အခန်း ၁၂
ဒေသအတွင်းနဲ့ ကမ္ဘာချီ နိုင်ငံတော်လုပ်ငန်းကို ကူညီထောက်ပံ့ခြင်း
နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ယေရှုရဲ့ ပရောဖက်ပြုချက် ပြည့်စုံတဲ့အနေနဲ့ ယေဟောဝါသက်သေတွေဟာ “ကမ္ဘာမြေ အစွန်အဖျားအထိ” သတင်းကောင်း ဟောပြောနေကြတယ်။ (တ. ၁:၈။ မ. ၂၄:၁၄) ဒီလိုဟောပြောနိုင်ဖို့ ကိုယ့်အချိန်နဲ့ ခွန်အားကို ရက်ရက်ရောရော ပေးဆက်နေကြတယ်။ မိမိရဲ့ လုပ်ဖော်ဆောင်ဖက်တွေကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ သူတို့ ယုံကြည်စိတ်ချပြီး ဘဝမှာ ဘုရားသခင့် နိုင်ငံတော်ကို ဆက်ဦးစားထားနေကြတယ်။ (မ. ၆:၂၅-၃၄။ ၁ ကော. ၃:၅-၉) ရလဒ်တွေက ယေဟောဝါရဲ့ မျက်နှာသာနဲ့ ကောင်းချီး ခံစားနေရတယ်ဆိုတာ အထင်အရှား သက်သေထူတယ်။
ကမ္ဘာချီ နိုင်ငံတော် အကျိုးစီးပွားကို ဂရုစိုက်စောင့်ရှောက်ခြင်း
၂ ကျွန်တော်တို့ရဲ့ ဟောပြောခြင်း နည်းလမ်းတွေ၊ လူထုကို ကျမ်းစာနဲ့ ကျမ်းစာစာပေ အခမဲ့ ဝေငှနေတာတွေကို သတိထားမိတဲ့ လူတချို့က “ဒါတွေကို သူတို့ ဘယ်လိုများ လုပ်နိုင်တာလဲ” လို့ မေးကြလိမ့်မယ်။ မှန်ပါတယ်။ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို ပုံနှိပ်ထုတ်ဝေဖို့ ငွေအကုန်အကျ ရှိတယ်။ ပုံနှိပ်စက် ကိုင်တွယ်သူတွေ၊ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်သူတွေ၊ သတင်းကောင်း ပျံ့နှံ့ရေးအတွက် တခြားနည်းတွေနဲ့ အမှုဆောင်သူတွေ နေထိုင်တဲ့ ဗေသလအိမ်တွေကို ဆောက်လုပ်ဖို့နဲ့ ပြုပြင်ထိန်းသိမ်းဖို့လည်း ငွေအကုန်အကျ ရှိတယ်။ အဲဒီအပြင် တိုက်နယ်ကြီးကြပ်မှူးတွေ၊ သာသနာပြုတွေ၊ အထူးရှေ့ဆောင်တွေ၊ တခြား အချိန်ပြည့်အမှုဆောင်တွေ အလုပ်ဆက်လုပ်နိုင်ဖို့ အနည်းအကျဉ်း ထောက်ပံ့တာတွေ ရှိတယ်။ မှန်ပါတယ်။ ဒေသအတွင်းဖြစ်စေ၊ ကမ္ဘာချီဖြစ်စေ ဒီနေ့ခေတ် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းအတွက် ငွေအမြောက်အမြား သုံးစွဲနေရတာ ထင်ရှားတယ်။ အဲဒီငွေတွေကို ဘယ်က ရရှိသလဲ။
၃ ယေဟောဝါသက်သေတွေရဲ့ ကျမ်းစာပညာပေးလုပ်ငန်းကို ကျေးဇူးတင်လေးမြတ်သူများစွာဟာ ကမ္ဘာချီလုပ်ငန်းအတွက် ဝမ်းသာအားရ လှူဒါန်းကြတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းကို အဓိကထောက်မနေတာ သက်သေခံတွေပဲ။ တချို့က ယေဟောဝါသက်သေတွေရဲ့ ဒေသခံ ဌာနခွဲရုံးတွေကို စေတနာအလျောက် အလှူငွေတွေ ပို့ပေးကြတယ်။ ယေဟောဝါရဲ့ ဝတ်ပြုရာနေရာ ဆောက်လုပ်ရေးကို ရက်ရက်ရောရော ထောက်မပေးခဲ့တဲ့ ရှေးခေတ်ကျေးကျွန်တွေရဲ့ လိုလိုလားလား စိတ်ဓာတ်ကို သူတို့ တင်ပြနေကြတယ်။ (ထွ. ၃၅:၂၀-၂၉။ ၁ ရာ. ၂၉:၉) အိမ်မြေပိုင်ဆိုင်မှုတွေကို သေတမ်းစာနဲ့ လွှဲပြောင်းပေးခြင်းကနေ အလှူငွေတချို့ ရရှိတယ်။ အလှူငွေတချို့ကိုတော့ တစ်ယောက်ချင်းဖြစ်စေ၊ အသင်းတော်အလိုက်ဖြစ်စေ၊ တိုက်နယ်အလိုက်ဖြစ်စေ အနည်းအကျဉ်း ရရှိတယ်။ အဲဒါတွေကို စုပေါင်းလိုက်တဲ့အခါ အမှုဆောင်လုပ်ငန်း ဆက်လုပ်ဆောင်ဖို့ ရန်ပုံငွေ ရရှိလာတယ်။
ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်း တိုးတက်ဖို့ ကိုယ့်ငွေကြေးနဲ့ အစွမ်းအစတွေ အသုံးပြုရ တာကို အခွင့်ထူးအဖြစ် သဘောထားကြတယ်
၄ ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်း တိုးတက်ဖို့ ကိုယ့်ငွေကြေးနဲ့ အစွမ်းအစတွေ အသုံးပြုရတာကို အခွင့်ထူးအဖြစ် သဘောထားကြတယ်။ ယေရှုနဲ့ တပည့်တွေဟာ ကုန်ကျစရိတ်တွေအတွက် ထုတ်သုံးဖို့ ရန်ပုံငွေသေတ္တာတစ်ခု ထားရှိကြတယ်။ (ယော. ၁၃:၂၉) ယေရှုနဲ့ တပည့်တွေကို အလုပ်အကျွေး ပြုခဲ့တဲ့ အမျိုးသမီးတွေအကြောင်း ကျမ်းစာ ဖော်ပြထားတယ်။ (မာ. ၁၅:၄၀၊ ၄၁။ လု. ၈:၃) သတင်းကောင်း တိုးပွားရေးကို စိတ်ဝင်စားသူတွေ၊ အမှုဆောင်လုပ်ငန်းမှာ တစ်စိတ်တစ်ဒေသ ပါဝင်လိုသူတွေရဲ့ မေတ္တာပါ ပေးကမ်းထောက်မမှုကို တမန်တော် ပေါလု ကျေးဇူးတင်စွာ လက်ခံခဲ့တယ်။ (ဖိ. ၄:၁၄-၁၆။ ၁ သက်. ၂:၉) အမှုဆောင်လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ခဲ့တဲ့၊ ရက်ရက်ရောရော ပေးကမ်းခဲ့တဲ့ အဲဒီရှေးခေတ် ပုံနမူနာတွေကို ယေဟောဝါသက်သေတွေ ဆက်တုပနေကြတယ်။ ဒီနည်းအားဖြင့် နေရာတိုင်းမှာ ရှိတဲ့ စိတ်ရိုးဖြောင့်သူတွေဟာ “အသက်ရေကို အခမဲ့” ရရှိနိုင်ကြတယ်။—ဗျာ. ၂၂:၁၇။
ဒေသခံ အသင်းတော်ရဲ့ လိုအပ်ရာများကို ဂရုစိုက်စောင့်ရှောက်ခြင်း
၅ ဒေသခံ အသင်းတော်ရဲ့ ကုန်ကျစရိတ်တွေကိုလည်း စေတနာအလျောက် ပေးလှူတဲ့ အလှူငွေတွေနဲ့ ကုန်ကျခံတယ်။ အလှူငွေ မကောက်ခံဘူး။ ဘယ်လောက် ပေးလှူရမယ်လို့ သတ်မှတ်ထားတာ၊ ငွေကြေး တောင်းခံတာတွေ မရှိဘူး။ လူတိုင်း “စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း” ပေးလှူနိုင်အောင် အစည်းအဝေး နေရာတွေမှာ အလှူငွေပုံးတွေ ထားပေးထားတယ်။—၂ ကော. ၉:၇။
၆ ဒေသခံ အသင်းတော် လိုအပ်ရာတွေအတွက် ပေးလှူတဲ့ငွေကို နိုင်ငံတော်ခန်းမ လည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး စရိတ်တွေအတွက် ဦးဆုံး အသုံးပြုတယ်။ ကမ္ဘာချီလုပ်ငန်း တိုးတက်ရေးအတွက် ယေဟောဝါသက်သေတွေရဲ့ ဒေသခံ ဌာနခွဲရုံးကို ငွေတချို့ ပို့ပေးဖို့ အကြီးအကဲအဖွဲ့ ဆုံးဖြတ်နိုင်တယ်။ ဒါကို အသင်းတော်က လက်ခံကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်တစ်ခု လုပ်ပါလိမ့်မယ်။ ဒီနည်းအားဖြင့် အသင်းတော်များစွာဟာ ကမ္ဘာချီလုပ်ငန်းအတွက် ပုံမှန် လှူဒါန်းနေကြတယ်။ ဒေသလိုအပ်ရာတွေ မကြာမကြာ ပေါ်လာတတ်မှန်း ညီအစ်ကိုညီအစ်မအားလုံး သိထားမယ်ဆိုရင် အလှူငွေ ထည့်ဖို့ မကြာခဏ ကြေညာနေစရာ မလိုတော့ဘူး။
အလှူငွေ ကိုင်တွယ်ခြင်း
၇ အစည်းအဝေးပြီးတိုင်း ညီအစ်ကိုနှစ်ယောက်ဟာ အလှူငွေသေတ္တာတွေထဲ ထည့်ထားတဲ့ ငွေတွေကို ထုတ်ပြီး စာရင်းသွင်းတယ်။ (၂ ဘု. ၁၂:၉၊ ၁၀။ ၂ ကော. ၈:၂၀) အကြီးအကဲအဖွဲ့ဟာ အလှူငွေတွေကို ဌာနခွဲရုံးဆီ မပို့ပေးခင် ဒါမှမဟုတ် အသင်းတော် လိုအပ်ရာတွေအတွက် အသုံးမပြုခင် စပ်ကြားအချိန်မှာ ငွေတွေ မပျောက်ပျက်သွားအောင် သင့်လျော်တဲ့ အစီအစဉ်တွေ ပြုလုပ်ပြီး ထိန်းသိမ်းပါလိမ့်မယ်။ အသင်းတော် စာရင်းအင်း ကိုင်တွယ်တဲ့ ညီအစ်ကိုဟာ အသင်းတော်ကို အကြောင်းကြားဖို့ လစဉ် ငွေစာရင်းရှင်းတမ်းတစ်ခု ပြင်ဆင်ပြီး သုံးလပြည့်တိုင်း အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက စာရင်းစစ်ဖို့ စီစဉ်ပေးတယ်။
တိုက်နယ် ကုန်ကျစရိတ်
၈ တိုက်နယ်အတွင်း တခြားကုန်ကျစရိတ်နဲ့ အစည်းအဝေးတွေ ကျင်းပဖို့ ကုန်ကျစရိတ်တွေကို တိုက်နယ်အတွင်းမှာ ရှိတဲ့ သက်သေခံတွေရဲ့ အလှူငွေတွေနဲ့ ကျခံတယ်။ တိုက်နယ်အစည်းအဝေး ကျင်းပတဲ့ အဆောက်အအုံတွေမှာ အလှူငွေသေတ္တာတွေ ထားပေးလို့ စေတနာအလျောက် အလှူငွေ ထည့်ဝင်နိုင်တယ်။ ဒါ့အပြင် တခြားကုန်ကျစရိတ်တွေအတွက် အသင်းတော်တွေဟာ တခြားအချိန်တွေမှာလည်း အလှူငွေ ထည့်ဝင်နိုင်တယ်။
၉ တိုက်နယ်တစ်ခုစီဟာ လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ကိုယ်တိုင် ကျခံပြီး ပိုလျှံတဲ့ ရန်ပုံငွေကို ကမ္ဘာချီလုပ်ငန်းအတွက် ပေးလှူသင့်တယ်။ တိုက်နယ်အစည်းအဝေး ကုန်ကျစရိတ်အတွက် ဒါမှမဟုတ် အဆောက်အအုံ အသုံးပြုဖို့ စရန်ငွေပေးတာစတဲ့ နောက်နှစ် အစည်းအဝေး အစပိုင်း ကုန်ကျစရိတ်အတွက် တိုက်နယ်ငွေစာရင်းမှာ ရန်ပုံငွေ မလုံလောက်ဘူးဆိုရင် အလှူငွေ ထည့်ဝင်နိုင်တဲ့ အခွင့်ထူးအကြောင်း အသင်းတော်တွေကို အသိပေးဖို့ တိုက်နယ်ကြီးကြပ်မှူး ညွှန်ကြားနိုင်တယ်။ အကြီးအကဲအဖွဲ့တိုင်းဟာ ဒီကိစ္စကို ဆွေးနွေးပြီး အသင်းတော်အနေနဲ့ တိုက်နယ်ရန်ပုံငွေအတွက် ဘယ်လောက် ထည့်ဝင်မယ်ဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီနောက် အသင်းတော်မှာ အစည်းအဝေး ဆုံးဖြတ်ချက်တစ်ခု လုပ်ပါလိမ့်မယ်။
၁၀ အရေးကြီးတဲ့ ငွေကြေးကိစ္စပေါ်လာရင် တိုက်နယ်တစ်ခုအတွင်းက အကြီးအကဲတွေ တိုက်နယ်အစည်းအဝေးနေ့မှာ အစည်းအဝေး လုပ်ကြတယ်။ သတ်မှတ်ထားတဲ့ တိုက်နယ်အတွင်း ကုန်ကျစရိတ်တွေအပြင် ဆုံးဖြတ်ချက်အားလုံးကို အကြီးအကဲတွေ သဘောတူကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်တွေ လုပ်ပြီး ပမာဏ အတိအကျကို ရေးမှတ်ထားသင့်တယ်။ တိုက်နယ် ရန်ပုံငွေကို ထုတ်သုံးတိုင်း အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ပြန်ဆွေးနွေးရမယ်။
၁၁ တိုက်နယ်ငွေစာရင်းကို ပုံမှန် စစ်တဲ့ အစီအစဉ်တွေ ရှိပါတယ်။
ဆင်းရဲချို့တဲ့သူများကို ဂရုစိုက်စောင့်ရှောက်ခြင်း
၁၂ ယေရှုနဲ့ တပည့်တွေ ငွေသေတ္တာ ဆောင်ရတဲ့ အကြောင်းရင်းတစ်ခုက ဆင်းရဲချို့တဲ့သူတွေကို ကူညီပေးဖို့ ဖြစ်တယ်။ (မာ. ၁၄:၃-၅။ ယော. ၁၃:၂၉) “ဆင်းရဲသားတွေက ခင်ဗျားတို့နဲ့ အမြဲ ရှိနေမှာ” လို့ ယေရှု ပြောခဲ့တဲ့အတွက် အဲဒီခရစ်ယာန်တာဝန် ဆက်ရှိနေတုန်းပဲ။ (မာ. ၁၄:၇) ဒီတာဝန်ကို ဒီနေ့ခေတ် ယေဟောဝါသက်သေတွေ ဘယ်လို လုပ်ဆောင်နေသလဲ။
၁၃ တစ်ခါတလေ အသင်းတော်မှာ ရှိတဲ့ သစ္စာရှိသူတွေဟာ အသက်ကြီးလာလို့ဖြစ်စေ၊ မသန်စွမ်းလို့ဖြစ်စေ၊ ကိုယ်ထိန်းချုပ်လို့ မရတဲ့ အခက်အခဲတချို့ကြောင့်ဖြစ်စေ ရုပ်ပိုင်းအရ အကူအညီ လိုအပ်နိုင်တယ်။ သူတို့ကို ကူညီပေးဖို့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ လိုအပ်နေတာကို သိတဲ့ တခြားသူတွေ လှုံ့ဆော်ခံရနိုင်တယ်။ ဒါက “စည်းစိမ်ဥစ္စာ ချမ်းသာတဲ့သူ တစ်ယောက်က ဆင်းရဲချို့ငဲ့နေတဲ့ ညီအစ်ကိုကို မြင်လျက်နဲ့ မသနားဘူးဆိုရင် သူဟာ ဘုရားသခင်ကို ချစ်တဲ့သူလို့ ပြောလို့ရပါ့မလား။ သားသမီးတို့၊ ခင်ဗျားတို့ရဲ့ မေတ္တာကို အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ် ပြကြပါ” လို့ ပြောခဲ့တဲ့ တမန်တော် ယောဟန်ရဲ့ စကားနဲ့ ကိုက်ညီတယ်။ (၁ ယော. ၃:၁၇၊ ၁၈။ ၂ သက်. ၃:၆-၁၂) ရုပ်ပိုင်း အကူအညီ လိုအပ်နေတဲ့ သစ္စာရှိသူတွေကို ပြုစုစောင့်ရှောက်ခြင်းဟာ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ အပါအဝင် ဖြစ်တယ်။—ယာ. ၁:၂၇။ ၂:၁၄-၁၇။
၁၄ တိမောသေဆီ ရေးတဲ့ ပထမစာစောင်မှာ ထိုက်တန်သူတွေကို ရုပ်ပိုင်းအရ ဘယ်လို အကူအညီ ပေးနိုင်တယ်ဆိုတာ တမန်တော် ပေါလု ရှင်းပြခဲ့တယ်။ ၁ တိမောသေ ၅:၃-၂၁ မှာ သူ့အကြံဉာဏ်ကို ဖတ်ရှုနိုင်တယ်။ ကိုယ့်မိသားစုရဲ့ လိုအပ်ရာတွေကို ကြည့်ရှုပေးဖို့ ခရစ်ယာန်ယောက်တိုင်းမှာ အဓိက တာဝန် ရှိတယ်။ အသက်ကြီးသူတွေ ဒါမှမဟုတ် မသန်စွမ်းသူတွေဟာ သားသမီးတွေ၊ မြေးတွေ၊ တခြားဆွေမျိုးနီးစပ်တွေဆီကနေ အကူအညီ ရရှိသင့်တယ်။ တစ်ခါတလေ ရုပ်ပိုင်းအရ ထောက်ပံ့ပေးတဲ့ အစိုးရ အစီအစဉ်တွေ၊ လူမှုရေး အစီအစဉ်တွေ ရှိနိုင်တယ်။ ဒါကြောင့် ဆွေမျိုးတွေ၊ တခြားသူတွေက အဲဒီအထောက်အပံ့တွေကို လျှောက်ထားနိုင်အောင် လိုအပ်သူတွေကို ကူညီပေးနိုင်တယ်။ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့ပြီး ချို့တဲ့နေတဲ့ ညီအစ်ကိုညီအစ်မတချို့ကို တစ်နည်းနည်းနဲ့ အသင်းတော်လိုက် ထောက်ပံ့ပေးဖို့ လိုအပ်လာတဲ့ အခြေအနေတွေ ရှိနိုင်တယ်။ သူတို့ကို ကူညီပေးဖို့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ မရှိဘူး၊ အစိုးရ အထောက်အပံ့ အစီအစဉ်လည်း မရှိဘူးဆိုရင် အကြီးအကဲအဖွဲ့က အကူအညီတချို့ ပေးဖို့ သင့်လျော်သလို ထောက်ခံပေးနိုင်တယ်။ လိုအပ်နေသူတွေကို ကိုယ့်ရဲ့ ဥစ္စာပစ္စည်းတွေ ဝေမျှပေးကမ်းရတာကို အခွင့်ထူးအဖြစ် ခရစ်ယာန်တွေ ယူမှတ်ကြတယ်။
၁၅ ညီအစ်ကိုညီအစ်မများစွာဟာ နှိပ်စက်ညှဉ်းပန်းမှု၊ စစ်၊ ငလျင်၊ ရေကြီးမှု၊ အစာခေါင်းပါးမှုနဲ့ ဒီနောက်ဆုံးကာလမှာ ဖြစ်လေ့ရှိတဲ့ တခြားဘေးအန္တရာယ်တွေကြောင့် အကူအညီ လိုအပ်လာနိုင်တယ်။ (မ. ၂၄:၇-၉) ဒေသခံ အသင်းတော်တွေမှာလည်း ဝေမျှစရာ ဘာမှ မရှိဘူးဆိုရင် တခြားဒေသက ညီအစ်ကိုတွေ လိုအပ်သလို ကူညီနိုင်အောင် အုပ်ချုပ်ရေးအဖွဲ့က ညှိနှိုင်းဆောင်ရွက်ပေးတယ်။ အစာခေါင်းပါးချိန်အတွင်း ယုဒနယ်မှာ ရှိတဲ့ ညီအစ်ကိုတွေကို အာရှမိုင်းနားက ခရစ်ယာန်တွေ ကူညီခဲ့သလိုပေါ့။ (၁ ကော. ၁၆:၁-၄။ ၂ ကော. ၉:၁-၅) သူတို့ရဲ့ ပုံနမူနာကို လိုက်လျှောက်ခြင်းအားဖြင့် ညီအစ်ကိုညီအစ်မတွေကို ချစ်မှန်း၊ ယေရှုခရစ်ရဲ့ တပည့်စစ်တွေဖြစ်မှန်း ကျွန်တော်တို့ သက်သေပြကြတယ်။—ယော. ၁၃:၃၅။
စာပေတွေ ဖြန့်ဝေခြင်း
၁၆ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေဟာ နိုင်ငံတော်သတင်း ပျံ့နှံ့ရေးမှာ တော်တော် အရေးပါတယ်။ အများအားဖြင့် အကြီးအကဲအဖွဲ့က အသင်းတော်ရဲ့ စာပေစာရင်းကို ကိုင်တွယ်ဖို့ အသင်းတော် အမှုထမ်းတစ်ယောက်ကို တာဝန်ပေးလေ့ရှိတယ်။ အဲဒီစာရင်းတွေကို ကိုင်တွယ်ဖို့ တာဝန်ရတဲ့ ညီအစ်ကိုတွေဟာ တာဝန်ကို အလေးအနက် သဘောထားကြတယ်။ အသင်းတော် လိုအပ်သလောက် စာပေတွေ အလုံအလောက် ရှိအောင် မှတ်တမ်း ကောင်းကောင်း ထားရှိကြတယ်။
၁၇ ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ အချိန်၊ ဉာဏအင်အား၊ ကာယအင်အား၊ အစွမ်းအစ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေနဲ့ အသက်ကိုတောင် ဘုရားသခင်ဆီက လက်ဆောင် ရထားမှန်း၊ အဲဒါတွေကို အမှုတော်မှာ ဘုရားသခင် အသုံးပြုစေချင်မှန်း အသိအမှတ်ပြုကြတယ်။ (လု. ၁၇:၁၀။ ၁ ကော. ၄:၇) ကိုယ့်အစွမ်းအစအားလုံးကို သင့်လျော်စွာ အသုံးပြုခြင်းအားဖြင့် ယေဟောဝါကို ဘယ်လောက် ချစ်တယ်ဆိုတာ တင်ပြနေကြတယ်။ စိတ်နှလုံး အကြွင်းမဲ့ ဆည်းကပ်မြှုပ်နှံမှုကို ဖော်ပြတဲ့ ဘယ်လက်ဆောင်ကိုမဆို ယေဟောဝါ နှစ်သက်မှန်း သိထားတဲ့အတွက် ကိုယ့်ရဲ့ အဖိုးတန်အရာတွေနဲ့ ဘုရားသခင်ကို ဂုဏ်တင်လိုကြတယ်။ (ပညာ. ၃:၉။ မာ. ၁၄:၃-၉။ လု. ၂၁:၁-၄။ ကော. ၃:၂၃၊ ၂၄) “အခမဲ့ ရထားတဲ့အတွက် အခမဲ့ ပေးကမ်းကြပါ” လို့ ယေရှု ပြောတယ်။ (မ. ၁၀:၈) ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်အစွမ်းအစတွေကို ယေဟောဝါရဲ့ လုပ်ငန်းမှာ အသုံးပြုခြင်းအားဖြင့် ကြီးမားတဲ့ ရွှင်လန်းမှုကို ကျွန်တော်တို့ ခံစားကြရတယ်။—တ. ၂၀:၃၅။