ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဩဂုတ် ၃-၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၁၃-၁၄
‘မားမားမတ်မတ် ရပ်ပြီး ယေဟောဝါဘုရား ဘယ်လို ကယ်တင်မယ်ဆိုတာ ကြည့်ကြ’
မောရှေ—ယုံကြည်ခြင်း ခိုင်ခံ့သူ
ဘုရားသခင်ဟာ အစ္စရေးလူတွေအတွက် ပင်လယ်နီကို နှစ်ခြမ်းခွဲပြီး လွတ်မြောက်ရာလမ်း ဖွင့်ပေးမယ်ဆိုတာ မောရှေ သိထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကို တစ်နည်းနည်းနဲ့ ဘုရားသခင် ကာကွယ်ပေးမယ်ဆိုတာကိုတော့ မောရှေ ယုံကြည်စိတ်ချတယ်။ ဒါကြောင့် အစ္စရေးလူတွေကို သူ့လိုပဲ ယုံကြည်စိတ်ချစေချင်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖတ်ရတယ်– ‘မောရှေကလည်း “မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာ ရပ်နေကြ။ ထာဝရဘုရားသည် ယနေ့ ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့” ဟု လူများတို့အား ဆို၏။’ (ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄) အစ္စရေးလူတွေ ယုံကြည်ခြင်း ပိုခိုင်ခံ့လာအောင် မောရှေ ကူညီပေးခဲ့သလား။ သူကူညီပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မောရှေအပြင် အစ္စရေးတစ်မျိုးသားလုံးနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားလို့ပါပဲ– “သူတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သော မြေပြင်ကဲ့သို့ ဖြတ်သွားကြ၏။” (ဟေဗြဲ ၁၁:၂၉) မောရှေရဲ့ ယုံကြည်ခြင်းက သူ့ကိုရော သူ့ရဲ့ ယုံကြည်ခြင်းကို တုပတဲ့သူတွေကိုပါ အကျိုးရရှိစေခဲ့ပါတယ်။
စာနာစိတ်ရှိတဲ့ အနန္တတန်ခိုးရှင်
၁၃ ထွက်မြောက်ရာ ၁၄:၁၉-၂၂ ကိုဖတ်ပါ။ ဖာရောစစ်တပ်နဲ့ ပင်လယ်နီကြား ပိတ်မိနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပါ။ အဲဒီအချိန်မှာ ဘုရား ဝင်ကူတယ်။ မိုးတိမ်ဟာ အနောက်ဘက်ကို ရွေ့သွားပြီး အီဂျစ်စစ်တပ်နဲ့ အစ္စရေးတွေကြား ရောက်သွားတယ်။ အီဂျစ်ဘက်ခြမ်းကို မှောင်မည်းစေပြီး အစ္စရေးဘက်ခြမ်းကိုတော့ လင်းထိန်စေတယ်။ အဲဒီနောက် ပင်လယ်နီပေါ် မောရှေ လက်ဆန့်လိုက်တဲ့အခါ အရှေ့လေပြင်း တိုက်ပြီး ပင်လယ်ရေ နှစ်ခြမ်းကွဲသွားတယ်။ သင်နဲ့ သင့်မိသားစုရော၊ တိရစ္ဆာန်တွေပါ တခြားသူတွေနဲ့အတူ စနစ်တကျ ဖြတ်လျှောက်သွားကြတယ်။ ပင်လယ်ကြမ်းပြင်ဟာ စိုစွတ်တာ၊ ချောနေတာမျိုး မရှိဘဲ ခြောက်သွေ့နေလို့ လျှောက်ရလွယ်တာကို သင် ချက်ချင်း သတိထားလိုက်မိတယ်။ လမ်းလျှောက်နှေးသူတွေတောင် တစ်ဖက်ကမ်းကို ချောချောမောမော ရောက်လာကြတယ်။
သင်သည် ယေဟောဝါကို မမေ့လျော့ရ
အီဂျစ်လူတို့သည် သူတို့၏ ကျိုးပျက်နေသော စစ်ရထားများနှင့်အတူ အလွတ်ရုန်းနေစဉ် ဣသရေလလူအားလုံး အရှေ့ဘက်ကမ်းသို့ ရောက်ခဲ့ကြသည်။ ယခု မောရှေသည် ပင်လယ်နီအပေါ် မိမိလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ ယေဟောဝါသည် လမ်းကြောင်း ဖြစ်စေသော ရေနံရံများကို ပြိုလဲစေခဲ့သည်။ အလွန် များပြားလှသော ရေသည် ဖာရောနှင့် သူ၏ စစ်တပ်အပေါ် လွှမ်းမိုးရာ သူတို့ ရေနစ်သေဆုံးခဲ့ကြသည်။ ထိုရန်သူတစ်ယောက်မျှ မလွတ်မြောက်ခဲ့ပါ။ ဣသရေလလူတို့မူ လွတ်မြောက်ခဲ့ကြသည်။—ထွ. ၁၄:၂၆-၂၈; ဆာ. ၁၃၆:၁၃-၁၅။
ယင်းအဖြစ်အပျက်က ပတ်ဝန်းကျင် နိုင်ငံများကို နှစ်ပေါင်းများစွာအထိ တုန်လှုပ်စေခဲ့သည်။ (ထွ. ၁၅:၁၄-၁၆) အနှစ်လေးဆယ် ကြာပြီးနောက် ယေရိခေါမြို့သူ ရာခပ်သည် ဣသရေလလူနှစ်ဦးကို ဤသို့ပြောခဲ့သည်– ‘သင်တို့ကို ငါတို့ ကြောက်လန့်အားကြီး . . . ပါ၏။ သင်တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ ဧဒုံပင်လယ်ရေကို ထာဝရဘုရားသခင် ခန်းခြောက်စေတော်မူကြောင်းကို အကျွန်ုပ်တို့ ကြားရကြပြီ။’ (ယောရှု ၂:၉၊ ၁၀) ယေဟောဝါသည် မိမိလူတို့အား ကယ်တင်ခဲ့ပုံကို ထိုအယူမှားလူမျိုးများပင် မမေ့လျော့ခဲ့ပါ။ ရှင်းနေသည်မှာ ဣသရေလလူတို့သည် ကိုယ်တော်အား သတိရရန် ပို၍ပင် အကြောင်းကောင်းများ ရှိသည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-1 ၁၁၁၇
လမ်းမကြီး၊ လမ်း
ရှေးအချိန်က အရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ အပါအဝင် လမ်းမကြီးတွေ၊ လမ်းတွေဟာ ပါလက်စတိုင်း နယ်မြေမှာရှိတဲ့ မြို့တွေ၊ နိုင်ငံတွေနဲ့ ဆက်သွယ်ထားတယ်။ (တလ ၂၀:၁၇-၁၉။ ၂၁:၂၁၊ ၂၂။ ၂၂:၅၊ ၂၁-၂၃။ ယရ ၂:၂၂။ သူ ၂၁:၁၉။ ၁ရှ ၆:၉၊ ၁၂။ ၁၃:၁၇၊ ၁၈) အဓိကလမ်းမကြီးလို့ သတ်မှတ်ထားတဲ့ လမ်းက အီဂျစ်ပြည်ကနေ ဖိလိတိမြို့တွေ ဖြစ်တဲ့ ဂါဇာနဲ့ အာရှကေလုန်ကို ဖြတ်ပြီး အရှေ့မြောက်ဘက် မေဂိဒေါမြို့ကို ရောက်တယ်။ အဲဒီကနေ ဆက်သွားရင် ဂါလိလဲအိုင် မြောက်ဘက်မှာ ရှိတဲ့ ဟာဇော်မြို့ကို ရောက်ပြီး ဆက်သွားရင် ဒမတ်စကတ် (ဒမာသက်) မြို့အထိ ရောက်တယ်။ အီဂျစ်ပြည်ကနေ ကတိထားရာပြည်ကို သွားရင် ဖိလိတိပြည်ကို ဖြတ်သွားတဲ့ လမ်းကြောင်းက အတိုဆုံးပဲ။ ဒါပေမဲ့ ဖိလိတိလူမျိုးတွေ တိုက်ခိုက်လာရင် အစ္စရေးတွေ စိတ်ဓာတ်ကျသွားမှာစိုးလို့ ယေဟောဝါက တခြားလမ်းနဲ့ ခေါ်သွားတယ်၊ ဒါက ကြင်နာမှုပြရာရောက်တယ်။—ထွ ၁၃:၁၇။
it-1 ၇၈၂ ပိုဒ်. ၂-၃
ထွက်မြောက်ရာ
အစ္စရေးတွေ ဖြတ်ဖို့ ဘယ်နေရာမှာ ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့တာ ဖြစ်မလဲ။
မှတ်သားစရာက ခရီးစဉ်ရဲ့ ဒုတိယအပိုင်း ဖြစ်တဲ့ “တောစပ်နားက” ဧသံအရပ်ကို ရောက်လာတဲ့အခါ ဘုရားသခင်က မောရှေကို “ပြန်လှည့်” ပြီး “ပိဟဟိရုတ်အရပ်ရှေ့ . . . ပင်လယ်နားမှာ စခန်းချ” ဖို့ ပြောတယ်။ အဲဒီလို လှည့်လိုက်တဲ့အတွက် ဖာရောက အစ္စရေးတွေ “မျက်စိလည်ပြီး တောထဲမှာ ချောင်ပိတ်မိနေ” ပြီလို့ ထင်သွားတယ်။ (ထွ ၁၃:၂၀။ ၁၄:၁-၃) အဲလ် ဟဂျ် လမ်းကြောင်းနဲ့ သွားတာလို့ ပြောကြတဲ့ ကျမ်းပညာရှင်တွေက “ပြန်လှည့်” လို့ ဖော်ပြထားတဲ့ ဟီဘရူး ကြိယာဟာ အလေးအနက်သဘောနဲ့ ပြောခြင်း ဖြစ်တယ်၊ “လမ်းလွှဲ” ဒါမှမဟုတ် “လမ်းကြောင်းပြောင်း” တာလောက်ပဲ မဟုတ်ဘူး။ ပြန်လှည့်တာ၊ သိသိသာသာ လမ်းကြောင်းပြောင်းတဲ့ အဓိပ္ပာယ်ရှိတယ်။ စူးအက်ဇ် ပင်လယ်ကွေ့ မြောက်ဘက်စွန်းကို ရောက်တဲ့အခါ အစ္စရေးတွေဟာ ပယ်လယ်ကွေ့ အနောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ ဂျီဘလ် အတာက တောင်တန်း အရှေ့ဘက်ခြမ်းဘက်ကို ကွေ့ဆင်းသွားကြတယ်လို့ သူတို့ ပြောတယ်။ မြောက်ဘက်ကနေ အီဂျစ်စစ်တပ် လိုက်လာကြမယ်ဆိုရင် ကြီးမားတဲ့ လူအုပ်စုကြီးဖြစ်တဲ့ အစ္စရေးတွေဟာ တောင်တန်းနဲ့ ပင်လယ်ကြားမှာ ပိတ်မိနေလို့ လွတ်လမ်း မရှိဘူး။
ပထမရာစု ဂျူးထုံးတမ်းစဉ်လာက အဲဒီအတိုင်း ယုံကြည်လက်ခံကြတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက အဲဒီအခြေအနေဟာ ကျမ်းစာဖော်ပြချက်နဲ့ ကိုက်ညီနေပါတယ်။ ကျမ်းပညာရှင် အတော်များများရဲ့ ရှုမြင်ချက်တွေက ကျမ်းစာနဲ့ မကိုက်ညီဘူး။ (ထွ ၁၄:၉-၁၆) ဒါကြောင့် ပင်လယ်ကွေ့ရဲ့ အထက်ပိုင်းလောက်နား (ပင်လယ်နီရဲ့ အနောက်ဘက်ခြမ်း ပင်လယ်ထဲ ထိုးထွက်နေတဲ့ ကုန်းမြေ) နေရာနားကနေ ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့တာ ထင်ရှားတယ်။ အဲဒါကြောင့် ဖာရာစစ်တပ်ဟာ ပင်လယ်ကွေ့ အဆုံးအထိ လိုက်ပြီး အစ္စရေးတွေကို မဝိုင်းနိုင်တဲ့အတွက် အစ္စရေးတွေ တစ်ဖက်ကမ်းကို အလွယ်တကူ ကူးနိုင်ခဲ့ကြတယ်။—ထွ ၁၄:၂၂၊ ၂၃။
ကျမ်းစာဖတ်ရှုခြင်း
ဩဂုတ် ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၁၅-၁၆
“ယေဟောဝါကို ချီးမွမ်းသီချင်း ဆိုပါ”
ယခုပင် မှန်သောဘုရားသခင်အား အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း
၁၁ အီဂျစ်နိုင်ငံ၏ ဗိုလ်ခြေအပေါင်းကို ယေဟောဝါ ဖျက်ဆီးတော်မူခဲ့သောကြောင့် ကိုယ်တော်သည် မိမိအား ကိုးကွယ်သူများ၏ ချီးမွမ်းထောမနာပြုခြင်းကို ခံရပြီး နာမတော် ထင်ရှားကျော်ကြားလေသည်။ (ယောရှု ၂:၉၊ ၁၀; ၄:၂၃၊ ၂၄) မှန်ပေသည်၊ ကိုယ်တော်၏ နာမတော်သည် ဝတ်ပြုကိုးကွယ်သူများကို မကယ်ဆယ်နိုင်သော အီဂျစ်နိုင်ငံ၏ မှောက်မှားသည့် တန်ခိုးမဲ့ ဘုရားများအထက် ချီးမြှင့်ခြင်း ခံရသည်။ သူတို့၏ ဘုရားများ၊ မင်းများနှင့် စစ်အင်အားတို့ကို ကိုးစားခဲ့ခြင်းသည် အချည်းနှီးသက်သက်သာ ဖြစ်ခဲ့သည်။ (ဆာလံ ၁၄၆:၃) ထို့ကြောင့် ဣသရေလလူမျိုးသည် မိမိလူမျိုးတော်ကို တန်ခိုးကြီးမားစွာ ကယ်တင်နိုင်တော်မူသည့် အသက်ရှင်တော်မူထသော ဘုရားသခင်အား အကျိုးဖြစ်ထွန်းသော ခန့်ညားကြောက်ရွံ့ခြင်းကို တင်ပြသည့် ထောမနာသီချင်းများကို သီဆိုခဲ့ကြခြင်းသည် အံ့ဩစရာ မဟုတ်ပေ။
ယခုပင် မှန်သော ဘုရားသခင်အား အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း
၁၅ မောရှေနှင့်အတူ လုံခြုံစွာ ရပ်နေခဲ့ရမည်ဆိုလျှင် ကျွန်ုပ်တို့လည်း ဤသို့ အမှန်သီဆိုလိုကြမည်– “အိုထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့် တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော ချီးမွမ်းခြင်းကို ခံစဉ်တွင် ကြောက်မက်ဖွယ် ဖြစ်တော်မူထသော၊ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။” (ထွက်မြောက်ရာ ၁၅:၁၁) ထိုအချိန်ကတည်းက ထပ်တူ ပြင်းပြသော ခံစားချက်များကို ရာစုနှစ်များတစ်လျှောက် ထပ်တလဲလဲ ဖော်ပြခဲ့ပြီ။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်တွင် တမန်တော် ယောဟန်က ဘုရားသခင်၏ သစ္စာရှိ ဘိသိက်ခံ အဖွဲ့တစ်ဖွဲ့ကို ဤသို့ဖော်ပြသည်– “ထိုသူတို့သည် ဘုရားသခင့်ကျွန် မောရှေ၏ သီချင်းနှင့် သိုးသငယ်၏ သီချင်းကို သီဆို” ကြသည်။ ထိုသီချင်းကြီးကား အဘယ်နည်း။ “အနန္တတန်ခိုးရှင် ယေဟောဝါ၊ ကိုယ်တော်၏ အမှုတော်များသည် ကြီးမြတ်ထူးဆန်းလှပါ၏။ အို ကာလအစဉ်အဆက်တို့၏ ဘုရင်၊ ကိုယ်တော်၏ နည်းလမ်းတော်များသည် ဖြောင့်မတ်မှန်ကန်လှပါ၏။ အိုယေဟောဝါ၊ ကိုယ်တော်ကို မကြောက်ရွံ့၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူ နေပါအံ့နည်း။ အကြောင်းမူကား၊ ကိုယ်တော်တစ်ပါးတည်းသာ သစ္စာတည်တော်မူ၏။”—ဗျာဒိတ် ၁၅:၂-၄၊ ကဘ။
၁၆ ထိုကြောင့် ယနေ့လည်း ဘုရားသခင်၏ ဖန်ဆင်းရာများကိုသာမက ကိုယ်တော်၏ အမိန့်တော်များကိုပါ တန်ဖိုးထားသော လွတ်မြောက်လာသည့် ဝတ်ပြုသူများ ရှိသည်။ လူမျိုးအပေါင်းမှ လူတို့သည် ဝိညာဉ်ရေးအရ လွတ်မြောက်လာခဲ့ပြီ။ ဤညစ်ညမ်းသော လောကမှ ခွဲထွက်လာကြသည်။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော အမိန့်တော်များကို အသိအမှတ်ပြုပြီး လက်တွေ့ ကျင့်သုံးကြသောကြောင့် ဖြစ်သည်။ နှစ်စဉ်ပင် ဤညစ်ညမ်းသော လောကမှ ထွက်လာကြပြီး ယေဟောဝါအား ကိုးကွယ်သူများ၏ သန့်ရှင်းဖြောင့်မတ်သော အဖွဲ့အစည်းနှင့် ပူးပေါင်းလာသူ ထောင်ပေါင်းများစွာ ရှိသည်။ မကြာမီ ဗာဗုလုန်ဘာသာကို ဘုရားသခင် တရားစီရင်ပြီး ကျန်ကြွင်းသည့် ဤအစီအစဉ်စနစ်ကို ကိုယ်တော် ဖျက်ဆီးပြီးနောက် သူတို့သည် ဖြောင့်မတ်သော ကမ္ဘာသစ်တွင် ထာဝစဉ် အသက်ရှင်ကြရလိမ့်မည်။
it-2 ၄၅၄ ပိုဒ်. ၁
တေးဂီတ
ရှေးအစ္စရေးအချိန်က အုပ်စုလိုက် သီချင်းဆိုတဲ့အခါ စာကြောင်းတစ်ကြောင်းကို အလှည့်ကျ သီဆိုတာ တွေ့ရတယ်။ အဖွဲ့နှစ်ဖွဲ့ ဖြစ်နိုင်သလို တစ်ယောက်နဲ့ အုပ်စုလိုက် သီဆိုတာ ဖြစ်နိုင်တယ်။ အဲဒီလိုပုံစံနဲ့ သီချင်းဆိုတာကို ကျမ်းစာမှာ “ထပ်ကျော့” တယ်လို့ ဖော်ပြထားတယ်။ (ထွ ၁၅:၂၁။ ၁ရှ ၁၈:၆၊ ၇) ဆာလံ ၁၃၆ လိုမျိုး ဆာလံသီချင်းတချို့ကို အဲဒီသီဆိုနည်းနဲ့ ရေးစပ်ထားတယ်။ နေဟမိအချိန်က ကျေးဇူးတင်ချီးမွမ်းတဲ့ တေးသံစုံအဖွဲ့နှစ်ဖွဲ့ဟာ ဂျေရုဆလင်မြို့ရိုး အပ်နှံပွဲမှာ အဲဒီပုံစံနဲ့ သီဆိုခဲ့ကြတယ်။—နေ ၁၂:၃၁၊ ၃၈၊ ၄၀-၄၂။
it-2 ၆၉၈
ပရောဖက်မ
ကျမ်းစာထဲမှာ မိရိအံကို ပထမဆုံး ပရောဖက်မအဖြစ် ဖော်ပြထားတယ်။ ဘုရားက သူကတစ်ဆင့် သတင်းတချို့ ပို့ပေးမှန်း ထင်ရှားတယ်။ သီချင်းဆိုဖို့ စွမ်းအားတော်နဲ့ လှုံ့ဆော်တာ ဖြစ်နိုင်တယ်။ (ထွ ၁၅:၂၀၊ ၂၁) ဒါကြောင့် မိရိအံနဲ့ အာရုန်က မောရှေကို “ငါတို့ကတစ်ဆင့်လည်း [ယေဟောဝါ] မိန့်မှာတာပဲ မဟုတ်လား” လို့ ပြောခဲ့တယ်။ (တလ ၁၂:၂) အစ္စရေးတွေကို အီဂျစ်ပြည်က ခေါ်ထုတ်ရာမှာ ‘မောရှေ၊ အာရုန်၊ မိရိအံကို ရှေ့ကနေ စေလွှတ်ခဲ့တယ်’ လို့ ပရောဖက် မိက္ခာကတစ်ဆင့် ယေဟောဝါကိုယ်တိုင် ပြောခဲ့တယ်။ (မိ ၆:၄) မိရိအံဟာ ဘုရားရဲ့ ဆယ်သွယ်ရေး ကိရိယာအဖြစ် အသုံးခံခွင့် ရခဲ့ပေမဲ့ ဘုရားရှေ့မှာတော့ မောင်ဖြစ်သူ မောရှေ လက်အောက်မှာ ရှိတယ်။ မိရိအံဟာ သူနေရမယ့် နေရာမှာ မနေလို့ ဘုရားရဲ့ ဆုံးမမှုကို ခံခဲ့ရတယ်။—တလ ၁၂:၁-၁၅။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
သင် သိပါသလား
တောကန္တာရထဲမှာ အစ္စရေးလူတွေကို ဘုရားသခင် ဘာကြောင့် ငုံးတွေ ကျွေးခဲ့ရတာလဲ
အီဂျစ်ပြည်ကနေ အစ္စရေးလူတွေ ထွက်လာပြီးနောက်မှာ သူတို့ စားဖို့ ငုံးတွေကို နှစ်ခါ စေလွှတ်ပေးခဲ့တယ်။—ထွက်မြောက်ရာ ၁၆:၁၃; တောလည်ရာ ၁၁:၃၁။
ငုံးတွေဟာ အရှည် ၇ လက်မလောက်၊ အလေးချိန် ၃.၅ အောင်စလောက် ရှိတဲ့ ငှက်ငယ်အမျိုးအစား ဖြစ်တယ်။ အနောက်အာရှနဲ့ ဥရောပက ဒေသအတော်များများမှာ သားပေါက်တယ်။ မြောက်အာဖရိကနဲ့ အာရေဗျကျွန်းဆွယ်မှာ ဆောင်းခိုဖို့ ပြောင်းရွှေ့တဲ့အခါ မြေထဲပင်လယ် အရှေ့ဘက်ကမ်းခြေကို ဖြတ်ပြီး ဆိုင်းနိုင်းကျွန်းဆွယ်အပေါ် အုပ်လိုက် ပျံသန်းသွားကြတယ်။
ငုံးတွေဟာ “လေကို အားပြုပြီး မြန်မြန်ဆန်ဆန် ပျံသန်းကြတယ်။ ဒါပေမဲ့ လေလမ်းကြောင်း ပြောင်းသွားမယ်ဆိုရင် ဒါမှမဟုတ် ခရီးဝေး ပျံသန်းလာရလို့ မောဟိုက်နေတယ်ဆိုရင် ငှက်အုပ်တစ်အုပ်လုံးဟာ မြေပေါ်ကို မူးလဲပြုတ်ကျလာတယ်” လို့ ကျမ်းစာအဘိဓာန်တစ်အုပ် (The New Westminster Dictionary of the Bible) မှာဖော်ပြထားတယ်။ ခရီးဆက်မသွားနိုင်ခင် ငှက်တွေဟာ မြေပေါ်မှာ တစ်ရက်နှစ်ရက် အနားယူကြတယ်။ အဲဒီအချိန်မှာ သူတို့ကို အလွယ်တကူ ဖမ်းနိုင်ကြတယ်။ ၂၀ ရာစုအစောပိုင်းမှာ အီဂျစ်နိုင်ငံဟာ နှစ်စဉ် ငုံးကောင်ရေ သုံးသန်းလောက်ကို တခြားနိုင်ငံတွေ တင်ပို့ကြတယ်။
အစ္စရေးလူတွေ ငုံးကောင် စားခဲ့ရတဲ့ အချိန်အခါနှစ်ခုစလုံးက နွေဦးရာသီမှာ ဖြစ်ပါတယ်။ ငုံးတွေဟာ နွေဦးရာသီအတွင်း ဆိုင်းနိုင်းဒေသအပေါ် မှန်မှန် ပျံသန်းသွားကြပေမဲ့ ယေဟောဝါ ဘုရားသခင်က မြေထဲပင်လယ်ဘက်ကနေ လေကို တိုက်စေတဲ့အခါ ငုံးတွေက အစ္စရေးလူတွေ တပ်စခန်းချတဲ့ဘက်ကို ရောက်သွားကြတယ်။—တောလည်ရာ ၁၁:၃၁။
စာရှုသူများထံမှ မေးခွန်းလွှာ
ဣသရေလလူမျိုးသည် အီဂျစ်ပြည်မှ လွတ်မြောက်လာပြီး မကြာမီ အစားအသောက်နှင့် ပတ်သက်၍ ညည်းညူလာကြသည်။ ထို့ကြောင့် ယေဟောဝါသည် သူတို့ကို မန္နမုန့် ကျွေးမွေးခဲ့သည်။ (ထွက်မြောက်ရာ ၁၂:၁၇၊ ၁၈; ၁၆:၁-၅) ထိုအချိန်တွင် အာရုန်ကို မောရှေ ဤသို့မိန့်မှာခဲ့သည်– ‘အိုးတစ်လုံးကို ယူ၍ မန္နတစ်သြမဲကို အပြည့် ထည့်ပြီးလျှင် သင်တို့လူမျိုး အစဉ်အဆက်ဖို့ စောင့်စေခြင်းငှာ ထာဝရဘုရားသခင်ရှေ့တော်၌ သိုထားလော့။’ ကျမ်းစာက ဤသို့ဖော်ပြသည်– ‘မောရှေကို ထာဝရဘုရားသခင် မှာထားတော်မူသည်အတိုင်း ထိုမန္နကို အာရုန် စောင့်စေခြင်းငှာ သက်သေတော် [အရေးကြီး စာရွက်စာတမ်းများ သိမ်းဆည်းထားသည့် မော်ကွန်းတိုက်] ရှေ့မှာ သိုထားလေ၏။’ (ထွက်မြောက်ရာ ၁၆:၃၃၊ ၃၄) ထိုအချိန်တွင် အာရုန်သည် မန္နမုန့်ကို အိုးထဲ ထည့်ထားမည် ဖြစ်သော်လည်း သက်သေတော်ရှေ့၌ ယင်းကို သိုထားခြင်းသည် သေတ္တာတော်ကို မောရှေ ပြုလုပ်ပြီး ၎င်းထဲတွင် ကျောက်ပြားများ ထည့်သည့်အချိန်အထိ ဖြစ်ပေမည်။
ကျမ်းစာဖတ်ရှုခြင်း
ဩဂုတ် ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၁၇-၁၈
“ကျိုးနွံတဲ့ အမျိုးသားတွေဟာ တခြားသူတွေကို လေ့ကျင့်ပေး၊ တာဝန်လွှဲပေး”
မောရှေ—မေတ္တာရှိသူ
မောရှေဟာ တခြားအစ္စရေးအမျိုးသားချင်းတွေကိုလည်း မေတ္တာပြခဲ့တယ်။ မိမိတို့ကို ဦးဆောင်ဖို့ မောရှေကို ယေဟောဝါ ဘုရားသခင် ခန့်အပ်ထားတယ်ဆိုတာကို အစ္စရေးလူတွေ သိထားတဲ့အတွက် သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ မောရှေဆီ သွားကြတယ်။ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– “နံနက်မှစ၍ ညဦးတိုင်အောင် လူများတို့သည် မောရှေရှေ့မှာ နေကြ၏။” (ထွက်မြောက်ရာ ၁၈:၁၃-၁၆) အစ္စရေးလူတွေက သူတို့ရဲ့ ပြဿနာတွေအကြောင်း ပြောပြတာကို မောရှေ တစ်နေကုန် နားထောင်ပေးပြီးတဲ့နောက် ဘယ်လောက် ပင်ပန်းနေပြီလဲဆိုတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ မောရှေဟာ သူတို့ကို ချစ်တဲ့အတွက် သူတို့ကို ကူညီပေးလိုစိတ် ရှိတယ်။
ယုံကြည်ကိုးစားမှုသည် ဘဝပျော်ရွှင်ရေးအတွက် အရေးပါ
ဤသူတို့သည် ယုံကြည်ကိုးစားထိုက်သည့် ရာထူး မရရှိမီ ဘုရားသခင်ရေးရာ အရည်အသွေးတချို့ကို ဖော်ပြခဲ့သူများ ဖြစ်၏။ သူတို့သည် ဘုရားသခင်အား ကြောက်ရွံ့ကြောင်း ဖော်ပြခဲ့နှင့်ပြီ။ ဖန်ဆင်းရှင်ကို သဘောထားမှန်ဖြင့် ကြည်ညိုလေးစားပြီး ကိုယ်တော်၏ စိတ်တော်နှင့် မတွေ့မည်ကို စိုးရိမ်ကြ၏။ ဤသူတို့သည် ဘုရားသခင်၏ စံနှုန်းများကို အတတ်နိုင်ဆုံး ထောက်ခံကြောင်း လူတိုင်း သိရှိကြသည်။ မတရားသော စီးပွားကို သူတို့မုန်းတီးခြင်းက အခွင့်အာဏာ တလွဲအသုံးပြုခြင်းကို တားဆီးမည့် ကိုယ်ကျင့်တရား အားသာကြောင်း ဖော်ပြ၏။ ထို့ပြင် ကိုယ်ကျိုးအတွက်၊ ဆွေမျိုးများ သို့မဟုတ် မိတ်ဆွေများ၏ အကျိုးအတွက် ယုံကြည်ကိုးစားမှုကို သူတို့ တလွဲအသုံးပြုမည် မဟုတ်ပါ။
တည်ကြည်ဖြောင့်မတ်ခြင်းက ရိုးဖြောင့်သူများကို ဦးဆောင်လမ်းပြ
မောရှေလည်း ကျိုးနွံနှိမ့်ချသူတစ်ဦး ဖြစ်၏။ သူသည် အခြားသူများ၏ ပြဿနာများကို ဖြေရှင်းပေးနေ၍ ပင်ပန်းနွမ်းနယ်လာသောအခါ သူ၏ ယောက္ခထီး ယေသရောက အရည်အချင်းရှိသည့် တခြားသူများကို တာဝန်အချို့ လွှဲပြောင်းပေးရန် လက်တွေ့ကျ အကြံဉာဏ် ပေးခဲ့သည်။ မောရှေသည် မိမိ၏ ကန့်သတ်ချက်များကို အသိအမှတ်ပြု၍ ဤအကြံပြုချက်ကို ပညာရှိစွာ လက်ခံခဲ့၏။ (ထွက်မြောက်ရာ ၁၈:၁၇-၂၆; တောလည်ရာ ၁၂:၃) ကျိုးနွံသူတစ်ဦးသည် အခြားသူများကို အခွင့်အာဏာ လွှဲပြောင်းပေးရန် တုံ့ဆိုင်းမည် မဟုတ်၊ အခြားအရည်အချင်းရှိသူများကို တာဝန်မျှဝေပေးခြင်းဖြင့် မိမိအခွင့်အာဏာ လျော့သွားမည်ဟူ၍လည်း စိုးရိမ်မည် မဟုတ်။ (တောလည်ရာ ၁၁:၁၆၊ ၁၇၊ ၂၆-၂၉) ထိုသို့ဖြစ်မည့်အစား သူသည် ဝိညာဉ်ရေးတွင် အခြားသူများကိုလည်း တိုးတက်စေလိုပေမည်။ (၁ တိမောသေ ၄:၁၅) ကျွန်ုပ်တို့လည်း အလားတူ ဖြစ်သင့်သည် မဟုတ်လော။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
“လက်အား မလျော့စေနှင့်”
၁၄ အာရုန်နဲ့ ဟုရဟာ အာမလက်တွေနဲ့ တိုက်ပွဲအတွင်း မောရှေရဲ့ လက်ကို ထောက်မပေးခြင်းအားဖြင့် အားရှိစေခဲ့ကြတယ်။ ဒီနေ့လည်း တခြားသူတွေကို ကူညီထောက်မနိုင်တဲ့ နည်းလမ်းတွေ ရှာသင့်တယ်။ ညီအစ်ကို/မတချို့ဟာ အသက်ကြီးလို့၊ ကျန်းမာရေး မကောင်းလို့၊ မိသားစုရဲ့ ဆန့်ကျင်မှု ခံရလို့၊ အထီးကျန်လို့၊ ချစ်ရသူ တစ်ယောက်ယောက် ဆုံးပါးသွားလို့ စိတ်ဆင်းရဲနေကြတယ်။ အမှားတွေ ကျူးလွန်ဖို့၊ လောကမှာ အောင်မြင်မှု ရှာဖို့ ဖိအားပေးခံနေရတဲ့ လူငယ်တွေကိုလည်း အားပေးနိုင်ပါတယ်။ (၁ သက်. ၃:၁-၃။ ၅:၁၁၊ ၁၄) နိုင်ငံတော်ခန်းမမှာ၊ အမှုဆောင်မှာ၊ အတူစားသောက်ချိန်မှာ၊ ဖုန်းဆက်ချိန်မှာ တခြားသူတွေကို အမှန်တကယ် စိတ်ဝင်စားကြောင်း ပြသနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေပါ။
it-1 ၄၀၆
သမ္မာကျမ်းစာကျမ်းရင်းဝင်
မောရှေ ရေးခဲ့တာတွေဟာ ဘုရားဆီက လာတဲ့ စကားတွေ၊ ဘုရားရဲ့ စွမ်းအားတော် တိုက်တွန်းမှုနဲ့ ရေးထားတဲ့ စကားတွေ ဖြစ်တယ်။ ကျမ်းစာကိုယ်နှိုက်ရဲ့ အထောက်အထားတွေအရ အဲဒီစကားတွေဟာ စင်ကြယ်တဲ့ ဝတ်ပြုရေးအတွက် စိတ်ချရတဲ့ လမ်းညွှန် ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ အစ္စရေးတွေရဲ့ ခေါင်းဆောင်နေရာကို မောရှေကိုယ်တိုင် ယူခဲ့တာ မဟုတ်ဘူး။ မောရှေဟာ ခေါင်းဆောင် လုပ်ဖို့ အစပိုင်းမှာ ငြင်းဆိုခဲ့တယ်။ (ထွ ၃:၁၀၊ ၁၁။ ၄:၁၀-၁၄) ဘုရားသခင်က မောရှေကို ချီးမြှောက်ပြီး အံ့ဖွယ်တန်ခိုးတွေ လုပ်နိုင်အောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်ရဲ့ တန်ခိုးကြောင့် မောရှေ အံ့ဖွယ်အမှုတွေ လုပ်နိုင်တာဆိုပြီး ဖာရောရဲ့ မှော်ဆရာတွေတောင် အသိအမှတ်ပြုခဲ့တယ်။ (ထွ ၄:၁-၉။ ၈:၁၆-၁၉) ဟောပြောသူ၊ ကျမ်းရေးသူ ဖြစ်ဖို့ မောရှေ မျှော်မှန်းခဲ့တာ မဟုတ်ဘူး။ ဘုရားရဲ့ စကားကို နာခံခြင်း၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ ထောက်မပေးခြင်းကြောင့် မောရှေဟာ အစပိုင်းမှာ သမ္မာကျမ်းစာအဝင် ကျမ်းစကားတွေကို ပြောဖို့၊ နောက်ပိုင်း မှတ်တမ်းတင်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။—ထွ ၁၇:၁၄။
ကျမ်းစာဖတ်ရှုခြင်း
ဩဂုတ် ၂၄-၃၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၁၉-၂၀
“ပညတ်တော် ဆယ်ပါးက သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ”
သင့်အတွက် ပညတ်တော်ဆယ်ပါးသည် အဘယ် အဓိပ္ပာယ်ရှိသနည်း
ပထမပညတ်လေးခုကား ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ တာဝန်ကို ပေါ်လွင်စေသည်။ (ပထမ) ကိုယ်တော်သည် သီးသန့်ဝတ်ပြုမှုကို တောင်းဆိုတော်မူသည့်ဘုရား ဖြစ်ဆဲပင်။ (မဿဲ ၄:၁၀) (ဒုတိယ) ကိုယ်တော်ကို ဝတ်ပြုသူ မည်သူမျှ ရုပ်တုဆင်းတု အသုံးမပြုရ။ (၁ ယောဟန် ၅:၂၁) (တတိယ) ဘုရားသခင့် နာမတော်ကို ကျွန်ုပ်တို့အသုံးပြုပုံသည် သင့်လျော်၍ ဂုဏ်တင်စေရမည်။ မည်သည့်အခါမျှ မလေးမခန့် မဖြစ်သင့်။ (ယောဟန် ၁၇:၂၆။ ရောမ ၁၀:၁၃) (စတုတ္ထ) ကျွန်ုပ်တို့ဘဝတစ်ခုလုံးသည် မြင့်မြတ်သော အရာများနှင့် ပတ်သက်နေသင့်သည်။ ယင်းသို့ပြုခြင်းဖြင့် ကိုယ်ကိုယ်ကို ဖြောင့်မတ်သည်ဟု အထင်ရှိသော လမ်းစဉ်မှ နားစေသည်။ သို့မဟုတ် ‘ဥပုသ်စောင့်’ စေသည်။—ဟေဗြဲ ၄:၉၊ ၁၀။
သင့်အတွက် ပညတ်တော်ဆယ်ပါးသည် အဘယ် အဓိပ္ပာယ်ရှိသနည်း
(ပဉ္စမ) မိဘများကို သားသမီးများ နာခံမှု ပြခြင်းသည် မိသားစု စည်းလုံးမှု၏ အုတ်မြစ် ဖြစ်ဆဲပင်။ ၄င်းနှင့် ယေဟောဝါကောင်းချီးများသည် ဒွန်တွဲပါလာသည်။ “ကတိတော်နှင့် ဆိုင်သော ပထမပညတ်” ကမ်းလှမ်းသည့် မျှော်လင့်ချက်သည် ကောင်းမြတ်လှသည်တကား။ ယင်းကား “သင်သည် ပြည်တော်၌ ကောင်းစား” ရုံမက “အသက်တာရှည်မည်အကြောင်း” တည်း။ (ဧဖက် ၆:၁-၃) လက်ရှိ ဆိုးသွမ်းသော စနစ်၏ “နောက်ဆုံးကာလတွင်” ကျွန်ုပ်တို့ အသက်ရှင်နေကြသောကြောင့် ဤကဲ့သို့သော ဘုရားဝတ်၌ မွေ့လျော်၍ နာခံမှုပြခြင်းသည် လူငယ်များအား ဘယ်တော့မျှ မသေရတော့သည့် မျှော်လင့်ချက်ကို ရှိစေသည်။—၂ တိမောသေ ၃:၁။ ယောဟန် ၁၁:၂၆။
ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းကြောင့် ဆိုးသွမ်းသော အကျင့်များ ဖြစ်သည့် (ဆဋ္ဌမ) လူ့အသက် သတ်ခြင်း၊ (သတ္တမ) မတရားမေထုန်ပြုခြင်း၊ (အဋ္ဌမ) ခိုးမှု နှင့် (နဝမ) မုသာစကား ပြောဆိုခြင်းဖြင့် သူတစ်ပါး အကျိုးယုတ်စေရာများ မပြုရန် ကျွန်ုပ်တို့ကို တားဆီးပေးသည်။ (၁ ယောဟန် ၃:၁၀-၁၂။ ဟေဗြဲ ၁၃:၄။ ဧဖက် ၄:၂၈။ မဿဲ ၅:၃၇။ သု၊ ၆:၁၆-၁၉) သို့သော် ကျွန်ုပ်တို့ ရည်ရွယ်ချက်များကား အဘယ်နည်း။ ကျွန်ုပ်တို့ ရည်ရွယ်ချက်များသည် မျက်မှောက်တော်ရှေ့ အမြဲ မှန်ကန်ဖြောင့်မတ်နေရန် ယေဟောဝါ တောင်းဆိုတော်မူကြောင်း တပ်မက်ခြင်းကို တားမြစ်သည့် (ဒသမ) ပညတ်တော်ကား သတိပေးပါသည်။—သု၊ ၂၁:၂။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-2 ၆၈၇ ပိုဒ်. ၁-၂
ပုရောဟိတ်
ခရစ်ယာန် ပုရောဟိတ်တာဝန်။ အစ္စရေးတွေ ပဋိညာဉ်ကို စောင့်ထိန်းမယ်ဆိုရင် ဘုရားသခင်အတွက် “သန့်ရှင်းတဲ့လူမျိုး၊ ပုရောဟိတ် အုပ်ချုပ်တဲ့နိုင်ငံ” ဖြစ်လာမယ်လို့ ယေဟောဝါ ကတိပေးခဲ့တယ်။ (ထွ ၁၉:၆) ဒါပေမဲ့ အာရုန်အမျိုးအနွယ်ရဲ့ ပုရောဟိတ်တာဝန်ဟာ ပိုကြီးမြတ်တဲ့ ပုရောဟိတ်တာဝန်ရဲ့ အရိပ် ဖြစ်တဲ့အတွက် အဲဒီပုရောဟိတ် ရောက်လာတဲ့အထိပဲ တည်ရှိမှာ ဖြစ်တယ်။ (ဟီ ၈:၄၊ ၅) ပညတ်ပဋိညာဉ် အဆုံးတိုင်ပြီး ပဋိညာဉ်သစ် အစပြုချိန်အထိပဲ တည်ရှိမယ်။ (ဟီ ၇:၁၁-၁၄။ ၈:၆၊ ၇၊ ၁၃) ဘုရားသခင် ကတိပေးထားတဲ့ နိုင်ငံတော် အစီအစဉ်မှာ ယေဟောဝါရဲ့ ပုရောဟိတ် ဖြစ်လာမယ့်သူတွေကို အစပိုင်းမှာ အစ္စရေးလူမျိုးထဲကပဲ ကမ်းလှမ်းခဲ့တယ်။ နောက်ပိုင်းမှ လူမျိုးခြားတွေကို ကမ်းလှမ်းခဲ့တယ်။—တ ၁၀:၃၄၊ ၃၅။ ၁၅:၁၄။ ရ ၁၀:၂၁။
ဂျူးတချို့ကပဲ ခရစ်တော်ကို လက်ခံခဲ့တယ်။ ဒါကြောင့် လူမျိုးတစ်မျိုးအနေနဲ့ တကယ့် ပုရောဟိတ် အုပ်ချုပ်တဲ့နိုင်ငံ၊ သန့်ရှင်းတဲ့လူမျိုး မဖြစ်ခဲ့ဘူး။ (ရ ၁၁:၇၊ ၂၀) အစ္စရေးတွေရဲ့ သစ္စာမဲ့မှုကို ပရောဖက် ဟောရှေကတစ်ဆင့် ဘုရားသခင် ရာစုနှစ်ချီ ဒီလို ကြိုဟောခဲ့တယ်– “အသိပညာကို ပစ်ပယ်တဲ့အတွက် ငါလည်း မင်းတို့ကို ငါ့ပုရောဟိတ်အဖြစ်ကနေ ပစ်ပယ်မယ်။ ဘုရားသခင်ရဲ့ ပညတ်ချက်ကို မင်းတို့ မေ့လျော့တဲ့အတွက် ငါလည်း မင်းတို့ရဲ့ သားတွေကို မေ့လျော့မယ်။” (ဟော ၄:၆) ယေရှုလည်း အဲဒီလို သဘောမျိုးနဲ့ ဂျူးခေါင်းဆောင်တွေကို ဒီလို ပြောခဲ့တယ်– “ဘုရားသခင့် နိုင်ငံတော်ကို ခင်ဗျားတို့ဆီကနေ ရုပ်သိမ်းပြီး သီးပွင့်ဖြစ်ထွန်းမယ့် လူမျိုးကို အပ်လိမ့်မယ်။” (မ ၂၁:၄၃) ဒါပေမဲ့ ယေရှုခရစ် ကမ္ဘာပေါ်မှာ ရှိတုန်းက ပညတ်တရားအောက်မှာ ရှိနေသေးတဲ့အတွက် အာရုန်အမျိုးရဲ့ ပုရောဟိတ် တာဝန်တွေကို လိုက်နာခဲ့တယ်။ အနာကြီးရောဂါသည်တွေကို ကုသပေးပြီးနောက်မှာ ပုရောဟိတ်ဆီသွားဖို့၊ အလှူဆက်သဖို့ ညွှန်ကြားခဲ့တယ်။—မ ၈:၄။ မာ ၁:၄၄။ လု ၁၇:၁၄။
ထွက်မြောက်ရာကျမ်းမှ ပေါ်လွင်ချက်များ
၂၀:၅—ယေဟောဝါသည် “အဘတို့၏ အပြစ်ကို” နောင်လာနောက်သားများ၌ “ဆပ်ပေးစီရင်” ခြင်းကား မည်သို့နည်း။ တာဝန်ယူနိုင်သည့် အရွယ်ရောက်လာသူတိုင်း သူ့အကျင့်အကြံနှင့် စိတ်နေသဘောထားအလျောက် စီရင်ခံရသည်။ သို့သော် ဣသရေလလူမျိုးတို့ အရုပ်ကိုးကွယ်သောအခါ ၎င်းဆိုးကျိုးများကို နောင်လာနောက်သားများ ခံစားခဲ့ရသည်။ လူမျိုးတော်၏ ဘာသာရေး ပြစ်မှုများ၏ အကျိုးဆက်များကို တည်ကြည်သော ဣသရေလလူများပင် ခံစားခဲ့ရသောကြောင့် သူတို့အဖို့ တည်ကြည်မှု ရှိသော လမ်းစဉ်၌ ဆက်မြဲရန် အခက်တွေ့ခဲ့ရသည်။
ကျမ်းစာဖတ်ရှုခြင်း
ဩဂုတ် ၃၁–စက်တင်ဘာ ၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၂၁-၂၂
“အသက်ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ပါ”
it-1 ၂၇၁
ရိုက်နှက်ခြင်း
ဟီဘရူး ကျွန်ပိုင်ရှင်ဟာ စကားနားမထောင်တဲ့၊ ပုန်ကန်တဲ့ ကျွန်ကို တုတ်နဲ့ ရိုက်ခွင့် ရှိတယ်။ ဒါပေမဲ့ တုတ်နဲ့ ရိုက်လို့ ကျွန်သေသွားတယ်ဆိုရင် ကျွန်ပိုင်ရှင်ကို ပြစ်ဒဏ်ပေးရတယ်။ ဒါပေမဲ့ ကျွန်က အရိုက်ခံရပြီး တစ်ရက်နှစ်ရက် ဆက်အသက်ရှင်သေးတယ်ဆိုရင် ကျွန်ပိုင်ရှင်က ကျွန်ကို သေအောင် ရိုက်ဖို့ မရည်ရွယ်ဘူးဆိုတာ ထင်ရှားတယ်။ ကျွန်ကို ငွေနဲ့ ဝယ်ထားတာ ဖြစ်လို့ သခင်မှာ ဆုံးမပိုင်ခွင့် ရှိတယ်။ လူတစ်ယောက်ဟာ တန်ဖိုးရှိတဲ့ မိမိရဲ့ ပိုင်ဆိုင်ရာကို ဆုံးရှုံးချင်မှာ မဟုတ်ဘူး။ ကျွန်ဟာ တစ်ရက် ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှ သေသွားတယ်ဆိုရင် ရိုက်ခံရလို့ သေတာလား၊ တခြားအကြောင်းကြောင့် သေတာလားဆိုတာ မသေချာဘူး။ ဒါကြောင့် ကျွန်က တစ်ရက်၊ နှစ်ရက် ဆက်အသက်ရှင်တယ်ဆိုရင် သခင်မှာ အပြစ်မရှိဘူး။—ထွ ၂၁:၂၀၊ ၂၁။
အသက်ကို ဘုရားသခင်နည်းတူ တန်ဖိုးထားသလား
၁၆ ယေဟောဝါအမြင်မှာ လူတိုင်းရဲ့ အသက်က အရေးပါတယ်။ မမွေးသေးတဲ့ ကလေးတစ်ယောက်တောင် ဘုရားအတွက် တန်ဖိုးရှိတယ်။ မောရှေပညတ်အောက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထိခိုက်မိလို့ မိခင် ဒါမှမဟုတ် ကလေး သေဆုံးခဲ့ရင် ထိခိုက်စေသူကို လူသေမှုနဲ့ ယေဟောဝါ အပြစ်စီရင်တယ်။ မတော်တဆဆိုရင်တောင် တစ်ယောက်ယောက်ကို သေစေခဲ့ပြီမို့ အသက်အတွက် အသက် ပြန်လျော်ပေးရမယ်ဆိုတဲ့ သဘောပဲ။ (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃ ကိုဖတ်ပါ။) ဘုရားအမြင်မှာ မမွေးသေးတဲ့ ကလေးဟာလည်း သက်ရှိလူတစ်ယောက်ပါပဲ။ ဒါဆိုရင် ကိုယ်ဝန်ဖျက်ချတာကို ဘုရား ဘယ်လို ခံစားရမယ်လို့ ထင်သလဲ။ နှစ်စဉ် မမွေးသေးတဲ့ ကလေးသန်းချီ ဖျက်ချခံနေတာကို မြင်တဲ့အခါ ဘုရား ဘယ်လို ခံစားရမယ်လို့ ထင်သလဲ။
ယေဟောဝါ သင့်ကို ဘေးကင်းစေလိုတော်မူသည်
ဤအရေးယူမှုသည် အိမ်မွေးတိရစ္ဆာန်ကြောင့် ထိခိုက်မှုနှင့်လည်း အကျုံးဝင်သည်။ လူတစ်ဦးသည် နွားခွေ့ခံရ၍ သေဆုံးသွားလျှင် အခြားသူများ၏ ဘေးကင်းရေးအတွက် ပိုင်ရှင်သည် နွားကို သတ်ရမည် ဖြစ်သည်။ အသားကို မစားရ သို့မဟုတ် အခြားသူများအား မရောင်းရသောကြောင့် ယင်းနွားကို သတ်ခြင်းသည် ပိုင်ရှင်အတွက် အလွန် နစ်နာစရာ ဖြစ်သည်။ သို့သော် နွားတစ်ကောင်သည် လူတစ်ဦးကို ထိခိုက်ဒဏ်ရာရစေပြီးနောက် ပိုင်ရှင်ဖြစ်သူက ထိုနွားကို မချည်နှောင်ထားဟု ဆိုပါစို့။ အဘယ်အရာ ဖြစ်မည်နည်း။ နောက်ပိုင်းတွင် ထိုနွားကပင် တစ်စုံတစ်ဦးကို သေစေသည်ဆိုလျှင် နွားနှင့် သူ၏ ပိုင်ရှင်သည် အသတ်ခံရမည် ဖြစ်သည်။ ဤပညတ်သည် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်ကို ဂရုမစိုက်သူတို့အတွက် သတိပေးချက်ဖြစ်သည်။—ထွ. ၂၁:၁၈၊ ၁၉။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
သင် အဘယ်ကြောင့် ယေဟောဝါထံ အပ်နှံရ
၄ ခရစ်ယာန် အပ်နှံခြင်းသည် အလွန် အလေးအနက်ထားရမည့် ကိစ္စ ဖြစ်သည်။ ယင်းသည် သာမန် ကတိကဝတ် ပြုခြင်းမျှသာ မဟုတ်ဘဲ အလေးအနက် သစ္စာပြုခြင်း ဖြစ်သည်။ သို့ဆိုလျှင် အပ်နှံမှု ပြုခြင်းက ကျွန်ုပ်တို့အား မည်သို့ အကျိုးပြုသနည်း။ နှိုင်းယှဉ်သည့်အနေနှင့် လူလူချင်း ဆက်ဆံရာတွင် သစ္စာပြုခြင်းသည် မည်သို့ အကျိုးပြုကြောင်း သုံးသပ်ကြည့်ကြစို့။ ဥပမာတစ်ခုမှာ မိတ်ဆွေဖွဲ့ခြင်း ဖြစ်သည်။ သင်သည် မိတ်ဆွေတစ်ဦး ရှိခြင်း၏ အကျိုးကျေးဇူး ခံစားလိုလျှင် သင်သည် မိတ်ဆွေတစ်ဦး ဖြစ်ခြင်း၏ တာဝန်များကို လက်ခံရမည်။ ယင်းတွင် သင်၏ မိတ်ဆွေအား ဂရုစိုက်ရမည့်တာဝန် ပါဝင်ပတ်သက်လာသည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသော အထင်ရှားဆုံး မိတ်ဖွဲ့မှုများထဲမှ တစ်ခုမှာ ဒါဝိဒ်နှင့် ယောနသန်၏ မိတ်ဆွေဖွဲ့မှု ဖြစ်သည်။ ထိုသူနှစ်ဦးတို့သည် သူတို့၏ ရင်းနှီးမှုအပေါ် အခြေခံကာ မိတ်သဟာယ သို့မဟုတ် ပဋိညာဉ်ပင် ဖွဲ့ခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၁၇:၅၇; ၁၈:၁၊ ၃ တို့ကိုဖတ်ပါ။) ထိုကဲ့သို့ သစ္စာပြု၍ မိတ်ဖွဲ့ခြင်းမျိုးသည် ရှားပါးသော်လည်း အပြန်အလှန် သစ္စာပြုထားသည်ဟူသော အသိစိတ်က ရင်းနှီးမှုကို ပို၍ ခိုင်မြဲစေလေ့ရှိသည်။—သု. ၁၇:၁၇; ၁၈:၂၄။
၅ အစ္စရေးလူမျိုးများကို ပေးသော ဘုရားသခင့် ပညတ်က သစ္စာပြုခြင်းအားဖြင့် အကျိုးခံစားရသည့် နောက်ထပ် ဆက်ဆံရေးတစ်မျိုးကို ဖော်ပြသည်။ ကျွန်တစ်ဦးသည် သခင်ကောင်းတစ်ဦး၏ အစဉ်ပိုင်ဆိုင်ရာ ဖြစ်ခြင်းမှ လုံခြုံမှုခံစားလိုလျှင် တည်မြဲသော သဘောတူညီချက်တစ်ခုကို သခင်နှင့် ပြုလုပ်နိုင်သည်။ ပညတ်တရားက ဤသို့ဖော်ပြသည် “ကျွန်က ‘ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော် ချစ်ပါ၏။ မထွက်မသွားလိုပါ’ ဟု အတည့်အလင်း ပြောဆိုလျှင်၊ သခင်သည် ဘုရားသခင်ရှေ့တော်သို့လည်းကောင်း၊ အိမ်တံခါးတိုင်သို့လည်းကောင်း ဆောင်ယူ၍ နားရွက်ကို စူးနှင့် ဖောက်ပြီးမှ ထိုကျွန်သည် အစဉ်အမြဲ ကျွန်ခံရမည်။”—ထွ. ၂၁:၅၊ ၆။
it-1 ၁၁၄၃
ဦးချိုအတက်
ထွက်မြောက်ရာ ၂၁:၁၄ က ပုရောဟိတ်ကိုတောင် လူသတ်မှုအတွက် သေဒဏ်စီရင်ရမယ်လို့ ဆိုလိုတာ ဖြစ်နိုင်တယ်။ တမင်တကာ လူသတ်သူဟာ ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်ကို ဆုပ်ကိုင်ထားရင်တောင် သေဒဏ်က လွတ်မှာ မဟုတ်ဘူး။—၁ဘု ၂:၂၈-၃၄ နဲ့နှိုင်းယှဉ်ပါ။
ကျမ်းစာဖတ်ရှုခြင်း