ကောင်းချီးများ သို့မဟုတ် ကျိန်ခြင်းများ—ရွေးချယ်စရာတစ်ခုရှိ၏!
‘အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့ ၌ ငါထားသည်။ သင်သည် အသက်ရှင်မည်အကြောင်း အသက်တရားကို ရွေးယူလော့။’—တရားဟောရာ ၃၀:၁၉၊ ၂၀။
၁။ လူသားများကို အဘယ်စွမ်းရည် ပေးအပ်ထားသနည်း။
ယဟောဝါဘုရားသခင်သည် အသိဉာဏ်ရှိသောလူသားများဖြစ်သည့် ကျွန်ုပ်တို့ကို ကိုယ့်လမ်းကိုယ်ရွေးနိုင်သူများအဖြစ် ပုံစံထုတ်လုပ်ထား၏။ ကျွန်ုပ်တို့သည် စက်ရုပ်များအဖြစ်သာ ဖန်ဆင်းခံထားရခြင်းမဟုတ်ဘဲ ရွေးချယ်မှုများပြုရန် အခွင့်အရေးနှင့် တာဝန်များကို ပေးအပ်ထားခြင်းခံရသည်။ (ဆာလံ ၁၀၀:၃) ပထမလူသားမောင်နှံဖြစ်သော အာဒံနှင့်ဧဝတို့သည် သူတို့၏လုပ်ဆောင်မှုကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိပြီး သူတို့၏ရွေးချယ်မှုအတွက် ဘုရားသခင့်ထံ၌ စာရင်းရှင်းရမည်ဖြစ်သည်။
၂။ အဘယ်ရွေးချယ်မှုကို အာဒံပြုခဲ့၍ အဘယ်အကျိုးရလဒ်ရရှိခဲ့သနည်း။
၂ ဖန်ဆင်းရှင်သည် ပရဒိသုမြေကြီးပေါ်၌ ထာဝရကောင်းချီးဖြင့်ကြွယ်ဝသည့် လူ့အသက်တာကို ရက်ရောစွာပင် ပြင်ဆင်ပေးထား၏။ အဘယ်ကြောင့် ထိုရည်ရွယ်ချက် မအောင်မြင်ရသေးသနည်း။ အကြောင်းမှာ အာဒံသည် မှားယွင်းသောရွေးချယ်မှုကို ပြုခဲ့သောကြောင့်ဖြစ်၏။ ယေဟောဝါက “ကောင်းမကောင်းကိုသိကျွမ်းရာ အပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟု လူကိုပညတ်ခဲ့သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) အကယ်၍အာဒံသာ နာခံရန် ရွေးချယ်ခဲ့မည်ဆိုလျှင် ကျွန်ုပ်တို့၏ကနဦးမိဘများသည် ကောင်းချီးခံစားရလိမ့်မည်ဖြစ်သည်။ မနာခံခြင်းက သေခြင်းကို ဖြစ်စေ၏။ (ကမ္ဘာဦး ၃:၆၊ ၁၈၊ ၁၉) ထို့ကြောင့် အပြစ်နှင့်သေခြင်းသည် အာဒံ၏အမျိုးအနွယ်အားလုံးတို့အပေါ် ကျရောက်ခဲ့ခြင်းဖြစ်လေသည်။—ရောမ ၅:၁၂။
ကောင်းချီးများကို ရရှိနိုင်၏
၃။ လူသားများအတွက် မိမိ၏ရည်ရွယ်တော်မူချက်ကို ပြီးမြောက်အောင်မြင်စေမည်ဟူသည့် အာမခံချက်ကို ဘုရားသခင် မည်သို့ပေးသနားတော်မူခဲ့သနည်း။
၃ လူသားများကို ကောင်းချီးပေးရန်ဟူသည့် မိမိ၏ရည်ရွယ်ချက်ကို နောက်ဆုံး၌ ပြည့်စုံပြီးမြောက်စေမည့် နည်းလမ်းတစ်ခုကို ယေဟောဝါဘုရားသခင် အစပြုခဲ့၏။ “သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်” ဟု ဧဒင်၌ ပရောဖက်ပြုခဲ့စဉ်က မျိုးနွယ်တော်တစ်ခုအကြောင်းကို ကိုယ်တော်တိုင် ကြိုတင်၍မိန့်မြွက်တော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) အဆိုပါကောင်းချီးများသည် အာဗြဟံ၏သားစဉ်မြေးဆက်တစ်ဦးဖြစ်သော ထိုမျိုးနွယ်တော်အားဖြင့် နာခံမှုရှိသောလူသားများထံသို့ ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဘုရားသခင်ကတိပြုတော်မူခဲ့သည်။—ကမ္ဘာဦး ၂၂:၁၅-၁၈။
၄။ လူသားများကို ကောင်းချီးပေးသနားရန်အတွက် အဘယ်အစီအစဉ်ကို ယေဟောဝါပြုလုပ်ထားတော်မူသနည်း။
၄ ကောင်းချီးနှင့်ဆိုင်သော ထိုမျိုးနွယ်တော်မှာ ယေရှုခရစ်ဖြစ်ကြောင်း ထင်ရှားလာသည်။ လူသားများကို ကောင်းချီးပေးသနားရန်ဟူသည့် ယေဟောဝါ၏အစီအစဉ်တော်တွင် ယေရှု၏ကဏ္ဍနှင့်စပ်လျဉ်း၍ ခရစ်ယာန်တမန်တော်ပေါလုက “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏”ဟု ရေးသားခဲ့သည်။ (ရောမ ၅:၈) ဘုရားသခင်အား နာခံမှုပြကာ ယေရှုခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကို ချီးမွမ်းရာ၌ အသုံးတော်ခံကြသော အပြစ်ရှိလူသားများသည် ကောင်းချီးများ၌ မွေ့လျော်ကြလိမ့်မည်ဖြစ်သည်။ (တမန်တော် ၄:၁၂) နာခံမှုနှင့် ကောင်းချီးများကို သင်ရွေးချယ်မည်လော။ မနာခံခြင်းက အလွန်ကွာခြားသည့် အကျိုးရလဒ်ကိုဖြစ်စေလိမ့်မည်။
ကျိန်ခြင်းနှင့်ပတ်သက်၍ကော အသို့နည်း
၅။ “ကျိန်ခြင်း” ဟူသည့်စကားလုံး၏ အဓိပ္ပာယ်ကား အဘယ်နည်း။
၅ ကောင်းချီး၏ဆန့်ကျင်ဘက်မှာ ကျိန်ခြင်းဖြစ်၏။ “ကျိန်ခြင်း” ဟူသည့်စကားလုံးသည် တစ်ဦးတစ်ယောက်ကို အန္တရာယ်ကျရောက်အောင်ပြောဆိုခြင်း သို့မဟုတ် ထိုသူကို မကောင်းပြောဆိုခြင်းဟု အဓိပ္ပာယ်ရ၏။ ဟေဗြဲစကားလုံး ကယ်လလာ သည် စာသားအရ “ပေါ့ပါးသော” ဟူ၍ အဓိပ္ပာယ်ရသည့် ကြိယာ ကာလာ မှ ဆင်းသက်လာရာဖြစ်၏။ သို့သော် ပုံဆောင်သဘောအရအသုံးပြုသောအခါ ၎င်းသည် ‘ကျိန်သည်’ သို့မဟုတ် ‘မထီမဲ့မြင်ပြုသည်’ ဟု အဓိပ္ပာယ်ရသည်။—ဝတ်ပြုရာ ၂၀:၉; ၂ ဓမ္မရာဇဝင် ၁၉:၄၃။
၆။ ရှေးဗေသလမြို့အနီးတွင် ဧလိရှဲပါဝင်ပတ်သက်သော အဘယ်အဖြစ်အပျက် ဖြစ်ပျက်ခဲ့သနည်း။
၆ ကျိန်ခြင်းပါဝင်ပတ်သက်သော ချက်ချင်းတန်ပြန်လုပ်ဆောင်ခဲ့သည့် ထူးခြားသောပုံဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်၏ပရောဖက် ဧလိရှဲသည် ယေရိခေါမြို့မှ ဗေသလမြို့သို့ လမ်းလျှောက်သွားစဉ်က ယင်းအဖြစ်အပျက် ဖြစ်ပျက်ခဲ့သည်။ “ခရီးသွားစဉ်တွင် လုလင်ပျိုတို့သည် မြို့ထဲကထွက်၍ ‘ဟေဦးပြည်း၊ တက်ဦးလော့။ ဟေဦးပြည်း၊ တက်ဦးလော့’ ဟု ကဲ့ရဲ့ကြ၏။ ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင် ထာဝရဘုရား၏အခွင့်နှင့်ကျိန်ဆိုသဖြင့် ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျိုလေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏” ဟု မှတ်တမ်းက ဖော်ပြသည်။ (၄ ဓမ္မရာဇဝင် ၂:၂၃၊ ၂၄) မထီမဲ့မြင်ပြုသောလူငယ်များအပေါ် ကျိန်ခဲ့စဉ်က ဧလိရှဲပြောဆိုခဲ့သည့်အရာအတိအကျကို ဖော်ပြထားခြင်းမရှိချေ။ သို့သော် ဘုရားသခင်၏အလိုတော်နှင့်အညီပြုမူသော ပရောဖက်တစ်ပါးက ယေဟောဝါ၏နာမတော်၌ ကျိန်ဆိုခဲ့ခြင်းဖြစ်သောကြောင့် ထိုကြွေးကြော်မှုသည် အကျိုးသက်ရောက်မှုရှိခဲ့သည်။
၇။ ဧလိရှဲကို မထီမဲ့မြင်ပြုကြသည့် လူငယ်လေးများ ဘာဖြစ်သွားကြသနည်း။ အဘယ်ကြောင့်နည်း။
၇ မထီမဲ့မြင်ပြုကြသည့် အဓိကအကြောင်းရင်းမှာ ဧလိရှဲသည် ဧလိယ၏ဝတ်လုံကို ဝတ်ဆင်ထားခြင်းနှင့် လူငယ်လေးများသည် ထိုပရောဖက်ကိုဆက်ခံသော အဘယ်သူကိုမျှ အနီးပတ်ဝန်းကျင်၌ မရှိစေလိုသောကြောင့် ဖြစ်ဟန်တူ၏။ (၄ ဓမ္မရာဇဝင် ၂:၁၃) ဧလိယကိုဆက်ခံသူဖြစ်ခြင်းနှင့်ပတ်သက်သည့် စောဒကကို ဖြေရှင်းရန်နှင့် ဤလူငယ်လေးများနှင့် သူတို့၏မိဘများကို ယေဟောဝါ၏ပရောဖက်အား ရိုသေလေးစားမှုရှိဖို့ ဆုံးမရန် ဧလိရှဲသည် မထီမဲ့မြင်ပြုသောလူအုပ်ကို ဧလိယ၏ဘုရားသခင့်နာမတော်၌ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ ယေဟောဝါသည် ဧလိရှဲကို မိမိ၏ပရောဖက်အဖြစ် နှစ်သက်လက်ခံကြောင်း တောထဲမှ ဝံမနှစ်ကောင်ကို ထွက်လာစေပြီး ထိုလှောင်ပြောင်သရော်သူ ၄၂ ဦးကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်စေခြင်းအားဖြင့် ဖော်ပြခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေပေါ်၌ မိမိအသုံးပြုလျက်ရှိသော ဆက်သွယ်မှုနည်းလမ်းကို ဗြောင်ကျကျပင် မလေးမခန့်ပြုကြသောကြောင့် ယေဟောဝါ ပြတ်ပြတ်သားသားပြုမူခဲ့ခြင်းဖြစ်ပေသည်။
၈။ အဘယ်အရာကို ပြုလုပ်ရန် ဣသရေလများ သဘောတူခဲ့ကြသနည်း။ အဘယ်အလားအလာဖြင့်နည်း။
၈ အစောပိုင်းနှစ်များကလည်း ဣသရေလလူမျိုးသည် ဘုရားသခင်၏အစီအစဉ်ကို ထို့နည်းတူ မလေးမခန့်ပြုခဲ့ကြ၏။ ဤသည်မှာ ၎င်းဖြစ်ပေါ်လာပုံဖြစ်သည်– ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်က ယေဟောဝါသည် ဣသရေလလူမျိုးများအား “ရွှေလင်းတအတောင်ဖြင့် ထမ်း” ဘိသကဲ့သို့ အီဂျစ်လူမျိုးတို့၏ချုပ်နှောင်မှုအောက်မှ ကယ်လွှတ်ခြင်းအားဖြင့် သူတို့ကို မျက်နှာသာတော်ပြသခဲ့သည်။ ထို့နောက်မကြာမီပင် ဘုရားသခင်ကို နာခံမည်ဟု သူတို့ကတိပေးခဲ့ကြသည်။ နာခံမှုသည် ဘုရားသခင်၏မျက်နှာသာတော်ကိုရရှိခြင်းနှင့် ခွဲမရအောင်မည်သို့ဆက်စပ်နေကြောင်း သတိပြုပါ။ “ယခုတွင် သင်တို့သည် ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သောဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏” ဟု မောရှေမှတစ်ဆင့် ယေဟောဝါမိန့်တော်မူခဲ့သည်။ ထို့နောက်တွင် လူထုက “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်” ဟု ပြောကြားကာ သဘောတူကြောင်း ဝန်ခံခဲ့ကြသည်။ (ထွက်မြောက်ရာ ၁၉:၄၊ ၅၊ ၈; ၂၄:၃) ဣသရေလလူမျိုးတို့သည် ယေဟောဝါအား ချစ်ကြောင်း ကြွေးကြော်ခဲ့ကြပြီး ကိုယ်တော့်ထံအပ်နှံကာ ကိုယ်တော်၏မိန့်တော်မူချက်များကို နာခံပါမည်ဟု ကတိပေးခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကြီးမားသောကောင်းချီးမင်္ဂလာများကို ဖြစ်ပေါ်စေပါလိမ့်မည်။
၉၊ ၁၀။ သိနာတောင်ပေါ်၌ မောရှေရှိနေစဉ် ဣသရေလလူမျိုးများသည် အဘယ်အမှုကို ပြုခဲ့ကြသနည်း။ အဘယ်အကျိုးရလဒ်ရရှိခဲ့သနည်း။
၉ သို့သော် ထိုသဘောတူညီမှု အခြေခံမူများကို ‘ဘုရားသခင့်လက်ညှိုးတော်’ ဖြင့် ကျောက်ပြားပေါ်၌ အက္ခရာမတင်မီ ဘုရားသခင် ကျိန်ဆိုခြင်းများပြုရန် လိုအပ်လာလေသည်။ (ထွက်မြောက်ရာ ၃၁:၁၈) ထိုကဲ့သို့သော ဝမ်းနည်းဖွယ်အကျိုးရလဒ်များသည် အဘယ်ကြောင့် ထိုက်သင့်လှသနည်း။ ယေဟောဝါမိန့်တော်မူသမျှကို လုပ်ဆောင်လိုသောဆန္ဒကို ဣသရေလလူမျိုးတို့ မတင်ပြခဲ့၍လော။ တင်ပြခဲ့ပါ၏၊ စကား အားဖြင့် ကောင်းချီးကို သူတို့ရှာဖွေခဲ့ကြသော်လည်း အလုပ် အားဖြင့် ကျိန်ခြင်းနှင့်ထိုက်တန်သောလမ်းစဉ်ကို သူတို့ရွေးချယ်ခဲ့ကြသည်။
၁၀ သိနာတောင်ပေါ်၌ ပညတ်တော်ဆယ်ပါးကို မောရှေယူနေစဉ် ရက်ပေါင်း ၄၀ ကာလအတွင်း၌ ဣသရေလလူမျိုးတို့သည် ယေဟောဝါအား သစ္စာစောင့်သိမည်ဟူသည့် အစောပိုင်းက သူတို့၏ကတိကို ချိုးဖောက်ခဲ့ကြသည်။ “မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ အာရုန်ထံသို့စည်းဝေးကြ၍ ‘ထပါ။ ငါတို့ရှေ့ မှာသွားရသောဘုရားတို့ကို ငါတို့အဖို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါ’ ဟု ပြောဆိုကြ၏” ဟု မှတ်တမ်းက ဖော်ပြ၏။ (ထွက်မြောက်ရာ ၃၂:၁) ၎င်းမှာ မိမိ၏လူမျိုးတော်ကို ဦးဆောင်လမ်းညွှန်ရန် ထိုအချိန်က ယေဟောဝါအသုံးပြုနေသော လူသားကိုယ်စားလှယ်တော်ကို ရိုသေလေးစားမှုကင်းမဲ့သောသဘောထားတင်ပြသည့် နောက်ဥပမာတစ်ခုဖြစ်ပေသည်။ ဣသရေလတို့သည် အီဂျစ်၏အရုပ်ကိုးကွယ်မှုကို တုပရန် ဆွဲဆောင်ခံရပြီး တစ်နေ့တည်း၌ သူတို့ထဲမှလူ ၃,၀၀၀ ခန့် ဓားဖြင့် အသတ်ခံရသောအခါ ကြောက်မက်ဖွယ်ကောင်းသောရလဒ်များကို ရိတ်သိမ်းခဲ့ရကြသည်။—ထွက်မြောက်ရာ ၃၂:၂-၆၊ ၂၅-၂၉။
ကောင်းချီးများနှင့် ကျိန်ခြင်းများကို ကြေညာခြင်း
၁၁။ ကောင်းချီးများနှင့် ကျိန်ခြင်းများဆိုင်ရာ အဘယ်ညွှန်ကြားချက်များကို ယောရှုလိုက်နာဆောင်ရွက်ခဲ့သနည်း။
၁၁ ဣသရေလလူမျိုးတို့၏ အနှစ် ၄၀ ကြာ တောတွင်းခရီးကြမ်းနှင်ခြင်း ကုန်ဆုံးလုနီးချိန်၌ ဘုရားသခင်အား နာခံသည့်လမ်းစဉ်ကို ရွေးချယ်ခြင်းအားဖြင့် ရိတ်သိမ်းရမည့် ကောင်းချီးများကို မောရှေစာရင်းတင်ပြခဲ့၏။ ယေဟောဝါအား မနာခံရန် ရွေးချယ်ပါက ဣသရေလလူမျိုးတို့ ကြုံတွေ့ရမည့် ကျိန်ခြင်းများကိုလည်း သူရေတွက်ပြ၏။ (တရားဟောရာ ၂၇:၁၁–၂၈:၁၀) ကတိထားရာပြည်ကို ဣသရေလတို့ ဝင်စားပြီးနောက်မကြာမီအချိန်၌ ဤကောင်းချီးနှင့် ကျိန်ခြင်းများပါဝင်ပတ်သက်သော မောရှေ၏ညွှန်ကြားချက်များကို ယောရှုက လိုက်နာဆောင်ရွက်ခဲ့သည်။ ဣသရေလအနွယ် ခြောက်နွယ်က ဧဗလတောင်ခြေတွင် ရပ်နေကြပြီး အခြားခြောက်နွယ်က ဂေရဇိမ်တောင်ရှေ့တွင် နေရာယူထားကြ၏။ လေဝိအနွယ်က တောင်ကြားချိုင့်ဝှမ်းထဲတွင် ရပ်နေကြသည်။ ဧဗလတောင်ရှေ့တွင် နေရာချထားသော အနွယ်တို့သည် ထိုအရပ်သို့ရှေ့ ရှု၍ ဖတ်ကြားခဲ့သော ကျိန်ခြင်းများကို “အာမင်!” ဟု ပြောခဲ့ကြပုံရ၏။ အခြားသူတို့က ဂေရဇိမ်တောင်ခြေဘက်သို့ ရှေ့ ရှု၍ လေဝိအနွယ်တို့ဖတ်ကြားခဲ့သော ကောင်းချီးများကို တုံ့ ပြန်ခဲ့ကြသည်။—ယောရှု ၈:၃၀-၃၅။
၁၂။ လေဝိအနွယ်ကြေညာခဲ့သော ကျိန်ခြင်းအချို့ကား အဘယ်နည်း။
၁၂ “ထာဝရဘုရားစက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သော . . . ၊ သွန်းသော . . . ကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်း။ . . . မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်း။ . . . အိမ်နီးချင်း၏မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်း။ . . . မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် အမင်္ဂလာရှိစေသတည်း။ . . . တရားတွေ့ ခြင်းအမှုမှာ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမကို မတရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်း။ . . . အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်း။ . . . တိရစ္ဆာန်တစ်စုံတစ်မျိုးနှင့်ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်း။ အဘ၏သမီး၊ အမိ၏သမီးတည်းဟူသော မိမိအစ်မ နှမနှင့်ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်း။ . . . မယား၏အမိနှင့်ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်း။ . . . အိမ်နီးချင်းကို မထင်မရှားရိုက်သောသူသည် အမင်္ဂလာရှိစေသတည်း။ . . . အပြစ်မရှိသောသူ၏အသက်ကို သတ်ခြင်းငှာ အခကိုယူသောသူသည် အမင်္ဂလာရှိစေသတည်း။ . . . ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာရှိစေသတည်း” ဟု လေဝိအနွယ်တို့ ပြောသည်ကို အသင် ကြားယောင်ကြည့်ပါ။ ကျိန်ခြင်းတစ်ခုပြီးတိုင်း ဧဗလတောင်ရှေ့တွင်ရှိသော အနွယ်တို့က “အာမင်!” ဟု ဆိုကြသည်။—တရားဟောရာ ၂၇:၁၅-၂၆။
၁၃။ လေဝိအနွယ်ကြေညာခဲ့သော ကောင်းချီးအချို့ကို ကိုယ်ပိုင်စကားဖြင့် သင်မည်သို့ဖော်ပြမည်နည်း။
၁၃ ‘သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်။ သင်၏သားသမီးအားဖြင့်လည်းကောင်း၊ သင်၏မြေအသီးအနှံအားဖြင့်လည်းကောင်း၊ သင်၏တိရစ္ဆာန်ဖွားသောသားငယ်အားဖြင့်လည်းကောင်း၊ သင်၏သိုးနွားအစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ သင်၏ခြင်းတောင်း၌လည်းကောင်း၊ သင်၏မုန့်နယ်သောခွက်၌လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ မိမိအိမ်ထဲသို့ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်’ ဟု လေဝိအနွယ်မှ အော်၍ဖတ်ကြားသောအခါ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီကို ဂေရဇိမ်တောင်ရှေ့တွင်ရှိနေသောသူတို့ တုံ့ ပြန်သံကို ကြားယောင်ကြည့်ပါ။—တရားဟောရာ ၂၈:၃-၆။
၁၄။ အဘယ်အခြေခံအကြောင်းတရားအားဖြင့် ဣသရေလလူမျိုးများ ကောင်းချီးများကို ရရှိကြမည်နည်း။
၁၄ ဤကောင်းချီးများကို ရရှိရန်အတွက် အခြေခံကား အဘယ်နည်း။ မှတ်တမ်းက “ယနေ့ ငါဆင့်ဆိုသမျှသောပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို စေ့စေ့နားထောင်လျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်လျှင် သင့်အပေါ်မှာ [ဤ] ကောင်းချီးမင်္ဂလာများ [သက်ရောက်တော်မူလိမ့်မည်]” ဟု ဆိုထား၏။ (တရားဟောရာ ၂၈:၁၊ ၂) မှန်ပါသည်၊ ဘုရားသခင်ပေးသနားသော ကောင်းချီးများကို မွေ့လျော်ခံစားရရန် အဓိကအချက်မှာ ဘုရားသခင်ကို နာခံခြင်းဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင်ရှိသော ကျွန်ုပ်တို့နှင့်ပတ်သက်၍ကော အသို့နည်း။ “ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို” ဆက်၍ “စေ့စေ့နားထောင်” ခြင်းအားဖြင့် ကျွန်ုပ်တို့တစ်ဦးချင်းစီသည် ကောင်းချီးများနှင့် အသက်ကို ရွေးချယ်မည်လော။—တရားဟောရာ ၃၀:၁၉၊ ၂၀။
အသေးစိတ်သုံးသပ်ခြင်း
၁၅။ တရားဟောရာ ၂၈:၃ တွင် မှတ်တမ်းတင်ထားသော ကောင်းချီးတွင် အဘယ်အချက်ကို ဖော်ပြထားသနည်း။ ၎င်းမှ ကျွန်ုပ်တို့ အဘယ်အကျိုးကျေးဇူး ရယူနိုင်မည်နည်း။
၁၅ ယေဟောဝါအား နာခံကြသည့်အတွက် ဣသရေလလူမျိုးတို့ မွေ့လျော်ခံစားနိုင်သော ကောင်းချီးအချို့ကို စဉ်းစားသုံးသပ်ကြည့်ကြစို့။ ဥပမာအနေနှင့် တရားဟောရာ ၂၈:၃ တွင် “သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်” ဟု ဆိုထား၏။ ဘုရားသခင်၏ ကောင်းချီးပေးသနားခံရခြင်းသည် နေရာဒေသ သို့မဟုတ် တာဝန်ခန့်အပ်ခံရမှုအပေါ် မူမတည်ပေ။ အချို့တို့က မိမိတို့သည် မနှစ်မြို့ဖွယ်အခြေအနေများအတွင်း ရောက်ရှိနေသည်ဟု ယူမှတ်ကြပေမည်။ အကြောင်းမှာ သူတို့သည် အကြီးအကျယ်သိမ်းရုံးဖျက်ဆီးထားခံရသောဒေသ သို့မဟုတ် စစ်ဘေးစစ်ဒဏ် အပြင်းအထန်ခံနေရသောတိုင်းနိုင်ငံများ၌ နေရကြသောကြောင့် ဖြစ်နိုင်သည်။ အခြားသူတို့မူ ကွဲပြားခြားနားသောနေရာဒေသတစ်ခု၌ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်လိုကြသည်။ အချို့သောခရစ်ယာန်အမျိုးသားများသည် အသင်းတော်၌ ဓမ္မအမှုထမ်းများ သို့မဟုတ် အကြီးအကဲများအဖြစ် ခန့်အပ်မခံရသောကြောင့် စိတ်ဓာတ်ကျကြမည်။ တစ်ခါတစ်ရံ ခရစ်ယာန်အမျိုးသမီးများသည် ရှေ့ဆောင်များ သို့မဟုတ် သာသနာပြုများအဖြစ် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်နိုင်သည့်အခြေအနေမရှိကြသောကြောင့် စိတ်ပျက်အားလျော့တတ်ကြသည်။ သို့သော် ‘ယေဟောဝါ၏စကားတော်ကို နားထောင်ပြီး ကိုယ်တော်တောင်းဆိုသမျှတို့ကို ဂရုတစိုက်လုပ်ဆောင်ကြ’ သူ ယောက်စီယောက်တိုင်းတို့သည် ယခုနှင့် ထာဝစဉ် ကောင်းချီးပေးသနားခံရပေလိမ့်မည်။
၁၆။ တရားဟောရာ ၂၈:၄ ပါ မူကို ယနေ့ခေတ်၌ရှိသော ယေဟောဝါ၏အဖွဲ့အစည်းတော်သည် အဘယ်နည်းအားဖြင့် တွေ့ ကြုံခံစားနေရသနည်း။
၁၆ တရားဟောရာ ၂၈:၄ က ‘သင်၏သားသမီးအားဖြင့်လည်းကောင်း၊ သင်၏မြေအသီးအနှံအားဖြင့်လည်းကောင်း၊ သင်၏တိရစ္ဆာန်ဖွားသောသားငယ်အားဖြင့်လည်းကောင်း၊ သင်၏သိုးနွားအစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်’ ဟု ဆိုထား၏။ ‘သင်၏’ ဟူ၍ ပြန်ဆိုသည့် ဧကဝုစ်ကိန်း ဟေဗြဲနာမ်စားကို အသုံးပြုခြင်းမှာ ၎င်းသည် နာခံမှုရှိသည့် ဣသရေလလူမျိုးများ၏ ကိုယ်ပိုင်တွေ့ ကြုံခံစားမှုဖြစ်လိမ့်မည်ဟု ညွှန်ပြနေခြင်းဖြစ်သည်။ မျက်မှောက်ခေတ်၌ နာခံမှုရှိသည့် ယေဟောဝါ၏ကျေးကျွန်များနှင့်ပတ်သက်၍ကော အသို့နည်း။ ယေဟောဝါသက်သေများ၏အဖွဲ့အစည်းအတွင်း၌ ကမ္ဘာချီတိုးတက်၊ တိုးချဲ့လျက်ရှိနေခြင်းက ၅,၀၀၀,၀၀၀ ကျော်သော ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကြွေးကြော်သူများ၏ ဇွဲနပဲကြီးစွာကြိုးစားအားထုတ်နေကြခြင်းအပေါ် ဘုရားသခင့်ကောင်းချီးသွန်းလောင်းမှု၏ အကျိုးရလဒ်ပင်ဖြစ်သည်။ (မာကု ၁၃:၁၀) ထို့ ပြင် ၁၉၉၅ သခင့်ညစာစားပွဲကို လူပေါင်း ၁၃,၀၀၀,၀၀၀ ကျော် တက်ရောက်ခဲ့သောကြောင့် သာ၍ကြီးမားစွာတိုးတက်ဖို့အလားအလာရှိနေပေသည်။ ဘုရားသခင်၏နိုင်ငံတော်ကောင်းချီးများ၌ သင်မွေ့လျော်နေပါသလော။
ဣသရေလတို့၏ရွေးချယ်မှုက ခြားနားမှုကို ဖြစ်စေ
၁၇။ ကောင်းချီးများ သို့မဟုတ် ကျိန်ခြင်းများ ‘သက်ရောက်’ ခြင်းသည် အဘယ်အရာပေါ် မူတည်သနည်း။
၁၇ အမှန်သော် ကောင်းချီးများက နာခံမှုရှိသော ဣသရေလလူမျိုးတို့နောက် လိုက်လာမည်ဖြစ်သည်။ “သင့်အပေါ်မှာ [ဤ] ကောင်းချီးမင်္ဂလာများ [သက်ရောက်တော်မူလိမ့်မည်]” ဟု ကတိပြုချက်ရှိ၏။ (တရားဟောရာ ၂၈:၂) “သင့်အပေါ်မှာ [ဤ] ကျိန်ခြင်းအမင်္ဂလာများ [သက်ရောက်လိမ့်မည်]” ဟူ၍ ကျိန်ခြင်းနှင့်ပတ်သက်၍လည်း ထိုနည်းထပ်တူပင်ဆိုထား၏။ (တရားဟောရာ ၂၈:၁၅) သင်သာ ရှေးအချိန်က ဣသရေလလူမျိုးတစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် သင့်အပေါ်၌ ကောင်းချီးများ ‘သက်ရောက်’ ခဲ့မည်လော။ သို့မဟုတ် ကျိန်ခြင်းများ ‘သက်ရောက်’ ခဲ့မည်လော။ ယင်းက ဘုရားသခင်အား သင်နာခံသည်၊ မနာခံသည်ဟူသည့်အပေါ် မူတည်ပေမည်။
၁၈။ ဣသရေလလူမျိုးများသည် ကျိန်ခြင်းများကို မည်သို့ရှောင်ရှားနိုင်ခဲ့မည်နည်း။
၁၈ တရားဟောရာ ၂၈:၁၅-၆၈ တွင် မနာခံခြင်း၏ နာကျင်ဖွယ်အကျိုးရလဒ်များကို ကျိန်ခြင်းများအဖြစ် ဖော်ပြထားသည်။ အချို့တို့မှာ တရားဟောရာ ၂၈:၃-၁၄ တွင် ရေတွက်ပြထားသော နာခံမှုအတွက်ရမည့် ကောင်းချီးများနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဘက်ဖြစ်သည့်အရာများ ဖြစ်သည်။ မကြာခဏဆိုသလိုပင် ဣသရေလလူမျိုးသည် မှားယွင်းသောဝတ်ပြုကိုးကွယ်မှုများတွင် ပါဝင်ရန် ရွေးချယ်သောကြောင့် ကျိန်ခြင်းဆိုင်ရာ ဆိုးဝါးပြင်းထန်သည့်အကျိုးများကိုသာ ရိတ်သိမ်းကြရသည်။ (ဧဇရ ၉:၇; ယေရမိ ၆:၆-၈; ၄၄:၂-၆) မည်မျှဝမ်းနည်းဖွယ်ပါတကား! ကောင်းမကောင်း ရှင်းလင်းစွာဖော်ပြပေးသည့် ယေဟောဝါ၏ကျန်းခံ့သောပညတ်များနှင့် မူများကို နာခံခြင်းဟူသည့် မှန်ကန်သောရွေးချယ်မှုကို ပြုခြင်းအားဖြင့် အဆိုပါအကျိုးရလဒ်များကို ရှောင်ရှားနိုင်ခဲ့ပေမည်။ ယနေ့များစွာသောသူတို့သည် မှားယွင်းသောဘာသာများကို လိုက်လျှောက်ခြင်း၊ လိင်ဆိုင်ရာစာရိတ္တယိုယွင်းမှု၌ ပါဝင်ခြင်း၊ ဥပဒေအရ ပိတ်ပင်ထားသောဆေးများကို အသုံးပြုခြင်း၊ အရက်ယမကာများကို အလွန်အကျွံသောက်သုံးခြင်းနှင့် အလားတူအရာများကို ကျင့်ကြံခြင်းအားဖြင့် ကျမ်းစာမူများနှင့်ဆန့်ကျင်ဘက်ပြု၍လုပ်ဆောင်ရန် ရွေးချယ်ကြသောကြောင့် နာကျင်မှုနှင့် ဝမ်းနည်းကြေကွဲဖွယ်ရာများကို ခံစားကြရသည်။ ရှေးဣသရေလနှင့် ယုဒနိုင်ငံမှာကဲ့သို့ အဆိုပါမှားယွင်းသောရွေးချယ်မှုများသည် ဘုရားသခင်၏မနှစ်မြို့မှုနှင့် မလိုလားအပ်သော နှလုံးနာကျင်ဖွယ်ရာတို့ကိုသာ ဖြစ်ပေါ်စေသည်။—ဟေရှာယ ၆၅:၁၂-၁၄။
၁၉။ ယုဒနှင့် ဣသရေလနိုင်ငံတို့ ယေဟောဝါအား နာခံရန် ရွေးချယ်ခဲ့စဉ်က မွေ့လျော်ခံစားခဲ့ရသော အခြေအနေရပ်များကို ဖော်ပြပါ။
၁၉ ဣသရေလတို့သည် ယေဟောဝါအား နာခံကြမှသာ ကောင်းချီးများ ကြွယ်ဝစွာရရှိပြီး ငြိမ်သက်မှု စိုးမိုးမည်ဖြစ်သည်။ ဥပမာအနေနှင့် ရှောလမုန်မင်း၏ ခေတ်သမယနှင့်ပတ်သက်၍ “ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက်နေကြ၏။ ရှောလမုန် . . . လက်ထက်တော်ကာလပတ်လုံး ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏” ဟု ကျွန်ုပ်တို့ဖတ်ရှုရသည်။ (၃ ဓမ္မရာဇဝင် ၄:၂၀-၂၅) ဘုရားသခင့်ရန်သူများထံမှ ဆန့်ကျင်တိုက်ခိုက်မှုကိုခံရသည့် ဒါဝိဒ်မင်း၏ခေတ်အချိန်၌ပင် ထိုလူမျိုးသည် အမှန်တရား၏ဘုရားသခင်ကို နာခံရန်ရွေးချယ်ကြသောအခါ ယေဟောဝါ၏ထောက်မမှုနှင့် ကောင်းချီးများကို ခံစားကြရသည်။—၂ ဓမ္မရာဇဝင် ၇:၂၈၊ ၂၉; ၈:၁-၁၅။
၂၀။ လူသားများနှင့်ပတ်သက်၍ အဘယ်အရာကို ဘုရားသခင် ယုံကြည်စိတ်ချသနည်း။
၂၀ ဘုရားသခင်ကို သင်နာခံမည်လော သို့မဟုတ် ကိုယ်တော့်ကို သင်မနာခံဘဲ နေမည်လော။ ဣသရေလလူမျိုးများ၌ ရွေးချယ်စရာတစ်ခု ရှိ၏။ ကျွန်ုပ်တို့အားလုံးသည် အာဒံထံမှ အပြစ်ပြုလိုသည့်စိတ်သဘောကို အမွေခံခဲ့ရစေကာမူ လွတ်လပ်စွာရွေးချယ်ခွင့် ဆုကျေးဇူးကိုလည်း ရရှိထားကြ၏။ စာတန်၊ ဤဆိုးညစ်သောလောကနှင့် ကျွန်ုပ်တို့၏မစုံလင်မှုများရှိသော်ငြားလည်း မှန်ကန်သောရွေးချယ်မှုကို ကျွန်ုပ်တို့ပြုနိုင်ပေသည်။ ထို့ ပြင် အဘယ်ညှဉ်းပန်းနှိပ်စက်မှုနှင့် စုံစမ်းနှောင့်ယှက်မှုကိုမဆို ရင်ဆိုင်ရသည့်ကြားမှ စကားအားဖြင့်သာမကဘဲ အလုပ်အားဖြင့်လည်း မှန်ကန်သောရွေးချယ်မှုကို ပြုကြသည့်သူများရှိမည်ကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က ယုံကြည်စိတ်ချထားသည်။ (၁ ပေတရု ၅:၈-၁၀) ထိုသူတို့တွင် အသင်ပါဝင်မည်လော။
၂၁။ နောက်ဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။
၂၁ နောက်ဆောင်းပါးတွင် ရှေးက နမူနာများကို ထည့်သွင်းစဉ်းစားလျက် ကျွန်ုပ်တို့၏သဘောထားနှင့် လုပ်ဆောင်မှုများကို သုံးသပ်သွားနိုင်ပါလိမ့်မည်။ ‘အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့ ၌ ငါထားသည်။ သင်သည် အသက်ရှင်မည်အကြောင်း အသက်တရားကို ရွေးယူလော့’ ဟု မောရှေမှတစ်ဆင့်ပေးခဲ့သော ဘုရားသခင်၏နှုတ်တော်ထွက်စကားကို ကျွန်ုပ်တို့ယောက်စီယောက်တိုင်း ကျေးဇူးတင်စွာဖြင့် တုံ့ ပြန်ကြစို့လေ။—တရားဟောရာ ၃၀:၁၉။
သင်မည်သို့ဖြေဆိုမည်နည်း
◻ အပြစ်ရှိသော လူသားများအတွက် ကောင်းချီးများကိုရရှိနိုင်ရန် ယေဟောဝါ မည်သို့စီမံပေးထားသနည်း။
◻ ကျိန်ခြင်းကား အဘယ်နည်း။
◻ ဣသရေလလူမျိုးများသည် ကျိန်ခြင်းများအစား ကောင်းချီးများကို မည်သို့ရရှိနိုင်သနည်း။
◻ ဘုရားသခင်အား နာခံသည့်အတွက် အဘယ်ကောင်းချီးများကို ဣသရေလတို့ မွေ့လျော်ခံစားခဲ့ရကြသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဂေရဇိမ်တောင်နှင့် ဧဗလတောင်ရှေ့တွင်စုရုံးနေကြသော ဣသရေလလူမျိုးများ
[Credit Line]
Pictorial Archive (Near Eastern History) Est.