ယေဟောဝါကား အဘယ်သူနည်း
“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကား အဘယ်သူနည်း။” ဤမေးခွန်းကို လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ က မာနထောင်လွှားသော အီဂျစ်ဘုရင်ဖာရော မေးမြန်းခဲ့သည်။ ပမာမခန့်ပြုကာ သူက “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုငါမသိ” ဟူ၍ပင်ဆိုခဲ့သေးသည်။ ထိုစဉ်က ဖာရောရှေ့ ရပ်နေသူနှစ်ဦးသည် ယေဟောဝါကိုသိကြပါသည်။ ထိုသူတို့သည် ဣသရေလလူမျိုးလေဝိအနွယ်သား ညီအစ်ကိုများဖြစ်သူ မောရှေနှင့်အာရုန်တို့ဖြစ်သည်။ ဘာသာရေးပွဲတော်ကျင်းပခြင်းငှာ ဣသရေလူမျိုးအား တောအရပ်သို့လွှတ်ပေးရန် အီဂျစ်မင်းထံမှ ခွင့်ပြုချက်တောင်းခံဖို့အတွက် သူတို့အား ယေဟောဝါစေလွှတ်တော်မူခဲ့ပါသည်။—ထွက်မြောက်ရာ ၅:၁၊ ၂။
မိမိအမေးအတွက် အဖြေကို ဖာရောတောင်းဆိုနေခြင်းမဟုတ်ပါ။ သူ၏အခွင့်အာဏာဖြင့် ဗာဗုလုန်ဘုရား မြောက်မြားစွာတို့ကို ကိုးကွယ်ဝတ်ပြုရန် ပုရောဟိတ်များကို ဦးဆောင်စေသည်။ ဖာရောကိုယ်တိုင်ကိုပင် ဘုရားတစ်ဆူအဖြစ် ယူမှတ်ကြသည်မဟုတ်ပေလော။ အီဂျစ်ဒဏ္ဍာရီအရဆိုလျှင် သူသည် နေဘုရား ရာ ၏သားဖြစ်၏။ သိန်းငှက်ခေါင်းရှိ ဟိုရပ်စ်ဘုရား ဝင်စားသူဟူ၍လည်းဆိုကြသည်။ ဖာရောအား “တန်ခိုးကြီးသောဘုရား” နှင့် “ထာဝရအရှင်” ဟုဘွဲ့တပ်ခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုကြောင့် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏စကားကိုနားထောင် . . . ခြင်းငှာ ထိုဘုရားကား အဘယ်သူနည်း” ဟုအထင်အမြင်သေးကာ သရော်လိုက်ခြင်းသည် အံ့ဩစရာမဟုတ်ပါ။
ထိုမေးခွန်းကို မောရှေနှင့်အာရုန်တို့ ဖြေဆိုပေးစရာမလိုပါ။ အီဂျစ်နိုင်ငံတွင် ထိုစဉ်က ကျွန်ခံနေရသောဣသရေလလူမျိုး ကိုးကွယ်သောဘုရားသခင်သည် ယေဟောဝါဖြစ်ကြောင်းကို ဖာရောကောင်းစွာသိပါသည်။ သို့သော် ယေဟောဝါသည် စစ်မှန်သောဘုရားဖြစ်ကြောင်းကို ဖာရောနှင့်အီဂျစ်တစ်နိုင်ငံလုံးသည် များမကြာမီ သိရှိကြရလိမ့်မည်။ ယနေ့လည်း ထိုနည်းထပ်တူပင် ယေဟောဝါရှင်သည် မြေကြီးသားအပေါင်းတို့အား ကိုယ်တော်၏နာမတော်နှင့် ဘုရားအဖြစ်ကို သိသာထင်ရှားစေတော်မူလိမ့်မည်။ (ယေဇကျေလ ၃၆:၂၃) ယင်းကြောင့် ရှေးအီဂျစ်နိုင်ငံတွင် ယေဟောဝါဘုရားသခင်သည် မိမိ၏နာမတော်ကို မည်သို့ကျော်ဇော်ကိတ္တိရှိစေခဲ့ကြောင်း သုံးသပ်ခြင်းမှ အကျိုးခံစားရပါလိမ့်မည်။
အီဂျစ်ဘုရားများထက် ကြီးမြတ်တော်မူ
ယေဟောဝါကား အဘယ်သူနည်းဟု ဖာရောသည် ပမာမခန့်မေးမြန်းသောအခါ သူတွေ့ကြုံခဲ့ရသောအဖြစ်အပျက်များကို ခံရလိမ့်မည်ဟု မထင်မမှတ်ခဲ့ပါ။ ယေဟောဝါကိုယ်တော်တိုင် အီဂျစ်နိုင်ငံအပေါ် ကပ်ဘေးဆယ်ခုကျရောက်စေကာ အဖြေပေးတော်မူခဲ့သည်။ ထိုကပ်ဘေးများသည် ယင်းနိုင်ငံကိုသာ ထိခိုက်သည်မဟုတ်ပါ။ အီဂျစ်ဘုရားများကိုပါ ထိုးနှက်တိုက်ခိုက်ပါသည်။
အီဂျစ်ဘုရားများထက် ယေဟောဝါကြီးမြတ်တော်မူကြောင်းကို ယင်းကပ်ဘေးများက ထင်ရှားစေသည်။ (ထွက်မြောက်ရာ ၁၂:၁၂။ တောလည်ရာ ၃၃:၄) နိုင်းမြစ်ရေကိုသာမက အီဂျစ်နိုင်ငံတစ်လျှောက်ရှိ ရေအကုန်အစင်ကို ယေဟောဝါရှင်သည် အသွေးဖြစ်စေတော်မူခဲ့သည့်အခါ ရုန်းရင်းဆန်ခတ်ဖြစ်မှုကို တွေးတောကြည့်ပါ။ ဤအံ့ဖွယ်ရာအားဖြင့် ဟာပီအမည်ရှိ နိုင်းမြစ်ဘုရားထက် ယေဟောဝါရှင်သည် ကြီးမြတ်တော်မူကြောင်းကို ဖာရောနှင့်သူ၏လူမျိုးတစ်မျိုးလုံး သဘောပေါက်ခဲ့ပါသည်။ နိုင်းမြစ်ရှိ ငါးအပေါင်းတို့ သေကျေပျက်စီးခဲ့ခြင်းသည်လည်း အီဂျစ်လူမျိုး၏ဘာသာကို ထိခိုက်ခဲ့ပါသည်။ အကြောင်းမူကား၊ ငါးအချို့ကို သူတို့ကိုးကွယ်ထားကြသည်။—ထွက်မြောက်ရာ ၇:၁၉-၂၁။
ထို့နောက် အီဂျစ်နိုင်ငံအပေါ် ဖားကပ်ဘေးကို ယေဟောဝါဆိုက်ရောက်စေခဲ့သည်။ ဤကပ်ဘေးက အီဂျစ်နိုင်ငံ၏ ဖားဘုရားမ ဟဲခ်ကိုအရှက်ကွဲစေသည်။ (ထွက်မြောက်ရာ ၈:၅-၁၄) ယေဟောဝါနည်းတူ မြေမှုန့်ကို ခြင်ကောင်များမဖြစ်စေနိုင်ခဲ့သော မျက်လှည့်ဆရာပုရောဟိတ်များအား တတိယကပ်ဘေးက စိတ်ရှုပ်ထွေးစေခဲ့သည်။ သို့နှင့်သူတို့က “ဤအမှုသည် ဘုရားသခင်၏တန်ခိုးကြောင့်ဖြစ်သည်” ဟုဆိုကြပါသည်။ (ထွက်မြောက်ရာ ၈:၁၆-၁၉) စုန်းအတတ်ပညာရှင်၊ အီဂျစ်ဘုရားသော့သ်သည် သူ၏ တတ်ယောင်ကားများကို မကူညီနိုင်ခဲ့ပါ။
ယေဟောဝါသည် အဘယ်သူဖြစ်သည်ကို ဖာရောသိနေပါသည်။ မောရှေမှတစ်ဆင့် ရည်ရွယ်တော်မူချက်ကို ထင်ရှားစေ၍ အီဂျစ်လူမျိုးအပေါ် အံ့ဖွယ်ရာကပ်ဘေးများ ဆိုက်ရောက်စေနိုင်တော်မူသောဘုရားသည် ယေဟောဝါဖြစ်တော်မူကြောင်း သူတို့သိလာကြပါသည်။ အလိုတော်ရှိသည်အတိုင်း ယေဟောဝါသည် ကပ်ဘေးများကိုစတင်၍ ပြီးဆုံးစေနိုင်တော်မူသောဘုရား ဖြစ်ပါသည်။ သို့ရာတွင် ဤသို့သိရှိလျက်ပင် ယေဟောဝါကို ဖာရော လက်အောက်မခံလိုပါ။ ယင်းအစား မာနထောင်လွှားသော အီဂျစ်ဘုရင်သည် ခေါင်းမာမာဖြင့် ယေဟောဝါကိုဆက် အာခံနေပါသည်။
စတုတ္ထမြောက်ကပ်ဘေးအတွင်း မှက်ကောင်များသည် တစ်တိုင်းပြည်လုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အိမ်ထဲ၌ပြည့်ပြီး လေကိုတင်စားသည့် ရှူးဘုရား၊ သို့မဟုတ် ကောင်းကင်ဘုရင်မဖြစ်သော ဘုရားမအိုင်စစ္စ တင်စားသည့် လေထဲတွင် အစုအပြုံလိုက် အုံ၍ပျံဝဲခဲ့ကြပေမည်။ ဤပိုးမွှားအတွက် ဟေဗြဲစကားလုံးကို “မှက်ကောင်”၊ “ယင်ရဲ” နှင့် “နွားချေးပိုး” ဟူ၍ပြန်ဆိုထားသည်။ (New World Translation; Septuagint; Young) ချေးပိုးထိုးသာ ပါမည်ဆိုလျှင် အီဂျစ်လူမျိုး အထွတ်အမြတ်ထားသည့် ပိုးမွှားများဒဏ်ကိုပင် သူတို့ခံခဲ့ကြပေမည်။ ထိုသို့ဆိုလျှင် ယင်းတို့ကို မနင်းမိဘဲ သွားလာနိုင်လိမ့်မည်မဟုတ်ပါ။ မည်သို့ဆိုစေကာမူ ဤကပ်ဘေးက ဖာရောအား ယေဟောဝါအကြောင်း ပိုမိုသိရှိလာစေပါသည်။ အီဂျစ်နိုင်ငံ၏ဘုရားများသည် ယင်းတို့ကိုကိုးကွယ်သူများအား မှက်ကောင်များဒဏ်မှ မကာကွယ်နိုင်သော်လည်း ယေဟောဝါမူကား မိမိလူမျိုးကို ကာကွယ်ပေးနိုင်တော်မူသည်။ ဤကပ်ဘေးနှင့် နောက်ဆက်တွဲကပ်ဘေးအားလုံးတို့သည် အီဂျစ်လူမျိုးအပေါ် ဆိုက်ခဲ့သော်လည်း ဣသရေလလူမျိုးသည် ယင်းဘေးဒဏ်များကို မခံခဲ့ရပါ။—ထွက်မြောက်ရာ ၈:၂၀-၂၄။
ပဉ္စမမြောက်ကပ်ဘေးသည် အီဂျစ်မွေးမြူရေးတိရစ္ဆာန်များအပေါ် ဆိုက်ရောက်သောကပ်ဘေးဖြစ်သည်။ ဤဘေးဒဏ်သည် ဟက်သောရ်၊ အေပစ္စနှင့် နွားပုံသဏ္ဌာန်ရှိ ဝေဟင်ဘုရားမနပ်တ်တို့ကို အရှက်ခွဲခဲ့သည်။ (ထွက်မြောက်ရာ ၉:၁-၇) ဆဌမမြောက်ကပ်ဘေးသည် လူနှင့်တိရစ္ဆာန်များကို အနာစိမ်းများပေါက်စေ၍ အဖျားအနာကုသနိုင်စွမ်းရှိသည်ဟု မှားယွင်းစွာယူမှတ်ထားသော သော့သ်၊ အိုင်စစ္စနှင့် ပထားဘုရားများကို အရှက်တကွဲဖြစ်စေခဲ့ပါသည်။—ထွက်မြောက်ရာ ၉:၈-၁၁။
သတ္တမမြောက်ကပ်ဘေးမှာ မီးနှင့်ရောပြွမ်းသော သည်းထန်စွာရွာသွန်းသည့် မိုးသီးများဖြစ်ပါသည်။ ဤဘေးဒဏ်ကြောင့် လျှပ်စီးဝိဇ္ဇာဟုယူမှတ်ကြသော ရက်ရှ်ပူးဘုရားနှင့် မိုးနှင့်မိုးကြိုးကို ဦးစီးချုပ်ကိုင်သူဟု အဆိုပြုသော သော့သ်ဘုရားတို့သည် အရှက်တကွဲဖြစ်ရလေသည်။ (ထွက်မြောက်ရာ ၉:၂၂-၂၆) အဌမမြောက်ကပ်ဘေးဖြစ်သည့် ကျိုင်းကောင်များကပ်ဘေးက ကောက်ပဲသီးနှံပြုစုကာကွယ်ရှင်ဟုဆိုကြသော မင်းအမည်ရှိ ဖွံ့ဖြိုးတိုးပွားခြင်းဘုရားထက် ယေဟောဝါသည် မြင့်မြတ်တော်မူကြောင်း ဖော်ပြပါသည်။ (ထွက်မြောက်ရာ ၁၀:၁၂-၁၅) အီဂျစ်နိုင်ငံတစ်ခွင် သုံးရက်တိုင်အမှောင်ထုကျစေခဲ့သော နဝမကပ်ဘေးကြောင့် နေဘုရား ရာနှင့်ဟိုရပ်စ် အစရှိသည့် အီဂျစ်ဘုရားများသည် အထင်အမြင်သေးခံကြရသည်။—ထွက်မြောက်ရာ ၁၀:၂၁-၂၃။
အပျက်အစီးများသော ကပ်ဘေးကိုးခုဖြစ်ပြီးလျက်ပင် ဣသရေလလူမျိုးကို ယခုတိုင် ဖာရောမစေလွှတ်လိုပါ။ သူ၏နှလုံးခိုင်မာမှုကြောင့် ဒသမမြောက်ဖြစ်သော နောက်ဆုံးကပ်ဘေး—လူနှင့်တိရစ္ဆာန်မှ သားဦးများသေဆုံးခြင်းကို ဘုရားသခင်ဆိုက်ရောက်စေတော်မူသောအခါ အီဂျစ်နိုင်ငံအတွက် များစွာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါသည်။ ဖာရောအား ဘုရားတစ်ဆူအဖြစ်သတ်မှတ်ကြသော်လည်း သူ၏သားဦးပင် အသက်ဆုံးရှုံးခဲ့လေသည်။ ဤနည်းဖြင့် ယေဟောဝါရှင်သည် ‘အီဂျစ်နိုင်ငံ၏ဘုရားများကို တရားစီရင်တော်မူခဲ့သည်။’—ထွက်မြောက်ရာ ၁၂:၁၂၊ ၂၉။
ထိုအခါ ဖာရောသည် မောရှေနှင့်အာရုန်တို့အား ခေါ်၍ “သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲက ထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အားသွား၍ ဝတ်ပြုကြလော့။ သင်တို့တောင်းသည်အတိုင်း သိုးနွားများကိုယူ၍သွားကြလော့။ ငါ့ကိုလည်း ကောင်းချီးပေးကြလော့ဟုမိန့်တော်မူ၏။”—ထွက်မြောက်ရာ ၁၂:၃၁၊ ၃၂။
မိမိလူမျိုးတော်ကို စောင့်ရှောက်ကာကွယ်သောအရှင်
ဣသရေလလူမျိုးတို့သည်လည်း ထွက်ခွာသွားကြသည်။ သို့သော် တောတောင်အရပ်တွင် သူတို့သည် ရောင်လည်လည်ဖြစ်နေဟန်ရှိသည်ဟု ဖာရောယူမှတ်စရာပေါ်လေတော့သည်။ သို့ဖြစ်၍ သူနှင့်သူ၏ကျေးကျွန်တို့က “ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့်လွှတ်ရသနည်း” ဟုယခုမေးမြန်းလေသည်။ (ထွက်မြောက်ရာ ၁၄:၃-၅) ဤအစေခံကျွန်အမျိုးတစ်မျိုးလုံးမရှိခြင်းက အီဂျစ်နိုင်ငံအတွက် စီးပွားရေးနစ်နာဆုံးရှုံးမှု အကြီးအကျယ်ဖြစ်ပေတော့မည်။
သို့ဖြစ်၍ ဖာရောသည် မိမိ၏ဗိုလ်ခြေကိုစုရုံးကာ ဣသရေလလူမျိုးကိုလိုက်၍ ပိဟဟိရုတ်မြို့တွင် မီလေသည်။ (ထွက်မြောက်ရာ ၁၄:၆-၉) စစ်ရေးအရ အီဂျစ်လူမျိုးအတွက် အလွန်အခြေအနေကောင်းနေသည်။ အကြောင်းမူကား၊ ဣသရေလလူမျိုးသည် ပင်လယ်နှင့်တောင်များကြား ညှပ်ပူးညှပ်ပိတ်ဖြစ်နေပါသည်။ သို့သော် ဣသရေလလူမျိုးနှင့် အီဂျစ်လူမျိုးစပ်ကြား မိုးတိမ်ကွယ်စေတော်မူခြင်းဖြင့် မိမိလူမျိုးကို ယေဟောဝါကာကွယ်တော်မူခဲ့သည်။ အီဂျစ်လူတို့ဘက်တွင် “မိုက်သောမိုးတိမ်” ဖြစ်သဖြင့် ချဉ်းကပ်၍မတိုက်ခိုက်နိုင်ရန် တားဆီးပေးခဲ့ပါသည်။ အခြားတစ်ဘက်တွင်မူ တိမ်တိုက်သည် ဣသရေလလူတို့အား “အလင်းကိုပေးလျက်နေ” ၏။—ထွက်မြောက်ရာ ၁၄:၁၀-၂၀။
အီဂျစ်လူမျိုးသည် လုယက်တိုက်ဖျက်လိုကြသော်လည်း တိမ်တိုက်ကြောင့် တားဆီးပိတ်ပင်ခံခဲ့ရသည်။ (ထွက်မြောက်ရာ ၁၅:၉) တိမ်ကင်းရှင်းသွားသည့်အခါ၊ အံ့ဖွယ်ပါတကား။ ပင်လယ်နီသည် နှစ်ခြမ်းကွဲနေ၍ ဣသရေလလူမျိုးသည် တစ်ဘက်ကမ်းသို့ ကုန်းမြေပေါ် ကူးသန်းသွားနေကြပါပကော။ ဖာရောနှင့်သူ၏ဗိုလ်ခြေလည်း သူတို့၏အစေခံကျွန်ဟောင်းများကို ဖမ်းဆီးလုယူမည့်အကြံအစည်နှင့် ပင်လယ်ကြမ်းပြင်ပေါ် ကျယ်ကျယ်လောင်လောင်လိုက်ဆင်းသွားကြလေသည်။ သို့ရာတွင် အီဂျစ်နိုင်ငံ၏ မောက်မာထောင်လွှားသောဘုရင်သည် ဟေဗြဲလူမျိုး၏ဘုရားသခင်ကို အထင်သေးခဲ့ပါသည်။ အီဂျစ်လူမျိုးကို ယေဟောဝါရုန်းရင်းဆန်ခတ်ဖြစ်စေကာ သူတို့မြင်းရထားများ၏ ဘီးများ ကျွတ်ထွက်သွားစေတော်မူခဲ့သည်။—ထွက်မြောက်ရာ ၁၄:၂၁-၂၅က။
“ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သူတို့ဘက်၊ အီဂျစ်လူတို့တစ်ဘက်၌ စစ်တိုက်သည်” ဟုအီဂျစ်စစ်သူရဲများ ဟစ်အော်ကြသည်။ ဤသို့အသိအမှတ်ပြုချိန်ကား ဖာရောနှင့်သူ၏ဗိုလ်ခြေအတွက် အလွန်နောက်ကျနေပါသည်။ ကမ်းတစ်ဘက်တွင် လုံခြုံစွာရောက်ကြပြီးနောက် ပင်လယ်သို့ မောရှေသည် မိမိလက်ကိုဆန့်လိုက်သောအခါ ရေပြန်လာသဖြင့် ဖာရောနှင့်သူ၏တပ်မဟာသည် ကျဆုံးလေတော့သည်။—ထွက်မြောက်ရာ ၁၄:၂၅ခ-၂၈။
အတွေ့အကြုံကသွန်သင်ပေးသော သင်ခန်းစာများ
ထိုကြောင့် ယေဟောဝါသည် အဘယ်သူဖြစ်တော်မူသနည်း။ မာနထောင်လွှားသောဖာရောသည် ထိုမေးခွန်း၏အဖြေကို ရရှိခဲ့ပါသည်။ အီဂျစ်နိုင်ငံ၌ အဖြစ်အပျက်များက ယေဟောဝါသည် တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင်ဖြစ်၍ လူမျိုးတို့၏ ‘အချည်းနှီးသက်သက်ဘုရားရှိသမျှတို့’ နှင့်လုံးဝမတူကြောင်း ဖော်ပြပါသည်။ (ဆာလံ ၉၆:၄၊ ၅) ကိုယ်တော်၏ကြောက်ခမန်းလိလိဖြစ်သောတန်ခိုးတော်အားဖြင့် ယေဟောဝါသည် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူခဲ့သည်။” ကိုယ်တော်သည် ကြီးမြတ်တော်မူသောကယ်တင်ရှင်ဖြစ်တော်မူ၍ ‘အားကြီးသောလက်၊ ဆန့်တော်မူသောလက်ရုံး၊ အလွန်ကြောက်မက်ဖွယ်သောအခြင်းအရာနှင့်တကွ ကိုယ်တော်၏ဣသရေလလူတို့ကို အီဂျစ်ပြည်မှ နှုတ်ဆောင်တော်မူ” သောအရှင်ဖြစ်တော်မူ၏။ (ယေရမိ ၃၂:၁၇-၂၁) လူမျိုးတော်ကို ယေဟောဝါကာကွယ်ပေးနိုင်တော်မူကြောင်း ယင်းက ကောင်းစွာသက်သေထူခဲ့ပါသည်တကား။
ဖာရောသည် ခါးသီးသောအတွေ့အကြုံဖြင့် ထိုသင်ခန်းစာများကို ရရှိလာသည်။ အမှန်သော်ကား၊ သူရရှိခဲ့သော နောက်ဆုံးသင်ခန်းစာကြောင့် အသက်ပင် ဆုံးရှုံးခဲ့ရပါသည်။ (ဆာလံ ၁၃၆:၁၊ ၁၅) “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကား အဘယ်သူနည်း” ဟုမေးခွန်းထုတ်ချိန်တွင် သူနှိမ့်ချမှုသာပြခဲ့မည်ဆိုလျှင် များစွာပညာရှိခဲ့ပါလိမ့်မည်။ ထိုသို့ဆိုလျှင် ယင်းပြည့်ရှင်ဘုရင်သည် ရရှိသောအဖြေနှင့်အညီ ပြုမူဆောင်ရွက်နိုင်ပေမည်။ ယေဟောဝါကား အဘယ်သူဖြစ်ကြောင်းကို ယခု တတ်သိလာနေသော နှိမ့်ချသူများစွာရှိပါသည်။ ကိုယ်တော်၏ဥပဓိရုပ်ကား အဘယ်နည်း။ ကျွန်ုပ်တို့ထံမှ ကိုယ်တော်အဘယ်အရာတောင်းခံတော်မူသနည်း။ ယေဟောဝါအမည်ရှိသော ကိုယ်တော်တစ်ပါးတည်းကို နောက်ဆက်တွဲဆောင်းပါးက သင့်အား ပိုမိုတန်ဖိုးထားလေးမြတ်တတ်ပါလေစေ။—ဆာလံ ၈၃:၁၈။
[Picture Credit Line on page 3]
Pictorial Archive (Near Eastern History) Est.