အခန်း ၁၅
ဦးစီးမှုဆိုင်ရာ ဘုရားသခင့် အစီအစဉ်ကို လက်အောက်ခံခြင်းကနေ အကျိုးရရှိခြင်း
ယေဟောဝါရဲ့ အလိုတော် ထမ်းဆောင်နိုင်အောင် ဖွဲ့စည်းခံရဖို့ဆိုရင် စကြဝဠာ ပိုင်သအုပ်စိုးရှင် ဘုရားသခင်ကို လက်အောက်ခံဖို့ မရှိမဖြစ် လိုအပ်တယ်။ ခရစ်ယာန် အသင်းတော်အပေါ် သားတော်ရဲ့ ဦးစီးမှုကို ကျွန်တော်တို့ အသိအမှတ်ပြုကြတယ်။ တခြားဘဝကဏ္ဍတွေမှာလည်း ဦးစီးမှုမူကို ကျင့်သုံးကြတယ်။ အဲဒီဦးစီးမှု အစီအစဉ်တွေက သက်ဆိုင်သူအားလုံးကို အကျိုးပြုတယ်။
၂ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အခွင့်အာဏာကို လက်အောက်ခံတယ်ဆိုတဲ့ အယူအဆဟာ ဧဒင်ဥယျာဉ်မှာ အစပြုခဲ့တယ်။ ကမ္ဘာဦး ၁:၂၈ နဲ့ ၂:၁၆၊ ၁၇ မှာ တွေ့ရတဲ့ ဘုရားသခင့် မိန့်မှာချက်မှာ အဲဒီအယူအဆ ပါဝင်တယ်။ ပိုနိမ့်ကျတဲ့ သတ္တဝါတွေက လူသားတွေကို လက်အောက်ခံရမှာ ဖြစ်ပြီး အာဒံနဲ့ ဧဝက ဘုရားသခင့် အလိုတော်နဲ့ အခွင့်အာဏာကို လက်အောက်ခံကြရပါမယ်။ ဘုရားသခင့် အခွင့်အာဏာကို နာခံမှုကြောင့် ငြိမ်သက်မှုနဲ့ စည်းစနစ်ကျနမှု ရှိလာပါလိမ့်မယ်။ ဦးစီးမှုဆိုင်ရာမူကို နောက်ပိုင်း ၁ ကောရိန္သု ၁၁:၃ မှာ ဖော်ပြထားတယ်။ ‘ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်၊ မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား၊ ခရစ်တော်ရဲ့ ဦးခေါင်းဟာ ဘုရားသခင်ပဲဆိုတာ ခင်ဗျားတို့ကို သိစေချင်တယ်’ လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ အဲဒီအစီအစဉ်အရ ယေဟောဝါကလွဲလို့ လူတိုင်းဟာ ဦးစီးမှုကို လက်အောက်ခံကြရပါမယ်။
၃ ဒီနေ့ခေတ်မှာ လူအများစုက ဦးစီးမှုဆိုင်ရာမူကို အသိအမှတ် မပြုကြသလို လိုက်လည်း မလိုက်နာကြဘူး။ ဘာကြောင့်လဲ။ လူသားမျိုးနွယ်ရဲ့ မိဘနှစ်ပါးဟာ ဧဒင်မှာ ဘုရားသခင့် ပိုင်သအုပ်စိုးမှုအောက်ကနေ တမင်တကာ ရုန်းထွက်ခဲ့ချိန်ကစပြီး ဒုက္ခဝေဒနာတွေ စတင်ခဲ့တယ်။ (က. ၃:၄၊ ၅) ဒါပေမဲ့ သူတို့ လွတ်လပ်မှု ပိုမရရှိခဲ့ကြပါဘူး။ အဲဒီအစား ဆိုးညစ်တဲ့ နာမ်ဝိညာဉ်သတ္တဝါ စာတန်မာရ်နတ်ရဲ့ လက်အောက်ခံတွေ ဖြစ်သွားကြတယ်။ ဦးဆုံး ပုန်ကန်မှုကြောင့် လူသားတွေဟာ ဘုရားသခင်နဲ့ ကင်းကွာခဲ့ကြရတယ်။ (ကော. ၁:၂၁) ရလဒ်အနေနဲ့ ဒီနေ့ခေတ် လူအများစုဟာ ဆိုးညစ်သူရဲ့ သြဇာအောက်မှာ ရှိနေကြတယ်။—၁ ယော. ၅:၁၉။
၄ ကျမ်းစာအမှန်တရားကို လေ့လာခြင်း၊ အဲဒီအတိုင်း လိုက်လျှောက်ခြင်းအားဖြင့် စာတန့်သြဇာအောက်ကနေ ကျွန်တော်တို့ ရုန်းထွက်ခဲ့ကြပါပြီ။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား သက်သေခံတွေအနေနဲ့ ယေဟောဝါကို ကျွန်တော်တို့ဘဝရဲ့ ပိုင်သအုပ်စိုးရှင်အဖြစ် လက်ခံကြတယ်။ ယေဟောဝါကို “အရာခပ်သိမ်းရဲ့ အထွတ်အဖြစ်” ဘုရင်ဒါဝိဒ်လိုပဲ အသိအမှတ်ပြုကြတယ်။ (၁ ရာ. ၂၉:၁၁) မှန်ပါတယ်။ “ယေဟောဝါဟာ ဘုရားသခင်ပဲဆိုတာ သိမှတ်ကြပါ။ ဘုရားဟာ ငါတို့ကို ဖန်ဆင်းတဲ့အရှင်ပဲ။ ငါတို့ကို ပိုင်တဲ့အရှင်ပဲ။ ငါတို့ဟာ ဘုရားရဲ့ လူတွေ၊ ဘုရားရဲ့ စားကျက်ထဲက သိုးတွေပဲ” ဆိုတာ နှိမ့်ချစွာ ဝန်ခံပါတယ်။ (ဆာ. ၁၀၀:၃) ယေဟောဝါဟာ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့အတွက် ကြီးမြတ်ပြီး အကြွင်းမဲ့ လက်အောက်ခံမှုကို ရရှိထိုက်မှန်း ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ (ဗျာ. ၄:၁၁) စစ်မှန်တဲ့ ဘုရားသခင်ရဲ့ အမှုဆောင်တွေအနေနဲ့ ဘုရားသခင်ကို လက်အောက်ခံရာမှာ အကောင်းဆုံး ပုံသက်သေချမှတ်ခဲ့တဲ့ ယေရှုခရစ်နောက်ကို လိုက်နေကြတယ်။
၅ ကမ္ဘာပေါ်ရှိတုန်းက ခံစားခဲ့ရတဲ့ ဒုက္ခဝေဒနာတွေကနေ ယေရှု ဘာသင်ယူခဲ့သလဲ။ “ဘုရားသခင်ရဲ့ သားဖြစ်ပေမဲ့ ဆင်းရဲဒုက္ခခံခြင်းအားဖြင့် နာခံတတ်ဖို့ သင်ယူခဲ့တယ်” လို့ ဟီဘရူး ၅:၈ က အဖြေပေးတယ်။ မှန်ပါတယ်။ ယေရှုဟာ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာတောင် ကောင်းကင်ဖခင်ကို သစ္စာရှိရှိ ဆက်လက်အောက်ခံခဲ့တယ်။ ကိုယ်တိုင် အစပြုပြီး ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ကိုယ့်သဘောအတိုင်း မသင်ပေးဘူး။ ကိုယ်ဂုဏ်တက်ဖို့ မကြိုးစားဘူး။ (ယော. ၅:၁၉၊ ၃၀။ ၆:၃၈။ ၇:၁၆-၁၈) ဖခင်ရဲ့ အလိုတော်ဆောင်လို့ ဆန့်ကျင်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ရင်ဆိုင်ရပေမဲ့ အလိုတော် ဆောင်ရတာကို ပျော်မွေ့ခဲ့တယ်။ (ယော. ၁၅:၂၀) ဘုရားသခင်ကို လက်အောက်ခံပြီး “ဒုက္ခသစ်တိုင်ပေါ် အသေခံတဲ့အထိ နာခံခဲ့တယ်။” ယေရှုရဲ့ အကြွင်းမဲ့ လက်အောက်ခံခြင်းက ရလဒ်ကောင်းများစွာ ရရှိစေတယ်။ လူသားတွေ ထာဝရ ကယ်တင်ခြင်း ရရှိတယ်။ ကိုယ်တိုင် ချီးမြှောက်ခံရပြီး ဖခင်ရဲ့ ဘုန်းတော် ထင်ရှားခဲ့တယ်။—ဖိ. ၂:၅-၁၁။ ဟီ. ၅:၉။
ဦးစီးမှုဆိုင်ရာ ဘုရားသခင့် အစီအစဉ်ကို လက်အောက်ခံခြင်း ကဏ္ဍများ
၆ ဘုရားသခင့် အလိုတော် ထမ်းဆောင်ခြင်းအားဖြင့် ဘုရားကို လက်အောက်ခံတဲ့အခါ ယေဟောဝါရဲ့ ပိုင်သအုပ်စိုးမှုကို လက်အောက်မခံသူတွေ ကြုံတွေ့ရတဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ပျက်စရာများစွာကနေ လွတ်ကင်းကြရတယ်။ ရန်သူမာရ်နတ်ဟာ ကျွန်တော်တို့ကို ဝါးမျိုဖို့ မပြတ် စောင့်ကြည့်နေတယ်။ အဲဒီဆိုးညစ်သူကို ခုခံတွန်းလှန်ပြီး ယေဟောဝါကို လိုလိုလားလား နှိမ့်ချစွာ လက်အောက်ခံမယ်ဆိုရင် သူ့လက်ကနေ လွတ်မြောက်ပါလိမ့်မယ်။—မ. ၆:၁၀၊ ၁၃။ ၁ ပေ. ၅:၆-၉။
၇ ခရစ်ယာန် အသင်းတော်မှာ ခရစ်တော်ရဲ့ ဦးစီးမှုနဲ့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ဆီ ပေးအပ်ထားတဲ့ အခွင့်အာဏာကို ကျွန်တော်တို့ အသိအမှတ်ပြုကြတယ်။ ဒါက အချင်းချင်းအပေါ် ကျွန်တော်တို့ရဲ့ သဘောထားနဲ့ အပြုအမူကို အကျိုးသက်ရောက်တယ်။ အသင်းတော်မှာ ဘုရားရေးရာ လက်အောက်ခံခြင်းက ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကဏ္ဍတိုင်းမှာ ကျမ်းစာကို နာခံဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ အဲဒီထဲမှာ အမှုဆောင်လုပ်ငန်း၊ အစည်းအဝေးတွေ တက်ရောက်ပါဝင်ခြင်း၊ အကြီးအကဲတွေနဲ့ ဆက်ဆံရေး၊ အဖွဲ့အစည်း အစီအစဉ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းတို့ ပါဝင်တယ်။—မ. ၂၄:၄၅-၄၇။ ၂၈:၁၉၊ ၂၀။ ဟီ. ၁၀:၂၄၊ ၂၅။ ၁၃:၇၊ ၁၇။
၈ ဘုရားသခင်ကို လက်အောက်ခံခြင်းက ခရစ်ယာန် အသင်းတော်မှာ ငြိမ်သက်မှု၊ လုံခြုံမှု၊ စည်းစနစ်ကျနမှုတို့ကို ဖြစ်ပေါ်စေတယ်။ ဘုရားသခင့် လက်အောက်ခံတွေဆီမှာ ယေဟောဝါရဲ့ အရည်အသွေးတွေ ပေါ်လွင်ထင်ရှားနေတယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ကိုယ်တိုင် တွေ့ကြုံခံစားနေရတာတွေကြောင့် ဘုရင်ဒါဝိဒ်လို ပြောဖို့ လှုံ့ဆော်ခံကြရတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေနဲ့ လူဆိုးတွေရဲ့ ခြားနားချက်ကို သတိပြုမိပြီးနောက် “ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်နေသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ဒါဝိဒ် ဝမ်းမြောက်ဝမ်းသာ ပြောခဲ့တယ်။—ဆာ. ၁၄၄:၁၅။
၉ အိမ်ထောင်နဲ့ မိသားစုမှာ “မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား” ဖြစ်တယ်။ တစ်ချိန်တည်းမှာ ယောက်ျားတွေဟာ ခရစ်တော်ကို လက်အောက်ခံကြရပြီး ခရစ်တော်ရဲ့ ဦးခေါင်းဟာ ဘုရားသခင် ဖြစ်တယ်။ (၁ ကော. ၁၁:၃) ဇနီးတွေဟာ ကိုယ့်လင်ယောက်ျားကို လက်အောက်ခံကြရပြီး သားသမီးတွေက မိဘတွေကို လက်အောက်ခံကြရတယ်။ (ဧ. ၅:၂၂-၂၄။ ၆:၁) ဦးစီးမှုဆိုင်ရာမူကို မိသားစုဝင်တိုင်း လိုက်နာတဲ့အခါ ငြိမ်သက်မှု ခံစားကြရတယ်။
၁၀ လင်ယောက်ျားဟာ ခရစ်တော်ကို တုပပြီး မေတ္တာနဲ့ ဦးစီးဖို့ ဖြစ်တယ်။ (ဧ. ၅:၂၅-၂၉) ဦးစီးမှုကို အလွဲသုံးစား မလုပ်ဘူး၊ မရှောင်လွှဲဘူးဆိုရင် ဇနီးနဲ့ သားသမီးတွေဟာ လက်အောက်ခံရတာကို နှစ်သက်ပျော်မွေ့ကြပါလိမ့်မယ်။ ဇနီးရဲ့ အခန်းကဏ္ဍက ကူဖော်လောင်ဖက်၊ တွဲဖက် ဖြစ်တယ်။ (က. ၂:၁၈) လင်ယောက်ျားကို စိတ်ရှည်ရှည် ထောက်မပေးပြီး လေးစားခြင်းအားဖြင့် လင်ယောက်ျားရဲ့ မျက်နှာသာ ရရှိပြီး ဘုရားသခင်ကို ချီးမွမ်းမှု ဖြစ်စေတယ်။ (၁ ပေ. ၃:၁-၄) ဦးစီးမှုဆိုင်ရာ ကျမ်းစာသွန်သင်ချက်ကို လင်မယားတွေ လိုက်နာတဲ့အခါ ဘုရားသခင်ကို လက်အောက်ခံဖို့ သားသမီးတွေကို ပုံသက်သေချမှတ်ပေးရာရောက်တယ်။
ဦးစီးမှုဆိုင်ရာ ဘုရားသခင့် အစီအစဉ်ကို လက်အောက်ခံခြင်းက ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍတိုင်းအပေါ် အကျိုးသက်ရောက်တယ်
၁၁ ဘုရားသခင်ကို လက်အောက်ခံခြင်းက ‘ဘုရားသခင် အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာ ပေးအပ်ထား’ တဲ့ “အထက်အာဏာပိုင်တွေ” အပေါ် ကျွန်တော်တို့ရဲ့ သဘောထားကိုလည်း အကျိုးသက်ရောက်တယ်။ (ရော. ၁၃:၁-၇) ဥပဒေ နာခံတဲ့ နိုင်ငံသားတွေအနေနဲ့ အခွန်တွေ ပေးဆောင်ခြင်းအားဖြင့် “ဆီဇာနဲ့ ဆိုင်တာ ဆီဇာကို ပေးပြီး ဘုရားသခင်နဲ့ ဆိုင်တာ ဘုရားသခင်ကို ပေး’ နေကြတယ်။ (မ. ၂၂:၂၁) ရပ်ကွက်ပြီးစီးအောင် လုပ်ဆောင်တဲ့ အစီအစဉ်တွေဟာ သက်ဆိုင်ရာ အချက်အလက် ကာကွယ်ရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီသင့်တယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ပညတ်နဲ့ မဆန့်ကျင်တဲ့ အရာမှန်သမျှမှာ အထက်အာဏာပိုင်တွေကို လက်အောက်ခံပြီး နာခံခြင်းအားဖြင့် ဟောပြောခြင်းလုပ်ငန်းမှာ ကိုယ့်အားထုတ်မှုနဲ့ အစွမ်းခွန်အားတွေကို အသုံးပြုနိုင်ကြတယ်။—မာ. ၁၃:၁၀။ တ. ၅:၂၉။
၁၂ ဦးစီးမှုဆိုင်ရာ ဘုရားသခင့် အစီအစဉ်ကို လက်အောက်ခံခြင်းက ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍတိုင်းအပေါ် အကျိုးသက်ရောက်တယ်။ ယေဟောဝါဘုရားကို လူသားအားလုံး လက်အောက်ခံလာမယ့်နေ့ကို ယုံကြည်ခြင်းမျက်စိနဲ့ ကျွန်တော်တို့ မြင်တွေ့နေကြတယ်။ (၁ ကော. ၁၅:၂၇၊ ၂၈) ယေဟောဝါရဲ့ ပိုင်သအုပ်စိုးမှုကို ဝမ်းမြောက်ဝမ်းသာ အသိအမှတ်ပြုပြီး ထာဝရ လက်အောက်ခံနေသူတွေ တကယ့်ကို ဘုရားသခင့် ကောင်းချီးနဲ့ မျက်နှာသာ ခံစားကြရပါလိမ့်မယ်။