ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od အခန်း ၁၃ စာ. ၁၃၀-၁၄၀
  • “ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ”
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားရေးရာနဲ့ ကိုယ်ကျင့်တရား သန့်ရှင်းမှု
  • ရုပ်ပိုင်း သန့်ရှင်းမှု
  • အကျိုးပြုတဲ့ အပန်းဖြေမှုနဲ့ ဖျော်ဖြေမှု
  • ကျောင်းလှုပ်ရှားမှုများ
  • လောကအလုပ်နဲ့ အပေါင်းအသင်းများ
  • စည်းစည်းလုံးလုံး နေထိုင်ခြင်း
  • သန့်ရှင်းတဲ့လူမျိုးကို ဘုရားသခင် ချစ်တယ်
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • လန်းဆန်းစေသော အကျိုးပြုအပန်းဖြေမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သင့်အပန်းဖြေမှုက အကျိုးပြုသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါက မိမိလူမျိုးကို သန့်ရှင်းစေချင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od အခန်း ၁၃ စာ. ၁၃၀-၁၄၀

အခန်း ၁၃

“ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ”

ဘုရားသခင့် ဆက်ကပ်အပ်နှံ ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ပြောဆိုပြုမူသမျှမှာ ယေဟောဝါရဲ့ ဘုန်းတော်ကို ထင်ရှားစေဖို့ တာဝန် ရှိတယ်။ “စားတာဖြစ်ဖြစ်၊ သောက်တာဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ” ဆိုတဲ့ လမ်းညွှန်မူကို တမန်တော် ပေါလု ဖော်ပြခဲ့တယ်။ (၁ ကော. ၁၀:၃၁) အဲဒီထဲမှာ ယေဟောဝါရဲ့ စုံလင်တဲ့ ဂုဏ်ရည်တော်ကို ထင်ဟပ်တဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်ခြင်း ပါဝင်တယ်။ (ကော. ၃:၁၀) ကျွန်တော်တို့ဟာ သန့်ရှင်းတဲ့လူမျိုးအဖြစ် ဘုရားသခင်ကို တုပသူတွေ ဖြစ်ရမယ်။—ဧ. ၅:၁၊ ၂။

၂ အဲဒီအချက်ကို ခရစ်ယာန်တွေ သတိပြုမိစေဖို့ တမန်တော် ပေတရု ဒီလိုရေးတယ်– “နာခံတတ်တဲ့ သားသမီးတွေ ဖြစ်ကြပါ။ ဘုရားသခင်ကို မသိခင်က ခင်ဗျားတို့မှာ ရှိခဲ့တဲ့ အလိုဆန္ဒတွေရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ ခင်ဗျားတို့ကို ခေါ်ယူတဲ့အရှင်ဟာ သန့်ရှင်းတဲ့အတွက် ခင်ဗျားတို့လည်း ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။ ‘ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။” (၁ ပေ. ၁:၁၄-၁၆) ရှေးခေတ် အစ္စရေးတွေလိုပဲ ခရစ်ယာန် အသင်းတော်မှာ ရှိသူအားလုံးလည်း သန့်ရှင်းမှု ဆက်ရှိနေဖို့ တောင်းဆိုခံရတယ်။ သူတို့ဟာ နာမည်ပျက် မရှိဘဲ အပြစ်အစွန်းအထင်းနဲ့ လောကဆန်ခြင်း ကင်းရှင်းရမယ်ဆိုတဲ့ သဘော ဖြစ်တယ်။ ဒီနည်းအားဖြင့် မြင့်မြတ်တဲ့ လုပ်ငန်းတော်အတွက် သူတို့ သီးသန့်ဖယ်ထားခံရတယ်။—ထွ. ၂၀:၅။

၃ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ယေဟောဝါရဲ့ ပညတ်တွေနဲ့ မူတွေကို လိုက်နာခြင်းအားဖြင့် သန့်ရှင်းမှု ဆက်ရှိနေတယ်။ (၂ တိ. ၃:၁၆) ကျမ်းစာကို လေ့လာခြင်းအားဖြင့် ယေဟောဝါနဲ့ နည်းလမ်းတော်တွေအကြောင်း သိရှိလာပြီး ဘုရားသခင်ဆီ ဆွဲဆောင်ခံရကြတယ်။ ကျမ်းစာလေ့လာခြင်းက ဘုရားသခင့် နိုင်ငံတော်ကို ဦးစားထားဖို့၊ ယေဟောဝါရဲ့ အလိုတော် ဆောင်ခြင်းကို ဘဝမှာ အဓိကထားဖို့ လိုအပ်မှန်း အခိုင်အမာ ယုံကြည်စေတယ်။ (မ. ၆:၃၃။ ရော. ၁၂:၂) အဲဒီအတွက် စရိုက်သစ် ဝတ်ဆင်ဖို့ လိုအပ်တယ်။—ဧ. ၄:၂၂-၂၄။

ဘုရားရေးရာနဲ့ ကိုယ်ကျင့်တရား သန့်ရှင်းမှု

၄ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်ဖို့ဆိုတာ အမြဲတော့ မလွယ်ကူဘူး။ အမှန်တရားကနေ ကျွန်တော်တို့ လမ်းလွဲသွားစေဖို့ ရန်သူ စာတန်မာရ်နတ် ကြိုးစားနေတယ်။ ဒီလောကရဲ့ မကောင်းတဲ့ သြဇာလွှမ်းမိုးမှုနဲ့ ကိုယ်တိုင်ရဲ့ အပြစ်လုပ်ချင်စိတ်ကြောင့်လည်း တစ်ခါတလေ ခက်ခဲတယ်။ ဆက်ကပ်အပ်နှံမှုအတိုင်း နေထိုင်ဖို့ဆိုရင် တိုက်လှန်နေဖို့ လိုအပ်တယ်။ ဆန့်ကျင်မှုတွေ၊ စမ်းသပ်မှုတွေ ရင်ဆိုင်ရတဲ့အခါ မအံ့သြဖို့ ကျမ်းစာမှာ ပြောထားတယ်။ ဖြောင့်မတ်ခြင်းအတွက် ကျွန်တော်တို့ ဒုက္ခခံရမယ်။ (၂ တိ. ၃:၁၂) စမ်းသပ်မှုတွေ ကြုံရတာက ဘုရားသခင့် အလိုတော် ထမ်းဆောင်နေတယ်ဆိုတဲ့ အထောက်အထား ဖြစ်လို့ ကျွန်တော်တို့ ပျော်ရွှင်နိုင်တယ်။—၁ ပေ. ၃:၁၄-၁၆။ ၄:၁၂၊ ၁၄-၁၆။

၅ ယေရှုဟာ စုံလင်ပေမဲ့ ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့် နာခံမှုကို သင်ယူခဲ့တယ်။ စာတန်ရဲ့ သွေးဆောင်မှုတွေကိုဖြစ်စေ၊ လောကရဲ့ အလိုဆန္ဒတွေကိုဖြစ်စေ တစ်ခါမှ အညံ့မခံခဲ့ဘူး။ (မ. ၄:၁-၁၁။ ယော. ၆:၁၅) အလျှော့ပေးဖို့ ယေရှု တစ်ခါမှ မစဉ်းစားခဲ့ဘူး။ သူ့ရဲ့ သစ္စာရှိလမ်းစဉ်ကြောင့် လောကရဲ့ မုန်းတီးမှုကို ခံရတာတောင် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်ခဲ့တယ်။ တပည့်တွေဟာ လောကရဲ့ မုန်းတီးခြင်း ခံရမယ်လို့ မသေဆုံးခင်လေးမှာ ယေရှု သတိပေးသွားတယ်။ အဲဒီအချိန်ကစပြီး ယေရှုရဲ့ နောက်လိုက်တွေဟာ ဆင်းရဲဒုက္ခတွေ ကြုံခဲ့ရပေမဲ့ လောကကို ဘုရားသခင့်သားတော် အောင်ပြီဆိုတဲ့ အသိစိတ်ကြောင့် အားရှိခဲ့ကြတယ်။—ယော. ၁၅:၁၉။ ၁၆:၃၃။ ၁၇:၁၆။

၆ ကျွန်တော်တို့ဟာ လောကနဲ့ သီးခြားနေဖို့ဆိုရင် သခင်ယေရှုလိုပဲ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာဖို့ လိုအပ်တယ်။ လောကနိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေမှာ မပါဝင်ရုံသာမက လောကရဲ့ ကိုယ်ကျင့်တရား ကျဆင်းမှုကိုပါ တွန်းလှန်ရမယ်။ “ညစ်ညူးတဲ့အရာ၊ ဆိုးသွမ်းတဲ့အရာ မှန်သမျှကို အစအနပါ မကျန် ဖယ်ရှားကြပါ။ ခင်ဗျားတို့ကို ကယ်တင်နိုင်တဲ့ တရားစကားတော် စိုက်ပျိုးတာကို နူးညံ့သိမ်မွေ့တဲ့ စိတ်နဲ့ လက်ခံကြပါ” ဆိုတဲ့ ယာကုပ် ၁:၂၁ မှာ ပါတဲ့ အကြံဉာဏ်ကို ကျွန်တော်တို့ အလေးအနက် သဘောထားကြတယ်။ ကျမ်းစာ လေ့လာခြင်း၊ အစည်းအဝေး တက်ရောက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်နဲ့ နှလုံးမှာ အမှန်တရား “တရားစကားတော် စိုက်ပျိုးတာကို” ခံယူနိုင်တဲ့အပြင် လောက ကမ်းလှမ်းတဲ့အရာတွေကို လိုချင်စိတ်တောင် ဖြစ်မိမှာ မဟုတ်ဘူး။ “ဖောက်ပြန်သူတို့၊ လောကနဲ့ မိတ်ဖွဲ့သူဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်မှန်း မသိကြဘူးလား။ လောကရဲ့ မိတ်ဆွေ ဖြစ်ချင်သူဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်လိမ့်မယ်” လို့ တပည့်တော် ယာကုပ် ရေးခဲ့တယ်။ (ယာ. ၄:၄) ဒါကြောင့် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်လျှောက်ဖို့၊ လောကနဲ့ သီးခြားနေဖို့ ကျမ်းစာမှာ အလေးအနက် တိုက်တွန်းထားတာ ဖြစ်တယ်။

၇ ရှက်စရာကောင်းတဲ့၊ ညစ်ညမ်းတဲ့ အကျင့်တွေကို မကျင့်ဖို့ ကျမ်းစာမှာ သတိပေးထားတယ်။ “လိင်အကျင့်ယိုယွင်းခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်း အကြောင်းတွေကို စကားနဲ့တောင် မပြောကြနဲ့။ ဒါတွေဟာ သန့်ရှင်းသူတွေနဲ့ လုံးဝ မအပ်စပ်ဘူး” လို့ ကျမ်းစာ ပြောတယ်။ (ဧ. ၅:၃) ဒါကြောင့် ညစ်ညမ်းတဲ့၊ ရှက်စရာကောင်းတဲ့၊ ယုတ်ညံ့တဲ့အရာတွေအကြောင်း တွေးတာကို ရှောင်ကြဉ်ရမယ်။ ကိုယ့်အပြောအဆိုထဲမှာ အဲဒီလိုအရာတွေ မပါလာစေဖို့ သတိပြုရမယ်။ ဒီနည်းအားဖြင့် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ သန့်ရှင်းဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်ချင်တယ်ဆိုတာ ကျွန်တော်တို့ သက်သေပြနေကြတယ်။

ရုပ်ပိုင်း သန့်ရှင်းမှု

၈ ခရစ်ယာန်တွေဟာ ဘုရားရေးရာနဲ့ ကိုယ်ကျင့်တရား သန့်ရှင်းမှုအပြင် ရုပ်ပိုင်း သန့်ရှင်းဖို့ အရေးကြီးတာကိုလည်း အသိအမှတ်ပြုရမယ်။ ရှေးခေတ် အစ္စရေးလူမျိုးရဲ့ တပ်စခန်းကို သန့်သန့်ရှင်းရှင်းထားဖို့ သန့်ရှင်းတဲ့ ဘုရားသခင် တောင်းဆိုတယ်။ ကျွန်တော်တို့လည်း ကိုယ့်ဆီမှာ “မစင်ကြယ်တဲ့အရာ တစ်ခုခုကို” ယေဟောဝါ မမြင်စေဖို့ သန့်ရှင်းနေရမယ်။—တရား. ၂၃:၁၄။

၉ သန့်ရှင်းမြင့်မြတ်မှုနဲ့ ရုပ်ပိုင်း သန့်ရှင်းမှုကို ကျမ်းစာမှာ အနီးကပ် ဆက်စပ်ထားတယ်။ ဥပမာ၊ “ချစ်ရသူတို့၊ အဲဒီကတိတော်တွေကို ကျွန်တော်တို့ ရရှိထားတဲ့အတွက် ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့ စိတ်နဲ့ သန့်ရှင်းအောင် အသက်ရှင်နေကြစို့” လို့ ပေါလု ရေးတယ်။ (၂ ကော. ၇:၁) ဒါကြောင့် ခရစ်ယာန် အမျိုးသား၊ အမျိုးသမီးတွေဟာ ပုံမှန် ရေချိုးခြင်း၊ အဝတ်အစားတွေကို လျှော်ဖွပ်ခြင်းအားဖြင့် ခန္ဓာကိုယ် သန့်ရှင်းမှု ရှိဖို့ ကြိုးစားသင့်တယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခု အခြေအနေတွေ ကွာခြားပေမဲ့ ခန္ဓာကိုယ် သန့်ရှင်းနေဖို့၊ ကိုယ့်သားသမီးတွေ သန့်ရှင်းနေဖို့ ဆပ်ပြာနဲ့ ရေ အလုံအလောက်တော့ ရရှိနိုင်ပါတယ်။

၁၀ သက်သေခံလုပ်ငန်းကြောင့် ကျွန်တော်တို့ကို ကိုယ့်အရပ်ဒေသမှာ လူသိများလေ့ရှိတယ်။ အိမ်အတွင်းအပြင်ကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ထားခြင်း ကိုယ်နှိုက်က အိမ်နီးချင်းတွေအတွက် သက်သေခံချက်တစ်ရပ် ဖြစ်တယ်။ အဲဒီလိုဖြစ်နိုင်အောင် မိသားစုတစ်ခုလုံး ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုအပ်တယ်။ သန့်ရှင်းသပ်ရပ်တဲ့ အိမ်နဲ့ ဝင်းခြံကြောင့် တခြားသူတွေရဲ့ နှစ်သက်မှု ရရှိနိုင်တဲ့အတွက် ညီအစ်ကိုတွေဟာ အိမ်နဲ့ ဝန်းကျင်ကို အထူးစိတ်ဝင်စားသင့်တယ်။ အဲဒီအပြင် အိမ်ထောင်ဦးစီးတွေဟာ ဘုရားရေးရာ ကိစ္စတွေမှာလည်း ဦးဆောင်ခြင်းအားဖြင့် အိမ်ထောင်ကို ကောင်းကောင်း ဦးစီးနေမှန်း ဖော်ပြတယ်။ (၁ တိ. ၃:၄၊ ၁၂) ညီအစ်မတွေလည်း အထူးသဖြင့် အိမ်တွင်းကိစ္စတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန် ရှိတယ်။ (တိ. ၂:၄၊ ၅) ကောင်းကောင်း လေ့ကျင့်ပေးထားတဲ့ သားသမီးတွေဟာ ကိုယ်တိုင်နဲ့ အခန်းတွေကို သန့်ရှင်းသပ်ရပ်စွာ ထားဖို့ ကိုယ့်တာဝန်ကိုယ် လုပ်ဆောင်ကြတယ်။ ဒီနည်းအားဖြင့် ဘုရားသခင့် နိုင်ငံတော်အောက်၊ ကမ္ဘာသစ်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် သန့်ရှင်းမှုပုံစံအတိုင်း နေနိုင်အောင် မိသားစုလိုက် လုပ်ဆောင်နေကြတယ်။

၁၁ ဒီနေ့ခေတ် ယေဟောဝါသက်သေများစွာဟာ အစည်းအဝေး အသွားအပြန်အတွက် ကားတွေ အသုံးပြုကြတယ်။ ဒေသတချို့မှာ အမှုဆောင်လုပ်ငန်းအတွက် ကားမရှိမဖြစ် လိုအပ်တယ်။ ကားကို သန့်သန့်ရှင်းရှင်းထားပြီး ကောင်းကောင်း ပြုပြင်ထိန်းသိမ်းသင့်တယ်။ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ သန့်ရှင်းတဲ့ လူမျိုးအဝင် ဖြစ်တယ်ဆိုတာ အိမ်နဲ့ ကားတွေက သက်သေထူသင့်တယ်။ အမှုဆောင်မှာ သုံးတဲ့ အိတ်နဲ့ ကျမ်းစာကိုလည်း အလားတူ သန့်ရှင်းသပ်ရပ်စွာ ထားသင့်တယ်။

၁၂ ကျွန်တော်တို့ရဲ့ ဝတ်စားဖြီးလိမ်းပုံဟာ ဘုရားရေးရာ မူတွေနဲ့ ကိုက်ညီသင့်တယ်။ ဖိုသီဖတ်သီ၊ ဖြစ်ကတတ်ဆန်း ဝတ်ဆင်ပြီး အရာရှိကြီးနဲ့ သွားတွေ့ဖို့ ကျွန်တော်တို့ စဉ်းစားမှာ မဟုတ်ဘူး။ အမှုဆောင်လုပ်ငန်းမှာဖြစ်စေ၊ စင်မြင့်ပေါ်မှာဖြစ်စေ ယေဟောဝါကို ကိုယ်စားပြုတဲ့အခါ ပိုတောင် ဂရုစိုက်သင့်တယ်။ ယေဟောဝါရဲ့ ဝတ်ပြုရေးကို တခြားသူတွေ ဘယ်လို ရှုမြင်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ ဝတ်စားဖြီးလမ်းပုံပေါ် အများကြီး မူတည်နေတယ်။ ဣန္ဒြေ မရှိတဲ့၊ တခြားသူတွေကို မထောက်ထားတဲ့ ဝတ်စားဖြီးလိမ်းပုံဟာ လုံးဝ မသင့်တော်ဘူး။ (မိ. ၆:၈။ ၁ ကော. ၁၀:၃၁-၃၃။ ၁ တိ. ၂:၉၊ ၁၀) ဒါကြောင့် အမှုဆောင် သွားဖို့၊ အစည်းအဝေး သွားဖို့၊ အစည်းအဝေးကြီးတွေ သွားဖို့ အသင့်ပြင်တဲ့အခါ ရုပ်ပိုင်း သန့်ရှင်းတဲ့၊ ဣန္ဒြေရှိတဲ့ ကိုယ်အသွင်အပြင်နဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောထားတယ်ဆိုတာ ထည့်စဉ်းစားသင့်တယ်။ ယေဟောဝါကို ကျွန်တော်တို့ အမြဲ ဂုဏ်တင်ချီးမွမ်းသင့်တယ်။

ဘုရားသခင့် ဆက်ကပ်အပ်နှံ ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ပြောဆိုပြုမူသမျှမှာ ယေဟောဝါရဲ့ ဘုန်းတော်ကို ထင်ရှားစေဖို့ တာဝန် ရှိတယ်

၁၃ ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ် ဒါမှမဟုတ် ဌာနခွဲရုံးကို လည်ပတ်ချိန်မှာလည်း အလားတူပဲ။ ဗေသလဟာ “ဘုရားသခင့် အိမ်တော်” လို့ အဓိပ္ပာယ်ရှိတယ်ဆိုတာ အမှတ်ရပါ။ ဒါကြောင့် နိုင်ငံတော်ခန်းမမှာ အစည်းအဝေး တက်တဲ့အခါလိုပဲ ဝတ်ဆင်၊ ပြုမူသင့်တယ်။

၁၄ အပန်းဖြေချိန်တွေမှာလည်း ကိုယ့်ဝတ်စားဖြီးလိမ်းပုံကို ဂရုပြုသင့်တယ်။ ‘ငါ ဝတ်စားထားတဲ့ ပုံစံကြောင့် အလွတ်သဘော သက်သေခံဖို့ မဝံ့မရဲ ဖြစ်နေမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်သင့်တယ်။

အကျိုးပြုတဲ့ အပန်းဖြေမှုနဲ့ ဖျော်ဖြေမှု

၁၅ ကျန်းမာမျှတတဲ့ဘဝ ပိုင်ဆိုင်ဖို့ဆိုရင် အနားယူ၊ အပန်းဖြေဖို့ လိုအပ်တယ်။ တစ်ခါတုန်းက တပည့်တွေကို လူသူကင်းမဲ့ရာမှာ “ခဏနား” ဖို့ ယေရှု ပြောခဲ့တယ်။ (မာ. ၆:၃၁) အနားယူတာအပြင် အကျိုးပြုတဲ့ အပန်းဖြေမှု၊ ဖျော်ဖြေမှုဟာ စိတ်ပြေလက်ပျောက် ဖြစ်စေနိုင်တယ်။ ပုံမှန် အလုပ်ဆက်လုပ်နိုင်ဖို့ အားသစ်လန်းစေနိုင်တယ်။

၁၆ ဒီနေ့ခေတ်မှာ ရရှိနိုင်တဲ့ အပန်းဖြေမှုပုံစံ များလွန်းတဲ့အတွက် ခရစ်ယာန်တွေအနေနဲ့ ဘုရားရေးရာ ဉာဏ်ပညာကို သုံးပြီး သေသေချာချာ ရွေးချယ်ဖို့ လိုအပ်တယ်။ အပန်းဖြေဖို့ လိုအပ်တာ မှန်ပေမဲ့ ဘဝမှာ အရေးကြီးဆုံးအရာ မဟုတ်ဘူး။ ဒီ “နောက်ဆုံးကာလ” မှာ လူတွေဟာ “ဘုရားသခင်ကို ချစ်တာထက် အပျော်အပါးကို ပိုနှစ်သက်သူ” တွေ ဖြစ်လာမယ်လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (၂ တိ. ၃:၁၊ ၄) အပန်းဖြေမှု၊ ဖျော်ဖြေမှုလို့ သတ်မှတ်ထားတဲ့ အရာအများစုဟာ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်လိုသူတွေအတွက် လက်သင့်မခံနိုင်စရာ ဖြစ်တယ်။

၁၇ အစောပိုင်း ခရစ်ယာန်တွေဟာ အပျော်အပါး လိုက်စားတဲ့ လောကရဲ့ မကောင်းတဲ့သြဇာကို တွန်းလှန်းခဲ့ကြရတယ်။ ရောမ ဆက်ကပ်ပြပွဲတွေမှာ ပရိသတ်တွေက တခြားသူတွေ ရက်ရက်စက်စက် ညှဉ်းပန်းခံနေရတာကို အရသာခံ ကြည့်ရှုကြတယ်။ အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှု၊ လိင်အကျင့်ယိုယွင်းမှုတွေဟာ လူကြိုက်များတဲ့ ဖျော်ဖြေပွဲတွေ ဖြစ်ပေမဲ့ အစောပိုင်း ခရစ်ယာန်တွေ ဝေးဝေးရှောင်ခဲ့ကြတယ်။ ဒီနေ့ လောကရဲ့ ဖျော်ဖြေမှု အများစုမှာလည်း လူတွေကို အဲဒီလိုအရာတွေနဲ့ အာသာပြေစေကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျင့်ကြံပြုမူပုံကို “အထူး သတိပြု” ဖို့၊ အကျင့်ပျက် ဖျော်ဖြေရေးကို ရှောင်ဖို့ လိုအပ်တယ်။ (ဧ. ၅:၁၅၊ ၁၆။ ဆာ. ၁၁:၅) လက်သင့်မခံနိုင်စရာ အပန်းဖြေမှု မဟုတ်ရင်တောင် လက်မခံနိုင်စရာ ဝန်းကျင်အခြေအနေမျိုး ဖြစ်နေနိုင်တယ်။—၁ ပေ. ၄:၁-၄။

၁၈ ခရစ်ယာန်တွေ ရွေးချယ်နိုင်စရာ အကျိုးပြုတဲ့ အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုတွေ ရှိပါတယ်။ ကျမ်းစာအကြံဉာဏ်တွေ၊ အဖွဲ့အစည်းထုတ် စာပေတွေမှာ ပါရှိနိုင်တဲ့ လက်တွေ့ကျ အကြံပြုချက်တွေကို လိုက်လျှောက်လို့ လူများစွာ အကျိုးရရှိနေကြတယ်။

၁၉ တစ်ခါတလေ ခရစ်ယာန် ပေါင်းသင်းမှုအတွက် အိမ်တစ်အိမ်မှာ မိသားစု အတော်များများ ဖိတ်ခေါ်ခံရနိုင်တယ်။ လက်ထပ်ပွဲ ဒါမှမဟုတ် အလားတူ ပွဲလမ်းတွေ တက်ရောက်ဖို့ ညီအစ်ကိုညီအစ်မတွေ ဖိတ်ခေါ်ခံရနိုင်တယ်။ (ယော. ၂:၂) အဲဒီလိုအခါတွေမှာ အိမ်ရှင်က ဖြစ်သမျှကို တာဝန်ယူသင့်တယ်။ အုပ်စုကြီးရင် ပိုဂရုပြုဖို့ လိုအပ်တယ်။ စိတ်လွတ်လပ်ပေါ့ပါးနေတတ်တဲ့ အဲဒီလိုစုဆုံပွဲတွေမှာ တချို့က သင့်လျော်တဲ့ ခရစ်ယာန် အမူအကျင့်တွေ ပျောက်သွားတဲ့အထိ၊ အလွန်အကျွံ သောက်စားမိပြီး ကြီးလေးတဲ့ အမှားတွေ ကျူးလွန်မိတဲ့အထိ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် စုဆုံပွဲ အရွယ်အစားနဲ့ ကြာရှည်ချိန်ကို ကန့်သတ်ပေးတာ ပညာရှိမှန်း ပိုင်းခြားတတ်တဲ့ ခရစ်ယာန်တွေ သိရှိကြတယ်။ အရက်ယမကာ တည်ခင်းမယ်ဆိုရင် တော်ရုံသင့်ရုံသာ သောက်သုံးသင့်တယ်။ (ဖိ. ၄:၅) အကျိုးပြုပြီး လန်းဆန်းမှု ဖြစ်စေတဲ့ စုဆုံပွဲ ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် အစားအသောက်က အဓိက အရေးကြီးတဲ့အရာ ဖြစ်တော့မှာ မဟုတ်ဘူး။

၂၀ ဧည့်ဝတ်ကျေပွန်တာ ကောင်းပါတယ်။ (၁ ပေ. ၄:၉) ကိုယ့်အိမ်မှာ အတူစားသောက်ဖို့၊ ပေါင်းသင်းဖို့ တခြားခရစ်ယာန်တွေကို ဖိတ်ခေါ်တဲ့အခါ ဘဝအခြေအနေ မလှသူတွေကို ထည့်စဉ်းစားနိုင်တယ်။ (လု. ၁၄:၁၂-၁၄) ကိုယ်က ဧည့်သည် ဖြစ်မယ်ဆိုရင်လည်း မာကု ၁၂:၃၁ မှာ ပါတဲ့ အကြံဉာဏ်အတိုင်း ပြုမူကျင့်ကြံသင့်တယ်။ တခြားသူတွေရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း အမြဲ ဖော်ပြသင့်တယ်။

၂၁ ဘုရားသခင်ဆီက ရရှိတဲ့ လက်ဆောင်တွေကို ခရစ်ယာန်တွေ ပျော်မွေ့ခံစားနေကြတယ်။ “စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်” နိုင်မှန်း သိရလို့လည်း သူတို့ ပျော်ရွှင်ကြတယ်။ (ဒေ. ၃:၁၂၊ ၁၃) “ဘာကိစ္စပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်” မယ်ဆိုရင် အိမ်ရှင်တွေရော ဧည့်သည်တွေပါ လန်းဆန်းမှု ပေးတဲ့ စုဆုံပွဲတွေအကြောင်း ကျေနပ်မှုအပြည့်နဲ့ ပြန်စဉ်းစားနိုင်ပါလိမ့်မယ်။

ကျောင်းလှုပ်ရှားမှုများ

၂၂ ယေဟောဝါသက်သေ သားသမီးတွေဟာ အခြေခံ လောကပညာ ဆည်းပူးခြင်းကနေ အကျိုးရရှိနေကြတယ်။ ကျောင်းတက်ရင်း ရေးတတ်၊ ဖတ်တတ်လာကြတယ်။ ကျောင်းမှာ သင်ကြားပေးတဲ့ တခြားအကြောင်းအရာတွေက ဘုရားရေးရာ ပန်းတိုင်တွေဆီ အရောက်လှမ်းချိန်မှာ အသုံးဝင်လာနိုင်တယ်။ အဲဒီပညာသင်နှစ်တွေအတွင်း ဘုရားရေးရာ ကိစ္စတွေကို ပထမနေရာမှာ ထားခြင်းအားဖြင့် “ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရ” ဖို့ သူတို့ ကြိုးစားချင်ကြတယ်။—ဒေ. ၁၂:၁။

၂၃ သင်ဟာ ကျောင်းတက်နေတဲ့ ခရစ်ယာန်လူငယ် ဖြစ်မယ်ဆိုရင် လောကလူငယ်တွေနဲ့ မလိုအပ်ဘဲ မပေါင်းသင်းဖို့ ဂရုစိုက်ပါ။ (၂ တိ. ၃:၁၊ ၂) လိုအပ်တဲ့ အကာအကွယ်တွေကို ယေဟောဝါ ပြင်ဆင်ပေးထားတဲ့အတွက် လောကသြဇာတွေကို တားဆီးဖို့ သင် လုပ်ဆောင်နိုင်တဲ့အရာ အများကြီး ရှိတယ်။ (ဆာ. ၂၃:၄။ ၉၁:၁၊ ၂) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေကနေ အကျိုးရယူပါ။—ဆာ. ၂၃:၅။

၂၄ သက်သေခံလူငယ်အများစုဟာ ကျောင်းတက်နေတုန်း လောကနဲ့ သီးခြားနေဖို့အတွက် ကျောင်းချိန်ပြင်ပ လုပ်ဆောင်မှုတွေမှာ မပါဝင်ဖို့ ဆုံးဖြတ်ကြတယ်။ ဒါကို အတန်းဖော်တွေ၊ ဆရာတွေ နားလည်ရ ခက်နိုင်တယ်။ ဒါပေမဲ့ ဘုရားနှစ်သက်မှု ရဖို့က ပိုအရေးကြီးတယ်။ အဲဒီအတွက် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်သိစိတ်ကို အသုံးပြုရမယ်။ လောကပြိုင်ဆိုင်မှုတွေ၊ မျိုးချစ်စိတ် လုပ်ရပ်တွေမှာ မပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ (ဂလ. ၅:၁၉၊ ၂၆) လူငယ်တွေဟာ ဘုရားရေးရာ စိတ်ထား ရှိတဲ့ မိဘတွေရဲ့ ကျမ်းစာအကြံဉာဏ်ကို နားထောင်ခြင်း၊ အသင်းတော်မှာ ရှိတဲ့ အပေါင်းအသင်းကောင်းတွေနဲ့ ပေါင်းသင်းခြင်းအားဖြင့် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်နိုင်ကြပါတယ်။

လောကအလုပ်နဲ့ အပေါင်းအသင်းများ

၂၅ အိမ်ထောင်ဦးစီးတွေဟာ မိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့ ကျမ်းပေးတာဝန် ရရှိထားတယ်။ (၁ တိ. ၅:၈) ဒါပေမဲ့ ဘုရားသခင့် အမှုတော်ဆောင်တွေအနေနဲ့ ကိုယ့်ရဲ့ လောကအလုပ်ဟာ နိုင်ငံတော် အကျိုးစီးပွားနဲ့ ယှဉ်ရင် ဒုတိယနေရာမှာ ရှိတယ်ဆိုတာ အသိအမှတ်ပြုကြတယ်။ (မ. ၆:၃၃။ ရော. ၁၁:၁၃) ဘုရားတရား ဆည်းကပ်ခြင်း၊ စားဖို့ဝတ်ဖို့ ရှိသမျှနဲ့ ရောင့်ရဲခြင်းအားဖြင့် ပစ္စည်းဥစ္စာ အဓိကထားတဲ့ လမ်းစဉ်ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ကျော့ကွင်းတွေကို ရှောင်ကြဉ်ကြတယ်။—၁ တိ. ၆:၆-၁၀။

၂၆ လောကအလုပ် လုပ်တဲ့ ဆက်ကပ်အပ်နှံ ခရစ်ယာန်အားလုံးဟာ ကျမ်းစာမူတွေကို စိတ်စွဲမှတ်ထားသင့်တယ်။ ရိုးရိုးသားသား ရှာဖွေစားသောက်တယ်ဆိုတာ ဘုရားပညတ် ဒါမှမဟုတ် တိုင်းပြည်ဥပဒေကို ချိုးဖောက်တဲ့ အလုပ်တွေကို ရှောင်ခြင်း ဖြစ်တယ်။ (ရော. ၁၃:၁၊ ၂။ ၁ ကော. ၆:၉၊ ၁၀) မကောင်းတဲ့ အပေါင်းအသင်းတွေရဲ့ အန္တရာယ်ကိုလည်း အမြဲ သတိထားဖို့ လိုအပ်တယ်။ ခရစ်တော်ရဲ့ စစ်သားတွေအနေနဲ့ ကျွန်တော်တို့ဟာ ဘုရားသခင့် စံနှုန်းတွေကို ချိုးဖောက်တဲ့၊ ခရစ်ယာန် ကြားနေမှုကို အလျှော့ပေးစေတဲ့၊ ဘုရားနဲ့ ဆက်ဆံရေးကို ထိခိုက်စေတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ မပါဝင်ကြဘူး။ (ဟေရှာ. ၂:၄။ ၂ တိ. ၂:၄) ဘုရားသခင့် ဘာသာရေး ရန်သူ “မဟာဗာဗုလုန်” နဲ့လည်း ကျွန်တော်တို့ မပတ်သက်ဘူး။—ဗျာ. ၁၈:၂၊ ၄။ ၂ ကော. ၆:၁၄-၁၇။

၂၇ စီးပွားရေး အကျိုးအမြတ် ဒါမှမဟုတ် တခြားအကျိုးအမြတ်တွေအတွက် ခရစ်ယာန် ပေါင်းသင်းမှုတွေကို အသုံးမချမိအောင် ဘုရားသခင့် ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာခြင်းက ကူညီပေးပါလိမ့်မယ်။ ခရစ်ယာန် အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေ၊ ခရိုင်အစည်းအဝေးတွေမှာ တခြားသူတွေနဲ့ ပေါင်းသင်းရတဲ့ ရည်ရွယ်ချက်က အဓိကအားဖြင့် ယေဟောဝါကို ဝတ်ပြုဖို့ ဖြစ်တယ်။ ဘုရားသခင့်စားပွဲမှာ ကျွန်တော်တို့ စားသောက်နေတာ ဖြစ်ပြီး အချင်းချင်းကို “အပြန်အလှန် အားပေးခွင့်” ရရှိထားကြတယ်။ (ရော. ၁:၁၁၊ ၁၂။ ဟီ. ၁၀:၂၄၊ ၂၅) အဲဒီလိုပေါင်းသင်းချိန်ဟာ ဘုရားရေးရာအတွက် အမြဲ ဖြစ်နေသင့်တယ်။

စည်းစည်းလုံးလုံး နေထိုင်ခြင်း

၂၈ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေမှာ “သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှု နှောင်ကြိုးကို ကြိုးစားထိန်းသိမ်း” ခြင်းလည်း ပါဝင်တယ်။ (ဧ. ၄:၁-၃) ဘုရားသခင့် လူမျိုးအနေနဲ့ ကျွန်တော်တို့က ကိုယ်အဆင်ပြေရင်ပြီးရော မဟုတ်ဘဲ တခြားသူတွေကို ကောင်းမှု ပြုဖို့လည်း အမြဲ ကြိုးစားကြတယ်။ (၁ သက်. ၅:၁၅) သင့်အသင်းတော်မှာ အဲဒီလိုစိတ်ထားမျိုး တွေ့ရှိမှာ သေချာတယ်။ လူမျိုး၊ နိုင်ငံ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနောက်ခံ ဘယ်လိုပဲ ရှိပါစေ ကျွန်တော်တို့အားလုံးဟာ တူညီတဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာကြတယ်။ ယေဟောဝါလူမျိုးရဲ့ အဲဒီထူးခြားချက်ကို အပြင်လူတွေတောင် သတိထားမိကြတယ်။—၁ ပေ. ၂:၁၂။

၂၉ စည်းလုံးမှုရဲ့ အခြေခံ အကြောင်းရင်းကို ကျမ်းစာမှာ ထပ်အလေးပေးဖော်ပြတယ်– “ခေါ်တော်မူခြင်း မျှော်လင့်ချက်ဟာ တစ်ခုပဲ ရှိသလို ခန္ဓာကိုယ်ကလည်း တစ်ခုတည်း၊ စွမ်းအားတော်ကလည်း တစ်ခုတည်းပဲ ရှိတယ်။ သခင်ကလည်း တစ်ယောက်တည်း၊ ယုံကြည်ခြင်းတရားကလည်း တစ်မျိုးတည်း၊ နှစ်ခြင်းကလည်း တစ်မျိုးတည်းပဲ ရှိတယ်။ လူအားလုံးရဲ့ အဖ၊ လူအားလုံးရဲ့ ဘုရားသခင်ဟာ တစ်ပါးတည်းပဲ ရှိတယ်။ ဘုရားသခင်ဟာ အားလုံးရဲ့ အထက်မှာ ရှိပြီး အားလုံးကတစ်ဆင့် အားလုံးဆီမှာ လုပ်ဆောင်နေတယ်။” (ဧ. ၄:၄-၆) အဲဒီစကားတွေက အခြေခံ ကျမ်းစာ အယူဝါဒတွေအပြင် ထပ်ဆင့် ကျမ်းစာသွန်သင်ချက်တွေကို တစ်ပုံစံတည်း နားလည်ဖို့ ကျွန်တော်တို့ကို တိုက်တွန်းတယ်။ ဒီနည်းအားဖြင့် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။ မှန်ပါတယ်။ ယေဟောဝါဟာ မိမိလူမျိုးကို အမှန်တရားရဲ့ စင်ကြယ်တဲ့ ဘာသာစကားကို ပေးထားလို့ အမှုတော်ကို သူတို့ တစ်ပြေးညီ ထမ်းဆောင်နိုင်ကြတယ်။—ဇေ. ၃:၉။

၃၀ ခရစ်ယာန် အသင်းတော်ရဲ့ စည်းလုံးမှုနဲ့ ငြိမ်သက်မှုဟာ ယေဟောဝါကို ဝတ်ပြုနေတဲ့ ကျွန်တော်တို့အားလုံးကို လန်းဆန်းစေတယ်။ ‘သိုးခြံထဲက သိုးတွေလို သူတို့ကို တစ်စည်းတစ်လုံးတည်း ပြန်ထားမယ်’ ဆိုတဲ့ ယေဟောဝါရဲ့ ကတိ ပြည့်စုံနေတာကို ကျွန်တော်တို့ မြင်တွေ့ခံစားနေရတယ်။ (မိ. ၂:၁၂) ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာခြင်းအားဖြင့် အဲဒီငြိမ်သက်စည်းလုံးမှုကို ကျွန်တော်တို့ ဆက်ထိန်းထားချင်ကြတယ်။

၃၁ ယေဟောဝါရဲ့ သန့်ရှင်းတဲ့ အသင်းတော်ထဲ ဝင်ခွင့်ရသူတွေဟာ ပျော်ရွှင်ကြတယ်။ ယေဟောဝါရဲ့ နာမည်နဲ့ မှည့်ခေါ်ခံရဖို့ ဘာကိုမဆို စွန့်လွှတ်အနစ်နာခံထိုက်ပါတယ်။ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ အဖိုးတန် ဆက်ဆံရေးကို ထိန်းသိမ်းထားရင်း ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း ဝီရိယရှိရှိ လိုက်လျှောက်ပြီး တခြားသူတွေကိုလည်း လိုက်လျှောက်ဖို့ ကျွန်တော်တို့ အားပေးသွားပါမယ်။—၂ ကော. ၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ