ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဒီဇင်ဘာ ၇-၁၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၁၀–၁၁
“မိသားစုထက် ယေဟောဝါကို ပိုချစ်ပါ”
(ဝတ်ပြုရာ ၁၀:၁၊ ၂) နောက်ပိုင်း အာရုန်ရဲ့သား နာဒပ်နဲ့ အဘိဟုက မီးခဲခွက် ကိုယ်စီယူ၊ မီးထည့်၊ မီးပေါ်မှာ နံ့သာပေါင်း တင်ပြီး ယေဟောဝါ မမိန့်မှာတဲ့၊ တားမြစ်ထားတဲ့ မီးကို ပူဇော်တယ်။ ၂ အဲဒီအခါ ယေဟောဝါဆီက မီးကျလာပြီး သူတို့ကို လောင်ကျွမ်းတဲ့အတွက် ယေဟောဝါရှေ့မှာ သေဆုံးသွားကြတယ်။
it-1 ၁၁၇၄
တားမြစ်
တားမြစ်ထားတဲ့ မီးနဲ့ နံ့သာပေါင်း။ ဝတ်ပြုရာ ၁၀:၁ မှာ ပါတဲ့ “ယေဟောဝါ မမိန့်မှာတဲ့၊ တားမြစ်ထားတဲ့ မီး” အတွက် ဟီဘရူးစကားလုံး ဇာ (ဣတ္ထိလိင် အတွက် ဇာရာ၊ စာသားအတိုင်း အဓိပ္ပာယ်က ထူးဆန်းသော) ကို သုံးထားတယ်။ အာရုန်ရဲ့ သားတွေ ဖြစ်တဲ့ နာဒပ်နဲ့ အဘိဟုက အဲဒီမီးကို ယေဟောဝါဘုရားရှေ့မှာ ပူဇော်တဲ့အတွက် မီးနဲ့ ကွပ်မျက်ခံခဲ့ရတယ်။ (ဝ ၁၀:၂။ တလ ၃:၄။ ၂၆:၆၁) အဲဒီနောက်ပိုင်းမှာ ယေဟောဝါက အာရုန်ကို “မင်းရော၊ မင်းရဲ့ သားတွေရော တွေ့ဆုံရာ တဲတော်ကို လာတဲ့အခါ စပျစ်ဝိုင်ဖြစ်စေ၊ တခြားအရက်ယမကာဖြစ်စေ မသောက်နဲ့။ သောက်ရင် သေလိမ့်မယ်။ ဒါဟာ မင်းတို့အမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲ တည်တဲ့ ဥပဒေပဲ။ ဒါမှ မင်းတို့က မြင့်မြတ်ရာနဲ့ ညစ်ညူးရာ၊ သန့်ရှင်းရာနဲ့ မသန့်ရှင်းရာကို ခွဲခြားသိနိုင်မယ်။ မောရှေကတစ်ဆင့် ငါယေဟောဝါ ပြောတဲ့ စည်းမျဉ်းအားလုံးကို အစ္စရေးလူမျိုးကို သွန်သင်ပေးနိုင်မယ်” လို့ ပြောတယ်။ (ဝ ၁၀:၈-၁၁) နာဒပ်နဲ့ အဘိဟုဟာ အရက်မူးနေလို့ တားမြစ်ထားတဲ့ မီးနဲ့ ပူဇော်ခဲ့တာ ဖြစ်နိုင်တယ်။ အဲဒီမီးက ပူဇော်တဲ့ အချိန်အခါ၊ နေရာနဲ့ မသင့်တော်တာ ဖြစ်နိုင်တယ်။ ပူဇော်တဲ့နည်း မမှန်ကန်တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် နံ့သာပေါင်းက ထွက်မြောက်ရာ ၃၀:၃၄၊ ၃၅ ပါတဲ့ နည်းနဲ့ မဖော်စပ်ထားတာ ဖြစ်နိုင်တယ်။ မူးနေလို့ဆိုပြီး သူတို့အပြစ်အတွက် ဆင်ခြေပေးလို့ မရဘူး။
(ဝတ်ပြုရာ ၁၀:၄၊ ၅) မောရှေက အာရုန်ရဲ့ ဘထွေး ဩဇေလရဲ့သား မိရှေလနဲ့ ဧလဇာဖန်ကို ခေါ်ပြီး “ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေကို သန့်ရှင်းရာ ဌာနတော်ကနေ စခန်းအပြင် ထုတ်သွားကြ” လို့ ပြောတယ်။ ၅ သူတို့လည်း မောရှေ ပြောတဲ့အတိုင်း ဝတ်လုံရှည် ဝတ်ထားတဲ့ အလောင်းတွေကို စခန်းအပြင်ဘက် ထုတ်သွားကြတယ်။
(ဝတ်ပြုရာ ၁၀:၆၊ ၇) မောရှေက အာရုန်နဲ့ ကျန်တဲ့သား ဧလာဇာ၊ ဧသမာတို့ကို “ဆံပင်တွေ မဖြီးဘဲ မနေနဲ့။ အဝတ်တွေကိုလည်း မဆုတ်ဖြဲနဲ့။ ဒီလိုမှ မဟုတ်ရင် ခင်ဗျားတို့ သေလိမ့်မယ်။ အစ္စရေးလူစုကို ဘုရားသခင် အမျက်ထွက်လိမ့်မယ်။ ယေဟောဝါ မီးနဲ့ ဖျက်ဆီးလိုက်တဲ့သူတွေအတွက် ခင်ဗျားတို့ရဲ့ ညီအစ်ကို အစ္စရေးတွေပဲ ငိုကြွေးရမယ်။ ၇ ခင်ဗျားတို့ကိုတော့ ယေဟောဝါရဲ့ ဘိသိက်ဆီ လောင်းထားတဲ့အတွက် တွေ့ဆုံရာ တဲတော် ဝင်ပေါက်နားမှာပဲ နေကြပါ။ ထွက်သွားရင် သေလိမ့်မယ်” လို့ ပြောတယ်။ သူတို့လည်း မောရှေ ပြောတဲ့အတိုင်း လုပ်ကြတယ်။
ဘုရားသခင့် အနားယူရာထဲသို့ သင် ဝင်နေပြီလား
၁၆ မောရှေရဲ့ အစ်ကို အာရုန်လည်း သူ့သားနှစ်ယောက်ကြောင့် ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်။ သားတွေ ဖြစ်တဲ့ နာဒပ်နဲ့ အဘိဟုက ယေဟောဝါကို ထူးခြားတဲ့ မီးနဲ့ ပူဇော်တဲ့အတွက် ကိုယ်တော် သူတို့ကို သေဒဏ်စီရင်ခဲ့တယ်။ သူ့သားတွေ သေဆုံးသွားလို့ အာရုန် သူတို့နဲ့ စကားပြောလို့ မရတော့ဘူး။ ဒါတင်မကသေးဘူး၊ ယေဟောဝါက အာရုန်နဲ့ သူ့ရဲ့ တည်ကြည်တဲ့ တခြားသားတွေကို ဒီလိုညွှန်ကြားခဲ့တယ်– ‘သင်တို့လည်း သေမည်၊ လူအပေါင်းတို့အပေါ်မှာ [ယေဟောဝါ၏] အမျက်တော် သင့်ရောက်မည်ကို စိုးရိမ်သည် ဖြစ်၍ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ [ငိုကြွေးမြည်တမ်းကာ] အဝတ်ကို မဆုတ်နှင့်။’ (ဝတ်. ၁၀:၁-၆) သင်ခန်းစာကတော့ ရှင်းပါတယ်။ ကျွန်ုပ်တို့က တည်ကြည်မှု မရှိတဲ့ မိသားစုဝင်တွေကို ချစ်တာထက် ယေဟောဝါကို ပိုချစ်ရမယ်ဆိုတာပဲ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဝတ်ပြုရာ ၁၀:၈-၁၁) ယေဟောဝါက အာရုန်ကို၊ ၉ “မင်းရော၊ မင်းရဲ့ သားတွေရော တွေ့ဆုံရာ တဲတော်ကို လာတဲ့အခါ စပျစ်ဝိုင်ဖြစ်စေ၊ တခြားအရက်ယမကာဖြစ်စေ မသောက်နဲ့။ သောက်ရင် သေလိမ့်မယ်။ ဒါဟာ မင်းတို့အမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲ တည်တဲ့ ဥပဒေပဲ။ ၁၀ ဒါမှ မင်းတို့က မြင့်မြတ်ရာနဲ့ ညစ်ညူးရာ၊ သန့်ရှင်းရာနဲ့ မသန့်ရှင်းရာကို ခွဲခြားသိနိုင်မယ်။ ၁၁ မောရှေကတစ်ဆင့် ငါယေဟောဝါ ပြောတဲ့ စည်းမျဉ်းအားလုံးကို အစ္စရေးလူမျိုးကို သွန်သင်ပေးနိုင်မယ်” လို့ ပြောတယ်။
ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းရမယ်
၁၈ သန့်ရှင်းနေဖို့ဆိုရင် ကျွန်တော်တို့က ကျမ်းစာကို သေချာလေ့လာပြီး ဘုရားသခင် တောင်းဆိုတဲ့အတိုင်း အတိအကျ လုပ်ဆောင်ရမယ်။ အာရုန်ရဲ့သား နာဒပ်နဲ့ အဘိဟုဟာ “ထူးခြားသော မီး” ကို ပူဇော်ခဲ့တယ်။ အရက်မူးနေချိန်မှာ အဲဒီလို ပူဇော်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့ သေဒဏ်စီရင်ခံခဲ့ရတယ်။ (ဝတ်. ၁၀:၁၊ ၂) အဲဒီနောက် အာရုန်ကို ဘုရားသခင် ဘာပြောတယ်ဆိုတာ သတိပြုကြည့်ပါ။ (ဝတ်ပြုရာ ၁၀:၈–၁၁ ကိုဖတ်ပါ။) ဒီအခန်းငယ်တွေက ခရစ်ယာန် အစည်းအဝေး မတက်ခင် ဘယ်အရက်ယမကာကိုမှ မသောက်ရဘူးလို့ ဆိုလိုသလား။ ဒီအချက်တွေကို စဉ်းစားကြည့်ပါ– ကျွန်တော်တို့က မောရှေပညတ်အောက်မှာ မရှိတော့ဘူး။ (ရော. ၁၀:၄) နိုင်ငံတချို့မှာ ညီအစ်ကို ညီအစ်မတွေဟာ အစည်းအဝေး မသွားခင် အစာစားချိန်မှာ အရက်ယမကာ တစ်မျိုးမျိုးကို အတော်အသင့် သောက်သုံးလေ့ရှိတယ်။ ဂျူးထုံးစံအရ ပသခါပွဲ ကျင်းပချိန်တွေမှာ ဝိုင်လေးခွက် သောက်သုံးကြတယ်။ သခင့်ညစာစားပွဲ ကျင်းပချိန်မှာ ယေရှုက သူ့သွေးကို ကိုယ်စားပြုတဲ့ ဝိုင်ကို တမန်တော်တွေကို တိုက်တယ်။ (မ. ၂၆:၂၇) ဒါပေမဲ့ သောက်ကြူးခြင်းနဲ့ မူးယစ်ခြင်းကို ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတယ်။ (၁ ကော. ၆:၁၀; ၁ တိ. ၃:၈) ခရစ်ယာန်များစွာဟာ ဝတ်ပြုရေးမှာ မပါဝင်ခင် သူတို့ရဲ့ သြတ္တပ္ပစိတ်ကြောင့် ဘယ်အရက်ယမကာကိုမှ မသောက်သုံးကြဘူး။ ဒါပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေတွေ ကွာခြားနိုင်တယ်။ အဓိက အရေးကြီးတာကတော့ ခရစ်ယာန်တွေဟာ ‘သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို ပိုင်းခြားတတ်’ ဖို့ပဲ။ ဒါမှ ဆက်သန့်ရှင်းနေပြီး ယေဟောဝါရဲ့ နှစ်သက်မှု ရရှိနိုင်မှာ ဖြစ်တယ်။
(ဝတ်ပြုရာ ၁၁:၈) အဲဒီအကောင်တွေကို မစားရဘူး။ အသေကောင်တွေကို မထိရဘူး။ အဲဒီအကောင်တွေဟာ မသန့်ရှင်းဘူး။
it-1 ၁၁၁ ပိုဒ်. ၅
တိရစ္ဆာန်များ
အစားအစာနဲ့ပတ်သက်တဲ့ အဲဒီကန့်သတ်ချက်တွေဟာ မောရှေပညတ်အောက်မှာ ရှိသူတွေနဲ့ပဲ သက်ဆိုင်တယ်။ ဝတ်ပြုရာ ၁၁:၈ မှာ ပါတဲ့ “အဲဒီအကောင်တွေဟာ မသန့်ရှင်းဘူး” ဆိုတာက အစ္စရေးလူမျိုးအတွက်ပဲ။ ယေရှုခရစ်ရဲ့ ပူဇော်သက္ကာ သေခြင်းကြောင့် မောရှေပညတ်ကို စောင့်ထိန်းစရာ မလိုတော့ဘူး။ ပညတ်ချက်တွေကို ဖယ်ရှားလိုက်ပြီ ဖြစ်လို့ လူအားလုံးဟာ ရေလွှမ်းမိုးဘေးပြီးနောက် နောဧ ရရှိခဲ့တဲ့ ပညတ်အောက် ပြန်ရောက်သွားတယ်လို့ ယူမှတ်နိုင်ပါတယ်။—ကော ၂:၁၃-၁၇။ က ၉:၃၊ ၄။
ကျမ်းစာဖတ်ရှုခြင်း
ဒီဇင်ဘာ ၁၄-၂၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၁၂–၁၃
“အနာကြီးရောဂါနဲ့ပတ်သက်တဲ့ ပညတ်တွေကနေ သင်ယူပါ”
(ဝတ်ပြုရာ ၁၃:၄၊ ၅) ဒါပေမဲ့ အနာကွက်က ဖြူနေပြီး အရေပြားထဲ နက်ဝင်ပုံ မရှိဘူး၊ အမွေးလည်း မဖြူဘူးဆိုရင် သူ့ကို ခုနစ်ရက် သီးသန့်နေခိုင်းရမယ်။ ၅ ခုနစ်ရက်မြောက်နေ့မှာ ပုရောဟိတ်က သူ့ကို စစ်ဆေးကြည့်ရမယ်။ အရေပြားပေါ်မှာ အနာ မပြန့်ပွားဘဲ နဂိုအတိုင်း ရှိနေရင် နောက်ထပ် ခုနစ်ရက် သီးသန့်နေခိုင်းရမယ်။
ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား
• လူနာကို သီးသန့်ခွဲထားခြင်း
အနာကြီး ရောဂါသည်တွေကို သီးသန့်နေခိုင်းရမယ်လို့ မောရှေပညတ်မှာ ညွှန်ကြားထားတယ်။ အလယ်ခေတ်မှာ ကပ်ရောဂါတွေ ကြုံရတော့မှပဲ ဆရာဝန်တွေဟာ အဲဒီညွှန်ကြားချက်ကို လိုက်နာဖို့ လိုမှန်း သိလာကြတယ်။ အဲဒီညွှန်ကြားချက်ဟာ အခုထိ အသုံးဝင်နေတုန်းပဲ။—ဝတ်ပြုရာ အခန်းကြီး ၁၃၊ ၁၄။
(ဝတ်ပြုရာ ၁၃:၄၅၊ ၄၆) အနာကြီး ရောဂါသည်က ကိုယ့်အဝတ်တွေကို ဆုတ်ဖြဲရမယ်။ ခေါင်းမဖြီးရဘူး။ ပါးစပ်ကို အုပ်ပြီး ‘မသန့်ရှင်းဘူး၊ မသန့်ရှင်းဘူး’ လို့ အော်ရမယ်။ ၄၆ ရောဂါဖြစ်နေချိန်တစ်လျှောက်လုံး မသန့်မရှင်း ဖြစ်နေလိမ့်မယ်။ သူက မသန့်ရှင်းလို့ စခန်းအပြင်ဘက်မှာ သီးခြားနေထိုင်ရမယ်။
သင် သိပါသလား
ရှေးခေတ်ဂျူးတွေဟာ အနာကြီးရောဂါကို ကြောက်ကြတယ်။ ကြောက်စရာကောင်းတဲ့ ဒီရောဂါက အာရုံကြောတွေကို ထိခိုက်စေနိုင်ပြီး လုံးလုံး ပျက်စီးသွားစေနိုင်တယ်။ နောက်ဆုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေနိုင်တယ်။ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါပဲ။ အနာကြီး ရောဂါသည်တွေဟာ သီးသန့်နေထိုင်ရပြီး သူတို့အခြေအနေကို တခြားသူတွေ သိအောင် သတိပေးရတယ်။—ဝတ်ပြုရာ ၁၃:၄၅၊ ၄၆။
(ဝတ်ပြုရာ ၁၃:၅၂) အဲဒီအဝတ်၊ သိုးမွေးထည်နဲ့ ချည်ထည်တွေရဲ့ တိုင်ချည်ဖောက်ချည်၊ သားရေအသုံးအဆောင်တွေကို မီးရှို့ရမယ်။ ဒါဟာ ကူးစက်တတ်တဲ့ ရောဂါဖြစ်လို့ မီးရှို့ပစ်ရမယ်။
(ဝတ်ပြုရာ ၁၃:၅၇) ဒါပေမဲ့ အဝတ်၊ တိုင်ချည်ဖောက်ချည်၊ သားရေအသုံးအဆောင် တစ်ခုခုရဲ့ နောက်တစ်နေရာမှာ အကွက် ထပ်ပေါ်လာရင် ရောဂါပြန့်ပွားနေပြီ။ ဒါကြောင့် ရောဂါပြန့်နေတဲ့ ဘယ်ပစ္စည်းကိုမဆို မီးရှို့ပစ်ရမယ်။
it-2 ၂၃၈ ပိုဒ်. ၃
အနာကြီးရောဂါ
အဝတ်အထည်နဲ့ အိမ်တွေမှာ စွဲတဲ့ရောဂါ။ သိုးမွေးထည်၊ ချည်ထည်အဝတ်နဲ့ သားရေအသုံးအဆောင်တွေမှာလည်း ရောဂါစွဲနေနိုင်တယ်။ လျှော်ဖွပ်လိုက်တဲ့အခါ ရောဂါပိုး သေသွားနိုင်တယ်။ အသုံးအဆောင်တွေကို သီးသန့်ထားတဲ့ အစီအစဉ်တွေ ရှိတယ်။ ဒါပေမဲ့ စိမ်းဝါရောင် ဒါမှမဟုတ် နီစပ်စပ်အကွက် မပျောက်ဘဲ ဆက်ရှိနေရင် ကူးစက်တတ်တဲ့ရောဂါဖြစ်လို့ အသုံးအဆောင်တွေကို မီးရှို့ဖျက်ဆီးရတယ်။ (ဝ ၁၃:၄၇-၅၉) အိမ်နံရံမှာ စိမ်းဝါရောင် ဒါမှမဟုတ် နီစပ်စပ်အကွက်တွေ ပေါ်နေမယ်ဆိုရင် အိမ်ကို ပိတ်ထားဖို့ ပုရောဟိတ် စီရင်တယ်။ ညစ်ညမ်းနေတဲ့ ကျောက်တုံးတွေကို ခွာထုတ်ပစ်၊ အိမ်အတွင်းနံရံက အင်္ဂတေကို အသေအချာ ခြစ်ထုတ်ပြီး မြို့ပြင်က မသန့်ရှင်းတဲ့ နေရာမှာ သွားပစ်ရမယ်။ အဲဒီနောက် ညစ်ညမ်းတဲ့အကွက် ပြန်ပေါ်လာတယ်ဆိုရင် အဲဒီအိမ်ကို မသန့်ရှင်းဘူးလို့ ကြေညာပြီး အိမ်ကို ဖြိုချရမယ်။ ကျောက်တုံး၊ သစ်သား၊ အင်္ဂတေ အားလုံးကို မသန့်ရှင်းတဲ့ နေရာဆီ သယ်သွားရမယ်။ ဒါပေမဲ့ အိမ်ကို သန့်ရှင်းတယ်လို့ အတည်ပြုပေးတယ်ဆိုရင် သန့်စင်ခြင်း အစီအစဉ်အတိုင်း လုပ်ဆောင်ရတယ်။ (ဝ ၁၄:၃၃-၅၇) အဝတ်အထည်နဲ့ အိမ်တွေမှာ စွဲတဲ့ အနာကြီးရောဂါကို ဖားဥ ဒါမှမဟုတ် မှိုတစ်မျိုး စွဲတယ်လို့ ပြောပေမဲ့ အသေအချာတော့ မသိရဘူး။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဝတ်ပြုရာ ၁၂:၂) “အစ္စရေးတွေကို ပြောပါ။ ‘မိန်းမတစ်ယောက် ကိုယ်ဝန်ဆောင်ပြီး သားလေးမွေးတဲ့အခါ ရာသီလာချိန် မသန့်ရှင်းတဲ့ နေ့တွေမှာလိုပဲ ခုနစ်ရက်လုံး မသန့်ရှင်းဘူး။
(ဝတ်ပြုရာ ၁၂:၅) “‘သမီးမွေးလာတဲ့အခါ ၁၄ ရက်လုံး မသန့်ရှင်းဘူး။ ရာသီလာချိန်မှာလိုပဲ မသန့်ရှင်းဘူး။ သွေးဆင်းပြီး သန့်ရှင်းသွားတဲ့အထိ နောက်ထပ် ၆၆ ရက်လုံး အိမ်မှာပဲ နေရမယ်။
ဝတ်ပြုရာကျမ်းမှ ပေါ်လွင်ချက်များ
၁၂:၂၊ ၅—ကလေးမွေးဖွားခြင်းက အမျိုးသမီးတစ်ဦးကို အဘယ်ကြောင့် “မစင်ကြယ်” စေသနည်း။ မျိုးပွားအင်္ဂါများသည် စုံလင်သူများ ပေါက်ဖွားစေရန် ဖြစ်သည်။ သို့သော် အပြစ်၏ အကျိုးဆက်များကို အမွေခံထားရသဖြင့် သားစဉ်မြေးဆက်တို့ထံ မစုံလင်မှုနှင့် အပြစ်ကို ရစေသည်။ ကလေးမွေးဖွားခြင်းအပြင် ဓမ္မတာလာခြင်း၊ သုတ်ရည်ထွက်ခြင်း အစရှိသည်တို့၏ ကာလအခိုက်အတန့် “မစင်ကြယ်” ခြင်းက အမွေရလာသည့် အပြစ်ရှိ အခြေအနေကို သတိရစေသည်။ (ဝတ်ပြုရာ ၁၅:၁၆-၂၄; ဆာလံ ၅၁:၅; ရောမ ၅:၁၂) သန့်ရှင်းစင်ကြယ်ဖို့ လိုက်လျှောက်ရမည့် စည်းမျဉ်းဥပဒေများက လူအပေါင်းတို့၏ အပြစ်ကို ဖုံးအုပ်ရန်နှင့် ပြန်စုံလင်လာစေရန် ရွေးဖိုး ပူဇော်ရာယဇ် လိုအပ်ကြောင်း ဣသရေလလူမျိုးကို သဘောပေါက်စေသည်။ သို့နှင့် ပညတ်တရားသည် ‘ခရစ်တော်ထံသို့ ပို့ဆောင်သော အထိန်း’ ဖြစ်လာ၏။—ဂလာတိ ၃:၂၄။
(ဝတ်ပြုရာ ၁၂:၃) ရှစ်ရက်မြောက်နေ့ကျရင် ကလေးကို အရေဖျားဖြတ်ပေးရမယ်။
ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား
• အရေဖျားဖြတ်ရမယ့်အချိန်။
သားယောက်ျားဆိုရင် ရှစ်ရက်မြောက်နေ့မှာ အရေဖျားဖြတ်ရမယ်လို့ ဘုရားပညတ်မှာ ဖော်ပြတယ်။ (ဝတ်ပြုရာ ၁၂:၃) မွေးကင်းစကလေးတွေမှာ မွေးပြီး တစ်ပတ်ကျော်မှပဲ သွေးခဲနှုန်း ပုံမှန် အခြေအနေ ရောက်နိုင်တယ်။ ခေတ်မီ ဆေးဝါးကုသမှုတွေ မပေါ်သေးခင် အဲဒီအချိန်တုန်းက တစ်ပတ်ကျော်ပြီးမှ အရေဖျားဖြတ်တာဟာ ပညာရှိရာရောက်တယ်။
ကျမ်းစာဖတ်ရှုခြင်း
ဒီဇင်ဘာ ၂၁-၂၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၁၄–၁၅
“စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ သန့်ရှင်းခြင်း ရှိဖို့ လို”
(ဝတ်ပြုရာ ၁၅:၁၃-၁၅) “‘သူက အရိအရွဲ ထွက်တာ ရပ်ပြီးနောက် ခုနစ်ရက်အကြာမှာ အဝတ်တွေကိုလျှော်ပြီး စမ်းချောင်းမှာ ရေချိုးရမယ်။ ပြီးရင် သန့်ရှင်းသွားပြီ။ ၁၄ ရှစ်ရက်မြောက်နေ့မှာ ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို ယေဟောဝါရှေ့၊ တွေ့ဆုံရာ တဲတော် ဝင်ပေါက်ဆီ ယူလာပြီး ပုရောဟိတ်ကို ပေးရမယ်။ ၁၅ ပုရောဟိတ်က တစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ်၊ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် ပူဇော်ရမယ်။ သူ သန့်ရှင်းသွားအောင် ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။
it-1 ၂၆၃
ရေချိုးခြင်း
အစ္စရေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ထုံးလုပ်နည်းအရ ရေချိုးဖို့ လိုအပ်တယ်။ အနာကြီးရောဂါကနေ သန့်ရှင်းသွားသူ၊ “အရိအရွဲ ထွက်နေသူ” ရဲ့ ပစ္စည်းတွေကို ထိမိကိုင်မိသူ၊ သုတ်ရည်ထွက်သူ အမျိုးသား၊ ပုံမှန် ရာသီလာပြီးတဲ့ ဒါမှမဟုတ် ပုံမမှန် သွေးဆင်းတဲ့ အမျိုးသမီး၊ လိင်ဆက်ဆံပြီးနောက် လင်မယားတွေဟာ မသန့်ရှင်းတဲ့အတွက် ရေချိုးဖို့ လိုတယ်။ (ဝ ၁၄:၈၊ ၉။ ၁၅:၄-၂၇) လူသေကောင်နဲ့အတူ တဲထဲမှာ ရှိနေသူ၊ လူသေကောင်ကို ကိုင်မိသူဟာ “မသန့်ရှင်း” တဲ့အတွက် ရေစင်နဲ့ သန့်ရှင်းစင်ကြယ်အောင် လုပ်ဖို့ လိုတယ်။ ဒီစည်းမျဉ်းကို မလိုက်နာသူဟာ “ယေဟောဝါရဲ့ သန့်ရှင်းရာ ဌာနတော်ကို ညစ်ညူးစေတဲ့အတွက် သူ့ကို ပယ်ရှင်းရမယ်။” (တလ ၁၉:၂၀) ဒါကြောင့် ယေဟောဝါရှေ့ စင်ကြယ်တဲ့ အနေအထားနဲ့ ရပ်တည်နိုင်ဖို့ ဆေးကြောရမယ်လို့ ပုံဆောင် သုံးနှုန်းတာက သင့်လျော်ပါတယ်။ (ဆ ၂၆:၆။ ၇၃:၁၃။ ရှာ ၁:၁၆။ ယဇ ၁၆:၉) ယေဟောဝါရဲ့ တရားစကားတော်ရေမှာ ဆေးကြောသန့်စင်နိုင်စွမ်း ရှိတယ်။—ဧ ၅:၂၆။
(ဝတ်ပြုရာ ၁၅:၂၈-၃၀) “‘သွေးဆင်းတာ ရပ်သွားရင် ခုနစ်ရက် စောင့်ရမယ်။ ပြီးမှ သန့်ရှင်းမယ်။ ၂၉ ရှစ်ရက်မြောက်နေ့မှာ ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို တွေ့ဆုံရာ တဲတော် ဝင်ပေါက်ဆီ ယူလာပြီး ပုရောဟိတ်ကို ပေးရမယ်။ ၃၀ ပုရောဟိတ်က တစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ်၊ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် ပူဇော်ရမယ်။ သူ သန့်ရှင်းသွားအောင် ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။
it-2 ၃၇၂ ပိုဒ်. ၂
ရာသီလာခြင်း
အမျိုးသမီးတစ်ယောက်ဟာ “ပုံမှန် ရာသီလာချိန် မဟုတ်ဘဲ ရက်အတော်ကြာ သွေးဆင်းနေရင်” မသန့်ရှင်းဘူးလို့ သတ်မှတ်ခံရတယ်။ အဲဒီအချိန်အတွင်း သူအိပ်တဲ့၊ သူထိုင်တဲ့ နေရာတွေအပြင် အဲဒါတွေကို ထိမိကိုင်မိသူတွေလည်း မသန့်ရှင်းဘူး။ သွေးဆင်းတာ ရပ်သွားရင် ခုနစ်ရက် စောင့်ရမယ်။ အဲဒီနောက်မှ သန့်ရှင်းမယ်။ ရှစ်ရက်မြောက်နေ့မှာ ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို ယူလာပြီး ပုရောဟိတ်ကို ပေးရမယ်။ ပုရောဟိတ်က တစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ်၊ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် ယေဟောဝါထံ ပူဇော်ရမယ်။—ဝ ၁၅:၁၉-၃၀။
(ဝတ်ပြုရာ ၁၅:၃၁) “‘ဒီနည်းနဲ့ မင်းတို့က အစ္စရေးတွေကို သန့်ရှင်းအောင် လုပ်ပေးရမယ်။ သူတို့ရဲ့ မသန့်ရှင်းမှုကြောင့် သူတို့အလယ်မှာ ရှိတဲ့ ငါ့တဲတော် ညစ်ညူးသွားရင် သူတို့ သေရလိမ့်မယ်။
it-1 ၁၁၃၃
သန့်ရှင်းရာအရပ်
၂။ တွေ့ဆုံရာ တဲတော်၊ နောက်ပိုင်း ဗိမာန်တော်။ တဲတော်ဝင်း၊ ဗိမာန်တော်ဝင်း အပါအဝင် အဆောက်အအုံ တစ်ခုလုံးဟာ သန့်ရှင်းရာအရပ် ဖြစ်တယ်။ (ထွ ၃၈:၂၄။ ၂ရ ၂၉:၅။ တ ၂၁:၂၈) ဝင်းအတွင်းမှာရှိတဲ့ အဓိက ပစ္စည်းတွေက ပူဇော်ရာပလ္လင်နဲ့ ကြေးနီအင်တုံ ဖြစ်တယ်။ အဲဒါတွေလည်း သန့်ရှင်းတဲ့ အသုံးအဆောင်တွေ ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းအရ သန့်စင်ထားသူတွေပဲ တဲတော်ဝင်းအတွင်း အချိန်မရွေး ဝင်ထွက်ခွင့် ရှိတယ်။ မသန့်ရှင်းတဲ့ အခြေအနေမှာ ရှိနေသူဟာ ဗိမာန်တော်ဝင်းထဲ ဝင်လို့ မရဘူး။ ဥပမာ၊ မသန့်ရှင်းတဲ့ အခြေအနေမှာ ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ သန့်ရှင်းမြင့်မြတ်တဲ့အရာကို မကိုင်ရဘူး။ သန့်ရှင်းရာ ဌာနတော်ကို မသွားရဘူး။ (ဝ ၁၂:၂-၄) အစ္စရေးတွေ သန့်ရှင်းအောင် မလုပ်ဘူးဆိုရင် တဲတော်ကို ညစ်ညူးစေသူအဖြစ် သတ်မှတ်ခံရတယ်။ (ဝ ၁၅:၃၁) အနာကြီးရောဂါကနေ သန့်ရှင်းတယ်လို့ အတည်ပြုပေးတဲ့ ပုရောဟိတ်ဟာ သန့်ရှင်းသွားသူနဲ့အတူ တွေ့ဆုံရာ တဲတော် ဝင်ပေါက်အထိပဲ လာရတယ်။ (ဝ ၁၄:၁၁) တဲတော် ဒါမှမဟုတ် ဗိမာန်တော်မှာ မိတ်သဟာယ ပူဇော်သက္ကာရဲ့ အသားကို မသန့်ရှင်းတဲ့သူ စားရင် သူ့ကို ပယ်ရှင်းရတယ်။—ဝ ၇:၂၀၊ ၂၁။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဝတ်ပြုရာ ၁၄:၁၄) “အဲဒီနောက် ပုရောဟိတ်က ဒုစရိုက်ဖြေရာ အလှူရဲ့ သွေးနည်းနည်းကို ယူပြီး သန့်ရှင်းသွားသူရဲ့ ညာဘက်နားပန်၊ ညာလက်မနဲ့ ညာခြေမပေါ်မှာ သုတ်ရမယ်။
(ဝတ်ပြုရာ ၁၄:၁၇) လက်ဖဝါးထဲမှာ ကျန်တဲ့ ဆီနည်းနည်းကို သန့်ရှင်းသွားသူရဲ့ ညာဘက်နားပန်၊ ညာလက်မနဲ့ ညာခြေမပေါ် သုတ်ထားတဲ့ သွေးပေါ်မှာ ထပ်သုတ်ရမယ်။
(ဝတ်ပြုရာ ၁၄:၂၅) ဒုစရိုက်ဖြေရာအလှူ ဖြစ်တဲ့ သိုးထီးလေးကို သတ်၊ သွေးနည်းနည်းကို ယူပြီး သန့်ရှင်းသွားသူရဲ့ ညာဘက်နားပန်၊ ညာလက်မနဲ့ ညာခြေမပေါ်မှာ သုတ်ရမယ်။
(ဝတ်ပြုရာ ၁၄:၂၈) လက်ဖဝါးထဲမှာကျန်တဲ့ ဆီနည်းနည်းကို သန့်ရှင်းသွားသူရဲ့ ညာဘက်နားပန်၊ ညာလက်မနဲ့ ညာခြေမပေါ် သုတ်ထားတဲ့ သွေးပေါ်မှာ ထပ်သုတ်ရမယ်။
it-1 ၆၆၅ ပိုဒ်. ၅
နား
အစ္စရေးတွေအတွက် ပုရောဟိတ် ခန့်အပ်ချိန်မှာ မောရှေက ခန့်အပ်ခြင်းဆိုင်ရာ သိုးထီးဖြစ်ရဲ့ သွေးနည်းနည်း ယူပြီး အာရုန်ရဲ့ ညာဘက်နားပန်၊ ညာလက်မ၊ ညာခြေမပေါ်မှာ သုတ်တယ်။ ပုရောဟိတ်တွေ နားထောင်ပုံ၊ လုပ်ဆောင်ပုံ၊ လျှောက်လှမ်းပုံတွေဟာ ရထားတဲ့ တာဝန်နဲ့အညီ ဖြစ်သင့်တယ်ဆိုတာ ဖော်ပြတယ်။ (ဝ ၈:၂၂-၂၄) အလားတူ၊ အနာကြီး ရောဂါသည်ကို သန့်စင်ပေးရာမှာလည်း ပုရောဟိတ်က အပြစ်ဖြေရာအလှူအဖြစ် ပူဇော်တဲ့ သိုးထီးရဲ့ သွေးနည်းနည်း ယူပြီး ရောဂါသည်နဲ့ ညာဘက် နားပန်မှာ သုတ်ပေးရတယ်။ ဆီနည်းနည်းကိုလည်း ထပ်သုတ်ပေးရတယ်။ (ဝ ၁၄:၁၄၊ ၁၇၊ ၂၅၊ ၂၈) သခင့်ဆီမှာ တစ်သက်လုံး ကျွန်ခံချင်တဲ့ ကျွန်အတွက် လုပ်ထုံးလုပ်နည်းကလည်း အဲဒီလုပ်ဆောင်ပုံနဲ့ ဆင်တယ်။ သခင်က ကျွန်ကို တံခါးတိုင်နား ခေါ်လာပြီး သူ့နားရွက်ကို စူးနဲ့ ဖောက်ရတယ်။ ကြားနိုင်တဲ့ ကိုယ်အင်္ဂါမှာ ရှိတဲ့ အဲဒီထင်ရှားတဲ့ အမှတ်အသားက ကျွန်ဟာ သခင့်ကို ဆက်နာခံလိုတဲ့ ဆန္ဒရှိကြောင်း ဖော်ပြတယ်။—ထွ ၂၁:၅၊ ၆။
(ဝတ်ပြုရာ ၁၄:၄၃-၄၅) “အဲဒီအိမ်က ကျောက်တုံးတွေကို ထုတ်ပစ်၊ အင်္ဂတေကို ခြစ်ထုတ်၊ အင်္ဂတေအသစ် ကိုင်ပြီးနောက်လည်း ညစ်ညမ်းတဲ့အကွက် ပြန်ပေါ်လာတယ်ဆိုရင်၊ ၄၄ ပုရောဟိတ်က အိမ်ထဲဝင်ပြီး စစ်ဆေးကြည့်ရမယ်။ ညစ်ညမ်းတဲ့ အကွက်တွေ ပြန့်ပွားနေပြီဆိုရင် ကူးစက်ပြန့်ပွားနာပဲ။ အဲဒီအိမ် မသန့်ရှင်းဘူး။ ၄၅ အိမ်ကို ဖြိုချခိုင်းပြီး ကျောက်တုံး၊ သစ်သား၊ အင်္ဂတေ အားလုံးကို မြို့ပြင်က မသန့်ရှင်းတဲ့ နေရာဆီ သယ်သွားခိုင်းရမယ်။
န ၁/၀၆ ၁၄၊ လေးထောင့်ကွက်
မှိုက မိတ်ဆွေလား၊ ရန်သူလား
ကျမ်းစာခေတ်က မှိုအကြောင်း
“အိမ်မှာ ကူးစက်ပြန့်ပွားနာ” အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဝတ်ပြုရာ ၁၄:၃၄-၄၈) “ကူးစက်ပြန့်ပွားနာ” လို့ ပြောတဲ့အခါ မှိုစွဲတာ ဖြစ်နိုင်ပေမဲ့ အတိအကျတော့ မပြောနိုင်ပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ ညစ်ညမ်းနေတဲ့ ကျောက်တုံးတွေကို ဖယ်ထုတ်ပစ်ရမယ်၊ အိမ်အတွင်းနံရံတစ်ခုလုံးကို ခြစ်ထုတ်ပြီး မြို့ပြင်က “မသန့်ရှင်းတဲ့ နေရာမှာ” သွားပစ်ရမယ်လို့ ဘုရားပညတ်မှာ ညွှန်ကြားထားတယ်။ ညစ်ညမ်းတဲ့ အကွက် ပြန်ပေါ်လာတယ်ဆိုရင် အိမ်တစ်ခုလုံးကို မသန့်ရှင်းဘူးလို့ ကြေညာပြီး ဖြိုချ၊ စွန့်ပစ်ရမယ်။ ယေဟောဝါရဲ့ အသေးစိတ် ညွှန်ကြားချက်တွေက မိမိရဲ့ လူမျိုးကို အလွန် ချစ်တယ်၊ သူတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုတာ ဖော်ပြတယ်။
ကျမ်းစာဖတ်ရှုခြင်း
ဒီဇင်ဘာ ၂၈–ဇန်နဝါရီ ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၁၆–၁၇
“အပြစ်ဖြေရာနေ့ကနေ ဘာသင်ယူနိုင်သလဲ”
(ဝတ်ပြုရာ ၁၆:၁၂) “ပြီးတော့ ယေဟောဝါရှေ့ ပူဇော်ရာပလ္လင်ပေါ်က မီးခဲကို မီးခဲခွက်ထဲ အပြည့်ထည့်၊ နံ့သာပေါင်း လက်တစ်ခုပ်စာကို ယူပြီး ကန့်လန့်ကာအတွင်းထဲ ဝင်ရမယ်။
ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ သင်ခန်းစာများ
၄ ဝတ်ပြုရာ ၁၆:၁၂၊ ၁၃ ကိုဖတ်ပါ။ အပြစ်ဖြေရာနေ့မှာ ဘာတွေ လုပ်သလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ပုရောဟိတ်မင်းဟာ တဲတော်ထဲ ဝင်တယ်။ အဲဒီနေ့ အသန့်ရှင်းဆုံး အခန်းထဲ ဝင်တဲ့ သုံးကြိမ်ထဲမှာ ဒါဟာ ဦးဆုံးအကြိမ်ပဲ။ လက်တစ်ဖက်မှာ နံ့သာပေါင်း ထည့်ထားတဲ့ ခွက်ကို ကိုင်ပြီး နောက်တစ်ဖက်မှာ မီးခဲ အပြည့်ပါတဲ့ ရွှေခွက်ကို ကိုင်ထားတယ်။ အသန့်ရှင်းဆုံးအခန်း ဝင်ပေါက်ကို ကာထားတဲ့ ကန့်လန့်ကာရှေ့ ခဏ ရပ်တယ်။ ပြီးနောက် ရိုသေလေးစားစိတ်အပြည့်နဲ့ အသန့်ရှင်းဆုံး အခန်းထဲ ဝင်ပြီး ပဋိညာဉ်သေတ္တာရှေ့မှာ ရပ်တယ်။ ဒါဟာ ယေဟောဝါဘုရားရှေ့ ရပ်နေတာနဲ့ တူတယ်။ ပုရောဟိတ်မင်းက မီးခဲခွက်ထဲ နံ့သာပေါင်း ထည့်လိုက်တဲ့အခါ တစ်ခန်းလုံး မွှေးရနံ့ သင်းပျံ့သွားတယ်။ အပြစ်ဖြေရာအလှူရဲ့ သွေးကို ယူပြီး အခန်းထဲ နောက်တစ်ကြိမ် ပြန်ဝင်ဦးမယ်။ အပြစ်ဖြေရာအလှူရဲ့ သွေးကို မပူဇော်ခင် နံ့သာပေါင်းကို ပူဇော်ကြောင်း သတိပြုပါ။
(ဝတ်ပြုရာ ၁၆:၁၃) ယေဟောဝါရှေ့မှာ နံ့သာပေါင်းကို မီးခဲပေါ် ဖြူးရမယ်။ သက်သေခံချက်သေတ္တာ အဖုံးပေါ်မှာ နံ့သာပေါင်းအငွေ့တွေ ဖုံးလွှမ်းသွားတဲ့အတွက် သူ အသက်ချမ်းသာရလိမ့်မယ်။
ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ သင်ခန်းစာများ
၅ အပြစ်ဖြေရာနေ့မှာ နံ့သာပေါင်း ပူဇော်တာကနေ ဘာသင်ယူနိုင်သလဲ။ သစ္စာရှိ ဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်ဟာ နံ့သာပေါင်းနဲ့ တူတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဆာ. ၁၄၁:၂။ ဗျာ. ၅:၈) ပုရောဟိတ်မင်းက နံ့သာပေါင်းကို ယေဟောဝါရှေ့ ရိုသေလေးစားစိတ်နဲ့ ယူလာကြောင်း အမှတ်ရပါ။ ကျွန်တော်တို့လည်း ယေဟောဝါဆီ ရိုသေလေးစားစိတ်နဲ့ ဆုတောင်းကြတယ်။ စကြဝဠာ ဖန်ဆင်းရှင်နဲ့ ကျွန်တော်တို့ သားအဖလို ရင်းနှီးခွင့် ရထားလို့ သိပ်ကျေးဇူးတင်ကြတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကို မိတ်ဆွေအဖြစ် ဘုရား လက်ခံတယ်။ (ဆာ. ၂၅:၁၄) ဒီအခွင့်ထူးကို အလွန် တန်ဖိုးထားလို့ ဘုရား စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး။
(ဝတ်ပြုရာ ၁၆:၁၄၊ ၁၅) “အဲဒီနောက် နွားထီးရဲ့ သွေးနည်းနည်းကို ယူပြီး အရှေ့ဘက်ခြမ်း၊ သေတ္တာအဖုံးရှေ့မှာ လက်ညှိုးနဲ့ ဖျန်းရမယ်။ သွေးနည်းနည်းကို သေတ္တာအဖုံးရှေ့မှာ လက်ညှိုးနဲ့ ခုနစ်ခါ ဖျန်းရမယ်။ “အဲဒီနောက် လူတွေအတွက် အပြစ်ဖြေရာအလှူ ဖြစ်တဲ့ ဆိတ်ကို သတ်ပြီး သွေးကို ကန့်လန့်ကာအတွင်းထဲ ယူလာရမယ်။ ဆိတ်သွေးကို နွားထီးသွေးလိုပဲ သေတ္တာအဖုံးရှေ့မှာ ဖျန်းရမယ်။
ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ သင်ခန်းစာများ
၆ ပုရောဟိတ်မင်းဟာ ပူဇော်သက္ကာတွေ မပူဇော်ခင် နံ့သာပေါင်းကို အရင် ပူဇော်ကြောင်း သတိရပါ။ နံ့သာပေါင်းကို အရင် ပူဇော်ခြင်းအားဖြင့် ဘုရားသခင့် နှစ်သက်မှု ရအောင် လုပ်တယ်။ ဒီကနေ ဘာသိရသလဲ။ ယေရှု မြေကြီးပေါ် ရှိစဉ်မှာ လူတွေရဲ့ ကယ်တင်ခြင်းအတွက် မိမိအသက်ကို ပူဇော်သက္ကာအဖြစ် မဆက်သခင် ပိုအရေးကြီးတဲ့အရာကို လုပ်ရမယ်။ အဲဒါက ဘာလဲ။ မိမိရဲ့ ပူဇော်သက္ကာကို ယေဟောဝါ လက်ခံစေဖို့ သစ္စာသမာဓိစောင့်သိတဲ့ လမ်းစဉ်ကို လိုက်ရမယ်။ ဒီနည်းအားဖြင့် ယေဟောဝါရဲ့ လမ်းစဉ်သာ အကောင်းဆုံး ဖြစ်ကြောင်း ဖော်ပြနိုင်မယ်။ ဖခင်ရဲ့ အချုပ်အခြာအာဏာ၊ တစ်နည်းအားဖြင့် အုပ်ချုပ်ပုံနည်းလမ်းဟာ ဖြောင့်မှန်ပြီး တရားမျှတကြောင်း ဖော်ပြနိုင်မယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဝတ်ပြုရာ ၁၆:၁၀) အာဇေလအတွက် မဲကျတဲ့ ဆိတ်ကိုတော့ မသတ်ဘဲ ယေဟောဝါရှေ့မှာ ထားပြီး အပြစ်ဖြေရမယ်။ ပြီးနောက် အာဇေလအတွက် တောကန္တာရထဲ လွှတ်လိုက်ရမယ်။
it-1 ၂၂၆ ပိုဒ်. ၃
အာဇေလ
တမန်တော် ပေါလု ရှင်းပြတဲ့အတိုင်း ယေရှုဟာ မိမိရဲ့ စုံလင်တဲ့ လူ့အသက်ကို လူသားတွေရဲ့ အပြစ်အတွက် ပူဇော်သက္ကာအဖြစ် ပေးဆက်ခြင်းအားဖြင့် “နွားသွေး၊ ဆိတ်သွေး” ထက် ပိုမြတ်တဲ့အရာကို လုပ်ဆောင်ပေးခဲ့တယ်။ (ဟီ ၁၀:၄၊ ၁၁၊ ၁၂) ယေရှုဟာ အာဇေလအနေနဲ့ “ငါတို့ရဲ့ ဖျားနာမှုကို သယ်ဆောင်ခဲ့တယ်၊” “ငါတို့ရဲ့ အပြစ်အတွက် သူ ထိုးဖောက်ခံခဲ့ရတယ်။” (ရှာ ၅၃:၄၊ ၅။ မ ၈:၁၇။ ၁ပ ၂:၂၄) ယေရှုရဲ့ ပူဇော်သက္ကာကို သက်ဝင်ယုံကြည်သူတွေရဲ့ အပြစ်ကို ဖြေလွှတ်ပေးခဲ့တယ်။ အပြစ်တွေကို လုံးလုံး ဖြေလွှတ်ပေးတဲ့ ဘုရားရဲ့ ပြင်ဆင်ပေးချက်ကို ဖော်ပြတာ ဖြစ်တယ်။ ဒီနည်းအားဖြင့် “အာဇေလ” အဖြစ် လွှတ်လိုက်တဲ့ ဆိတ်ဟာ ယေရှုခရစ်ရဲ့ ပူဇော်သက္ကာကို ပုံဆောင်တယ်။
(ဝတ်ပြုရာ ၁၇:၁၀၊ ၁၁) “‘အစ္စရေးလူမျိုးဖြစ်စေ၊ လာအခြေချတဲ့ တိုင်းတစ်ပါးသားဖြစ်စေ သွေးတစ်မျိုးမျိုးကို စားရင် စားတဲ့လူကို ငါငြင်းပယ်ပြီး ပယ်ရှင်းမယ်။ ၁၁ သတ္တဝါရဲ့ အသက်ဟာ သွေးမှာ ရှိတယ်။ မင်းတို့ရဲ့ အပြစ်ကို ဖြေဖို့ သွေးကို ပူဇော်ရာပလ္လင်ပေါ်မှာ လောင်းရမယ်လို့ ငါသတ်မှတ်ထားပြီ။ အသက်ဟာ သွေးမှာ ရှိတဲ့အတွက် အပြစ်ကို ဖြေပေးနိုင်တာ သွေးပဲ။
ကျွန်တော်တို့ ဘာကြောင့် သန့်ရှင်းရမလဲ
၁၀ ဝတ်ပြုရာ ၁၇:၁၀ ကိုဖတ်ပါ။ ယေဟောဝါဟာ အစ္စရေးတွေကို ဘယ်သွေးကိုမှ မစားဖို့ မိန့်မှာခဲ့တယ်။ ခရစ်ယာန်တွေကိုလည်း လူသွေးနဲ့ တိရစ္ဆာန်သွေးတွေကို ရှောင်ဖို့ မိန့်မှာထားတယ်။ (တ. ၁၅:၂၈၊ ၂၉) ကျွန်တော်တို့ကို ဘုရားသခင် ပစ်ပယ်ပြီး အသင်းတော်ကနေ နှင်ထုတ်လိုက်မယ့်အရာတစ်ခုခုကို လုပ်မိတယ်လို့ တွေးလိုက်ရုံနဲ့တင် နာကျင်ကြေကွဲစရာပဲ။ ယေဟောဝါကို ကျွန်တော်တို့ ချစ်ပြီး နာခံချင်တယ်။ အသက်အန္တရာယ် ကြုံရချိန်မှာတောင် ယေဟောဝါကို မသိတဲ့၊ ဂရုမစိုက်တဲ့သူတွေကို ကျွန်တော်တို့ အလျှော့ပေးမှာ မဟုတ်ဘူး။ သူတို့က ယေဟောဝါကို မနာခံဖို့ ကျွန်တော်တို့ကို ဖိအားပေးလိမ့်မယ်။ သွေးမသွင်းတဲ့အတွက် လှောင်ပြောင်လိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်ကို နာခံဖို့ ကျွန်တော်တို့ ရွေးချယ်ထားတယ်။ (ယု. ၁၇၊ ၁၈) ဒါဆို သွေးမစားဖို့၊ သွေးမသွင်းဖို့ ‘အခိုင်အမာ ဆုံးဖြတ်’ ထားနိုင်အောင် ဘာက ကူညီပေးမလဲ။—တရား. ၁၂:၂၃၊ ကဘ။
ကျမ်းစာဖတ်ရှုခြင်း