ တခြားသူတွေက သူ့ရဲ့ စံနမူနာကောင်းကို တုပဖို့ လှုံ့ဆော်ခံရပြီး သူ့ရဲ့ ဂရုစိုက် စောင့်ရှောက်မှုအောက်မှာ စိတ်ချလက်ချ ရှိနေကြတယ်။—၁ ကော. ၁၁:၁။ ၁၆:၁၅၊ ၁၆။
၁၀ ခရစ်ယာန် အသင်းတော်မှာ အဲဒီအရည်အချင်းရှိ အမျိုးသားတွေရဲ့ အနေအထားဟာ “ပညာအမြော်အမြင်နဲ့ အတွေ့အကြုံရှိ” တယ်လို့ ဖော်ပြခံရတဲ့ အစ္စရေး အကြီးအကဲတွေရဲ့ အနေအထားနဲ့ ဆင်တူတယ်။ (တရား. ၁:၁၃) ခရစ်ယာန် အကြီးအကဲတွေဟာ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဖြောင့်မှန်သူ၊ ဘုရားတရား ကြောက်ရွံ့ရိုသေသူ၊ ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်နေထိုင်ကြောင်း အချိန်အတိုင်းအတာတစ်ခုအထိ တင်ပြသူတွေအဖြစ် အသင်းတော်နဲ့ ရပ်ကွက်မှာ လူသိများတယ်။ အပြစ်တင်စရာအကြောင်း မရှိတဲ့အတွက် အသင်းတော်ရှေ့မှာ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့် ရှိကြတယ်။—ရော. ၃:၂၃။
၁၁ ကြီးကြပ်မှူးအဖြစ် အရည်အချင်း ပြည့်မီတဲ့ အမျိုးသားတွေဟာ ပြုမူကျင့်ကြံပုံ၊ တခြားသူတွေနဲ့ ဆက်ဆံပုံမှာ အစွန်းမရောက်သူတွေ ဖြစ်တယ်။ တဇွတ်ထိုးသမား မဟုတ်ဘူး။ အဲဒီအစား မျှတမှုရှိသူ၊ ချုပ်တည်းမှုရှိသူ ဖြစ်တယ်။ အသောက်၊ အစား၊ ဖျော်ဖြေမှု၊ အပန်းဖြေမှု၊ ဝါသနာ စတဲ့ကိစ္စတွေမှာ အစွန်းမရောက်ဘဲ မျှမျှတတ ရှိတယ်။ အရက်ယမကာ သောက်သုံးတဲ့အခါ အစွန်းမရောက်ဘဲ မျှမျှတတ ရှိတယ်။ ဒါမှ အရက်မူးသူ ဒါမှမဟုတ် သောက်ကြူးသူ ဆိုပြီး အပြစ်တင်စရာ မရှိမှာ ဖြစ်တယ်။ အရက်မူးနေသူဟာ ချုပ်တည်းမှု အလွယ်တကူ ပျောက်သွားတတ်ပြီး အသင်းတော်ရဲ့ ကောင်းကျိုးကို ကြည့်ရှုစောင့်ရှောက်နိုင်တဲ့ အနေအထားမှာ မရှိဘူး။
၁၂ အသင်းတော်ကို ကြီးကြပ်နိုင်ဖို့ဆိုရင် အတော်အတန် စည်းစနစ်ရှိဖို့လည်း လိုအပ်တယ်။ ကြီးကြပ်မှူးရဲ့ အမူအကျင့်ကောင်းတွေဟာ ပုံပန်းသွင်ပြင်၊ အိမ်နဲ့ နေ့စဉ်လုပ်ဆောင်မှုတွေမှာ ပေါ်လွင်နေတယ်။ အဲဒီလိုလူဟာ ရွှေ့ဆိုင်းတတ်တဲ့ အကျင့်ကို ရှောင်တယ်။ လိုအပ်တာတွေကို တွေ့မြင်ပြီး သင့်တော်သလို အစီအစဉ်ဆွဲတယ်။ ကျမ်းစာမူတွေကို လိုက်နာတယ်။
၁၃ ကြီးကြပ်မှူးတစ်ယောက်ဟာ အကျိုးသင့်အကြောင်းသင့် ရှိရမယ်။ အကြီးအကဲအဖွဲ့မှာရှိတဲ့ တခြားသူတွေနဲ့ စည်းစည်းလုံးလုံး အလုပ်လုပ်နိုင်သူ၊ ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ရှုမြင်ပြီး တခြားသူတွေဆီက တရားလွန် မတောင်းဆိုသင့်ဘူး။ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ကြီးကြပ်မှူးဟာ တစ်ယူသန်သမား မဟုတ်ဘူး။ ကိုယ့်အမြင်က တခြားအကြီးအကဲတွေထက် သာတယ်လို့ မယူဆဘူး။ သူ့မှာမရှိတဲ့ အရည်အချင်းကောင်းတွေ တခြားသူတွေမှာ ရှိနိုင်တယ်။ ကောက်ချက်ချတဲ့အခါ ကျမ်းစာပေါ် အခိုင်အမာ အခြေခံခြင်းအားဖြင့် အကျိုးသင့်အကြောင်းသင့်သဘောရှိကြောင်း ဖော်ပြတယ်။ ယေရှုခရစ်ရဲ့ ပုံနမူနာကို တုပဖို့ အမြဲ ကြိုးစားတယ်။ (ဖိ. ၂:၂-၈) အကြီးအကဲဟာ ရိုက်နှက်တတ်သူ၊ ရန်လိုတတ်သူ မဟုတ်ဘူး။ တခြားသူတွေကို ကိုယ့်ထက် သာတယ်လို့ သဘောထားပြီး တော်မှန်တဲ့ လေးစားမှု ပြတယ်။ ထင်ရာစိုင်းသူ မဟုတ်ဘူး။ ကိုယ့်နည်းလမ်း၊ ကိုယ့်အမြင်ကိုပဲ အမြဲ လက်ခံရမယ်လို့ မရမက မတောင်းဆိုဘူး။ ဒေါသထွက်လွယ်သူ မဟုတ်ဘူး။ တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် ပြောဆိုဆက်ဆံတယ်။
၁၄ ကြီးကြပ်မှူးအဖြစ် အရည်အချင်း ပြည့်မီသူဟာ ချင့်ချိန်တတ်သူ ဖြစ်တယ်။ ပျာယာခတ်သူ၊ ကမူးရှူးထိုး စီရင်ဆုံးဖြတ်တတ်သူ မဟုတ်ဘူး။ ယေဟောဝါ ချမှတ်ထားတဲ့ မူတွေကို ကောင်းကောင်း နားလည်၊ အသုံးချတတ်သူ ဖြစ်တယ်။ ချင့်ချိန်တတ်သူဟာ အကြံဉာဏ်နဲ့ လမ်းညွှန်ချက်ကို လက်ခံတယ်။ သူတော်ကောင်းယောင်ဆောင်သူ မဟုတ်ဘူး။
၁၅ ကြီးကြပ်မှူးဟာ ကောင်းမြတ်တဲ့အရာကို နှစ်သက်သူ ဖြစ်တယ်လို့ တိတုကို ပေါလု ပြောတယ်။ သူဟာ ဖြောင့်မတ်သူ၊ သစ္စာစောင့်သိသူ ဖြစ်သင့်တယ်။ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံချိန်၊ ကောင်းမွန်မှန်ကန်ရာဘက် ပြတ်ပြတ်သားသား ရပ်တည်ချိန်မှာ အဲဒီအရည်အသွေးတွေကို တင်ပြတယ်။ ယေဟောဝါအပေါ် မယိမ်းမယိုင် ဆည်းကပ်ထားပြီး ဖြောင့်မတ်တဲ့မူတွေကို တစ်စိုက်မတ်မတ် လိုက်နာတယ်။ လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို မပေါက်ကြားစေဘူး။ ဧည့်ဝတ်ကျေပွန်ပြီး တခြားသူတွေရဲ့ အကျိုးအတွက် ကိုယ်တိုင်နဲ့ ကိုယ့်ပစ္စည်းဥစ္စာတွေကို မတွန့်မတို ပေးဆက်သူ ဖြစ်တယ်။—တ. ၂၀:၃၃-၃၅။
၁၆ ကြီးကြပ်မှူးတစ်ယောက် ထိထိရောက်ရောက် အမှုဆောင်နိုင်ဖို့ဆိုရင် သွန်သင်ဖို့ အရည်အချင်း ပြည့်မီသူ ဖြစ်ရမယ်။ တိတုကို ပေါလု ပြောတဲ့စကားအရ ကြီးကြပ်မှူးဟာ “သွန်သင်ခြင်း နည်းပညာကို အသုံးပြုတဲ့အခါ စစ်မှန်တဲ့ တရားစကားကို လက်ကိုင်ပြုသူ ဖြစ်ရမယ်။ ဒါမှ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်တွေနဲ့ အားပေးနိုင်ရုံမက အဲဒီသွန်သင်ချက်ကို အတိုက်အခံ လုပ်သူတွေကိုလည်း ပဲ့ပြင်နိုင်လိမ့်မယ်။” (တိ. ၁:၉) သူဟာ ကျိုးကြောင်းဆင်ခြင်တတ်ရမယ်။ အထောက်အထားနဲ့ တင်ပြနိုင်ရမယ်။ ဆန့်ကျင်မှုတွေကို ချေပနိုင်ရမယ်။ တခြားသူတွေရဲ့ ယုံကြည်ခြင်းကို ပိုခိုင်မာလာစေတဲ့အထိ ကျမ်းစာကို အသုံးပြုနိုင်ရမယ်။ ကြီးကြပ်မှူးဟာ အခြေအနေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သွန်သင်ခြင်းစွမ်းရည်ကို အသုံးပြုတယ်။ (၂ တိ. ၄:၂) အမှားလုပ်သူကို နူးညံ့သိမ်မွေ့စွာ ပဲ့ပြင်နိုင်ဖို့၊ သံသယဝင်နေသူတစ်ယောက်ကို ယုံကြည်စိတ်ချမှု ပြန်ရှိလာစေပြီး ယုံကြည်ခြင်းပေါ် အခြေခံတဲ့ အလုပ်မွန်တွေ လုပ်လာအောင် တွန်းအားပေးနိုင်ဖို့ လိုအပ်တဲ့ စိတ်ရှည်မှု ရှိတယ်။ ပရိသတ်ရှေ့မှာဖြစ်စေ၊ တစ်ယောက်ချင်းကိုဖြစ်စေ သွန်သင်နိုင်တဲ့ အရည်အချင်း ရှိတာက ဒီအရေးကြီး တောင်းဆိုချက်ကို ပြည့်မီကြောင်း သက်သေပြတယ်။
၁၇ အကြီးအကဲတွေဟာ အမှုဆောင်လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ဖို့လည်း အရေးကြီးတယ်။ ဒီနည်းအားဖြင့် ယေရှုကို တုပဖို့ ကြိုးစားနေကြောင်း၊ ဟောပြောခြင်းလုပ်ငန်းကို အဓိက ဦးစားပေးလုပ်ငန်းအဖြစ် ယူမှတ်ကြောင်း ပေါ်လွင်ထင်ရှားသင့်တယ်။ ယေရှုဟာ တပည့်တွေကို စိတ်ဝင်စားပြီး ထိရောက်တဲ့ ဟောပြောသူတွေ ဖြစ်လာအောင် ကူညီပေးခဲ့တယ်။ (မာ. ၁:၃၈။ လု. ၈:၁) အလုပ်များတဲ့ကြား အမှုဆောင်လုပ်ငန်းမှာ အချိန်ပေးပါဝင်မယ်ဆိုတဲ့ အကြီးအကဲတွေရဲ့ စိတ်ပိုင်းဖြတ်ချက်က အသင်းတော်တစ်ခုလုံးကို အလားတူ ထက်သန်မှု ရှိလာအောင် လှုံ့ဆော်ပေးတယ်။ မိသားစုဝင်တွေ၊ အသင်းတော်မှာရှိတဲ့ တခြားသူတွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ အကြီးအကဲတွေ ပါဝင်တဲ့အခါ “အပြန်အလှန် အားပေးခွင့်” ရရှိစေတယ်။—ရော. ၁:၁၁၊ ၁၂။
၁၈ ဒါတွေအားလုံးကို ကြီးကြပ်မှူးတစ်ယောက်ဆီကနေ မျှော်လင့်တာဟာ များလွန်းပုံရတယ်။ ကျမ်းစာမှာ ချမှတ်ထားတဲ့ မြင့်မားတဲ့ စံနှုန်းတွေကို ကြီးကြပ်မှူးတစ်ယောက်မှ တင်းပြည့်ကျပ်ပြည့် မလိုက်လျှောက်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ခန့်အပ်ခံ အကြီးအကဲတွေမှာ အရည်အသွေးတစ်ခုခု သိသိသာသာ မရှိလို့ အားနည်းချက်ကြီး တစ်ခုလို ယူဆနိုင်တဲ့အထိ မဖြစ်သင့်ဘူး။ အကြီးအကဲတချို့မှာ သိပ်ထူးခြားတဲ့ အရည်အချင်းကောင်းတချို့ ရှိနိုင်ပြီး တချို့ကတော့ တခြားကဏ္ဍမှာ ပိုတော်တာမျိုး ရှိနိုင်တယ်။ ရလဒ်အနေနဲ့ အကြီးအကဲအဖွဲ့ဟာ ဘုရားသခင့် အသင်းတော်ကို ကောင်းကောင်းမွန်မွန် ကြီးကြပ်နိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးကောင်းအားလုံး ရရှိလာပါလိမ့်မယ်။
၁၉ ကြီးကြပ်မှူးအဖြစ် ခန့်အပ်ဖို့ တခြားသူတွေကို ထောက်ခံချက် ပေးတဲ့အခါ “ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီးမထင်ကြပါနဲ့။ အဲဒီအစား ယောက်တိုင်းကို ဘုရားသခင် ပေးထားတဲ့ ယုံကြည်ခြင်းနဲ့အညီ ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်ကြပါ” ဆိုတဲ့ တမန်တော် ပေါလုရဲ့ စကားကို အကြီးအကဲတွေ မှတ်ထားချင်ပါလိမ့်မယ်။ (ရော. ၁၂:၃) အကြီးအကဲယောက်တိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ပိုနိမ့်ကျသူအဖြစ် ယူမှတ်ရမယ်။ တခြားသူရဲ့ အရည်အချင်း ပြည့်မီမှုကို ဆန်းစစ်တဲ့အခါ ဘယ်သူမှ “တရားလွန် မဖြောင့်မတ်” သင့်ဘူး။ (ဒေ. ၇:၁၆) အကြီးအကဲအဖွဲ့ဟာ ကြီးကြပ်မှူးတွေ ပြည့်မီရမယ့် ကျမ်းစာတောင်းဆိုချက်တွေကို ရှင်းရှင်းလင်းလင်း စွဲမှတ်ထားပြီး သူတို့ သုံးသပ်နေတဲ့ ညီအစ်ကိုတစ်ယောက် အဲဒီတောင်းဆိုချက်တွေကို အတိုင်းအတာတစ်ခုအထိ ပြည့်မီသလားဆိုတာ ဆုံးဖြတ်ရပါမယ်။ လူ့မစုံလင်မှုတွေကို ထည့်တွက်ပြီး ဘက်လိုက်မှု၊ ဟန်ဆောင်မှု မရှိခြင်းအားဖြင့် အကြီးအကဲတွေဟာ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို တော်မှန်စွာ လေးစားကြောင်း ဖော်ပြတဲ့၊ အသင်းတော်ကို အကျိုးပြုတဲ့ ထောက်ခံချက်တွေ ပေးနိုင်ပါလိမ့်မယ်။ ထောက်ခံမှုတစ်ခု လုပ်တိုင်း ဆုတောင်းသုံးသပ်ပြီး ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်ချက်ကို လိုက်လျှောက်ပါလိမ့်မယ်။ ဒါဟာ သူတို့ ထမ်းဆောင်ရတဲ့ တာဝန်တွေထဲမှာ ကြီးမားတဲ့ တာဝန်တစ်ခု ဖြစ်တယ်။ “အလျင်စလို လက်တင်ပြီး ဘယ်သူ့ကိုမှ မခန့်အပ်ပါနဲ့” ဆိုတဲ့ ပေါလုရဲ့ တိုက်တွန်းချက်ကို သူတို့ လိုက်နာရမယ်။—၁ တိ. ၅:၂၁၊ ၂၂။
စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးများ
၂၀ ဘုရားရေးရာ အရည်အချင်းတွေ ပြည့်မီတဲ့ အမျိုးသားတွေဟာ သူတို့ကို သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်နေမှန်း၊ သူတို့ဘဝမှာ စွမ်းအားတော် အရည်အသွေးတွေကို တင်ပြနေမှန်း သက်သေပြကြတယ်။ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” ဆိုတဲ့ အရည်အသွေးကိုးခုကို ပေါလု ဖော်ပြတယ်။ (ဂလ. ၅:၂၂၊ ၂၃) ကြီးကြပ်မှူးတွေဟာ ညီအစ်ကိုညီအစ်မတွေကို လန်းဆန်းစေပြီး မြင့်မြတ်တဲ့ လုပ်ငန်းတော်မှာ ပါဝင်နေတဲ့ အသင်းတော်ကို စည်းလုံးစေတယ်။ ကြီးကြပ်မှူးတွေရဲ့ ပြုမူကျင့်ကြံပုံနဲ့ လုပ်ရပ်ကြောင့် ရရှိတဲ့ အသီးအပွင့်တွေက သူတို့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ ခန့်အပ်ထားမှန်း ဖော်ပြတယ်။—တ. ၂၀:၂၈။
စည်းလုံးမှု တိုးများစေတဲ့ အမျိုးသားများ
၂၁ အကြီးအကဲတွေဟာ အသင်းတော်ရဲ့ စည်းလုံးမှု တိုးများလာအောင် ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးတယ်။ သူတို့ရဲ့ စရိုက်တွေ တော်တော် ကွဲပြားနိုင်တယ်။ ဆွေးနွေးတဲ့ ကိစ္စရပ်တိုင်းကိုလည်း သဘောတူချင်မှ တူမယ်။ ဒါပေမဲ့ အချင်းချင်းရဲ့ စကားကို လေးလေးစားစား နားထောင်ခြင်းအားဖြင့် အကြီးအကဲအဖွဲ့ကို ဆက်စည်းလုံးနေစေကြတယ်။ ကျမ်းစာမူတွေနဲ့ မငြိသရွေ့ လိုလိုလားလား အလျှော့ပေးပြီး အကြီးအကဲအဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ယောက်တိုင်း ထောက်ခံသင့်တယ်။ လူတစ်ယောက်မှာ အလျှော့ပေးလိုတဲ့ သဘောထားရှိခြင်းက ‘သင့်သင့်မြတ်မြတ် နေတတ် [ပြီး] အကျိုးသင့်အကြောင်းသင့်ရှိ’ တဲ့၊ “အထက်ကလာတဲ့ ဉာဏ်ပညာ” ရဲ့ လမ်းညွှန်မှု ခံရတယ်ဆိုတာ ဖော်ပြတယ်။ (ယာ. ၃:၁၇၊ ၁၈) တခြားသူတွေထက် သာတယ်လို့ ဘယ်အကြီးအကဲမှ မယူဆသင့်ဘူး။ တခြားသူတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ ဘယ်အကြီးအကဲမှ မကြိုးစားသင့်ဘူး။ အသင်းတော်ရဲ့ ကောင်းကျိုးအတွက် အကြီးအကဲတွေ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်တာဟာ တကယ်တော့ ယေဟောဝါနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါပဲ။—၁ ကော. အခန်းကြီး ၁၂။ ကော. ၂:၁၉။
တက်လှမ်းပါ
၂၂ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသားတွေဟာ ကြီးကြပ်မှူး ဖြစ်ချင်တဲ့ဆန္ဒ ရှိသင့်တယ်။ (၁ တိ. ၃:၁) ဒါပေမဲ့ အကြီးအကဲ ဖြစ်ဖို့ဆိုရင် အလုပ်လုပ်ရမယ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံရမယ်။ ညီအစ်ကိုညီအစ်မတွေရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့၊ ဘုရားရေးရာဘက် အကျိုးဖြစ်ထွန်းအောင် ဂရုစိုက်ပေးဖို့ အသင့်ဖြစ်နေရမယ်။ ကြီးကြပ်မှူးဖြစ်ဖို့ တက်လှမ်းခြင်းဆိုတာ ကျမ်းစာတောင်းဆိုချက်တွေကို ပြည့်မီဖို့ ကြိုးစားတာကို ဆိုလိုတယ်။
ကိုယ်ရေးကိုယ်တာ အခြေအနေတွေ ပြောင်းလဲနိုင်
၂၃ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်လာတဲ့ ညီအစ်ကိုတစ်ယောက်ဟာ ကျန်းမာရေး မကောင်းတော့တာ၊ တခြားအကြောင်းတစ်ခုခုကြောင့် မစွမ်းဆောင်နိုင်တော့တာ ဖြစ်နိုင်တယ်။ အသက်အရွယ်ကြောင့် ကြီးကြပ်မှူးတာဝန်တွေကို မထမ်းဆောင်နိုင်တော့တာ ဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်ရင်တောင် ခန့်အပ်ခံအနေအထားမှာ ရှိနေသရွေ့ အကြီးအကဲတစ်ယောက်အဖြစ် ဆက်ရှုမြင်ပြီး လေးစားသင့်တယ်။ ကန့်သတ်ချက်တွေ ရှိနေလို့ တာဝန်ကနေ နားလိုက်တာမျိုး လုပ်ဖို့ မလိုအပ်ပါဘူး။ သိုးတော်စုကို တတ်စွမ်းသရွေ့ ထိန်းကျောင်းနေတဲ့၊ အလုပ်ကြိုးစားတဲ့ အကြီးအကဲအားလုံး ရရှိတဲ့ ရိုသေလေးစားမှု နှစ်ဆကို သူလည်း ရရှိထိုက်ဆဲပါပဲ။
၂၄ ဒါပေမဲ့ ညီအစ်ကိုတစ်ယောက်က ကိုယ်ရေးကိုယ်တာ အခြေအနေ အပြောင်းအလဲကြောင့် သိပ်အမှုမဆောင်နိုင်တော့တဲ့အတွက် နားလိုက်တာ အကောင်းဆုံးလို့ ယူဆတယ်ဆိုရင် နားနိုင်ပါတယ်။ (၁ ပေ. ၅:၂) ဒါပေမဲ့ သူ့ကို ဆက်လေးစားသင့်တယ်။ အကြီးအကဲတွေ ရရှိတဲ့ တာဝန်တွေ မရရှိတော့ပေမဲ့ အသင်းတော်ရဲ့ ကောင်းကျိုးအတွက် အများကြီး လုပ်ဆောင်နိုင်တုန်းပါပဲ။
အသင်းတော်မှာ တာဝန်ရှိအနေအထားများ
၂၅ အကြီးအကဲတွေဟာ အသင်းတော်မှာ တာဝန်အမျိုးမျိုး ထမ်းဆောင်ကြရတယ်။ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး၊ အတွင်းရေးမှူး၊ လုပ်ငန်းတော်ကြီးကြပ်မှူး၊ ကင်းမျှော်စင် သင်တန်းမှူး၊ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးကြီးကြပ်မှူးတို့ ရှိတယ်။ အကြီးအကဲများစွာဟာ အုပ်စုကြီးကြပ်မှူးတွေအနေနဲ့ အမှုဆောင်တယ်။ အဲဒီအနေအထားတွေမှာ အမှုဆောင်တဲ့အခါ အချိန်ကန့်သတ်ချက် မရှိဘူး။ ညီအစ်ကိုတစ်ယောက် ပြောင်းရွှေ့သွားတဲ့အခါ၊ ကျန်းမာရေးကြောင့် တာဝန်တွေ မထမ်းဆောင်နိုင်တော့တဲ့အခါ၊ ကျမ်းစာတောင်းဆိုချက်တွေကို မပြည့်မီလို့ အရည်အချင်း မပြည့်မီတော့တဲ့အခါ သူ့တာဝန်ကို ထမ်းဆောင်ဖို့ တခြားအကြီးအကဲတစ်ဦးကို ရွေးချယ်နိုင်တယ်။ ကြီးကြပ်မှူး မလုံလောက်တဲ့ အသင်းတော်တွေမှာ တခြားညီအစ်ကိုတွေ အကြီးအကဲအဖြစ် ခန့်အပ်ခံရဖို့ အရည်အချင်း ပြည့်မီလာတဲ့အထိ အကြီးအကဲတစ်ဦးဟာ တာဝန်တစ်ခုထက်မက ထမ်းဆောင်ဖို့ လိုကောင်းလိုနိုင်တယ်။
၂၆ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးဟာ အကြီးအကဲအဖွဲ့ အစည်းအဝေးတွေမှာ သဘာပတိအဖြစ် အမှုဆောင်တယ်။ ဘုရားသခင့် သိုးတော်စုကို ဂရုစိုက်စောင့်ရှောက်ရာမှာ တခြားအကြီးအကဲတွေနဲ့အတူ နှိမ့်ချစွာ ပူးပေါင်းလုပ်ဆောင်တယ်။ (ရော. ၁၂:၁၀။ ၁ ပေ. ၅:၂၊ ၃) ကောင်းကောင်း စီစဉ်ဖွဲ့စည်းနိုင်သူ၊ ဝီရိယရှိစွာ ဦးစီးနိုင်သူ ဖြစ်သင့်တယ်။—ရော. ၁၂:၈။
၂၇ အတွင်းရေးမှူးဟာ အသင်းတော်မှတ်တမ်းတွေကို ကိုင်တွယ်ပြီး အရေးကြီး အချက်အလက်တွေကို အကြီးအကဲတွေဆီ အသိပေးတယ်။ လိုအပ်မယ်ဆိုရင် ကူညီလုပ်ဆောင်ပေးဖို့ တခြားအကြီးအကဲ ဒါမှမဟုတ် အရည်အချင်းရှိ အသင်းတော်အမှုထမ်းကို တာဝန်ပေးနိုင်တယ်။
၂၈ လယ်ကွင်းလုပ်ငန်း၊ အဲဒီလုပ်ငန်းနဲ့သက်ဆိုင်တဲ့ တခြားကိစ္စတွေကို လုပ်ငန်းတော်ကြီးကြပ်မှူးက ညွှန်ကြားပေးတယ်။ လယ်ကွင်းလုပ်ငန်းအုပ်စု အားလုံးဆီ ပုံမှန်လည်ပတ်ဖို့ အစီအစဉ်ဆွဲပြီး တစ်လတစ်ခါ သီတင်းပတ်ကုန်ပိုင်းမှာ အုပ်စုတစ်ခုဆီ လည်ပတ်တယ်။ လယ်ကွင်းလုပ်ငန်းအုပ်စု နည်းနည်းပဲရှိတဲ့ အသင်းတော်ငယ်လေးတွေမှာ အုပ်စုတိုင်းကို တစ်နှစ်မှာ နှစ်ကြိမ် လည်ပတ်နိုင်တယ်။ သူက အုပ်စုဆီ လည်ပတ်တဲ့အခါ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုကို ကိုင်တွယ်ပြီး အုပ်စုနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ပါလိမ့်မယ်။ ကြေညာသူတွေကို ပြန်လည်ပတ်မှုတွေနဲ့ ကျမ်းစာသင်အံမှုတွေ ပြုလုပ်ရာမှာ ကူညီပေးပါလိမ့်မယ်။
အုပ်စုကြီးကြပ်မှူးများ
၂၉ အသင်းတော်မှာ ထူးခြားတဲ့ အခွင့်ထူးတစ်ခုကတော့ အုပ်စုကြီးကြပ်မှူးအဖြစ် အမှုဆောင်ရခြင်း ဖြစ်တယ်။ သူ့ရဲ့ တာဝန်တွေထဲမှာ (၁) လယ်ကွင်းလုပ်ငန်းအုပ်စုထဲက တစ်ယောက်စီရဲ့ အခြေအနေကို ကောင်းကောင်း စိတ်ဝင်စားတာ၊ (၂) အမှုဆောင်လုပ်ငန်းမှာ ပုံမှန်၊ အဓိပ္ပာယ်ရှိရှိ ပျော်ရွှင်စွာ ပါဝင်နိုင်အောင် တစ်ယောက်စီကို ကူညီပေးတာ၊ (၃) အုပ်စုထဲမှာရှိတဲ့ အသင်းတော် အမှုထမ်းတွေကို အသင်းတော် တာဝန်တွေအတွက် တက်လှမ်းလာအောင်၊ အရည်အချင်း ပြည့်မီလာအောင် လေ့ကျင့်ကူညီပေးတာတွေ ပါဝင်တယ်။ ဘယ်ညီအစ်ကိုက အုပ်စုကြီးကြပ်မှူးအနေနဲ့ အဲဒီတာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်နိုင်မယ်ဆိုတာ အကြီးအကဲအဖွဲ့က ရွေးချယ်ဆုံးဖြတ်တယ်။
၃၀ တာဝန်ရဲ့ သဘောသဘာဝအရ ဖြစ်နိုင်မယ်ဆိုရင် အုပ်စုကြီးကြပ်မှူးဟာ အကြီးအကဲ ဖြစ်သင့်တယ်။ ဒါမှမဟုတ် ဒီတာဝန်ကို အကြီးအကဲတစ်ယောက် တာဝန်လွှဲပြောင်းယူနိုင်တဲ့အချိန်အထိ အရည်အချင်းရှိ အသင်းတော်အမှုထမ်းက ထမ်းဆောင်နိုင်တယ်။ ဒီအနေအထားမှာ အသင်းတော် အမှုထမ်းတစ်ယောက် အမှုဆောင်နေတယ်ဆိုရင် အသင်းတော်ကြီးကြပ်မှူး မဟုတ်တဲ့အတွက် အုပ်စုအမှုထမ်းလို့ ခေါ်တယ်။ အကြီးအကဲတွေရဲ့ လမ်းညွှန်မှုအောက်မှာ ဒီတာဝန်ကို ထမ်းဆောင်တယ်။
၃၁ အုပ်စုကြီးကြပ်မှူးရဲ့ အရေးကြီးတာဝန်တစ်ခုကတော့ အမှုဆောင်လုပ်ငန်းမှာ ဦးဆောင်ပေးခြင်းပဲ။ အမှုဆောင်လုပ်ငန်းမှာ စိတ်ထက်သန်စွာ အားတက်သရော ပုံမှန် ပါဝင်တာက အုပ်စုမှာရှိတဲ့သူတွေကို အားရှိစေပါလိမ့်မယ်။ အတူတကွ အမှုဆောင်ခြင်းကနေ ရရှိတဲ့ အားပေးမှုနဲ့ အကူအညီကို ကြေညာသူတွေ လေးမြတ်တဲ့အတွက် အများစု အဆင်ပြေတဲ့အချိန်မှာ အုပ်စုလိုက် သက်သေခံဖို့ အစီအစဉ်ဆွဲတာ ကောင်းပါလိမ့်မယ်။ (လု. ၁၀:၁-၁၆) ရပ်ကွက်အလုံအလောက် အမြဲ ရှိအောင် ကြီးကြပ်မှူးက သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်တယ်။ ပုံမှန်အားဖြင့် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုကို ကိုင်တွယ်ပြီး အဲဒီနေ့မှာ လုပ်ဆောင်မယ့်အရာတွေကို ကြေညာသူတွေအတွက် စီစဉ်ပေးပါလိမ့်မယ်။ တကယ်လို့ မလာနိုင်ဘူးဆိုရင် အဲဒီတာဝန်တွေကို လုပ်ဆောင်ပေးဖို့ တခြားအကြီးအကဲ ဒါမှမဟုတ် အသင်းတော်အမှုထမ်းကို စီစဉ်ထားသင့်တယ်။ အဲဒီအကြီးအကဲ၊ အသင်းတော် အမှုထမ်းလည်း မအားလပ်ဘူးဆိုရင် အရည်အချင်းရှိ ကြေညာသူတစ်ယောက်ကို စီစဉ်ထားသင့်တယ်။ ဒါမှ လိုအပ်တဲ့လမ်းညွှန်မှုကို ကြေညာသူတွေ ရရှိမှာဖြစ်တယ်။
၃၂ အုပ်စုကြီးကြပ်မှူးဟာ လုပ်ငန်းတော်ကြီးကြပ်မှူး လည်ပတ်မှုအတွက် ကြိုတင်စီစဉ်ထားသင့်တယ်။ လည်ပတ်မှုအကြောင်း အုပ်စုကို အသိပေးပြီး ရရှိမယ့် အကျိုးကျေးဇူးတွေကို မျှော်လင့်နေစေသင့်တယ်။ အုပ်စုတစ်စုလုံးဟာ အစီအစဉ်ကို အသေအချာသိမှ အားတက်သရော ပါဝင်နိုင်ပါလိမ့်မယ်။
၃၃ လယ်ကွင်းလုပ်ငန်းအုပ်စုတိုင်းကို ခပ်သေးသေးပဲ ထားတာ အကြောင်းရှိတယ်။ အုပ်စုသေးငယ်တဲ့အတွက် အုပ်စုကြီးကြပ်မှူးက အားလုံးကို ကောင်းကောင်းသိနိုင်တယ်။ သူဟာ မေတ္တာရှိသိုးထိန်းအနေနဲ့ ယောက်တိုင်းကို အထူးတလည် စိတ်ဝင်စားတယ်။ လယ်ကွင်းလုပ်ငန်းနဲ့ အသင်းတော် အစည်းအဝေးတွေမှာ ပါဝင်နိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျ အားပေးကူညီတယ်။ ယောက်တိုင်းရဲ့ ဘုရားရေးရာအခြေအနေ သန်မာအားကောင်းနေအောင် ကူညီပေးဖို့ သင့်တော်တဲ့ ဘယ်အရာကိုမဆို ကြိုးစားလုပ်ဆောင်တယ်။ ဖျားနာသူ၊ စိတ်ဓာတ်ကျနေသူတွေဆီ လည်ပတ်အားပေးတယ်။ သူ့ရဲ့ အားရှိစရာ အကြံပေးစကား၊ ဆုံးမစကားကြောင့် ထပ်ဆင့် အသင်းတော်အခွင့်ထူးတွေကို တက်လှမ်းဖို့၊ ဒီနည်းနဲ့ ညီအစ်ကိုတွေကို ထောက်ကူပေးဖို့ တချို့ လှုံ့ဆော်ခံရနိုင်တယ်။ အုပ်စုကြီးကြပ်မှူးဟာ ကိုယ့်အုပ်စုမှာရှိသူတွေကို ကူညီပေးဖို့ အဓိက အာရုံစိုက်ပါလိမ့်မယ်။ ဒါပေမဲ့ အကြီးအကဲနဲ့ သိုးထိန်းတစ်ယောက်အနေနဲ့ အသင်းတော်တစ်ခုလုံးကို မေတ္တာပါပါ ဂရုစိုက်ပြီး လိုအပ်နေသူတိုင်းကို ကူညီပေးဖို့ အသင့်ရှိတယ်။—တ. ၂၀:၁၇၊ ၂၈။
၃၄ အုပ်စုကြီးကြပ်မှူးရဲ့ တာဝန်တစ်ခုကတော့ ကိုယ့်အုပ်စုမှာရှိသူတွေရဲ့ လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို ကောက်ခံပေးခြင်းဖြစ်တယ်။ အဲဒီမှတ်တမ်းတွေကို အတွင်းရေးမှူးဆီ ပေးအပ်ရတယ်။ ကြေညာသူတစ်ယောက်စီဟာ လယ်ကွင်းလုပ်ငန်းမှတ်တမ်းတွေကို ချက်ချင်းပေးခြင်းအားဖြင့် အုပ်စုကြီးကြပ်မှူးကို ကူညီပေးနိုင်တယ်။ လကုန်တိုင်း အုပ်စုကြီးကြပ်မှူးဆီ တိုက်ရိုက်ပေးအပ်နိုင်သလို နိုင်ငံတော်ခန်းမမှာ လယ်ကွင်းမှတ်တမ်း ထည့်ဖို့ သတ်မှတ်ထားတဲ့ပုံးထဲလည်း ထည့်နိုင်တယ်။
အသင်းတော် လုပ်ငန်းတော် ကော်မတီ
၃၅ အသင်းတော် လုပ်ငန်းတော်ကော်မတီ ထမ်းဆောင်ရတဲ့ တာဝန်တချို့ ရှိတယ်။ အသင်းတော် လုပ်ငန်းတော်ကော်မတီကို အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး၊ အတွင်းရေးမှူး၊ လုပ်ငန်းတော်ကြီးကြပ်မှူးနဲ့ ဖွဲ့စည်းထားတယ်။ မင်္ဂလာပွဲတွေနဲ့ အသုဘကိစ္စတွေအတွက် နိုင်ငံတော်ခန်းမ အသုံးပြုတာကို အတည်ပြုပေးရပြီး လယ်ကွင်းလုပ်ငန်းအုပ်စုတွေအတွက် ကြေညာသူတွေကို ခွဲဝေသတ်မှတ်ပေးရတယ်။ မှန်မှန်ရှေ့ဆောင်၊ အရန်ရှေ့ဆောင်နဲ့ တခြားလုပ်ငန်းတော် အခွင့်အရေးတွေအတွက် လျှောက်လွှာတွေကိုလည်း အတည်ပြုလက်ခံပေးရတယ်။ လုပ်ငန်းတော်ကော်မတီဟာ အကြီးအကဲအဖွဲ့ရဲ့ လမ်းညွှန်မှုအောက်မှာ လုပ်ဆောင်တယ်။
၃၆ ကင်းမျှော်စင် သင်တန်းမှူး၊ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူး၊ အကြီးအကဲအဖွဲ့မှာပါတဲ့ တခြားအကြီးအကဲတွေရဲ့ သတ်သတ်မှတ်မှတ် တာဝန်တွေကို ဌာနခွဲရုံးက ဖော်ပြပါတယ်။
၃၇ အသင်းတော်တိုင်းမှာရှိတဲ့ အကြီးအကဲအဖွဲ့ဟာ အသင်းတော်ရဲ့ ဘုရားရေးရာတိုးတက်မှုနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ အခါအားလျော်စွာ တွေ့ဆုံစည်းဝေးတယ်။ အကြီးအကဲ အစည်းအဝေးကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ချိန်တွေမှာ လုပ်တဲ့အပြင် တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ပြီးနောက် သုံးလကြာတဲ့အခါမှာလည်း ပြုလုပ်တယ်။ ဒါပေမဲ့ အခြေအနေအရ ဘယ်အချိန်မှာမဆို အကြီးအကဲတွေ တွေ့ဆုံစည်းဝေးနိုင်တယ်။
လက်အောက်ခံပါ
၃၈ ကြီးကြပ်မှူးတွေဟာ မစုံလင်သူတွေ ဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အစီအစဉ် ဖြစ်တာမို့ သူတို့ကို အသင်းတော်မှာရှိသူအားလုံး လက်အောက်ခံဖို့ တိုက်တွန်းခံရတယ်။ ကြီးကြပ်မှူးတွေဟာ မိမိတို့ရဲ့ လုပ်ရပ်အတွက် ဘုရားသခင်ဆီ စာရင်းရှင်းရပါလိမ့်မယ်။ သူတို့ဟာ ဘုရားသခင်နဲ့ ကိုယ်တော့်အုပ်ချုပ်မှုကို ကိုယ်စားပြုသူတွေ ဖြစ်တယ်။ “ခင်ဗျားတို့ကို ဦးဆောင်တဲ့သူတွေကို နာခံပါ၊ လက်အောက်ခံပါ။ ခင်ဗျားတို့ကို သူတို့ ဂရုစိုက်စောင့်ရှောက်ပေးနေတယ်။ တကယ်တော့ အဲဒီအတွက် သူတို့ကိုယ်တိုင် ဖြေရှင်းချက်ပေးရမှာ။ သူတို့ရဲ့ တာဝန်ကို ပျော်ပျော်ရွှင်ရွှင် မဟုတ်ဘဲ သက်ပြင်းချပြီး လုပ်ဆောင်နေရရင်တော့ ခင်ဗျားတို့ပဲ အကျိုးယုတ်လိမ့်မယ်” လို့ ဟီဘရူး ၁၃:၁၇ မှာ ပြောထားတယ်။ ယေဟောဝါဟာ သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး လူတစ်ယောက်ကို ခန့်အပ်သလို စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို တင်ပြဖို့ ပျက်ကွက်တဲ့၊ အသက်တာမှာ ကျမ်းစာတောင်းဆိုချက်တွေကို မပြည့်မီတော့တဲ့ ကြီးကြပ်မှူးကို ထုတ်ပယ်ဖို့လည်း သန့်ရှင်းသော စွမ်းအားတော်ကိုပဲ အသုံးပြုပါလိမ့်မယ်။
၃၉ အသင်းတော် ကြီးကြပ်မှူးတွေရဲ့ အလုပ်ကြိုးစားမှုနဲ့ စံနမူနာကောင်းကို ကျွန်တော်တို့ တကယ်ကျေးဇူးတင်လေးမြတ်တယ် မဟုတ်လား။ သက်သာလောနိတ်မြို့က အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတွေကို ပေါလု ဒီလိုတိုက်တွန်းတယ်– “ညီအစ်ကိုတို့၊ ခင်ဗျားတို့ဆီမှာရှိတဲ့ အလုပ်ကြိုးစားသူတွေ၊ သခင်ရဲ့ အမှုဆောင်လုပ်ငန်းကို ဦးစီးနေသူတွေ၊ အကြံပေးဆုံးမနေသူတွေကို လေးစားကြဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့ရဲ့အလုပ်ကို ထောက်ပြီး မေတ္တာစိတ်နဲ့ အထူးရိုသေလေးစားကြဖို့ မေတ္တာရပ်ခံပါတယ်။” (၁ သက်. ၅:၁၂၊ ၁၃) အသင်းတော်ကြီးကြပ်မှူးတွေရဲ့ ကြိုးစားလုပ်ဆောင်မှု အများစုဟာ ဘုရားသခင်ကို ကျွန်တော်တို့ အမှုဆောင်ရတာ ပိုလွယ်ကူစေပြီး ပိုပျော်ရွှင်စေတယ်။ တိမောသေဆီရေးတဲ့ ပထမစာစောင်မှာလည်း ကြီးကြပ်မှူးတွေကို အသင်းတော်မှာရှိသူတွေ ဘယ်လို သဘောထားသင့်ကြောင်း ပေါလု ပြောတယ်– “ကောင်းကောင်းမွန်မွန် ဦးစီးနေတဲ့ အကြီးအကဲတွေ၊ အထူးသဖြင့် တရားစကားအကြောင်း ပြောဆိုခြင်း၊ သွန်သင်ခြင်းတွေမှာ ကြိုးစားလုပ်ဆောင်နေသူတွေကို ရိုသေလေးစားမှု နှစ်ဆခံထိုက်သူတွေလို့ ယူမှတ်ပါ။”—၁ တိ. ၅:၁၇။
အဖွဲ့အစည်းမှာ တခြားတာဝန်ရှိ အနေအထားများ
၄၀ တစ်ခါတလေ အကြီးအကဲတချို့ကို ရွေးချယ်ပြီး လူနာလည်ပတ်ရေးအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်တယ်။ တချို့က ဆေးရုံဆက်သွယ်ရေးကော်မတီတွေမှာ အမှုဆောင်ရတယ်။ ဆေးရုံတွေ၊ ဆရာဝန်တွေဆီ သွားပြီး ယေဟောဝါသက်သေတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ သွေးမဲ့ ကုသမှုကို လက်ခံလာအောင် တိုက်တွန်းကြတယ်။ တခြားကြီးကြပ်မှူးတွေက နိုင်ငံတော်ခန်းမ၊ စည်းဝေးပွဲခန်းမ ဆောက်လုပ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးမှာ ပါဝင်ကူညီခြင်း၊ အစည်းအဝေးကြီးကော်မတီတွေမှာ အဖွဲ့ဝင်အဖြစ် အမှုဆောင်ခြင်းအားဖြင့် နိုင်ငံတော်အကျိုး သယ်ပိုးနေကြတယ်။ အဲဒီညီအစ်ကိုတွေရဲ့ အလုပ်ကြိုးစားမှုနဲ့ လိုလိုလားလား အသုံးတော်ခံလိုစိတ်ကို အဖွဲ့အစည်းမှာ ရှိသူအားလုံး သိပ်တန်ဖိုးထားလေးမြတ်ကြတယ်။ မှန်ပါတယ်။ “အဲဒီလိုညီအစ်ကိုမျိုးကို” ကျွန်တော်တို့ “ချစ်ခင်လေးစားကြ” တယ်။—ဖိ. ၂:၂၉။
တိုက်နယ်ကြီးကြပ်မှူး
၄၁ အရည်အချင်းရှိ အကြီးအကဲတွေကို တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ဖို့ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ထားတယ်။ တိုက်နယ်အတွင်း အသင်းတော်တွေဆီ ပုံမှန်အားဖြင့် တစ်နှစ် နှစ်ကြိမ် လည်ပတ်ဖို့ ဌာနခွဲရုံးက တာဝန်ပေးတယ်။ သီးခြားရပ်ကွက်တွေမှာ အမှုဆောင်နေတဲ့ ရှေ့ဆောင်တွေဆီလည်း ပုံမှန်လည်ပတ်ကြတယ်။ ကိုယ့်ခရီးစဉ်ကို စီစဉ်ပြီးနောက် အသင်းတော်တိုင်းကို စောစောစီးစီး ကြိုအကြောင်းကြားတယ်။ ဒီနည်းအားဖြင့် လည်ပတ်မှုကနေ အသင်းတော်တွေ ကောင်းကောင်း အကျိုးရရှိနိုင်မှာဖြစ်တယ်။
၄၂ တိုက်နယ်လည်ပတ်မှုကနေ အသင်းတော်တစ်ခုလုံး ဘုရားရေးရာဘက်မှာ လန်းဆန်းမှု ရရှိစေဖို့ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက ဦးဆောင်စီစဉ်ပေးတယ်။ (ရော. ၁:၁၁၊ ၁၂) တိုက်နယ်လည်ပတ်မှု အကြောင်းကြားစာနဲ့ တိုက်နယ်ကြီးကြပ်မှူး (အိမ်ထောင်သည်ဖြစ်ရင် ဇနီးလည်းပါဝင်) ရဲ့ ကိုယ်ရေးကိုယ်တာ လိုအပ်ရာတွေအကြောင်း အချက်အလက်တွေ ရရှိတာနဲ့ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက တခြားညီအစ်ကိုတွေရဲ့ အကူအညီအားဖြင့် နေရာထိုင်ခင်းနဲ့ လိုအပ်တဲ့ တခြားအရာတွေကို စီစဉ်ပေးတယ်။ တိုက်နယ်ကြီးကြပ်မှူးအပါအဝင် အားလုံးကို အဲဒီအစီအစဉ်တွေအကြောင်း အသိပေးတယ်။
၄၃ တိုက်နယ်ကြီးကြပ်မှူးဟာ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုတွေ အပါအဝင် အစည်းအဝေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးနဲ့ ဆက်သွယ်ပါလိမ့်မယ်။ အဲဒီအစီအစဉ်တွေကို တိုက်နယ်ကြီးကြပ်မှူးရဲ့ အကြံပေးချက်၊ ဌာနခွဲရုံးက ညွှန်ကြားချက်တွေနဲ့အညီ စီစဉ်ပါလိမ့်မယ်။ အသင်းတော်အစည်းအဝေး၊ ရှေ့ဆောင်အစည်းအဝေး၊ အကြီးအကဲနဲ့ အသင်းတော်အမှုထမ်း အစည်းအဝေး ကျင်းပမယ့် အချိန်နဲ့ နေရာအပြင် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှု အချိန်နဲ့ နေရာကိုလည်း အားလုံးကို ကြိုတင်အသိပေးဖို့ လိုအပ်တယ်။
၄၄ အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ တိုက်နယ်ကြီးကြပ်မှူးဟာ အသင်းတော် ကြေညာသူမှတ်တမ်း၊ အစည်းအဝေး တက်ရောက်သူ မှတ်တမ်း၊ ရပ်ကွက်မှတ်တမ်းနဲ့ စာရင်းအင်းတွေကို စစ်ဆေးတယ်။ အဲဒီလိုစစ်ဆေးခြင်းက အသင်းတော် လိုအပ်ရာတွေကို သိရှိစေနိုင်သလို မှတ်တမ်းထိန်းသိမ်းရာမှာ တာဝန်ယူတဲ့ ညီအစ်ကိုတွေကို ဘယ်လို ကူညီပေးနိုင်မယ်ဆိုတာလည်း သိရှိစေနိုင်တယ်။ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက အဲဒီမှတ်တမ်းတွေကို တိုက်နယ်ကြီးကြပ်မှူး ကြိုတင်ရရှိနိုင်အောင် စီစဉ်ပေးသင့်တယ်။
၄၅ တိုက်နယ်ကြီးကြပ်မှူးဟာ လည်ပတ်မှုအတွင်း အစည်းအဝေး၊ လယ်ကွင်းလုပ်ငန်း၊ ထမင်းစားချိန်နဲ့ တခြားအချိန်တွေမှာ တတ်နိုင်သလောက် ညီအစ်ကိုညီအစ်မတွေနဲ့ အချိန်ပေးစကားပြောတယ်။ အဲဒီအပြင် အကြီးအကဲ၊ အသင်းတော်အမှုထမ်းတွေနဲ့ တွေ့ဆုံပြီး သင့်တော်တဲ့ ကျမ်းစာဆုံးမစကား၊ အကြံဉာဏ်နဲ့ အားပေးမှုတွေ ပေးတယ်။ အဲဒါက သိုးတော်စုကို ထိန်းကျောင်းတဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ သူတို့ကို ကူညီပေးပါလိမ့်မယ်။ (ပညာ. ၂၇:၂၃။ တ. ၂၀:၂၆-၃၂။ ၁ တိ. ၄:၁၁-၁၆) ရှေ့ဆောင်တွေနဲ့လည်း တွေ့ဆုံစည်းဝေးပြီး သူတို့ရဲ့လုပ်ငန်းကို အားပေးတယ်။ အမှုဆောင်လုပ်ငန်းမှာ သူတို့ကြုံရနိုင်တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သတ်သတ်မှတ်မှတ် ကူညီပေးတယ်။
၄၆ ကိုင်တွယ်ဖြေရှင်းစရာ တခြားကိစ္စတွေ ရှိတယ်ဆိုရင်လည်း တိုက်နယ်ကြီးကြပ်မှူးက လည်ပတ်မှုအတွင်း အတတ်နိုင်ဆုံး ကူညီပေးပါလိမ့်မယ်။ တိုက်နယ်လည်ပတ်မှုအတွင်း ကိစ္စမပြီးပြတ်နိုင်ရင် သက်ဆိုင်တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ရှာဖွေလေ့လာဖို့ အကြီးအကဲတွေ၊ ဒီကိစ္စမှာ ပါဝင်သူတွေကို ကူညီပေးနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဌာနခွဲရုံးက ဆက်ဆောင်ရွက်စရာတွေ ရှိနေတယ်ဆိုရင် တိုက်နယ်ကြီးကြပ်မှူးနဲ့ အကြီးအကဲတွေက အသေးစိတ်မှတ်တမ်းကို ဌာနခွဲရုံးဆီ ပေးပို့အစီရင်ခံပါလိမ့်မယ်။
၄၇ အသင်းတော်ကို လည်ပတ်တဲ့အခါ တိုက်နယ်ကြီးကြပ်မှူးဟာ ပုံမှန် အသင်းတော် အစည်းအဝေးတွေကို တက်ရောက်တယ်။ ဌာနခွဲရုံးကလာတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အစည်းအဝေးတွေကို ပြုပြင်ပြောင်းလဲနိုင်တယ်။ အသင်းတော်ကို အားပေး၊ လှုံ့ဆော်၊ ညွှန်ကြားပြီး ခိုင်ခံ့စေဖို့ ဟောပြောချက်တွေ ပေးပါလိမ့်မယ်။ ယေဟောဝါ၊ ယေရှုခရစ်နဲ့ အဖွဲ့အစည်းကို ချစ်မြတ်နိုးလာအောင် ကြိုးစားကူညီပေးတယ်။
၄၈ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ရတဲ့ အဓိကအကြောင်းရင်း တစ်ခုကတော့ အမှုဆောင်လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်အောင် အားပေးဖို့၊ လက်တွေ့ကျ အကြံဉာဏ်တွေပေးဖို့ ဖြစ်တယ်။ အသင်းတော်မှာရှိသူ များစွာဟာ တိုက်နယ်အပတ်အတွင်း အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ဖို့ သူတို့ရဲ့ အစီအစဉ်တွေကို ပြုပြင်ချိန်ညှိနိုင်တယ်။ အရန်ရှေ့ဆောင်လုပ်ဖို့တောင် စီစဉ်နိုင်တယ်။ တိုက်နယ်ကြီးကြပ်မှူးနဲ့ဖြစ်ဖြစ်၊ သူ့ဇနီးနဲ့ဖြစ်ဖြစ် တွဲအမှုဆောင်လိုသူတွေဟာ ကြိုတင်ချိန်းချက်ထားနိုင်တယ်။ တိုက်နယ်ကြီးကြပ်မှူး ဒါမှမဟုတ် သူ့ဇနီးကို ကျမ်းစာသင်အံမှုတွေ၊ ပြန်လည်ပတ်မှုတွေဆီ ခေါ်သွားခြင်းကနေ အကျိုးကျေးဇူးများစွာ ရရှိနိုင်တယ်။ တိုက်နယ်လည်ပတ်မှုအတွင်း ဒီကဏ္ဍမှာ အပြည့်အဝ ထောက်ကူပေးတဲ့ သင်တို့ရဲ့ ထပ်ဆင့်ကြိုးပမ်းမှုကို သိပ်တန်ဖိုးထားလေးမြတ်ပါတယ်။—ပညာ. ၂၇:၁၇။
၄၉ တိုက်နယ်တစ်ခုစီမှာ နှစ်တိုင်း တိုက်နယ်အစည်းအဝေး နှစ်ကြိမ်ကျင်းပဖို့ စီစဉ်ထားတယ်။ တိုက်နယ်အစည်းအဝေး စီစဉ်ဖွဲ့စည်းမှုအားလုံးအတွက် တိုက်နယ်ကြီးကြပ်မှူးမှာ တာဝန်ရှိတယ်။ တိုက်နယ်ကြီးကြပ်မှူးဟာ တိုက်နယ်အစည်းအဝေး ကြီးကြပ်မှူးတစ်ယောက်နဲ့ လက်ထောက်ကြီးကြပ်မှူးတစ်ယောက်ကို ခန့်အပ်တယ်။ သူတို့က တိုက်နယ်အစည်းအဝေး စီစဉ်ဖွဲ့စည်းမှု ကိစ္စတွေကို တိုက်နယ်ကြီးကြပ်မှူးနဲ့အတူ ပူးပေါင်းလုပ်ဆောင်တယ်။ ဒီနည်းအားဖြင့် တိုက်နယ်ကြီးကြပ်မှူးဟာ အစီအစဉ်ကို အဓိက အာရုံစိုက်နိုင်ပါလိမ့်မယ်။ တိုက်နယ်ကြီးကြပ်မှူးဟာ ဌာနအသီးသီးကို တာဝန်ယူဖို့ အရည်အချင်းရှိ တခြားညီအစ်ကိုတွေကိုလည်း တာဝန်ပေးတယ်။ တိုက်နယ်အစည်းအဝေး တစ်ခုပြီးတိုင်း တိုက်နယ်ငွေစာရင်းကို စာရင်းစစ်ဖို့လည်း စီစဉ်တယ်။ တစ်နှစ်အတွင်း ကျင်းပတဲ့ တိုက်နယ်အစည်းအဝေး နှစ်ခုထဲက တစ်ခုကို ဌာနခွဲကိုယ်စားလှယ်က ဧည့်ဟောပြောသူအဖြစ် တာဝန်ယူပါလိမ့်မယ်။ ခရီးအကွာအဝေးကြောင့်ဖြစ်စေ၊ စည်းဝေးပွဲ အဆောက်အဦ သေးငယ်တဲ့အတွက်ကြောင့်ဖြစ်စေ တချို့တိုက်နယ်တွေမှာ အသင်းတော်တွေကို အုပ်စုခွဲပြီး တိုက်နယ်အစည်းအဝေး ကျင်းပကြတယ်။
၅၀ တိုက်နယ်ကြီးကြပ်မှူးဟာ လကုန်တိုင်း လယ်ကွင်းလုပ်ငန်း မှတ်တမ်းကို ဌာနခွဲရုံးဆီ တိုက်ရိုက်ပေးပို့တယ်။ ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်၊ လုပ်ငန်းအတွက် လိုအပ်တဲ့ တခြားကုန်ကျစရိတ်တွေကို သူလည်ပတ်တဲ့ အသင်းတော်က အကုန်အကျမခံရင် ဌာနခွဲရုံးဆီ တောင်းခံနိုင်တယ်။ ယေဟောဝါရဲ့ နိုင်ငံတော်ကို ဦးစားထားရင် ယေရှုကတိပြုတဲ့အတိုင်း ရုပ်ပစ္စည်းလိုအပ်ရာတွေ ရရှိမယ်ဆိုတာကို နယ်လှည့်ကိုယ်စားလှယ်တွေ ယုံကြည်စိတ်ချကြတယ်။ (လု. ၁၂:၃၁) အသင်းတော်တွေဟာ မိမိတို့ရဲ့အကျိုးအတွက် အမှုဆောင်နေတဲ့ သစ္စာရှိအကြီးအကဲတွေကို ဧည့်ဝတ်ပြုဖို့ အခွင့်အရေး ရရှိထားမှန်း အမြဲသိမှတ်ထားဖို့ လိုပါလိမ့်မယ်။—၃ ယော. ၅-၈။
ဌာနခွဲကော်မတီ
၅၁ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတိုင်းမှာ အရည်အချင်းရှိ ရင့်ကျက်တဲ့ ခရစ်ယာန်ညီအစ်ကိုတချို့ဟာ ဌာနခွဲကော်မတီအဖြစ် အမှုဆောင်တယ်။ အရေအတွက်အားဖြင့် သုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်မက ရှိတယ်။ ဌာနခွဲလက်အောက်မှာရှိတဲ့ နိုင်ငံ ဒါမှမဟုတ် နိုင်ငံတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးတယ်။ ကော်မတီဝင်တစ်ယောက်က ဌာနခွဲကော်မတီ ညှိနှိုင်းရေးမှူးအဖြစ် အမှုဆောင်တယ်။
၅၂ ဌာနခွဲကော်မတီဝင်တွေဟာ ဌာနခွဲနယ်မြေမှာရှိတဲ့ အသင်းတော်အားလုံးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ်ကြတယ်။ ဌာနခွဲကော်မတီဟာ ဌာနခွဲနယ်မြေတစ်ဝန်း နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးတယ်။ လယ်ကွင်းလုပ်ငန်း လိုအပ်ချက်တွေကို ကောင်းကောင်းကြီးကြပ်နိုင်အောင် အသင်းတော်တွေ၊ တိုက်နယ်တွေကို စနစ်တကျ ဖွဲ့စည်းထားကြောင်း အသေအချာ ကြည့်ရှုပေးတယ်။ ဌာနခွဲကော်မတီဟာ သာသနာပြု၊ အထူး၊ မှန်မှန်နဲ့ အရန်ရှေ့ဆောင် လုပ်ဆောင်မှုတွေကိုလည်း အာရုံစိုက်ပေးတယ်။ စည်းဝေးပွဲ၊ အစည်းအဝေးကြီး ကျင်းပတဲ့အခါ “အရာရာကို နည်းလမ်းတကျ၊ စည်းစနစ်တကျ လုပ်ဆောင်” နိုင်ဖို့ အစီအစဉ်တွေ၊ တာဝန်ခန့်အပ်မှုတွေကိုလည်း ပြုလုပ်ပေးတယ်။—၁ ကော. ၁၄:၄၀။
၅၃ နိုင်ငံတချို့မှာ တိုင်းပြည်ကော်မတီကို ခန့်အပ်တယ်။ တိုင်းပြည်ကော်မတီဟာ တခြားနိုင်ငံမှာရှိတဲ့ ဌာနခွဲကော်မတီတစ်ခုရဲ့ ကြီးကြပ်မှုအောက်မှာရှိတယ်။ တိုင်းပြည်ကော်မတီကို ခန့်အပ်ထားတဲ့အတွက် ကော်မတီတည်ရှိတဲ့နိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ လုပ်ငန်းကို အနီးကပ် ကြီးကြပ်နိုင်တယ်။ တိုင်းပြည်ကော်မတီဟာ ဗေသလအိမ်နဲ့ ဗေသလရုံး ကိစ္စတွေ၊ စာတွေ၊ မှတ်တမ်းတွေကို တာဝန်ယူ ကိုင်တွယ်ပေးတယ်။ အများအားဖြင့် လယ်ကွင်းလုပ်ငန်း လုပ်ဆောင်မှုတွေကို ကြီးကြပ်ပေးတယ်။ တိုင်းပြည်ကော်မတီဟာ နိုင်ငံတော် အကျိုးစီးပွား တိုးတက်ရေးအတွက် ဌာနခွဲကော်မတီနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။
၅၄ ဌာနခွဲကော်မတီတွေ၊ တိုင်းပြည်ကော်မတီတွေမှာ အမှုဆောင်သူတွေကို အုပ်ချုပ်ရေးအဖွဲ့က ခန့်အပ်တယ်။
ဌာနချုပ် ကိုယ်စားလှယ်များ
၅၅ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဌာနခွဲတစ်ခုစီကို အရည်အချင်းရှိ ညီအစ်ကိုတွေ လည်ပတ်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ပုံမှန်စီစဉ်ပေးတယ်။ ဒီတာဝန်ထမ်းဆောင်တဲ့ ညီအစ်ကို,ကို ဌာနချုပ်ကိုယ်စားလှယ်လို့ ခေါ်တယ်။ သူ့ရဲ့ အဓိကတာဝန်က ဗေသလမိသားစုကို အားပေးဖို့၊ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပေါ်လာနိုင်တဲ့ ပြဿနာတွေ၊ မေးခွန်းတွေကို ဖြေရှင်းရာမှာ ဌာနခွဲကော်မတီကို ကူညီပေးဖို့ ဖြစ်တယ်။ ရွေးချယ်ထားတဲ့ တိုက်နယ်ကြီးကြပ်မှူးတွေ၊ သာသနာပြုတွေနဲ့လည်း တွေ့ဆုံတယ်။ သူတို့ရဲ့ ပြဿနာတွေ၊ လိုအပ်ရာတွေအကြောင်း ပြောဆိုဆွေးနွေးတယ်။ သူတို့ရဲ့ အဓိကအရေးကြီးဆုံးလုပ်ငန်းဖြစ်တဲ့ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး လိုအပ်သလို အားပေးတယ်။
၅၆ ဌာနချုပ်ကိုယ်စားလှယ်ဟာ ဌာနခွဲနယ်မြေထဲမှာ လုပ်ဆောင်နေတဲ့ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းနဲ့ အသင်းတော် လုပ်ဆောင်မှုတွေကို အထူးစိတ်ဝင်စားတယ်။ အချိန်ရရင် ဘာသာပြန်ရုံးခွဲတွေကိုလည်း လည်ပတ်နိုင်တယ်။ ဌာနခွဲတစ်ခုကို ဌာနချုပ်ကိုယ်စားလှယ် လည်ပတ်တဲ့အခါ နိုင်ငံတော်သတင်း ဟောပြောခြင်းမှာလည်း အတတ်နိုင်ဆုံး ပါဝင်တယ်။
သိုးတော်စုကို ထိန်းကျောင်းဖို့ တာဝန်ရရှိထားတဲ့ ကြီးကြပ်မှူးတွေကို ဆက်လက်အောက်ခံတဲ့အခါ အသင်းတော်ရဲ့ ဦးခေါင်း ခရစ်တော်ယေရှုနဲ့ ကျွန်တော်တို့ တစည်းတလုံးတည်း ဖြစ်လာကြတယ်
မေတ္တာပါကြီးကြပ်မှု
၅၇ ရင့်ကျက်တဲ့ ခရစ်ယာန်အမျိုးသားတွေရဲ့ အလုပ်ကြိုးစားမှု၊ မေတ္တာပါ စောင့်ရှောက်မှုတွေကနေ ကျွန်တော်တို့ အကျိုးများစွာ ရရှိကြတယ်။ သိုးတော်စုကို ထိန်းကျောင်းဖို့ တာဝန်ရရှိထားတဲ့ ခန့်အပ်ခံကြီးကြပ်မှူးတွေကို ဆက်လက်အောက်ခံတဲ့အခါ အသင်းတော်ရဲ့ ဦးခေါင်း ခရစ်တော်ယေရှုနဲ့ ကျွန်တော်တို့ တစည်းတလုံးတည်း ဖြစ်လာကြတယ်။ (၁ ကော. ၁၆:၁၅-၁၈။ ဧ. ၁:၂၂၊ ၂၃) ရလဒ်အနေနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်တွေကို ဘုရားသခင့် စွမ်းအားတော် လွှမ်းမိုးပြီး ကမ္ဘာတစ်ဝန်း လုပ်ဆောင်နေတဲ့ လုပ်ငန်းကို ဘုရားသခင့် စကားတော် ကျမ်းစာက လမ်းညွှန်ပေးတယ်။—ဆာ. ၁၁၉:၁၀၅။