ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘုရားကို လူအများ အကြည်ညိုပျက်နေကြ
    ကင်းမျှော်စင်—၂၀၁၃ | နိုဝင်ဘာ ၁
    • မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ

      ဘုရားကို လူအများ အကြည်ညိုပျက်နေကြ

      “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။”​—ယေရှုခရစ်၊ ခရစ်နှစ် ၃၃။a

      လူအတော်များများက ဘုရားသခင်ကိုချစ်ဖို့ အခက်တွေ့ကြတယ်။ ဘာကြောင့်လဲ။ ဘုရားသခင်ဆိုတာ လူ့ဉာဏ်နဲ့နားမလည်နိုင်တဲ့၊ လူသားတွေကို စိတ်မဝင်စားတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်လို့ သူတို့ထင်နေကြလို့ပဲ။ လူတချို့ရဲ့ ပြောစကားကို သုံးသပ်ကြည့်ပါ–

      • “အကူအညီရဖို့ ဘုရားသခင်ဆီ ဆုတောင်းပေမဲ့ ကိုယ်တော် ကျွန်တော့်ကို လုံးဝဂရုမစိုက်ဘူးလို့ ခံစားနေရတယ်။ ကျွန်တော့်အမြင်မှာ ဘုရားသခင်ဆိုတာ သက်မဲ့အရာတစ်ခုပဲ။”​—အီတလီနိုင်ငံက မာကို။

      • “ဘုရားသခင်ကို ကျွန်မ တကယ်ပဲဝတ်ပြုကိုးကွယ်ချင်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်က ကျွန်မတို့ကို ဂရုစိုက်ပုံမရဘူး။ အပြစ်ပေးဖို့ပဲ ကြည့်နေတဲ့ ရက်စက်တဲ့ဘုရားလို့ ကျွန်မထင်တယ်။ ကိုယ်တော့်မှာ သနားကြင်နာတတ်တဲ့ ခံစားချက်ရှိတယ်ဆိုတာ ယုံဖို့ခက်နေတယ်။”​—ဂွာတီမာလာနိုင်ငံက ရိုဆာ။

      • “ကျွန်မ ကလေးဘဝတုန်းက ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ အပြစ်တွေကို လိုက်ရှာပြီး ပြစ်ဒဏ်ပေးဖို့ ကြည့်နေတယ်လို့ ယုံကြည်ခဲ့တယ်။ နောက်ပိုင်းကျတော့၊ ဘုရားသခင်က ကျွန်မတို့ကို စိတ်မဝင်စားဘူးလို့ ခံစားလာရတယ်။ ကိုယ်တော်က ကိုယ့်လက်အောက်ကလူတွေရဲ့ အရေးကိစ္စတွေကို စီစဉ်ကြီးကြပ်ပေးပေမဲ့ သူတို့အပေါ် တကယ်စိတ်ဝင်စားမှုမရှိတဲ့ ဝန်ကြီးတစ်ယောက်လိုပဲ။”​—ကနေဒါနိုင်ငံက ရေမိုဒီ။

      သင်ကော ဘယ်လိုထင်ပါသလဲ။ ဘုရားသခင်ကို ချစ်ဖို့ ဖြစ်နိုင်ပါ့မလား။ ဘာသာတရားကိုင်းရှိုင်းသူတွေ အပါအဝင် လူများစွာဟာ ဒီမေးခွန်းကိုမေးလာခဲ့တာ ရာစုနှစ်နဲ့ချီ ရှိနေပါပြီ။ ခရစ်နှစ် ၅၀၀ ကနေ ၁၅၀၀ ကြားကာလမှာ ခရစ်ယာန်အမည်ခံ လူအများစုက အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ဆုတောင် မတောင်းခဲ့ကြဘူး။ ဘာကြောင့်လဲ။ ဘုရားသခင်ကို ကြောက်နေကြလို့ပဲ။ သမိုင်းပညာရှင် ဝဲလ် ဒွတ်ရာန်က ခုလိုပြောတယ်– “နိမ့်ကျတဲ့ အပြစ်သားတစ်ယောက်က ကြောက်လန့်စရာကောင်းပြီး လူသားတွေကို ဂရုမစိုက်တဲ့ ဘုရားသခင်ဆီ ဘယ်လိုလုပ် ဆုတောင်းရဲမှာလဲ။”

      ဘုရားသခင်ကို “ကြောက်လန့်စရာကောင်းပြီး လူသားတွေကို ဂရုမစိုက်တဲ့” ပုဂ္ဂိုလ်တစ်ပါးအဖြစ် ဘာဖြစ်လို့ မြင်လာကြတာလဲ။ ဘုရားသခင်နဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ အမှန်တကယ် ဘာပြောထားသလဲ။ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာမယ်ဆိုရင် ဘုရားသခင်ကို ချစ်လာနိုင်မလား။

      a မဿဲ ၂၂:၃၇၊ ၃၈။

  • လိမ်လည်မှု ၁– ဘုရားသခင်ဆီမှာ နာမည်မရှိဘူး
    ကင်းမျှော်စင်—၂၀၁၃ | နိုဝင်ဘာ ၁
    • မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ

      လိမ်လည်မှု ၁– ဘုရားသခင်ဆီမှာ နာမည်မရှိဘူး

      လူအများယုံကြည်ရာ–

      “ဘုရားသခင်ဆီမှာ နာမည်ရှိသလား၊ မရှိဘူးလားဆိုတာကို ကျွန်တော်တို့ သေချာမသိကြဘူး။ ရှိခဲ့ရင်တောင် ဘုရားသခင်နာမည်က ဘာလဲဆိုတာကို အမြင်ကွဲလွဲနေကြတယ်။”—ပါမောက္ခ ဒေးဗစ် ခါနင်ဟမ်၊ ဓမ္မပညာရပ်။

      ကျမ်းစာအမှန်တရား–

      “ငါသည် မှန်ကန်သော ဘုရားသခင် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏” လို့ ဘုရားသခင်ကိုယ်တိုင် ပြောခဲ့တယ်။ (ဟေရှာယ ၄၂:၈၊ သမ္မာ) ဟီဘရူးဘာသာစကားနဲ့ “ယေဟောဝါ” ဆိုတဲ့ နာမည်က “ကိုယ်တော်ဖြစ်လာစေသည်” လို့ အဓိပ္ပာယ်ရှိတယ်။

      ဘုရားသခင်က ယေဟောဝါဆိုတဲ့ မိမိနာမည်ကို အသုံးပြုစေချင်တယ်။ သမ္မာကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “နာမတော်ကို ပတ္ထနာပြု [“ခေါ်၊” ကဘ] ကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။”—ဟေရှာယ ၁၂:၄။

      ဘုရားသခင့်နာမည်ကို ယေရှု အသုံးပြုခဲ့တယ်။ ယေဟောဝါဘုရားဆီ ယေရှု ဆုတောင်းတဲ့အခါ ခုလိုပြောခဲ့တယ်– “ကိုယ်တော်၏နာမတော်ကို သူတို့ [ယေရှု၏တပည့်များ] အား ကြားသိစေပါပြီ၊ ထပ်၍ ကြားသိစေပါဦးမည်။” တပည့်တွေကို ဘုရားသခင့်နာမည်သိအောင် ယေရှု ဘာကြောင့် ပြောပြရတာလဲ။ “ကျွန်ုပ်အား ချစ်တော်မူသော [ဘုရားသခင်၏] မေတ္တာသည် သူတို့၌ ရှိစေရန်၊ ကျွန်ုပ်သည် သူတို့နှင့် တစည်းတလုံးတည်းရှိစေရန်” ဖြစ်တယ်လို့ ကိုယ်တော် ဆက်ပြောခဲ့တယ်။။—ယောဟန် ၁၇:၂၆။

      ကျမ်းစာအမှန်တရားသိဖို့ အရေးကြီးရတဲ့ အကြောင်းရင်း–

      “ဘုရားသခင့်နာမည်ကို မသိဘူးဆိုရင် ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအနေနဲ့ ဘယ်လိုမှ ရင်းနှီးနိုင်မှာမဟုတ်ဘူး။ ဘုရားသခင်ကို မမြင်နိုင်တဲ့စွမ်းအားဖြစ်တယ်လို့ပဲ သိထားတဲ့သူက ကိုယ်တော့်ကို မချစ်နိုင်ဘူး” လို့ ဓမ္မပညာရှင် ဝေါလ်တာ လောရီ ရေးသားခဲ့တယ်။

      ဗစ်တာဟာ ခရစ်ယာန်ဘုရားကျောင်းကို အပတ်တိုင်း သွားတက်တယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ ရင်းနှီးတယ်လို့ သူ မခံစားခဲ့ရဘူး။ သူ ခုလိုပြောပြတယ်– “ဘုရားသခင့် နာမည်က ယေဟောဝါဖြစ်တယ်လို့ သိလိုက်ရတဲ့အခါ ဘုရားသခင်ကိုယ်တိုင် ကျွန်တော့်ကို လာမိတ်ဆက်သလို ခံစားရတယ်။ အရင်က ကိုယ်တော့်အကြောင်း တော်တော်လေးကြားဖူးထားပေမဲ့ ခုမှပဲ ကိုယ်တော့်ကို တွေ့လိုက်ရသလို ခံစားရတယ်။ ကိုယ်တော့်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် မြင်လာပြီး တဖြည်းဖြည်းနဲ့ ရင်းနှီးလာတယ်။”

      ယေဟောဝါဘုရားကလည်း မိမိနာမည်ကို အသုံးပြုတဲ့သူတွေနဲ့ ရင်းနှီးလိုစိတ် ရှိပါတယ်။ သမ္မာကျမ်းစာက ခုလိုကတိပြုထားတယ်– “နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား အိုထာဝရဘုရား ကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။” (ဆာလံ ၉:၁၀) ဘုရားသခင်က မိမိနာမည် အသုံးပြုတဲ့သူတွေကို ဆုချတဲ့အရှင်လည်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်၍ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”—ရောမ ၁၀:၁၃။

  • လိမ်လည်မှု ၂– ဘုရားသခင်အကြောင်း လူ့ဉာဏ်နဲ့ နားမလည်နိုင်ဘူး
    ကင်းမျှော်စင်—၂၀၁၃ | နိုဝင်ဘာ ၁
    • မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ

      လိမ်လည်မှု ၂– ဘုရားသခင်အကြောင်း လူ့ဉာဏ်နဲ့ နားမလည်နိုင်ဘူး

      လူအများယုံကြည်ရာ–

      ခရစ်ယာန်ဘာသာကြီး “သုံးခုဖြစ်တဲ့ ရိုမန်ကက်သလစ်၊ အရှေ့ပိုင်းသြသဒေါက်စ်နဲ့ ပရိုတက်စတင့်တွေက ပုဂ္ဂိုလ်သုံးပါးပေါင်းမှ ဘုရားတစ်ဆူဖြစ်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီပုဂ္ဂိုလ်သုံးပါးက ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့ ဖြစ်ကြတယ်။ အဲဒီသုံးပါးဟာ ဘုရားသုံးပါးမဟုတ်ဘဲ သုံးပါးပေါင်းမှ ဘုရားတစ်ဆူဖြစ်တယ်လို့ ခရစ်ယာန်ဓမ္မပညာမှာ ဖော်ပြထားတယ်။”—ဗြိတိန်နီကာစွယ်စုံကျမ်းသစ်။

      ကျမ်းစာအမှန်တရား–

      ဘုရားသခင့်သားတော်ဖြစ်တဲ့ ယေရှုက မိမိဟာ ခမည်းတော်နဲ့ ပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်တယ် ဒါမှမဟုတ် တန်းတူဖြစ်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ အဲဒီအစား၊ ခုလိုပြောခဲ့တယ်– ‘ခမည်းတော်ထံ ငါသွားမည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။’ (ယောဟန် ၁၄:၂၈) ကိုယ်တော်က တပည့်တစ်ဦးကိုလည်း ခုလိုပြောခဲ့တယ်– “ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ရမည်။”—ယောဟန် ၂၀:၁၇။

      ရှေးခေတ်ခရစ်ယာန်တွေဟာ “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်” ခဲ့ကြတယ်။ ယေဟောဝါဘုရားကလည်း “လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်” လို့ပြောခဲ့တယ်။ (တမန်တော် ၂:၁-၄၊ ၁၇၊ သမ္မာကျမ်း) ဒါကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ပုဂ္ဂိုလ်တစ်ပါး မဟုတ်သလို သုံးပါးပေါင်းတစ်ဆူဘုရားရဲ့ အစိတ်အပိုင်းဝင်လည်း မဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘုရားသခင့်စွမ်းအားတော် ဖြစ်ပါတယ်။

      ကျမ်းစာအမှန်တရားသိဖို့ အရေးကြီးရတဲ့အကြောင်းရင်း–

      သုံးပါးပေါင်းတစ်ဆူကို “ဘုရားသခင် မရှင်းပြဘူးဆိုရင် နားမလည်နိုင်ဘူး။ ရှင်းပြပြီးရင်တောင် အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး” လို့ ကက်သလစ်ဓမ္မပညာရှင် ကားလ်ရာနာနဲ့ ဟာဘတ်ဖော့ဂရင်မ်လာတို့က ပြောတယ်။ သင်ကော ကိုယ်မသိတဲ့၊ ကိုယ်နားမလည်နိုင်တဲ့သူကို ချစ်နိုင်ပါ့မလား။ တကယ်တော့ သုံးပါးပေါင်းတစ်ဆူအယူဝါဒဟာ ဘုရားသခင်ကို မသိအောင်၊ မချစ်နိုင်အောင် တားဆီးထားတဲ့ တံတိုင်းကြီးတစ်ခုလိုပါပဲ။

      ရှေ့ဆောင်းပါးမှာ ဖော်ပြထားတဲ့ မာကိုလည်း သုံးပါးပေါင်းတစ်ဆူအယူဝါဒကြောင့် ဒီလိုပြောခဲ့တယ်– “ဘုရားသခင်က သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကျွန်တော့်ကို မသိစေချင်ဘူးလို့ ခံစားခဲ့ရတယ်။ ဒီလိုနဲ့ ဘုရားသခင်ဆိုတာ လူသားတွေကို စိတ်မဝင်စားတဲ့၊ လူ့ဉာဏ်နဲ့နားမလည်နိုင်တဲ့၊ လုံးဝမရင်းနှီးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးပဲလို့ ကျွန်တော် မြင်လာတယ်။” ဒါပေမဲ့ “ဘုရားသခင်သည် ရှုပ်ထွေးခြင်း၏ ဘုရားမဟုတ်” ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ကောရိန္သု ၁၄:၃၃၊ ကက်သလစ်ကျမ်းစာတော်မြတ်) ဘုရားသခင်က မိမိဘယ်သူဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ကို သိစေချင်တယ်။ ဒါကြောင့် ယေရှုက “ငါတို့မူကား သိသောအရာကို ကိုးကွယ်ကြ၏” လို့ပြောခဲ့တယ်။—ယောဟန် ၄:၂၂။

      မာကို ခုလိုဆက်ပြောပြတယ်– “ဘုရားသခင်က သုံးပါးပေါင်းတစ်ဆူအဝင် မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ကိုယ်တော်နဲ့ ရင်းနှီးလာတယ်။” ယေဟောဝါဘုရားကို လူ့ဉာဏ်နဲ့ နားမလည်နိုင်တဲ့ပုဂ္ဂိုလ်အဖြစ် မဟုတ်ဘဲ ကောင်းကောင်းသိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးအဖြစ် ရှုမြင်မယ်ဆိုရင် ကိုယ်တော့်ကို ချစ်လာပါလိမ့်မယ်။ သမ္မာကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကို မသိ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။”—၁ ယောဟန် ၄:၈။

  • လိမ်လည်မှု ၃– ဘုရားသခင်က ရက်စက်ကြမ်းကြုတ်တယ်
    ကင်းမျှော်စင်—၂၀၁၃ | နိုဝင်ဘာ ၁
    • မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ

      လိမ်လည်မှု ၃– ဘုရားသခင်က ရက်စက်ကြမ်းကြုတ်တယ်

      လူအများယုံကြည်ရာ–

      “သေထိုက်တဲ့အပြစ်ကြောင့် သေသွားသူရဲ့ဝိညာဉ်က ငရဲကို ချက်ချင်း ရောက်သွားပြီး ‘ထာဝရမီး’ ငရဲမှာ ပြစ်ဒဏ်ခံစားရတယ်။” (Catechism of the Catholic Church) ငရဲမှာပြစ်ဒဏ်ခံနေရတဲ့သူတွေဟာ ဘုရားသခင်နဲ့ အပြီးအပိုင် ကင်းကွာသွားတယ်ဆိုပြီး ဘာသာရေးခေါင်းဆောင်တချို့ သွန်သင်ကြတယ်။

      ကျမ်းစာအမှန်တရား–

      “သေသောသူမူကား အဘယ်အရာကိုမျှ မသိ။” (ဒေသနာ ၉:၅) သေသွားတဲ့သူက ဘာမှမသိတော့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး “ထာဝရမီး” ငရဲထဲမှာ ပြစ်ဒဏ်ခံစားနိုင်မှာလဲ။ ဘုရားသခင်နဲ့ ကင်းကွာတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။

      သမ္မာကျမ်းစာမှာ “ငရဲ” လို့ပြန်ဆိုထားတဲ့ ဟီဘရူးနဲ့ ဂရိစကားလုံးက သာမန်သင်္ချိုင်းကို ဆိုလိုတယ်။ ဥပမာ၊ ဘုရားအပေါ် သစ္စာတည်ကြည်တဲ့ ယောဘဟာ ရောဂါဝေဒနာ အပြင်းအထန် ခံစားရချိန်မှာ “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း [“ငရဲ၊” Douay-Rheims Version] ၌ ဝှက်ထားတော်ပါစေ” လို့ ဆုတောင်းခဲ့တယ်။ (ယောဘ ၁၄:၁၃) ယောဘဟာ ညှဉ်းဆဲခံရတဲ့နေရာ ဒါမှမဟုတ် ဘုရားသခင်နဲ့ ကင်းကွာတဲ့နေရာမှာ မဟုတ်ဘဲ သင်္ချိုင်းမှာ အနားယူချင်နေတာပါ။

      ကျမ်းစာအမှန်တရားသိဖို့ အရေးကြီးရတဲ့အကြောင်းရင်း–

      ဘုရားသခင်က ရက်စက်ကြမ်းကြုတ်တယ်ဆိုပြီး လူတွေ ယူမှတ်လာတဲ့အခါ ကိုယ်တော့်ကို ချစ်မယ့်အစား ရွံမုန်းလာကြတယ်။ မက္ကဆီကိုနိုင်ငံက ရိုစီအို ဒီလိုပြောပြတယ်– “ကျွန်မ ငယ်ငယ်ကတည်းက ငရဲအယူဝါဒအကြောင်း သင်ပေးခံခဲ့ရတယ်။ ဘုရားသခင်ကို ကြောက်လွန်းလို့ ကိုယ်တော့်မှာ ဘာအရည်အသွေးကောင်းမှ မရှိဘူးလို့ ထင်ခဲ့တယ်။ အမြဲတမ်း စိတ်ဆိုးဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ပါးပဲလို့ ကျွန်မ မြင်ယောင်ခဲ့တယ်။”

      ဘုရားသခင်ရဲ့ တရားစီရင်ချက်တွေ၊ သေဆုံးသွားသူတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကို ရိုစီအို သိလာတဲ့အခါ ဘုရားသခင်အပေါ် သူ့ရဲ့ ရှုမြင်ပုံ ပြောင်းလဲသွားတယ်။ “ကျွန်မရဲ့စိတ်ထဲက ဘုရားသခင်နဲ့ပတ်သက်တဲ့ ဝန်ထုပ်ဝန်ပိုးကြီး ခုမှပဲ ကျသွားတော့တယ်။ လူတွေရဲ့ ကောင်းကျိုးကို ဘုရားသခင် လိုလားတယ်၊ လူတွေကို ချစ်တယ်၊ ကျွန်မတို့ကလည်း ဘုရားသခင်ကို ချစ်နိုင်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ ယုံကြည်လာတယ်။ ဘုရားသခင်ဟာ ကိုယ့်ကလေးကို လက်တွဲခေါ်သွားပြီး ကလေးအတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့ ဖခင်တစ်ယောက်နဲ့ တူပါတယ်။”—ဟေရှာယ ၄၁:၁၃။

      လူများစွာက မီးငရဲကျမှာကို ကြောက်လို့ ဘုရားတရားလုပ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က မိမိကိုကြောက်လို့ ကိုးကွယ်တာမျိုးကို မလိုချင်ဘူး။ ဒါကြောင့် ယေရှုက ‘သင်၏ဘုရားသခင် ယေဟောဝါကို ချစ်လော့’ ဆိုပြီး မိန့်မှာခဲ့တယ်။ (မာကု ၁၂:၂၉၊ ၃၀) ယနေ့အချိန်မှာ ဘုရားသခင်က မတရားမှုတွေကို မလုပ်ဘူးဆိုတာ ကျွန်ုပ်တို့ သိထားမယ်ဆိုရင် အနာဂတ်မှာလည်း ကိုယ်တော့်ရဲ့ စီရင်ချက်တွေဟာ တရားမျှတမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်မယ်။ “ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့်စီရင်တော်မမူ” လို့ ယောဘရဲ့မိတ်ဆွေ ဧလိဟုပြောခဲ့သလို ကျွန်ုပ်တို့လည်း သေချာပေါက် ပြောနိုင်ပါတယ်။—ယောဘ ၃၄:၁၂။

  • အမှန်တရားက သင့်ကို လွတ်မြောက်စေနိုင်
    ကင်းမျှော်စင်—၂၀၁၃ | နိုဝင်ဘာ ၁
    • မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ

      အမှန်တရားက သင့်ကို လွတ်မြောက်စေနိုင်

      ယေရှုဟာ ဂျေရုဆလင်မြို့မှာရှိနေတုန်း ခမည်းတော် ယေဟောဝါအကြောင်း ပြောပြရင်းနဲ့ သူ့ခေတ်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အမှားတွေကို ဖော်ထုတ်ခဲ့တယ်။ (ယောဟန် ၈:၁၂-၃၀) ဘုရားသခင်နဲ့ပတ်သက်တဲ့ ယနေ့ခေတ် သွန်သင်ချက်တွေ မှန်မမှန်ဆိုတာသိနိုင်ဖို့ အဲဒီတုန်းက ယေရှုပြောခဲ့တဲ့ စကားတွေနဲ့ ဆန်းစစ်နိုင်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့သည် ငါ၏တရား၌ တည်နေလျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။ အမှန်တရားကို သင်တို့ သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်။”—ယောဟန် ၈:၃၁၊ ၃၂။

      ‘ငါ၏တရား၌တည်နေပါ။’ ယေရှုပြောခဲ့တဲ့ ဒီစကားက ဘာသာရေးသွန်သင်ချက်တွေဟာ “အမှန်တရား” ဟုတ်မဟုတ်ဆိုတာ ခွဲခြားသိနိုင်မယ့် စံနှုန်းတစ်ခုဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်အကြောင်း သင် တစ်ခုခု သိလာတဲ့အခါ ‘ဒါက ယေရှုပြောခဲ့တဲ့စကားတွေ၊ တခြားကျမ်းစကားတွေနဲ့ ကိုက်ညီမှုရှိရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဗေရိမြို့သားတွေက တမန်တော်ပေါလုရဲ့ သွန်သင်ချက်တွေကို ကြားတဲ့အခါ “ကြားနာရသည့်အရာများကို မှန်မမှန်သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်” ခဲ့ကြတယ်။ သူတို့ကို တုပနိုင်ပါတယ်။—တမန်တော် ၁၇:၁၁။

      ရှေ့ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့ မာကို၊ ရိုဆာ၊ ရေမိုဒီတို့က ယေဟောဝါသက်သေတွေနဲ့အတူ ကျမ်းစာလေ့လာပြီး ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို စေ့စေ့ဆန်းစစ်ခဲ့ကြတယ်။ သူတို့ ဘာအကျိုးရရှိခဲ့ကြသလဲ။

      မာကို– “ကျမ်းစာသင်ပေးတဲ့သူက ကျွန်တော်တို့ဇနီးမောင်နှံမေးတဲ့ မေးခွန်းအားလုံးကို ကျမ်းစာနဲ့ အဖြေပေးခဲ့တယ်။ သိလာတဲ့အရာတွေကြောင့် ယေဟောဝါဘုရားကို ချစ်သည်ထက်ချစ်လာတဲ့အပြင် ကျွန်တော်တို့ရဲ့ အိမ်ထောင်နှောင်ကြိုးလည်း ပိုခိုင်မြဲလာတယ်။”

      ရိုဆာ– “သမ္မာကျမ်းစာဆိုတာ ဘုရားသခင်အကြောင်းကို လူ့အတွေးအခေါ်နဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်ပဲလို့ အရင်က ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မသိချင်တဲ့ မေးခွန်းတွေကို သမ္မာကျမ်းစာက အဖြေပေးနိုင်တယ်ဆိုတာ တဖြည်းဖြည်း သိလာတယ်။ ခုတော့ ကျွန်မအတွက် ယေဟောဝါဘုရားဟာ တကယ်တည်ရှိပြီး ယုံကြည်ကိုးစားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်လာပြီ။”

      ရေမိုဒီ– “ကိုယ်တော့်အကြောင်း သိအောင် ကူညီပေးပါဆိုပြီး ကျွန်မ ဆုတောင်းခဲ့တယ်။ မကြာခင်မှာ ကျွန်မတို့ဇနီးမောင်နှံဟာ ကျမ်းစာ စလေ့လာခဲ့တယ်။ အခုတော့ ယေဟောဝါဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားနဲ့ ဘုရားသခင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ သိရလို့ အတိုင်းမသိ ပျော်ရွှင်မိတယ်။”

      သမ္မာကျမ်းစာက ဘုရားသခင်အပေါ် အမြင်မှားစေတဲ့ လိမ်လည်မှုတွေကို ဖော်ထုတ်ပေးရုံသာမက ကိုယ်တော်ရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေအကြောင်းကိုလည်း ဖော်ပြထားတယ်။ ကျမ်းစာကို ကိုယ်တော့်စွမ်းအားတော်ရဲ့လမ်းညွှန်မှုနဲ့ ရေးသားထားတာဖြစ်တယ်။ ကျမ်းစာဖတ်တဲ့အခါ “ဘုရားသခင် ပေးသနားတော်မူ” တဲ့ အမှန်တရားတွေကို သိလာရတယ်။ (၁ ကောရိန္သု ၂:၁၂) ဒါကြောင့် အရေးကြီးအကြောင်းအရာတွေဖြစ်တဲ့ ဘုရားသခင်၊ ဘဝရည်ရွယ်ချက်၊ အနာဂတ်စတာတွေနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲဆိုတာ သင်ကိုယ်တိုင် လေ့လာကြည့်ပါ။ အဲဒီမေးခွန်းတချို့ရဲ့ အဖြေကို www.pr418.com/mya ရဲ့ “သမ္မာကျမ်းစာသွန်သင်ချက်များ > ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖတ်ကြည့်နိုင်တယ်။ ကျမ်းစာလေ့လာချင်တယ်ဆိုရင် အင်တာနက်ကနေ တောင်းဆိုနိုင်သလို ယေဟောဝါသက်သေတစ်ဦးကိုလည်း တောင်းဆိုနိုင်ပါတယ်။ အဲဒီလိုကျမ်းစာလေ့လာမယ်ဆိုရင် ဘုရားသခင်ကို သင် ထင်ထားတာထက် ပိုပြီးချစ်လာလိမ့်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ