“ပေးဆက်ခံရသူများ”ယေဟောဝါပြင်ဆင်ပေးမှု
“တစ်ပါးအမျိုးသား (ဧည့်သည်၊ ကဘ ) တို့သည်ရပ်လျက် သင်တို့သိုးစုများကိုထိန်းကျောင်းကြလိမ့်မည်။”—ဟေရှာယ ၆၁:၅။
၁။ “ပေးကမ်းသူ” ဟူသောစကားလုံးသည် ကျွန်ုပ်တို့အား ယေဟောဝါကိုအဘယ်ကြောင့်သတိရစေသနည်း။
ဘု ရားသခင်သည် မည်မျှရက်ရောသည့်ပေးကမ်းရှင်ပါတကား။ တမန်တော်ပေါလုက “[ယေဟောဝါ၊ ကဘ] သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် ခပ်သိမ်းသောအရာတို့ကိုပေးတော်မူ” သည်ဟုပြောခဲ့သည်။ (တမန်တော် ၁၇:၂၅) ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှလက်ခံရရှိသည့် ‘ကောင်းမြတ်စုံလင်သောဆုကျေးဇူး’ များကိုတုံ့ပြန်ခြင်းအားဖြင့် အကျိုးခံစားနိုင်သည်။—ယာကုပ် ၁:၅၊ ၁၇။ ဆာလံ ၂၉:၁၁။ မဿဲ ၇:၇။ ၁၀:၁၉။ ၁၃:၁၂။ ၂၁:၄၃။
၂၊ ၃။ (က) ဘုရားသခင်၏ပေးကမ်းမှုများကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။ (ခ) လေဝိသားများသည် မည်သည့်နည်းဖြင့် “ပေးဆက်ခံရသူများ” ဖြစ်ကြသနည်း။
၂ ယေဟောဝါကိုမည်သို့ပြန်ပေးဆပ်ရန် ဆာလံဆရာ မသိဖြစ်နေရခြင်းမှာ အကြောင်းကောင်းရှိသည်။ (ဆာလံ ၁၁၆:၁၂) လူတွင်ရှိသည့် သို့မဟုတ် ပေးနိုင်သည့်အရာတစ်စုံတစ်ခုမျှ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်မလိုအပ်ပါ။ (ဆာလံ ၅၀:၁၀၊ ၁၂) ကျေးဇူးတင်စိတ်ဖြင့် စစ်မှန်သောဝတ်ပြုရေး၌ မိမိတို့ကိုယ်ကိုပေးဆက်ခြင်းကို ယေဟောဝါနှစ်သက်တော်မူကြောင်း ကိုယ်တော်ညွှန်ပြသည်။ (ဟေဗြဲ ၁၀:၅-၇ နှိုင်းယှဉ်) လူသားတိုင်းသည် ဖန်ဆင်းရှင်ကိုဆက်ကပ်အပ်နှံသည့်အနေနှင့် မိမိတို့ကိုယ်ကိုပေးဆက်သင့်သည်။ သို့ပြုလျှင် ရှေးလေဝိသားများကဲ့သို့ပင် အခွင့်ထူးများကိုတိုးချဲ့ပေးသွားမည်ဖြစ်သည်။ ဣသရေလလူမျိုးအားလုံးသည် ဘုရားသခင်ထံဆက်ကပ်အပ်နှံထားကြသော်လည်း တဲတော်နှင့်ဗိမာန်တော်တို့တွင် ယဇ်ပူဇော်ရသည့်ယဇ်ပုရောဟိတ်များအဖြစ် အာရုန်မိသားစုမှ လေဝိသားများကို ကိုယ်တော်ရွေးချယ်ခဲ့သည်။ အခြားလေဝိသားများကောမည်သို့နည်း။
၃ ယေဟောဝါကမောရှေအား “လေဝိအမျိုးကိုအနီးသို့ခေါ်ခဲ့၍ . . . သူတို့သည် စည်းဝေးရာတဲတော်အသုံးအဆောင်ရှိသမျှကိုကြည့်ရှုစောင့်ရှောက်၍ . . . လေဝိသားတို့ကို အာရုန်နှင့်သူ၏သားတို့၌အပ်ရမည်။ သူတို့သည် ပေးဆက်ခံရသူများ [ဟေဗြဲ၊ နက်သနင် ]၊ ဣသရေလအမျိုးသားများထဲမှ သူ့အားပေးဆက်သူများဖြစ်ကြသည်” ဟုမိန့်တော်မူခဲ့သည်။ (တောလည်ရာ ၃:၆၊ ၈၊ ၉၊ ၄၁။ ကဘ ) လေဝိသားများသည် တဲတော်အမှုကိုတာဝန်ယူရန် အာရုန်ထံ “ပေးဆက်ခံရသူများ” ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်က “သူတို့သည် ပေးဆက်ခံရသူများ၊ ဣသရေလအမျိုးမှရွေးနှုတ်၍ ငါ့အား ပေးဆက်ခံရသူများဖြစ်ကြသည်။” (တောလည်ရာ ၈:၁၆၊ ၁၉။ ၁၈:၆။ ကဘ ) လေဝိသားအချို့တို့သည် သာမန်အလုပ်များကိုလုပ်ဆောင်ကြသည်။ အချို့မူ ဘုရားသခင်၏ပညတ်တော်များကိုသွန်သင်ပေးခြင်းစသည့် ကြီးမြတ်သောအခွင့်ထူးများကို ရရှိကြသည်။ (တောလည်ရာ ၁:၅၀၊ ၅၁။ ၁ ရာဇဝင်ချုပ် ၆:၄၈။ ၂၃:၃၊ ၄။ ၂၄-၃၂။ ၂ ရာဇဝင်ချုပ် ၃၅:၃-၅) ယခုကျွန်ုပ်တို့ အခြားသော “ပေးဆက်ခံရသူများ” နှင့် ခေတ်သစ်ဆင်တူချက်များသို့ အာရုံစိုက်ကြစို့။
ဣသရေလလူမျိုးများဗာဗုလုန်မှပြန်လာကြ
၄၊ ၅။ (က) ဗာဗုလုန်သို့ပြည်နှင်ဒဏ်ခံရရာမှ မည်သည့်ဣသရေလလူမျိုးများပြန်လာကြသနည်း။ (ခ) မျက်မှောက်ခေတ်တွင် ပြည်နှင်ဒဏ်ခံရရာမှပြန်လာသောဣသရေလလူမျိုးများနှင့် အဘယ်ဆင်တူချက်ရှိသနည်း။
၄ မြို့ဝန်ဇေရုဗဗေလ၏ဦးဆောင်မှုအားဖြင့် ဣသရေလလူမျိုးအကြွင်းအကျန်တို့သည် စစ်မှန်သောဝတ်ပြုရေးကိုပြန်လည်တည်ထောင်ရန် ဗာဗုလုန်မှမိမိတို့နေရင်းပြည်သို့ပြန်လာကြပုံကို ဧဇရနှင့်နေဟမိတို့က မှတ်တမ်းတင်ထားသည်။ မှတ်တမ်းနှစ်ခုစလုံးက ပြန်လာသူစုစုပေါင်း ၄၂,၃၆၀ ယောက်ရှိကြောင်းဖော်ပြသည်။ ထိုထောင်ပေါင်းများစွာသောလူများမှာ “ဣသရေလအမျိုးရှိလူများ” ဖြစ်ကြသည်။ မှတ်တမ်းကဆက်၍ ယဇ်ပုရောဟိတ်များကို ဖော်ပြသည်။ သို့နှင့် လေဝိသားသီချင်းဆိုသူနှင့် တံခါးစောင့်များအပါအဝင် ၃၅၀ ပြန်လာကြသည်။ မိမိတို့၏ဆွေစဉ်မျိုးဆက်ကိုသက်သေမထူနိုင်ကြသော ဣသရေလလူမျိုးများနှင့် ယဇ်ပုရောဟိတ်များပင်ဖြစ်ဟန်တူသည့် နောက်ထပ်လူထောင်ပေါင်းများစွာကိုလည်း ဧဇရနှင့်နေဟမိတို့မှတ်တမ်းတင်ခဲ့ကြသေးသည်။—ဧဇရ ၁:၁၊ ၂။ ၂:၂-၄၂။ ၅၉-၆၄။ နေဟမိ ၇:၇-၄၅၊ ၆၁-၆၆။
၅ ပြည်နှင်ဒဏ်ခံရပြီးနောက် ယေရုရှလင်နှင့်ယုဒပြည်သို့ပြန်လာကြသော ဤဣသရေလလူမျိုးအကြွင်းအကျန်တို့သည် ထူးခြားထင်ရှားစွာ ဘုရားဝတ်ကိုပြုပြီး စစ်မှန်သောဝတ်ပြုရေးအတွက် မိမိတို့ကိုယ်ကို လေးလေးနက်နက်ပေးဆက်ခဲ့ကြသည်။ မှတ်တမ်းအရ ယခုခေတ်ဝိညာဏဣသရေလလူမျိုးအကြွင်းအကျန်တို့သည် ၁၉၁၉ ခုနှစ်တွင် မဟာဗာဗုလုန်၏ချုပ်နှောင်မှုအောက်မှ ထွက်လာကြခြင်းနှင့် ဆီလျော်စွာကိုက်ညီနေသည်။
၆။ ကျွန်ုပ်တို့ခေတ်တွင် ဝိညာဏဣသရေလလူမျိုးများကို ဘုရားသခင်မည်သို့အသုံးပြုခဲ့ပြီနည်း။
၆ ၁၉၁၉ ခုနှစ်တွင်လွတ်မြောက်လာကြသည်နှင့် ခရစ်တော်၏ဘိသိက်ခံညီအကြွင်းအကျန်တို့သည် စစ်မှန်သောဝတ်ပြုရေးတွင် ဇွဲထက်သန်စွာဖြင့် ရှေ့သို့တိုးတက်လာခဲ့ကြသည်။ “ဘုရားသခင်၏ဣသရေလလူမျိုး” ၁၄၄,၀၀၀ မှ နောက်ဆုံးကျန်ကြွင်းသူများကိုစုသိမ်းခြင်းလုပ်ငန်းတွင် ယေဟောဝါသူတို့ကိုကောင်းချီးပေးခဲ့သည်။ (ဂလာတိ ၆:၁၆။ ဗျာဒိတ် ၇:၃၊ ၄) အုပ်စုတစ်စုအနေဖြင့် ဘိသိက်ခံအကြွင်းအကျန်များသည် “သစ္စာနှင့်သတိပညာရှိကျေးကျွန်” အတန်းအစားအဖြစ်ဖွဲ့စည်းပြီး အသက်ပေးဝိညာဏအစာကို ပေါပြည့်ဝစွာဝေငှပေးရန် အသုံးတော်ခံရကြသည်။ ယင်းကို ကမ္ဘာတစ်ဝန်း သူတို့ကြိုးစားဖြန့်ဖြူးနေကြသည်။—မဿဲ ၂၄:၄၅-၄၇။
၇။ စစ်မှန်သောဝတ်ပြုရေးတွင် မည်သူများသည် ဘိသိက်ခံများနှင့် ပေါင်းသင်းနေကြသနည်း။
၇ ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သည့်အတိုင်း ယေဟောဝါ၏လူများတွင် ယခုအခါ သန်းပေါင်းများစွာသော “အခြားသိုးများ” ပါဝင်လာသည်။ သူတို့သည် မကြာမီရောက်ရှိလာမည့် ကြီးစွာသောဒုက္ခမှလွတ်မြောက်မည့် ဘုရားပေးမျှော်လင့်ချက်ရှိထားကြသည်။ သူတို့သည် ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ ဝမ်းနည်း၍မျက်ရည်ကျခြင်းများ လုံးဝမရှိတော့မည့်ကမ္ဘာပေါ်တွင် ယေဟောဝါကိုထာဝရဝတ်ပြုလိုကြသည့်စိတ်ဆန္ဒရှိကြသည်။ (ယောဟန် ၁၀:၁၆။ ဗျာဒိတ် ၇:၉-၁၇၊ ၂၁:၃-၅) ဗာဗုလုန်မှပြန်လာသူများမှတ်တမ်းတွင် ဤလူများနှင့်ဆင်တူသည့်အချက်တစ်စုံတစ်ရာတွေ့ရှိနိုင်သလော။ တွေ့နိုင်ပါသည်။
ဣသရေလလူမျိုးမဟုတ်သူများလည်းပြန်လာကြ
၈။ ဗာဗုလုန်မှပြန်လာသောဣသရေလလူမျိုးများနှင့်အတူ မည်သူများလိုက်ပါလာကြသနည်း။
၈ ဗာဗုလုန်ရှိယေဟောဝါကိုချစ်မြတ်နိုးသူများအတွက် ကတိထားရာပြည်သို့ပြန်ရန်ဖိတ်ခေါ်ချက်ထွက်လာသောအခါ ဣသရေလလူမျိုးမဟုတ်သူထောင်ပေါင်းများစွာတို့တုံ့ပြန်ခဲ့ကြသည်။ ဧဇရနှင့်နေဟမိတို့ပေးသည့်စာရင်းတွင် “နက်သနင်” (အဓိပ္ပာယ်၊ “ပေးဆက်ခံရသူများ” ) နှင့် “ရှောလမုန်၏အစေခံကျွန်များ” (“ရှောလမုန်အစေခံများ၏သားများ”၊ ကဘ ) စုစုပေါင်း ၃၉၂ ယောက်ဟုဖတ်ရသည်။ မှတ်တမ်းက အခြားသော ၇,၅၀၀ ကျော်သည့် ‘ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများ’ ၊ လေဝိအမျိုးမဟုတ်သော “သီချင်းသည်ယောက်ျားမိန်းမများ” ကိုလည်းဖော်ပြသည်။ (ဧဇရ ၂:၄၃-၅၈၊ ၆၅။ နေဟမိ ၇:၄၆-၆၀၊ ၆၇) ဤမျှများပြားသောဣသရေလလူမျိုးမဟုတ်သူများပြည်တော်ပြန်ရန် မည်သည့်အရာကလှုံ့ဆော်သနည်း။
၉။ ပြည်နှင်ခံရရာမှပြန်လာရာတွင် ယေဟောဝါ၏ဝိညာဉ်တော်မည်သို့ပါရှိသနည်း။
၉ ဧဇရ ၁:၅ တွင် “ဘုရားသခင်နှိုးဆော်တော်မူသောသူအပေါင်းတို့သည် ယေရုရှလင်မြို့၌ရှိတော်မူသော ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ၏အိမ်တော်ကို တည်ဆောက်ခြင်းငှာထကြ၏” ဟုပြောထားသည်။ မှန်ပါသည်။ ပြန်လာသူအားလုံးကို ယေဟောဝါနှိုးဆော်တော်မူခြင်းဖြစ်သည်။ သူတို့၏တိမ်းညွတ်စိတ်ကို ကိုယ်တော်နှိုးဆွခဲ့ခြင်းဖြစ်သည်။ ကောင်းကင်မှနေ၍ပင် လှုပ်ရှားသောစွမ်းအားဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကိုအသုံးပြု၍ ကိုယ်တော်ဤသို့ပြုနိုင်သည်။ ထို့ကြောင့် “ယေဟောဝါ၏အိမ်တော်ကိုတည်ဆောက်ခြင်းငှာထကြ” သူအားလုံးသည် “ယေဟောဝါ၏ဝိညာဉ်တော်” ကူညီမစမှုကိုခံခဲ့ကြရသည်။—ဇာခရိ ၄:၁၊ ၆။ ဟဂ္ဂဲ ၁:၁၄။
မျက်မှောက်ခေတ်ဆင်တူချက်
၁၀၊ ၁၁။ ဗာဗုလုန်မှပြန်လာသူများတွင် ဣသရေလလူမျိုးမဟုတ်သူများကို မည်သူတို့နှင့်ထပ်တူပြုနိုင်သနည်း။
၁၀ မည်သူများသည် ထိုဣသရေလလူမျိုးမဟုတ်သောပြန်လာသူများအားဖြင့် ကြိုတင်ပုံဆောင်ခံရကြသနည်း။ ခရစ်ယာန်များစွာက ‘နက်သနင်များသည် ယနေ့ “အခြားသိုးများ” ကိုဆိုလိုသည်’ ဟုပြောကြပေမည်။ မှန်ပါသည်။ သို့သော် နက်သနင်များချည်းသာမဟုတ်ပါ။ အကြောင်းမှာ ဣသရေလလူမျိုးမဟုတ်သောပြန်လာသူအားလုံး သည် ယခုခေတ်တွင် ဝိညာဏဣသရေလလူမျိုးမဟုတ်သော ခရစ်ယာန်များကို ဆိုလိုသည်။
၁၁ You May Survive Armageddon Into God’s New World စာအုပ်တွင်a “မြို့ဝန်ဇေရုဗဗေလနှင့် ဗာဗုလုန်မှထွက်လာသူများတွင် ဣသရေလလူမျိုးအကြွင်းအကျန် ၄၂,၃၆၀ ယောက်သာမကဘဲ . . . ဣသရေလလူမျိုးမဟုတ်သူထောင်ပေါင်းများစွာပါဝင်သည်။ . . . နက်သနင်များအပြင် ဣသရေလလူမျိုးမဟုတ်သူများ၊ ကျွန်များ၊ သီချင်းသည်ယောက်ျားမိန်းမများ၊ ရှောလမုန်မင်း၏အစေခံများမှဆင်းသက်လာသူများ ပါဝင်ကြသည်” ဟုဖော်ပြပါရှိသည်။ ထိုစာအုပ်က ဤသို့ရှင်းပြသည်။ “နက်သနင်များ၊ ကျွန်များ၊ သီချင်းသည်များ၊ ရှောလမုန်အစေခံများ၏သားများ၊ ဣသရေလလူမျိုးမဟုတ်သူအားလုံးတို့သည် အဖမ်းခံရသည့်ပြည်ကိုစွန့်ပြီး ဣသရေလလူမျိုးအကြွင်းအကျန်နှင့်ပြန်လာခဲ့ကြသည်။ . . . ထို့ကြောင့် ယနေ့လူမျိုးအသီးသီးမှ ဝိညာဏဣသရေလလူမျိုးမဟုတ်သူများသည် ဝိညာဏဣသရေလလူမျိုးအကြွင်းအကျန်နှင့်ပူးပေါင်းပြီး သူတို့နှင့်အတူ ယေဟောဝါဝတ်ပြုရေးကိုတိုးမြှင့်ကြလိမ့်မည်ဟု မျှော်လင့်နိုင်သလော။ မျှော်လင့်နိုင်ပါသည်။” ထိုသူတို့သည် ‘မျက်မှောက်ခေတ်ပုံဆောင်နက်သနင်များ၊ သီချင်းသည်များ၊ ရှောလမုန်အစေခံများ၏သားများဖြစ်လာကြသည်။’
၁၂။ ယေဟောဝါသည် ဝိညာဏဣသရေလလူမျိုးများအတွက် မည်သို့ထူးခြားသည့်နည်းဖြင့် မိမိ၏ဝိညာဉ်တော်ကို အသုံးပြုတော်မူသနည်း။ သို့သော် ယင်းကို ကိုယ်တော်အားဝတ်ပြုသူအားလုံးရရှိနိုင်ကြောင်း အဘယ်ကြောင့်ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။
၁၂ ရှေးနမူနာကဲ့သို့ပင် မြေကြီးပေါ်ထာဝစဉ်အသက်ရှင်လိုသည့်ဤသူများအတွက် ဘုရားသခင့်ဝိညာဉ်တော်ကို ပေးတော်မူသည်။ သူတို့သည် တစ်ဖန်မွေးဖွားခံရသူများမဟုတ်ကြသည်မှာ မှန်ပါသည်။ ၁၄၄,၀၀၀ မှတစ်ယောက်စီတို့သည် ဝိညာဏသားများအဖြစ်တစ်ဖန်မွေးဖွားခံရ၍ ဝိညာဉ်တော်နှင့်ဘိသိက်ပေးခံရခြင်းကို တစ်ကြိမ်စီသာခံစားကြရသည်။ (ယောဟန် ၃:၃၊ ၅။ ရောမ ၈:၁၆။ ဧဖက် ၁:၁၃၊ ၁၄) မှန်ပါသည်။ ထိုဘိသိက်ပေးခြင်းသည် သိုးစုငယ်နှင့်ပတ်သက်၍ အံ့ဖွယ်နည်းဖြင့် ဘုရားသခင်ဝိညာဉ်တော်ထင်ရှားပြသခြင်းဖြစ်သည်။ သို့သော် ကိုယ်တော်၏အလိုတော်များပြည့်စုံစေရန်အတွက်လည်း ဝိညာဉ်တော်လိုအပ်သည်။ ထို့ကြောင့်ယေရှုက ‘ကောင်းကင်ဘုံ၌ရှိတော်မူသောအဘသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသည်’ ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၁:၁၃) တောင်းလျှောက်သူသည် ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ အခြားသိုးဖြစ်စေ ယေဟောဝါ၏အလိုတော်ကိုထမ်းရွက်ရန် ကိုယ်တော်၏ဝိညာဉ်တော်ကို ကြွယ်ဝစွာရရှိနိုင်သည်။
၁၃။ ဘုရားသခင်၏ကျေးကျွန်အားလုံးအပေါ် ဝိညာဉ်တော်မည်သို့လှုပ်ရှားနိုင်သနည်း။
၁၃ ဘုရားသခင့်ဝိညာဉ်တော်သည် ဣသရေလလူမျိုးနှင့်ဣသရေလလူမျိုးမဟုတ်သူနှစ်မျိုးလုံးကို ယေရုရှလင်မြို့သို့ပြန်ရန်လှုံ့ဆော်ခဲ့သကဲ့သို့ ယနေ့ကိုယ်တော်၏သစ္စာရှိလူအားလုံးကိုလည်းခွန်အားနှင့်အကူအညီပေးသည်။ ကောင်းကင်အသက်တာ သို့မဟုတ် မြေကြီးအသက်တာသို့ ဘုရားပေးမျှော်လင့်ချက်ရှိသည့် မည်သည့်ခရစ်ယာန်မဆို သတင်းကောင်းကိုဟောပြောရမည်ဖြစ်ပြီး ယင်းတွင်သစ္စာရှိရှိလုပ်ဆောင်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်က ကူညီပေးမည်။ မည်သည့်မျှော်လင့်ချက်ပင်ရှိပါစေကျွန်ုပ်တို့အားလုံးသည် အပြည့်အဝသီးပွင့်ရန်လိုအပ်သော ဝိညာဉ်တော်အသီးများကို ပြုစုပျိုးထောင်သွားရန်လိုအပ်သည်။—ဂလာတိ ၅:၂၂-၂၆။
အထူးအမှုဆောင်ခြင်းအတွက်ပေးဆက်ခံရခြင်း
၁၄၊ ၁၅။ (က) ပြန်လာသောဣသရေလလူမျိုးမဟုတ်သူများထဲတွင် မည်သည့်အုပ်စုနှစ်ခုကို ခွဲခြားဖော်ပြထားသနည်း။ (ခ) နက်သနင်များကားမည်သူများနည်း။ သူတို့ဘာလုပ်ကြရသနည်း။
၁၄ ပြည်တော်ပြန်ရန်ဝိညာဉ်တော်လှုံ့ဆော်သော ဣသရေလလူမျိုးမဟုတ်သူထောင်ပေါင်းများစွာထဲတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ခွဲခြားပြသော အဖွဲ့ငယ်နှစ်ခုမှာ နက်သနင်နှင့် ရှောလမုန်အစေခံများ၏သားများဖြစ်ကြသည်။ သူတို့မည်သူများနည်း။ သူတို့ဘာလုပ်ခဲ့ကြရသနည်း။ ယင်းသည် ယခုခေတ်တွင် မည်သို့အဓိပ္ပာယ်ရှိသနည်း။
၁၅ နက်သနင်များသည် ဣသရေလလူမျိုးမဟုတ်သူများမှဆင်းသက်လာသည့်အုပ်စုဖြစ်၍ လေဝိသားများနှင့်အတူအမှုဆောင်အခွင့်ထူးပေးခံခဲ့ရသူများဖြစ်ကြသည်။ ခါနာန်ပြည်သားဂိဗောင်လူမျိုးများသည် “ပရိသတ်အပေါင်းတို့အဖို့နှင့် ယေဟောဝါ၏ယဇ်ပလ္လင်အတွက် ထင်းခွေ ရေခပ်သူများ” ဖြစ်လာခဲ့ကြသည်ကို ပြန်သတိရပါ။ (ယောရှု ၉:၂၇) ဗာဗုလုန်မှပြန်လာသောနက်သနင်များတွင် ထိုသူများမှဆင်းသက်လာသူအချို့ပါဖွယ်ရှိပြီး ဒါဝိဒ်နန်းစံချိန်နှင့်အခြားအချိန်များတွင် နက်သနင်အဖြစ်ခန့်အပ်ခံရသူများလည်း ပါဝင်ဖွယ်ရှိသည်။ (ဧဇရ ၈:၂၀) နက်သနင်များဘာလုပ်ကြရသနည်း။ လေဝိသားများသည် ယဇ်ပုရောဟိတ်များကိုကူညီရန် ပေးဆက်ခြင်းခံရကြသကဲ့သို့ နက်သနင်များလည်း လေဝိသားများကိုကူညီရန် ပေးဆက်ခြင်းခံရကြသူများဖြစ်သည်။ ယင်းသည် အရေဖျားလှီးတစ်ပါးအမျိုးသားများအတွက်ပင် အခွင့်ထူးတစ်ရပ်ဖြစ်သည်။
၁၆။ အချိန်တန်သော် နက်သနင်တို့၏အခန်းကဏ္ဍသည် မည်သို့ပြောင်းလဲလာသနည်း။
၁၆ ဗာဗုလုန်မှပြန်လာသည့်အုပ်စုတွင် ယဇ်ပုရောဟိတ်များ၊ နက်သနင်များ၊ “ရှောလမုန်အစေခံများ၏သားများ” နှင့်ယှဉ်လိုက်လျှင် လေဝိသားအနည်းငယ်မျှသာပါဝင်ခဲ့သည်။ (ဧဇရ ၈:၁၅-၂၀) ဒေါက်တာ၊ ဂျိမ်းစ် ဟပ်စ္စတင်ရေးသားသည့် The Dictionary of the Bible စာအုပ်တွင် “အချိန်အတန်ကြာသော် [နက်သနင်များ] ကို တရားဝင်ဘုရားအမှုထမ်းအတန်းအစားများအဖြစ် ဖွဲ့စည်းလျက်ရှိသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ ထိုအခွင့်ထူးသည် သူတို့နှင့်ကိုက်ညီသည်” ဟုမှတ်ချက်ချထားသည်။ Vetus Testamentum ခေါ် ပညာရှင်ဂျာနယ်က “အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်။ ပြည်နှင်ဒဏ်ခံရခြင်းမှပြန်လာသော ဤ [နိုင်ငံခြားသားများ] သည် ဗိမာန်တော် ကျွန် များအဖြစ်ယူမှတ်ခြင်းမခံရကြတော့ဘဲ အကျိုးဆောင်များ အဖြစ်ယူမှတ်ခံရပြီး ဗိမာန်တော်တွင် အခြားသောတာဝန်ထမ်းဆောင်ရသည့်အဖွဲ့များနှင့် တစ်တန်းတစ်စားတည်းကဲ့သို့ဖြစ်ခဲ့ကြသည်။—“ပြောင်းလဲလာသည့်အတန်းအစားတစ်ခု” လေးထောင့်ကွက်ကိုကြည့်ပါ။
၁၇။ နက်သနင်တို့သည် အဘယ်ကြောင့်လုပ်စရာများ ပို၍လက်ခံရရှိခဲ့သနည်း။ ယင်းအတွက် အဘယ်ကျမ်းစာသာဓကရှိသနည်း။
၁၇ နက်သနင်များသည် ယဇ်ပုရောဟိတ်များ၊ လေဝိသားများနှင့် တန်းတူဖြစ်မလာသည်မှာ မှန်ပါသည်။ ဒုတိယအုပ်စုမှာ ယေဟောဝါကိုယ်တော်တိုင်ရွေးချယ်ပြီး ဣသရေလလူမျိုးမဟုတ်သူများနှင့်အစားမထိုးနိုင်သော ဣသရေလလူမျိုးများဖြစ်ကြသည်။ သို့သော် ကျမ်းစာဖော်ပြချက်အရ လေဝိသားများ၏အရေအတွက်လျှော့နည်းလာရာ နက်သနင်များသည် ဘုရားသခင်၏လုပ်ငန်းတော်တွင် ပိုမိုလုပ်ဆောင်ခွင့်ရခဲ့ကြသည်။ သူတို့သည် ဗိမာန်တော်အနီးရှိအဆောင်များတွင် နေရကြသည်။ နေဟမိခေတ်ကဆိုလျှင် ဗိမာန်တော်အနားရှိမြို့ရိုးကိုပြန်လည်ပြုပြင်ရာတွင် ယဇ်ပုရောဟိတ်များနှင့်အတူ သူတို့လုပ်ဆောင်ခွင့်ရခဲ့ကြသည်။ (နေဟမိ ၃:၂၂-၂၆) ပေရသိဘုရင်သည် ဗိမာန်တော်အမှုထမ်းဆောင်ရသောလေဝိသားများကို အခွန်အတုတ်လွတ်စေသကဲ့သို့ နက်သနင်များကိုလည်း အခွန်အတုတ်လွတ်စေရန် စီရင်ခဲ့သည်။ (ဧဇရ ၇:၂၄) ယင်းအချက်က ဤ “ပေးဆက်ခံရသူများ” (လေဝိသားများနှင့်နက်သနင်များ) သည် ဝိညာဏရေးရာများတွင် မည်မျှနီးကပ်စွာဆက်စပ်မှုရှိနေကြပြီး နက်သနင်များသည် လေဝိသားများအဖြစ် မည်သည့်အခါမျှယူမှတ်ခြင်းမခံရသော်လည်း လိုအပ်လျှင်လိုအပ်သလို မည်သို့တာဝန်တိုးမြှင့်ပေးခြင်းခံရပုံကို ဖော်ပြသည်။ နောက်ပိုင်း ပြည်နှင်ခံများပြည်တော်ပြန်ရန် ဧဇရလူသူစုရုံးခဲ့စဉ်က လေဝိသားတစ်ယောက်မျှမပါပေ။ ထို့ကြောင့် လေဝိသားအချို့ပါစေရန်တိုး၍ကြိုးစားခဲ့ရာ ‘ငါတို့ဘုရားသခင်အိမ်တော်အမှုထမ်း’ ဆောင်ရန် ပြန်လာသူလေဝိသား ၃၈ ယောက်နှင့် နက်သနင် ၂၂၀ ယောက်တို့ကို ဧဇရစုဆောင်းရရှိခဲ့သည်။—ဧဇရ ၈:၁၅-၂၀။
၁၈။ “ရှောလမုန်အစေခံများ၏သားများ” သည် မည်သည့်အမှုကိစ္စများကို ဆောင်ရွက်ခဲ့ကြဖွယ်ရှိသနည်း။
၁၈ ဣသရေလလူမျိုးမဟုတ်သော သီးခြားဖော်ပြခံရသည့်ဒုတိယအုပ်စုမှာ ရှောလမုန်အစေခံများ၏သားများဖြစ်ကြသည်။ ကျမ်းစာက သူတို့နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အနည်းငယ်ဖော်ပြသည်။ အချို့တို့သည် “သောဖရက်အမျိုးသားများ” ဖြစ်ကြသည်။ ဧဇရက ထိုအမည်တွင်အညွှန်းပုဒ်ထည့်၍ ဟပ်စ်သောဖရက် ဖြစ်စေသည်။ ယင်းသည် “ကျမ်းရေး” သူဟုအဓိပ္ပာယ်ရှိနိုင်သည်။ (ဧဇရ ၂:၅၅။ နေဟမိ ၇:၅၇) သူတို့သည် ကျမ်းရေးသူ သို့မဟုတ် ကျမ်းကူးသူများအဖွဲ့တစ်ဖွဲ့ဖြစ်နိုင်သည်။ ဗိမာန်တော်တွင် ကျမ်းရေးသူအကြီးအမှူးများဖြစ်နိုင်သည်။ တိုင်းတစ်ပါးသို့ခေါ်ဆောင်ခံခဲ့ရသော်လည်း ရှောလမုန်အစေခံများ၏သားများသည် ဗာဗုလုန်ကိုစွန့်၍ဝတ်ပြုရေးပြန်လည်တည်ထောင်ရာတွင် ပါဝင်ခြင်းအားဖြင့် ယေဟောဝါကိုဝတ်ပြုကြောင်း သက်သေထူခဲ့ကြသည်။
ယနေ့ကျွန်ုပ်တို့ကိုယ်ကိုပေးဆက်ခြင်း
၁၉။ ယနေ့ဘိသိက်ခံများနှင့်အခြားသိုးများစပ်ကြား မည်သည့်ဆက်ဆံရေးရှိသနည်း။
၁၉ ကျွန်ုပ်တို့ခေတ်တွင် စစ်မှန်သောဝတ်ပြုရေးကိုဦးဆောင်ရန်နှင့် သတင်းကောင်းကိုကြေညာရန် ဘုရားသခင်သည် ဘိသိက်ခံအကြွင်းအကျန်အတန်းအစားများကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေသည်။ (မာကု ၁၃:၁၀) အရေအတွက်အားဖြင့် ထောင်၊ သောင်း၊ သိန်းနှင့် နောက်ဆုံးသန်းပေါင်းများစွာတိုးများလာသော၊ ဝတ်ပြုရေးတွင် မိမိတို့နှင့်ပူးပေါင်းပါဝင်လာသည့် အခြားသိုးများကိုမြင်ရခြင်းအားဖြင့် သူတို့မည်မျှဝမ်းမြောက်ကြမည်တကား။ ဘိသိက်ခံအကြွင်းအကျန်များနှင့် အခြားသိုးများစပ်ကြား နှစ်လိုဖွယ်ပူးပေါင်းလုပ်ဆောင်မှုပါတကား။—ယောဟန် ၁၀:၁၆။
၂၀။ နက်သနင်နှင့်ရှောလမုန်အစေခံများ၏သားများနှင့်ဆင်တူချက်ဆိုင်ရာအဘယ်နားလည်မှုအသစ်သည် ကျိုးကြောင်းညီညွတ်မှုရှိသနည်း။ (သု၊ ၄:၁၈)
၂၀ ရှေးဗာဗုလုန်ပြည်နှင်ခံဘဝမှပြန်လာသော ဣသရေလလူမျိုးမဟုတ်သူအားလုံးသည် ယခုဝိညာဏဣသရေလလူမျိုးအကြွင်းအကျန်များနှင့်အတူ အမှုတော်ထမ်းဆောင်နေသောအခြားသိုးများနှင့် ဆင်တူသည်။ ကျမ်းစာက နက်သနင်နှင့်ရှောလမုန်အစေခံများ၏သားများကို အဘယ်ကြောင့်ခွဲခြားဖော်ပြရသနည်း။ ပုံနမူနာတွင် နက်သနင်နှင့်ရှောလမုန်အစေခံများ၏သားများသည် အခြားသောဣသရေလလူမျိုးမဟုတ်သူများထက် အခွင့်ထူးပိုပေးခံရကြသည်။ ယင်းက ဘုရားသခင်သည် ယခုခေတ်တွင် အချို့သောပါရမီရင့်ပြီး စိတ်ထက်သန်သည့်အခြားသိုးများအား အခွင့်ထူးနှင့်တာဝန်များတိုး၍ပေးအပ်ခြင်းကို ကြိုတင်ပုံဆောင်သည်။
၂၁။ မြေကြီးမျှော်လင့်ချက်ရှိညီအစ်ကိုအချို့သည် ထပ်ဆင့်တာဝန်နှင့်အခွင့်ထူးများကို မည်သို့လက်ခံရရှိကြသနည်း။
၂၁ နက်သနင်တို့၏ထပ်ဆင့်အခွင့်ထူးများသည် ဝိညာဏလုပ်ဆောင်မှုများနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ရှောလမုန်အစေခံများ၏သားများသည် ဦးဆောင်ညွှန်ကြားရန်တာဝန်ကို ရရှိခဲ့ပုံရှိသည်။ ယနေ့လည်းအလားတူပင် ယေဟောဝါသည် မိမိလူတို့၏လိုအပ်ရာများကိုစောင့်ရှောက်ရန် “လူ့အသွင်ဆုလာဘ်များ” ဖြင့် သူတို့ကိုကောင်းချီးပေးတော်မူသည်။ (ဧဖက် ၄:၈၊ ၁၁၊ ၁၂။ ကဘ ) ဤပြင်ဆင်ပေးမှုတွင် ‘သိုးတော်စုကိုထိန်းကျောင်း’ နေသူများ၊ တိုက်နယ်နှင့်ခရိုင်ကြီးကြပ်မှူးများ၊ ကင်းမျှော်စင်အသင်းဌာနခွဲပေါင်း ၉၈ ခုတွင်အမှုထမ်းနေကြသော ဌာနခွဲကော်မတီဝင်များစသည့် ပါရမီရင့်ကျက်ပြီး အတွေ့အကြုံများသော ညီအစ်ကိုရာပေါင်းများစွာပါဝင်သည်။ (ဟေရှာယ ၆၁:၅) အသင်းမ၏ကမ္ဘာ့ဌာနချုပ်တွင် “သစ္စာရှိဘဏ္ဍာစိုး” ၏ညွှန်ကြားမှုဖြင့် ဝိညာဏအစာပြင်ဆင်မှုလုပ်ငန်းကိုကူညီပေးရန် လုပ်ဆောင်နိုင်သူများလေ့ကျင့်ခံရကြသည်။ (လုကာ ၁၂:၄၂) အခြားသောကြာမြင့်စွာဆက်ကပ်အပ်နှံခဲ့ပြီးသူများသည် ဗေသလအိမ်နှင့်စက်ရုံများတွင်လုပ်ကိုင်ရန်၊ ကမ္ဘာတစ်ဝန်းရှိဌာနခွဲအဆောက်အဦများနှင့် ခရစ်ယာန်ဝတ်ပြုရေးအတွက်ခန်းမများဆောက်လုပ်ခြင်းကိုဦးစီးရန် လေ့ကျင့်ခံရကြသည်။ သူတို့သည် တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၏အစိတ်အပိုင်းကိုဖွဲ့စည်းသော ဘိသိက်ခံအကြွင်းအကျန်များအတွက် အကောင်းဆုံးအမှုဆောင်သည့် အကျွမ်းတဝင်အကူအညီပေးသူများဖြစ်ကြသည်။—၁ ကောရိန္သု ၄:၁၇။ ၁၄:၄၀။ ၁ ပေတရု ၂:၉ တို့နှင့်နှိုင်းယှဉ်ပါ။
၂၂။ အချို့သောအခြားသိုးများအား ကြီးလေးသောတာဝန်ပေးအပ်ခြင်းသည် အဘယ်ကြောင့်သင့်လျော်ပြီး ယင်းကိုကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။
၂၂ ရှေးအချိန်က ယဇ်ပုရောဟိတ်များနှင့်လေဝိသားများသည် ဂျူးများအလယ်တွင် ဆက်၍အမှုထမ်းခဲ့ကြသည်။ (ယောဟန် ၁:၁၉) ယနေ့ မြေကြီးပေါ်ရှိဝိညာဏဣသရေလလူမျိုးအကြွင်းအကျန်များသည် အရေအတွက်ဆုတ်ယုတ်နေရမည်။ (ယောဟန် ၃:၃၀ နှိုင်းယှဉ်ပါ) နောက်ဆုံးတွင် မဟာဗာဗုလုန်ဖျက်ဆီးခံရပြီးသောအခါ ၁၄၄,၀၀၀ သော ‘တံဆိပ်ခတ်ခံရသူ’ အားလုံးတို့သည် သိုးသငယ်၏မင်္ဂလာဆောင်ပွဲအတွက် ကောင်းကင်သို့ရောက်ရှိနေကြပေမည်။ (ဗျာဒိတ် ၇:၁-၃၊ ၁၉:၁-၈) သို့သော် အခြားသိုးများမှာမူ ယခုတိုးပွားနေကြရမည်။ သူတို့အနက်အချို့တို့သည် နက်သနင်များနှင့်ရှောလမုန်အစေခံများ၏သားများကဲ့သို့ ဘိသိက်ခံအကြွင်းအကျန်များ၏ဦးစီးမှုအားဖြင့် ကြီးလေးသောတာဝန်များကိုရရှိထားကြသော်လည်း ယင်းသည် သူတို့အားရောင့်တက်ခြင်း သို့မဟုတ် ကိုယ်ကိုကိုယ်အထင်ကြီးခြင်းမဖြစ်စေပါ။ (ရောမ ၁၂:၃) “ကြီးစွာသောဒုက္ခမှလွတ်မြောက်လာ” သောဘုရားသခင့်လူများအတွက် အတွေ့အကြုံရှိလူများ–“မင်းသားများ”–သည် အခြားသိုးများကိုဦးဆောင်မည်ဖြစ်ကြောင်း ယင်းအချက်က ကျွန်ုပ်တို့ကိုစိတ်ချစေသည်။—ဗျာဒိတ် ၇:၁၄။ ဟေရှာယ ၃၂:၁။ တမန်တော် ၆:၂-၇ နှင့်နှိုင်းယှဉ်။
၂၃။ ဘုရားသခင့်လုပ်ငန်းတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့် ရက်ရောလိုစိတ်ရှိရမည်နည်း။
၂၃ ဗာဗုလုန်မှပြန်လာခဲ့သူအားလုံးတို့သည် အလုပ်ကြိုးစားလုပ်ဆောင်ရန်စိတ်ထက်သန်ကြခြင်းအားဖြင့် ယေဟောဝါဝတ်ပြုရေးသည် သူတို့၏စိတ်နှလုံးထဲတွင် အထွတ်အထိပ်နေရာယူထားကြောင်း သက်သေထူကြသည်။ ယနေ့လည်းအလားတူပင်ဖြစ်သည်။ ဘိသိက်ခံအကြွင်းအကျန်များနှင့်အတူ “တစ်ပါးအမျိုးသား (ဧည့်သည့်၊ ကဘ ) တို့သည်ရပ်လျက် . . . သိုးစုများကိုထိန်းကျောင်းကြလိမ့်မည်။” (ဟေရှာယ ၆၁:၅) ကျွန်ုပ်တို့သည် မည်သည့်ဘုရားပေးမျှော်လင့်ချက်ပင်ရှိပါစေ၊ အာမဂေဒုန်တွင်ယေဟောဝါ၏ဒဏ်စီရင်ရာနေ့မတိုင်မီ ဝိညာဉ်တော်ခန့်အပ်သည့်အကြီးအကဲများ မည်သည့်တိုးချဲ့အခွင့်အရေးများပင်ရပါစေ၊ ကျွန်ုပ်တို့အားလုံး ကိုယ်ကျိုးမငှဲ့သော၊ ကောင်းသော၊ ရက်ရောသောသဘောများကို ပြုစုပျိုးထောင်ကြစို့။ ယေဟောဝါ၏ကြီးမားသောကျေးဇူးတော်များကို ဘယ်တော့မျှကျွန်ုပ်တို့ပြန်မဆပ်နိုင်သော်လည်း ကိုယ်တော့်၏အဖွဲ့အစည်းတော်အတွင်း ကျွန်ုပ်တို့လုပ်လေသမျှကို စိုးလ်အပြည့်အဝဖြင့်လုပ်ဆောင်နိုင်သည်။ (ဆာလံ ၁၁၆:၁၂-၁၄။ ကောလောသဲ ၃:၂၃) ထို့ကြောင့် “မြေကြီးပေါ်မှာစိုးစံ” ရသောအခွင့် ကိုရသောဘိသိက်ခံများနှင့်အခြားသိုးများလက်ပွန်းတတီးအမှုဆောင်သကဲ့သို့ ကျွန်ုပ်တို့အားလုံးသည် စစ်မှန်သောဝတ်ပြုရေးအတွက် မိမိတို့ကိုယ်ကိုပေးဆက်နိုင်ကြပါသည်။—ဗျာဒိတ် ၅:၉၊ ၁၀။
[အောက်ခြေမှတ်ချက်]
a စာမျက်နှာ ၁၄၂-၈၊ နယူးယောက်ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည်။
ပြန်သတိရရန်အချက်များ
▫ ရှေးဣသရေလလူမျိုးများတွင် လေဝိတို့သည် မည်သည့်နည်းဖြင့် “ပေးဆက်ခံရသူများ” ဖြစ်ကြသနည်း။
▫ ပြည်နှင်ဒဏ်ခံရရာမှ ဣသရေလလူမျိုးမဟုတ်သူများပြန်လာခြင်းက မည်သူများကိုကြိုတင်ပုံဆောင်သနည်း။
▫ နက်သနင်တို့တွင် မည်သည့်အပြောင်းအလဲဖြစ်ခဲ့ပုံရှိသနည်း။
▫ နက်သနင်များနှင့် ရှောလမုန်အစေခံများ၏သားများနှင့်ပတ်သက်၍ ယခုအဘယ်ဆင်တူချက်များကိုတွေ့ရသနည်း။
▫ ဘိသိက်ခံနှင့်အခြားသိုးများစပ်ကြားပူးပေါင်းလုပ်ဆောင်မှုက မည်သည့်ယုံကြည်စိတ်ချမှုကိုဖြစ်ထွန်းစေသနည်း။
[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]
ပြောင်းလဲခဲ့သည့်အဆင့်အတန်းတစ်ခု
ကျမ်းစာအဘိဓာန်နှင့် စွယ်စုံကျမ်းများစွာတို့က ပြည်နှင်ဒဏ်ခံရခြင်းမှပြန်လာသော ဣသရေလလူမျိုးမဟုတ်သူအချို့နှင့်ပတ်သက်သည့်အပြောင်းအလဲများကို မှတ်ချက်ချကြသည်။ ဥပမာအားဖြင့်၊ Encyclopædia Biblica အဘိဓာန်စာအုပ်တွင် “သူတို့၏အနေအထားပြောင်းလဲခြင်း” ဟူသောအကြောင်းအရာအောက်၌ “သူတို့၏လူမှုရေးအခြေအနေသည် ဖော်ပြခဲ့ပြီးသည့်အတိုင်း တစ်ချိန်တည်းတွင် မြှင့်တင်ခြင်းခံခဲ့ရသည်။ (နက်သနင်) များသည် ကျွန်ဟူသောကြပ်တည်းသည့်အဖြစ်တွင်မရှိတော့ပါ။” (ချန် နှင့် ဘလက်ခ် တည်းဖြတ်သည်။ အတွဲ ၃၊ စာမျက်နှာ ၃၃၉၉) The Cyclopædia of Biblical Literature တွင် ဂျွန် ကစ်တိုက “သူတို့ [နက်သနင်များ] အများစုသည် ဤသို့နှိမ့်ချသောပါလက်စ်တိုင်းဒေသသို့ပြန်ရန် မမျှော်လင့်နိုင်တော့ချေ။ . . . ဤသူများ၏စေတနာ့ဝန်ထမ်းပေးဆက်လုပ်ဆောင်မှုများက နက်သနင်တို့၏အဆင့်အတန်းကို အတော်အတန်မြှင့်တင်ပေးသည်” ဟုရေးသားထားသည်။ (အတွဲ ၂၊ စာမျက်နှာ ၄၁၇) The International Standard Bible Encyclopedia ကဤသို့ဖော်ပြထားသည်။ “ဤဆက်ဆံရေးနှင့် ရှောလမုန်အချိန်ကသူတို့၏နောက်ခံသမိုင်းကြောင့် ရှောလမုန်၏အစေခံများသည် ဒုတိယဗိမာန်တော်တွင် ထူးခြားထင်ရှားသည့်တာဝန်များကိုရရှိခဲ့ကြောင်း ခန့်မှန်းနိုင်သည်။”—ဂျီ၊ ဒဗလျူ၊ ဘရမ္မလီတည်းဖြတ်သည်။ အတွဲ ၄၊ စာမျက်နှာ ၅၇၀။
[Credit Line]
Pictorial Archive (Near Eastern History) Est.
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကိုရီးယားရှိဌာနခွဲကော်မတီ။ ယနေ့စစ်မှန်သောဝတ်ပြုရေးတွင် အခြားသိုးမှလူများသည် ရှေးနက်သနင်များကဲ့သို့ ကြီးလေးသောတာဝန်များကိုရရှိထားကြသည်