အခန်း ၆
အကျိုးပြုလုပ်ငန်းကို ထမ်းဆောင်နေတဲ့ အသင်းတော် အမှုထမ်းများ
ဖိလိပ္ပိ အသင်းတော်ကို တမန်တော် ပေါလု ဒီလိုရေးခဲ့တယ်– “ခရစ်တော်ယေရှုရဲ့ ကျွန်တွေ ဖြစ်တဲ့ ကျွန်တော်ပေါလုနဲ့ တိမောသေက ခရစ်တော်ယေရှုရဲ့ တပည့်တွေ ဖြစ်တဲ့ ဖိလိပ္ပိမြို့က သန့်ရှင်းသူတွေ၊ ကြီးကြပ်မှူးတွေ၊ အသင်းတော် အမှုထမ်းတွေဆီ စာရေးလိုက်ပါတယ်။” (ဖိ. ၁:၁) အမှုထမ်းတွေအကြောင်း ပေါလု ဖော်ပြထားတာ သတိပြုပါ။ အဲဒီအချိန်တုန်းက ဒီအမျိုးသားတွေဟာ အသင်းတော် အကြီးအကဲတွေကို အရေးကြီးကဏ္ဍကနေ ပါဝင်ကူညီပေးခဲ့တာ ထင်ရှားတယ်။ ဒီနေ့လည်း အဲဒီလိုပဲ။ အသင်းတော် အမှုထမ်းတွေဟာ ကြီးကြပ်မှူးတွေကို ကူညီပေးတဲ့၊ အသင်းတော် စနစ်ကျနေအောင် ထောက်ကူပေးတဲ့ လုပ်ငန်းတွေကို ထမ်းဆောင်နေကြတယ်။
၂ သင့်အသင်းတော်မှာ ဘယ်သူတွေက အသင်းတော် အမှုထမ်းတွေလဲဆိုတာ သိသလား။ သင့်အကျိုးအတွက်၊ အသင်းတော်တစ်ခုလုံးရဲ့ အကျိုးအတွက် သူတို့ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာ သိသလား။ အဲဒီအမျိုးသားတွေရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ သိပ်တန်ဖိုးထားတယ်။ “ကောင်းမွန်စွာ အမှုဆောင်တဲ့ အမျိုးသားတွေဟာ နာမည်ကောင်း ရတဲ့အပြင် ခရစ်ယာန် ယုံကြည်ချက်အကြောင်း ရဲရဲဝံ့ဝံ့ ပြောဆိုခွင့်လည်း ရှိရမယ်” လို့ ပေါလု ပြောတယ်။—၁ တိ. ၃:၁၃။
အသင်းတော် အမှုထမ်းတွေ ပြည့်မီရမယ့် ကျမ်းစာတောင်းဆိုချက်များ
၃ အသင်းတော် အမှုထမ်းတွေဟာ စံပြခရစ်ယာန်အသက်တာနဲ့ နေထိုင်တဲ့၊ ယုံကြည်စိတ်ချရတဲ့၊ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ အမျိုးသားတွေ ဖြစ်ရမယ်။ သူတို့ ပြည့်မီရမယ့် တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး တိမောသေဆီ ပေါလု ရေးတဲ့ စာမှာ အဲဒီအချက် ပေါ်လွင်ထင်ရှားတယ်– “အလားတူပဲ၊ အသင်းတော် အမှုထမ်းတွေဟာ လေးနက်တည်ကြည်သူ ဖြစ်ရမယ်။ လျှာနှစ်ခွနဲ့ပြောတတ်သူ၊ ဝိုင်သောက်ကြူးသူ၊ မသမာနည်းနဲ့ လောဘတကြီး အမြတ်ထုတ်သူ မဖြစ်ရဘူး။ ကြည်လင်တဲ့ အမှားအမှန် သိစိတ်ရှိပြီး ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ကို စွဲကိုင်ထားသူ ဖြစ်ရမယ်။ အရည်အချင်း ပြည့်မီမမီ သိနိုင်ဖို့ သူတို့ကို ဦးဆုံး စမ်းသပ်ပါ။ ပြစ်တင်စွပ်စွဲစရာ ဘာမှ မရှိဘူးဆိုရင်တော့ အသင်းတော် အမှုထမ်းတွေအဖြစ် အမှုဆောင်နိုင်တယ်။ အသင်းတော် အမှုထမ်းဟာ ဇနီးတစ်ဦးတည်းရှိသူ၊ သားသမီးတွေနဲ့ အိမ်ထောင်ကို ကောင်းစွာ ဦးစီးနိုင်သူ ဖြစ်ရမယ်။” (၁ တိ. ၃:၈-၁၀၊ ၁၂) အမှုထမ်းတွေအတွက် ချမှတ်ထားတဲ့ မြင့်မားတဲ့စံနှုန်းတွေကို လိုက်နာခြင်းအားဖြင့် ခန့်အပ်ခံရသူတွေနဲ့ပတ်သက်ပြီး ပြစ်တင်စွပ်စွဲမှုတွေ မပေါ်ပေါက်လာအောင် အသင်းတော်ကို ကာကွယ်ပေးနိုင်တယ်။
၄ အသင်းတော် အမှုထမ်းတွေဟာ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ လတိုင်း အမှုဆောင်လုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်ကြတယ်။ ယေရှုကို တုပတဲ့အနေနဲ့ အမှုဆောင်လုပ်ငန်းမှာ စိတ်ထက်သန်ကြတယ်။ အဲဒီလိုထက်သန်ခြင်းအားဖြင့် လူတွေကို ကယ်တင်ခြင်း ရစေချင်တဲ့ ယေဟောဝါရဲ့ ဆန္ဒကို ထင်ဟပ်ပြနေကြတယ်။—ဟေရှာ. ၉:၇။
၅ အသင်းတော် အမှုထမ်းအဖြစ် ထမ်းဆောင်နေတဲ့ အမျိုးသားတွေဟာ ဝတ်စားဖြီးလိမ်းပုံ၊ စကားပြောဆိုပုံ၊ စိတ်နေသဘောထား၊ အပြုအမူပိုင်းတို့မှာ စံနမူနာကောင်းသူတွေ ဖြစ်တယ်။ သမာသတိရှိသူတွေ ဖြစ်တဲ့အတွက် တခြားသူတွေရဲ့ လေးစားမှုကို ရရှိကြတယ်။ ယေဟောဝါနဲ့ သူတို့ရဲ့ ဆက်ဆံရေးအပြင် အသင်းတော်မှာ ရရှိတဲ့ လုပ်ငန်းတော် အခွင့်ထူးတွေကို အလေးအနက် သဘောထားကြတယ်။—တိ. ၂:၂၊ ၆-၈။
၆ အဲဒီအမျိုးသားတွေဟာ “အရည်အချင်း ပြည့်မီမမီ သိနိုင်ဖို့ . . . စမ်းသပ်” ခံရပြီးသူတွေ ဖြစ်တယ်။ ခန့်အပ်မခံရခင်ကတည်းက မိမိတို့ဟာ အမှန်တကယ် ဆက်ကပ်အပ်နှံထားသူတွေ ဖြစ်မှန်း သက်သေထူခဲ့သူတွေ ဖြစ်တယ်။ ဘဝမှာ နိုင်ငံတော် အကျိုးစီးပွားကို ဦးစားထားမှန်း၊ ဘယ်လုပ်ငန်းတော် အခွင့်ထူးကိုမဆို တက်လှမ်းယူနေမှန်း တင်ပြကြတယ်။ သူတို့ဟာ တကယ်ပဲ အသင်းတော်မှာရှိတဲ့ တခြားသူတွေ တုပလောက်စရာ စံနမူနာရှင်တွေ ဖြစ်ကြတယ်။—၁ တိ. ၃:၁၀။
သူတို့ အမှုဆောင်ပုံ
၇ အသင်းတော် အမှုထမ်းတွေဟာ ညီအစ်ကိုညီအစ်မတွေရဲ့ အကျိုးအတွက် လက်တွေ့ကျလုပ်ငန်း အမျိုးမျိုးကို ထမ်းဆောင်ကြတယ်။ ဒီနည်းအားဖြင့် ကြီးကြပ်မှူးတွေဟာ သွန်သင်ခြင်းနဲ့ သိုးထိန်းခြင်း လုပ်ငန်းအတွက် အချိန်ပိုပေးနိုင်ကြတယ်။ သူတို့တစ်ဦးစီရဲ့ အရည်အသွေးတွေနဲ့ အသင်းတော်ရဲ့ လိုအပ်ရာတွေကို ထည့်စဉ်းစားပြီး အကြီးအကဲအဖွဲ့က တာဝန်တွေ ပေးတယ်။
အသင်းတော် အမှုထမ်းတွေဟာ လက်တွေ့ကျလုပ်ငန်း အမျိုးမျိုးကို ထမ်းဆောင်ပေးတဲ့အတွက် သွန်သင်ခြင်းနဲ့ သိုးထိန်းခြင်းလုပ်ငန်းမှာ ကြီးကြပ်မှူးတွေ ပိုအချိန်ပေးနိုင်ကြတယ်
၈ သူတို့ ထမ်းဆောင်တဲ့ လုပ်ငန်းတချို့ကို စဉ်းစားကြည့်ပါ– အသင်းတော် အမှုထမ်းတစ်ယောက်က ညီအစ်ကို ညီအစ်မတွေ ကိုယ်ပိုင်နဲ့ အမှုဆောင်လုပ်ငန်းအတွက် စာပေတွေ ရရှိနိုင်အောင် စာအုပ်စာတမ်းတွေကို တာဝန်ယူရနိုင်တယ်။ တချို့ကတော့ အသင်းတော်စာရင်း၊ ရပ်ကွက်မှတ်တမ်းကို ပြုစုဖို့ တာဝန်ရတယ်။ တချို့က မိုက်ကရိုဖုန်း ကိုင်ဖို့၊ အသံချဲ့စက် ကိုင်ဖို့၊ ဧည့်ကြို လုပ်ပေးဖို့၊ အကြီးအကဲတွေကို တခြားနည်းတွေနဲ့ ကူညီပေးဖို့ တာဝန်ရကြတယ်။ နိုင်ငံတော်ခန်းမကို ပြုပြင်ထိန်းသိမ်းပြီး သန့်သန့်ရှင်းရှင်းထားဖို့ လုပ်စရာများစွာ ရှိတယ်။ ဒါကြောင့် အဲဒီတာဝန်တွေကို ကူညီထမ်းဆောင်ပေးဖို့ အသင်းတော် အမှုထမ်းတွေ မကြာခဏ တောင်းဆိုခံရတယ်။
၉ အသင်းတော်တချို့မှာ အဲဒီတာဝန်တစ်ခုစီကို အမှုထမ်းတစ်ယောက်စီ ထမ်းဆောင်ဖို့ တာဝန်ရနိုင်တယ်။ တချို့အသင်းတော်တွေမှာတော့ အမှုထမ်းတစ်ယောက်ကပဲ တာဝန်အများကြီး ရရှိနိုင်တယ်။ အခြေအနေတချို့မှာတော့ တာဝန်တစ်ခုကိုပဲ အမှုထမ်းတစ်ယောက်ထက်မက ထမ်းဆောင်ရနိုင်တယ်။ တာဝန်တချို့ကို ထမ်းဆောင်ဖို့ အသင်းတော်အမှုထမ်း မလုံလောက်တဲ့အခါ အကြီးအကဲအဖွဲ့က ပုံသက်သေကောင်းတဲ့ နှစ်ခြင်းခံပြီးသား တခြားညီအစ်ကိုတွေကို တာဝန်ပေးဖို့ စီစဉ်နိုင်တယ်။ ဒီနည်းနဲ့ သူတို့လည်း အတွေ့အကြုံ ရရှိလာပါလိမ့်မယ်။ အသင်းတော် အမှုထမ်းတွေအဖြစ် ခန့်အပ်ခံရဖို့ အရည်အချင်း ပြည့်မီလာတဲ့ နောင်တစ်ချိန်မှာ အဲဒီအတွေ့အကြုံတွေက အသုံးဝင်လာပါလိမ့်မယ်။ ညီအစ်ကိုတွေ မရှိရင် အလုပ်တချို့ကို ကူညီလုပ်ဆောင်ပေးဖို့ ပုံသက်သေကောင်းတဲ့ ညီအစ်မတစ်ယောက်ကို တောင်းဆိုနိုင်တယ်။ အဲဒီညီအစ်မကို အသင်းတော် အမှုထမ်းအဖြစ် ခန့်အပ်မှာတော့ မဟုတ်ဘူး။ ပုံသက်သေကောင်းသူဆိုတာ အပြုအမူနဲ့ ဝတ်ပြုရေးပိုင်းမှာ တုပထိုက်သူအဖြစ် သတ်မှတ်ခံရသူ ဖြစ်တယ်။ ပုံသက်သေကောင်းတဲ့ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မရဲ့ အစည်းအဝေး တက်ရောက်မှု၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်မှု၊ မိသားစုဘဝ၊ ဖျော်ဖြေမှု ရွေးချယ်ပုံ၊ ဝတ်စားဖြီးလိမ်းပုံ စတာတွေဟာ တခြားသူတွေရှေ့မှာ ပုံသက်သေကောင်း ဖြစ်ရမယ်။
၁၀ အကြီးအကဲ နည်းနည်းပဲ ရှိတဲ့ အသင်းတော်တွေမှာ အရည်အချင်းရှိ အသင်းတော် အမှုထမ်းတွေက အယူဝါဒပိုင်းနဲ့ပတ်သက်တဲ့ နှစ်ခြင်းမေးခွန်းတွေကို နှစ်ခြင်းခံမယ့်သူတွေနဲ့ သုံးသပ်ဖို့ တောင်းဆိုခံရနိုင်တယ်။ အဲဒီမေးခွန်းတွေကို “အပိုင်း ၁—ခရစ်ယာန် ယုံကြည်ချက်များ” ဆိုတဲ့ နောက်ဆက်တွဲမှာ တွေ့နိုင်တယ်။ “အပိုင်း ၂—ခရစ်ယာန် အသက်တာ” ဆိုတဲ့ အပိုင်းမှာတော့ အတိမ်းအစောင်း သိပ်မခံတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါဝင်တာကြောင့် ဒီအပိုင်းကို အကြီးအကဲတစ်ယောက် ကိုင်တွယ်သင့်တယ်။
၁၁ အကြောင်းရင်း ခိုင်လုံမယ်ဆိုရင် အကြီးအကဲအဖွဲ့ဟာ တာဝန်တချို့ကို အသင်းတော်အမှုထမ်း တစ်ယောက်ပြီးတစ်ယောက်ကို အလှည့်ကျ တာဝန်ပေးတာ အကျိုးရှိနိုင်တယ်။ ဒါပေမဲ့ အတွေ့အကြုံ ရလာဖို့၊ ကျွမ်းကျင်လာဖို့ တာဝန်တစ်ခုတည်းကို အချိန်အတန်ကြာ ဆက်လုပ်စေခြင်းဟာ အကျိုးကြီးတယ်။
၁၂ “လူအားလုံးရှေ့ . . . တိုးတက်မှုကို ထင်ရှားမြင်သာစေ” တဲ့ အသင်းတော် အမှုထမ်းတွေကို ဒေသအခြေအနေပေါ် မူတည်ပြီး တခြားတာဝန်တွေလည်း ပေးနိုင်တယ်။ (၁ တိ. ၄:၁၅) အကြီးအကဲ အလုံအလောက် မရှိရင် အသင်းတော် အမှုထမ်းတစ်ယောက်ကို အုပ်စုကြီးကြပ်မှူးရဲ့ လက်ထောက်အဖြစ်၊ အခြေအနေတချို့မှာတော့ အကြီးအကဲတွေရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာ အုပ်စုအမှုထမ်းအဖြစ် တာဝန်ပေးနိုင်တယ်။ အသင်းတော် အမှုထမ်းတွေဟာ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး အပိုင်းတချို့ကို ကိုင်ဖို့၊ လိုအပ်ရင် အသင်းတော် ကျမ်းစာလေ့လာမှုကို ကိုင်ဖို့ တာဝန်ရနိုင်တယ်။ လူထုဟောပြောချက်တွေ ပေးဖို့လည်း တာဝန်ရနိုင်တယ်။ သတ်သတ်မှတ်မှတ် လိုအပ်ချက်တစ်ခု ရှိနေပြီး အဲဒီတာဝန်အတွက် တောင်းဆိုချက်တွေ ပြည့်မီမယ်ဆိုရင် အသင်းတော် အမှုထမ်းတွေကို တခြားအခွင့်ထူးတွေ ပေးအပ်နိုင်တယ်။ (၁ ပေ. ၄:၁၀) အသင်းတော် အမှုထမ်းတွေဟာ အကြီးအကဲတွေကို ကူညီပေးရာမှာ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ပေးဆက်သင့်တယ်။
၁၃ အသင်းတော် အမှုထမ်းတွေရဲ့ လုပ်ငန်းဟာ အကြီးအကဲတွေရဲ့ လုပ်ငန်းနဲ့ ကွာခြားပေမဲ့ မြင့်မြတ်တဲ့ အမှုတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာတော့ အတူတူပါပဲ။ သူတို့ရဲ့ လုပ်ငန်းက အသင်းတော်ရဲ့ လုပ်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စွာ လည်ပတ်စေရာမှာ အရေးပါတယ်။ အသင်းတော် အမှုထမ်းတွေဟာ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ပြီး သိုးထိန်းနဲ့ သွန်သင်ပို့ချသူအဖြစ် အရည်အချင်း ပြည့်မီလာမယ်ဆိုရင် အချိန်တန်တဲ့အခါ အကြီးအကဲတွေအဖြစ် အမှုဆောင်ဖို့ ထောက်ခံချက် ရရှိနိုင်တယ်။
၁၄ သင်ဟာ ဆယ်ကျော်သက် ညီအစ်ကိုဖြစ်စေ၊ နှစ်ခြင်းခံပြီးခါစ ညီအစ်ကိုဖြစ်စေ အသင်းတော် အမှုထမ်းအဖြစ် အရည်အချင်းပြည့်မီအောင် တက်လှမ်းနေသလား။ (၁ တိ. ၃:၁) နှစ်တိုင်း၊ အမှန်တရားထဲ လူများစွာ ရောက်ရှိလာနေတဲ့အတွက် အသင်းတော် တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းရှိ ရင့်ကျက်တဲ့ အမျိုးသားတွေ ပိုလိုအပ်လာတယ်။ တခြားသူတွေကို ကူညီပေးချင်တဲ့ဆန္ဒ မွေးမြူခြင်းအားဖြင့် တက်လှမ်းနိုင်တယ်။ အဲဒီလိုမွေးမြူနိုင်တဲ့ နည်းတစ်နည်းကတော့ ယေရှုရဲ့ ပုံနမူနာကောင်းကို တွေးတောခြင်း ဖြစ်တယ်။ (မ. ၂၀:၂၈။ ယော. ၄:၆၊ ၇။ ၁၃:၄၊ ၅) တခြားသူတွေကို ပေးဆက်ခြင်းကနေ ရရှိတဲ့ ပျော်ရွှင်မှုကို ခံစားရတဲ့အခါ အဲဒီဆန္ဒ တိုးများလာပါလိမ့်မယ်။ (တ. ၂၀:၃၅) ဒါကြောင့် စေတနာ့ဝန်ထမ်းပြီး တခြားသူတွေကို လက်တွေ့ကျကျ ကူညီပေးပါ။ နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ ကူညီပေးပါ။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးမှာ ကျောင်းသားတာဝန် အစားထိုး လုပ်ပေးပါ။ ထိရောက်တဲ့ ကိုယ်ပိုင်လေ့လာမှု အလေ့အထရှိခြင်းအားဖြင့် ဘုရားရေးရာ အရည်အသွေးတွေ ရှိလာအောင် ကြိုးစားတာလည်း တက်လှမ်းခြင်းမှာ ပါဝင်တယ်။ (ဆာ. ၁:၁၊ ၂။ ဂလ. ၅:၂၂၊ ၂၃) အဲဒီအပြင် တက်လှမ်းနေတဲ့ ညီအစ်ကိုဟာ အသင်းတော်တာဝန်တွေ ရတဲ့အခါ ယုံကြည်စိတ်ချလို့ ရမှန်း၊ သစ္စာရှိမှန်း သက်သေပြတယ်။—၁ ကော. ၄:၂။
၁၅ အသင်းတော် အမှုထမ်းတွေကို အသင်းတော်ရဲ့ အကျိုးအတွက် သန့်ရှင်းသော စွမ်းအားတော်နဲ့ ခန့်အပ်တယ်။ အသင်းတော်မှာ ရှိသူတိုင်းဟာ အသင်းတော် အမှုထမ်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သူတို့ရဲ့ အလုပ်ကြိုးစားမှုကို တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြနိုင်တယ်။ ဒီနည်းအားဖြင့် စည်းစနစ်ကျတဲ့ အိမ်ထောင်စု ဆက်ဖြစ်နေအောင် ယေဟောဝါ ပြင်ဆင်ပေးတာကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြရာရောက်ပါလိမ့်မယ်။—ဂလ. ၆:၁၀။