အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2024 Watch Tower Bible and Tract Society of Pennsylvania
မေ ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၃၆-၃၇
“လူယုတ်မာတွေကြောင့် စိတ်မပျက်နဲ့”
ဘုရားသခင့် နိုင်ငံတော် ရောက်လာတဲ့အခါ ဘာတွေ ကွယ်ပျောက်သွားမလဲ
၄ လူဆိုးတွေက လက်ရှိအချိန်မှာ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်နေသလဲ။ လက်ရှိလောက “ခက်ခဲကျပ်တည်း” မယ်လို့ တမန်တော် ပေါလု ကြိုဟောပြီးနောက် “ဆိုးညစ်သောသူနှင့် အယောင်ဆောင်သောသူတို့သည် ဆိုးသည်ထက် ဆိုးလာ” မယ်လို့ ပြောခဲ့တယ်။ (၂ တိ. ၃:၁-၅၊ ၁၃) အဲဒီကြိုဟောချက် ပြည့်စုံနေတာကို သင် မြင်တွေ့နေသလား။ လူများစွာဟာ ကြမ်းတမ်းအနိုင်ကျင့်သူတွေ၊ အမုန်းပွားနေတဲ့ တစ်ယူသန်သမားတွေ၊ ရက်စက်တဲ့ ရာဇဝတ်သားတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြပြီ။ လူဆိုးတချို့ဟာ ပေါ်ပေါ်ထင်ထင် ဆိုးယုတ်ကြတယ်။ တချို့က အယောင်ဆောင်တွေဖြစ်ပြီး မိမိတို့လုပ်ရပ်ကို ဖြောင့်မတ်ခြင်းမျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားကြတယ်။ လူဆိုးတွေရဲ့ သားကောင် မဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့ကို ထိခိုက်နေတုန်းပါပဲ။ ရက်စက်မှုတွေအကြောင်း ကြားသိရတဲ့အခါ အော့နှလုံးနာရတယ်။ ကလေးသူငယ်တွေ၊ အသက်ကြီးသူတွေ၊ အားကိုးရာမဲ့သူတွေကို လူဆိုးတွေ ရက်ရက်စက်စက် အနိုင်ကျင့်ပုံက ကျွန်တော်တို့ကို ထိတ်လန့်ကြောက်ရွံ့စေတယ်။ လူဆိုးတွေဟာ လူမဆန်တဲ့ သဘောထား၊ တိရစ္ဆာန်စိတ်ဓာတ်၊ နတ်ဆိုးသဘောထားကို ပြနေကြတယ်။ (ယာ. ၃:၁၅) ဝမ်းသာစရာကတော့ အဲဒီသတင်းဆိုးတွေကို ကျမ်းစာပါ သတင်းကောင်းတွေနဲ့ ချေဖျက်ထားတယ်။
ခွင့်လွှတ်သူတွေကို ယေဟောဝါ ကောင်းချီးပေး
၁၀ စိတ်နာကြည်းနေရင် ကိုယ်ပဲ ထိခိုက်မယ်။ စိတ်နာကြည်းမှုဟာ ဝန်ထုပ်ကြီးနဲ့ တူတယ်။ အဲဒီဝန်ထုပ်ကြီး ကျသွားတဲ့ စိတ်သက်သာမှုမျိုး ကျွန်တော်တို့ကို ယေဟောဝါ ခံစားစေချင်တယ်။ (ဧဖက် ၄:၃၁၊ ၃၂ ကို ဖတ်ပါ။) “အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့” လို့ တိုက်တွန်းတယ်။ (ဆာ. ၃၇:၈) အဲဒီအကြံဉာဏ်ကို လိုက်နာတာ ပညာရှိရာ ရောက်တယ်။ စိတ်နာကြည်းနေရင် ကိုယ်ရော စိတ်ပါ ကျန်းမာရေး ထိခိုက်နိုင်တယ်။ (ပညာ. ၁၄:၃၀) ကိုယ့်ဘက်ကသာ နာကြည်းနေပေမဲ့ တစ်ဖက်လူကို ဘာမှ မထိခိုက်ဘူး။ ကိုယ်အဆိပ်သောက်တာ သူ့ကို ဘာမှ မထိခိုက်သလိုပဲ။ ခွင့်လွှတ်လိုက်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုရာ ရောက်တယ်။ (ပညာ. ၁၁:၁၇) စိတ်ငြိမ်သက်မှု ရမယ်။ ယေဟောဝါရဲ့ အမှုတော်မှာ ရှေ့ဆက်နိုင်မယ်။
‘ယေဟောဝါ၌ မွေ့လျော်လော့’
၂၀ ထို့နောက် “အနွံအနာခံသောသူတို့မူကား မြေကြီးကို ပိုင်ဆိုင်” ရကြလိမ့်မည်။ (ဆာလံ ၃၇:၁၁က၊ ကဘ) သို့သော် အဆိုပါ “အနွံအနာခံသောသူတို့” ကား မည်သူတို့ဖြစ်သနည်း။ “အနွံအနာခံခြင်း” ဟုပြန်ဆိုထားသော စကားလုံးသည် “ဖိစီးနှိပ်စက်ခံရ၊ နှိမ့်ချခံရ၊ အရှက်ခွဲခံရ” ဟူ၍ အဓိပ္ပာယ်ရသော မူရင်းစကားလုံးမှ ဆင်းသက်လာ၏။ “အနွံအနာခံသောသူတို့” သည် သူတို့အပေါ် မတရားအနိုင်ကျင့်မှုရှိသမျှကို တည့်မတ်ပေးရန် ယေဟောဝါအား နှိမ့်ချစွာ စောင့်ဆိုင်းနေသူများဖြစ်သည်။ သူတို့သည် “များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁ခ) ယခုပင်လျှင် စစ်မှန်သောခရစ်ယာန် အသင်းတော်နှင့် ပေါင်းသင်းရသည့် ဝိညာဉ်ရေး ပရဒိသုတွင် များပြားသော ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့ တွေ့ရှိရ၏။
ဘုရားရေးရာ ရတနာ
it-2 ၄၄၅
တောင်၊ တောင်တန်း
တည်ငြိမ်ခြင်း၊ အဓွန့်ရှည်တည်တံ့ခြင်း၊ မြင့်မားခြင်း။ တည်ငြိမ်ခြင်း၊ အဓွန့်ရှည်တည်တံ့ခြင်းကို တောင်တန်းနဲ့ တင်စားလေ့ရှိတယ်။ (ရှာ ၅၄:၁၀။ ဟဗ ၃:၆။ ဆ ၄၆:၂ နဲ့ နှိုင်းယှဉ်ပါ။) ယေဟောဝါရဲ့ ဖြောင့်မတ်ခြင်းကို “ခံ့ညားတဲ့ တောင်တန်းကြီး” နဲ့ ဆာလံဆရာ ခိုင်းနှိုင်းတဲ့အခါ (ဆ ၃၆:၆) ယေဟောဝါရဲ့ ဖြောင့်မတ်ခြင်း ရွေ့လျားပြောင်းလဲခြင်းမရှိတာကို ဆိုလိုချင်ပုံရတယ်။ လူသားတွေရဲ့ ဖြောင့်မတ်ခြင်းထက် ဘုရားသခင့်ဖြောင့်မတ်ခြင်း အဆများစွာ မြင့်မားတာကို ပေါ်လွင်စေချင်လို့ မြင့်မားတဲ့တောင်တန်းတွေနဲ့ ခိုင်းနှိုင်းတာလည်း ဖြစ်နိုင်တယ်။ (ရှာ ၅၅:၈၊ ၉ နဲ့ နှိုင်းယှဉ်ပါ။) ဘုရားသခင့်အမျက်တော်ဖြစ်တဲ့ သတ္တမဖလားကို လောင်းချလိုက်တဲ့အခါ “တောင်တွေလည်း မရှိတော့ဘူး” လို့ ဗျာဒိတ် ၁၆:၂၀ ဆိုတယ်။ တောင်တန်းလို မြင့်မားတဲ့အရာတွေတောင် ဘုရားသခင့်အမျက်တော်ကနေ မလွတ်ကင်းနိုင်ဘူးလို့ ဆိုလိုတာပါ။—ယေ ၄:၂၃-၂၆ နဲ့ နှိုင်းယှဉ်ပါ။
မေ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၃၈-၃၉
အပြစ်ရှိတယ်လို့ အလွန်အကျွံ မခံစားပါနဲ့တော့
“ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ”
၁၂ ၁ ယောဟန် ၃:၁၉၊ ၂၀ ကိုဖတ်ပါ။ ကျွန်တော်တို့အားလုံး အပြစ်ရှိတယ်လို့ ခံစားဖူးကြတယ်။ ဥပမာ၊ တချို့က အမှန်တရား မသိခင် လုပ်ခဲ့တဲ့ အမှားတွေကြောင့်၊ တချို့ကျတော့ နှစ်ခြင်းခံပြီးနောက် လုပ်ခဲ့တဲ့ အမှားတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားနေရတယ်။ ဒါ သဘာဝပါပဲ။ (ရော. ၃:၂၃) ကျွန်တော်တို့အားလုံး မှန်တာ လုပ်ချင်ပေမဲ့ “ခဏခဏ မှားတတ်ကြတယ်။” (ယာ. ၃:၂။ ရော. ၇:၂၁-၂၃) အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ဟာ နှစ်မြို့စရာ မဟုတ်ပေမဲ့ အကျိုးပြုနိုင်တယ်။ ကိုယ့်လမ်းစဉ်ကို ပြုပြင်ဖို့၊ အမှားတွေ ထပ်မလုပ်မိအောင် စိတ်ပိုင်းဖြတ်ထားဖို့ လှုံ့ဆော်ပေးလို့ပါပဲ။—ဟီ. ၁၂:၁၂၊ ၁၃။
၁၃ ဒါပေမဲ့ ကျွန်တော်တို့ နောင်တယူပြီးနောက်၊ ယေဟောဝါ ခွင့်လွှတ်ပြီးနောက်မှာတောင် အပြစ်ရှိတုန်းပဲလို့ အလွန်အကျွံ ခံစားနေရနိုင်တယ်။ အဲဒါကတော့ အန္တရာယ် ရှိတယ်။ (ဆာ. ၃၁:၁၀။ ၃၈:၃၊ ၄) ဘာကြောင့်လဲ။ အတိတ်က အမှားတွေကြောင့် အပြစ်ရှိနေတုန်းပဲလို့ ခံစားရတဲ့ ညီအစ်မတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ “ဘယ်နည်းနဲ့မဆို ကျွန်မအတွက် သိပ်နောက်ကျသွားပုံရတဲ့အတွက်ကြောင့် ယေဟောဝါရဲ့ လုပ်ငန်းတော်မှာ ကျွန်မ ဘာမှ မလုပ်တာပဲ ကောင်းမှာပါလို့ ခံစားခဲ့ရပါတယ်” ဆိုပြီး ညီအစ်မ ပြောတယ်။ လူများစွာ အဲဒီလို ခံစားရတယ်။ ဒါပေမဲ့ အပြစ်ရှိတယ်လို့ အလွန်အကျွံ ခံစားနေရခြင်း ထောင်ချောက်ကို သတိထားရမယ်။ ကျွန်တော်တို့ကို ယေဟောဝါတောင် လက်မလျှော့တာ ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်ရင် စာတန် သိပ်ပျော်မှာ။—၂ ကောရိန္သု ၂:၅-၇၊ ၁၁ နဲ့နှိုင်းယှဉ်ပါ။
ယေဟောဝါရှေ့တော်၌ ကျွန်ုပ်တို့၏နေ့ရက်များတန်ဖိုးရှိရန် မည်သို့ပြုလုပ်နိုင်မည်နည်း
အသက်သည် တိုတောင်း၍ မြန်မြန်လွန်သွားပုံရသည်။ လူ့သက်တမ်း တိုတောင်းမှုကို ဆာလံဆရာဒါဝိဒ် ဆင်ခြင်သုံးသပ်မိကာ ဤသို့ဆုတောင်းခဲ့ရလေသည်– “အိုထာဝရဘုရား အကျွန်ုပ်၏ အဆုံးကိုလည်းကောင်း၊ အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။ အကျွန်ုပ်အသက်တာ မည်မျှဖြစ်သည်ကို သိပါရစေ။ အကျွန်ုပ်၏ နေ့ရက်များကို တစ်မိုက်နှစ်မိုက်မျှသာ ခန့်ထားတော်မူပါပြီ။ အသက်တာသည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။” ဒါဝိဒ်သည် သူ၏အပြောအဆို၊ အပြုအမူအားဖြင့်ပါ ဘုရားသခင့် စိတ်တော်နှင့်တွေ့သည့် လမ်းစဉ်တွင် အသက်ရှင်လိုခဲ့သည်။ ထို့ကြောင့် သူက “အကျွန်ုပ်၏ မျှော်လင့်ခြင်းသည် ကိုယ်တော်၌သာ ရှိပါ၏” ဟုဆို၍ ဘုရားသခင်ကို အားထားမှီခိုရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ (ဆာလံ ၃၉:၄၊ ၅၊ ၇၊ သမ္မာ) ယင်းကို ယေဟောဝါ နားညောင်းတော်မူခဲ့၏။ ကိုယ်တော်သည် ဒါဝိဒ်၏ လုပ်ဆောင်ချက်များကို အကဲခတ်ပြီး သင့်တော်သလို ဆုချတော်မူခဲ့သည်။
မိနစ်စက္ကန့်တိုင်း မနားမနေ အလုပ်များနေရန် အလွန်လွယ်ကူသည်။ အထူးသဖြင့် လုပ်စရာ၊ တွေ့ကြုံခံစားစရာ အလွန်များပြားပြီး ယင်းတို့ကိုပြုလုပ်ရန် အချိန်မလောက်နိုင်သည့်အတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့လည်း ဒါဝိဒ်ကဲ့သို့ပင် ဘုရားသခင့် စိတ်တော်နှင့်တွေ့သော အသက်တာဖြင့် အသက်ရှင်လိုပါသလော။ ယေဟောဝါသည် ကျွန်ုပ်တို့ တစ်ဦးစီကို အမှန်တကယ်ပင် ဂရုစိုက်ကြည့်ရှုပြီး အသေအချာ စစ်ဆေးတော်မူ၏။ ဘုရားသခင်အား ကြောက်ရွံ့သူ ယောဘသည် မိမိ၏ ပြုမူကျင့်ကြံပုံများနှင့် လုပ်ဆောင်ချက်အားလုံးကို ယေဟောဝါ မြင်တော်မူပြီး စစ်ဆေးတော်မူကြောင်း လွန်ခဲ့သည့်နှစ်ပေါင်း ၃,၆၀၀ ခန့်က အသိအမှတ်ပြုခဲ့၏။ သို့နှင့် ယောဘသည် အဖြေမတောင်းဘဲ ဤသို့မေးခဲ့သည်– “[ကိုယ်တော်] စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။” (ယောဘ ၃၁:၄-၆၊ ၁၄) ဝိညာဉ်ရေးဆိုင်ရာ ဦးစားထားရာများကို သတ်မှတ်ခြင်း၊ ကိုယ်တော့်အမိန့်တော်များကို နာခံခြင်းနှင့် အချိန်ကို ပညာရှိရှိ အသုံးပြုခြင်းအားဖြင့် ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့၏ နေ့ရက်များ တန်ဖိုးရှိစေရန် လုပ်ဆောင်နိုင်ပါသည်။ ဤကိစ္စရပ်များကို အနီးကပ် ဆင်ခြင်သုံးသပ်ကြည့်ကြပါစို့။
ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်ပါ
ယေဟောဝါနဲ့ မကြာမကြာ စကားပြောပါ။ အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အတွက် ဆုတောင်းဖို့ ခက်နိုင်တယ်ဆိုတာ ဖခင် ယေဟောဝါ နားလည်တယ်။ (ရော. ၈:၂၆) ဒါပေမဲ့ ယေဟောဝါနဲ့ ဘယ်လောက်တောင် မိတ်ဆွေ ဖြစ်ချင်ကြောင်း ပြောပြပြီး “ဇွဲမလျှော့တမ်း ဆုတောင်းပါ။” (ရော. ၁၂:၁၂) “အပြစ် ကြီးလိုက်တာလို့ ခံစားရတယ်။ ရှက်လည်း ရှက်တယ်။ ဒါပေမဲ့ ဆုတောင်းပြီးတဲ့ အကြိမ်တိုင်း အဲဒီခံစားချက်တွေ လျော့သွားတယ်။ ပိုပြီး စိတ်ငြိမ်သက်လာတယ်” လို့ အန်ဒြေ ပြောတယ်။ ဘာဆုတောင်းရမယ်ဆိုတာ မသိရင် ဆာလံ ၅၁ နဲ့ ၆၅ မှာ ပါတဲ့ ဘုရင် ဒါဝိဒ်ရဲ့ နောင်တနဲ့ပတ်သက်တဲ့ ဆုတောင်းချက်တွေကို ပြန်သုံးသပ်ပါ။
ဘုရားရေးရာ ရတနာ
ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြပါ
၁၆ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှုရဖို့ ချုပ်တည်းမှု မရှိမဖြစ် လိုတယ်။ လျှို့ဝှက်ထားရမယ့် ကိစ္စကို ပြောဖို့ သွေးဆောင်ခံရချိန်မှာ နှုတ်ကို ထိန်းဖို့ ချုပ်တည်းမှုက ကူညီပေးတယ်။ (ပညာအလိမ္မာ ၁၀:၁၉ ကို ဖတ်ပါ။) လူမှုမီဒီယာ အသုံးပြုချိန်မှာ ချုပ်တည်းမှုရှိဖို့ ခက်နိုင်တယ်။ သတိမထားဘူးဆိုရင် လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို လူအများကြီး သိအောင် မရည်ရွယ်ဘဲ ဖွင့်ချမိနိုင်တယ်။ လိုင်းပေါ် တင်လိုက်ပြီဆိုတာနဲ့ အဲဒီအချက်အလက်ကို တခြားသူတွေ ဘာဆက်လုပ်မလဲ၊ ဘယ်လောက် ထိခိုက်မှု ဖြစ်စေမလဲဆိုတာ ကိုယ် ထိန်းချုပ်လို့ မရတော့ဘူး။ ညီအစ်ကို/မတွေကို အန္တရာယ် ဖြစ်စေမယ့် အချက်အလက်တွေ ထုတ်ပြောဖို့ ဆန့်ကျင်သူတွေ လှည့်စားချိန်မှာ နှုတ်ဆိတ်နေဖို့လည်း ချုပ်တည်းမှုက ကူညီပေးတယ်။ လုပ်ငန်း ပိတ်ပင်၊ ကန့်သတ်ထားတဲ့ နိုင်ငံမှာ ရဲတွေ ကျွန်တော်တို့ကို စစ်မေးတဲ့အခါမျိုးမှာ ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေနဲ့ တခြား အခြေအနေတွေမှာ “ပါးချုပ်တပ်ပြီး နှုတ်ကို စောင့်စည်းမယ်” ဆိုတဲ့ ကျမ်းစာမူကို ကျင့်သုံးနိုင်တယ်။ (ဆာ. ၃၉:၁) မိသားစု၊ မိတ်ဆွေ၊ ညီအစ်ကို/မ၊ ဘယ်သူနဲ့မဆို ဆက်ဆံချိန်မှာ ကျွန်တော်တို့ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ လိုတယ်။ အဲဒီလို ဖြစ်ဖို့ ချုပ်တည်းရမယ်။
မေ ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၄၀-၄၁
တခြားသူတွေကို ကူညီသင့်တဲ့ အကြောင်းရင်း
ရက်ရောစွာ ပေးကမ်းသူတွေ ပျော်ရွှင်ကြ
၁၆ အမှန်တကယ် ရက်ရောသူတွေဟာ တစ်ခုခုပြန်ရဖို့ မမျှော်လင့်ကြဘူး။ “စားသောက်ပွဲ တည်ခင်းတဲ့အခါ နွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေ၊ ခြေမသန်သူတွေ၊ မျက်မမြင်တွေကို ဖိတ်ပါ။ သူတို့ဟာ ကျေးဇူးပြန်မဆပ်နိုင်သူတွေဖြစ်လို့ ခင်ဗျား ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ယေရှု သင်ပေးတယ်။ (လု. ၁၄:၁၃၊ ၁၄) ‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရလိမ့်မယ်’ လို့ ကျမ်းရေးသူတစ်ယောက် ပြောတယ်။ နောက်တစ်ယောက်ကလည်း “နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ပြောတယ်။ (ပညာ. ၂၂:၉။ ဆာ. ၄၁:၁) မှန်ပါတယ်၊ တခြားသူတွေကို ကူညီပေးခြင်းကနေ ပျော်ရွှင်မှု ခံစားရနိုင်ပါတယ်။
၁၇ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” ဆိုတဲ့ ယေရှုရဲ့စကားကို ပေါလု ကိုးကားချိန်မှာ ရုပ်ပစ္စည်း ပေးကမ်းတာကိုပဲ ဆိုလိုနေတာ မဟုတ်ဘူး။ လိုအပ်နေသူတွေကို အားပေး၊ လမ်းညွှန်၊ ကူညီပေးခြင်းကိုပါ ဆိုလိုတယ်။ (တ. ၂၀:၃၁-၃၅) ကိုယ့်အချိန်၊ ခွန်အား၊ မေတ္တာနဲ့ ဂရုစိုက်မှုတို့ကို ရက်ရက်ရောရော ပေးဖို့ အပြောနဲ့ရော အလုပ်နဲ့ပါ ပေါလု သင်ပေးခဲ့တယ်။
၁၈ ပေးကမ်းခြင်းက လူတွေကို ပျော်ရွှင်စေကြောင်း လူမှုသိပ္ပံ သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။ “တခြားသူတွေကို ကြင်နာမှုပြတာက ထူးထူးခြားခြား ပျော်ရွှင်စေတယ်” လို့ ဆောင်းပါးတစ်ခုမှာ ဖော်ပြတယ်။ တခြားသူတွေကို ကူညီခြင်းက “လူ့အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ဘဝကို ပိုအဓိပ္ပာယ်ရှိစေတယ်” လို့ သုတေသီတွေ ပြောကြတယ်။ ဒါကြောင့် ကျန်းမာရေး ပိုကောင်းဖို့၊ ပိုပျော်ရွှင်ဖို့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်ပါဆိုပြီး အားပေးကြတယ်။ ဒါတွေက ကျမ်းစာကို မေတ္တာရှင် ယေဟောဝါရဲ့ စကားတော်အဖြစ် လက်ခံသူတွေအတွက် မထူးဆန်းပါဘူး။—၂ တိ. ၃:၁၆၊ ၁၇။
သင့်ကို ယေဟောဝါ ဖေးမကူညီလိမ့်မယ်
၇ ဒါပေမဲ့ သင် ဖျားနာတဲ့အခါ သင့်ကို ယေဟောဝါ ကူညီဖေးမ နှစ်သိမ့်ပေးပါလိမ့်မယ်။ ရှေးတုန်းက ကျေးကျွန်တွေကို အဲဒီအတိုင်း လုပ်ဆောင်ပေးခဲ့တယ်။ ‘နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်တယ်။ သူဘေးဆိုးကြုံရချိန်မှာ ယေဟောဝါ ကယ်တင်လိမ့်မယ်။ ယေဟောဝါက သူ့ကို စောင့်ရှောက်ပြီး အသက်ဆက်ရှင်စေလိမ့်မယ်’ လို့ ဘုရင်ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၄၁:၁၊ ၂၊ ကဘ) အဲဒီခေတ်တုန်းက နိမ့်ကျသူကို စာနာမှုပြတဲ့လူကောင်းဟာ ဘယ်တော့မှ မသေတော့ဘူးလို့ ဒါဝိဒ် ဆိုလိုနေတာ မဟုတ်ပါဘူး။ ဒါဆို အဲဒီလူကောင်းကို ယေဟောဝါ ဘယ်လို ကူညီပေးမလဲ။ ဒါဝိဒ် ဒီလိုအဖြေပေးတယ်– ‘သူ အိပ်ရာထဲလဲနေချိန်မှာ ယေဟောဝါ ဖေးမပေးလိမ့်မယ်။ ဖျားနာနေချိန်မှာ ပြုစုပေးလိမ့်မယ်။’ (ဆာ. ၄၁:၃၊ ကဘ) မှန်ပါတယ်၊ ယေဟောဝါဟာ မိမိကျေးကျွန်တွေ ခံစားနေရတဲ့ ရောဂါဝေဒနာကို ကောင်းကောင်းသိပြီး သူတို့ရဲ့သစ္စာရှိမှုကို မမေ့ဘူး။ ဉာဏ်ပညာနဲ့ ခွန်အားပေးနိုင်တယ်။ ယေဟောဝါ ဖန်ဆင်းပေးထားတဲ့ လူ့ခန္ဓာကိုယ်ရဲ့ အလိုလို ပြုပြင်နိုင်စွမ်းကြောင့်လည်း သူတို့ ပြန်ကျန်းမာလာနိုင်တယ်။
ယေဟောဝါရဲ့ သနားစာနာမှုကို တုပပါ
၁၇ ကိုယ်တိုင် အကျိုးခံစားရလို့ပဲ သနားစာနာစိတ် မွေးမြူသင့်တာ မဟုတ်ဘူး။ အဓိကအကြောင်းရင်းက မေတ္တာနဲ့ သနားစာနာမှုရဲ့ ပင်ရင်း ယေဟောဝါဘုရားကို တုပ၊ ဂုဏ်တင်ချင်စိတ်ကြောင့် ဖြစ်သင့်တယ်။ (ပညာ. ၁၄:၃၁) ဘုရားသခင် အကောင်းဆုံး ပုံနမူနာ ချမှတ်ခဲ့တယ်။ သနားစာနာမှု တင်ပြခြင်းအားဖြင့် ဘုရားသခင်ကို တုပဖို့၊ ညီအစ်ကိုတွေကြားမှာ မေတ္တာတိုးများစေဖို့၊ လူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါစို့။—ဂလ. ၆:၁၀။ ၁ ယော. ၄:၁၆။
ဘုရားရေးရာ ရတနာ
it-2 ၁၆
ယေဟောဝါ
ကျမ်းစာတစ်အုပ်လုံးရဲ့ အကြောင်းအရာဟာ ယေဟောဝါရဲ့ အချုပ်ခြာအာဏာ ပိုင်သအုပ်စိုးမှု အရေးကိစ္စဖြစ်ပြီး ယေဟောဝါရဲ့ အဓိကရည်ရွယ်ချက်က မိမိနာမတော် သန့်ရှင်းမြင့်မြတ်ဖို့ပါ။ ဘုရားနာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ဆိုရင် နာမတော်ကို ကဲ့ရဲ့ရှုတ်ချခဲ့ရာတွေ မှားကြောင်း သက်သေထူနိုင်ရမယ်။ ဒါ့အပြင် ကောင်းကင်နဲ့ မြေကြီးပေါ်မှာရှိတဲ့ အသိဉာဏ်ရှိ သတ္တဝါအားလုံး ဘုရားနာမတော်ကို သန့်ရှင်းမြင့်မြတ်ရာအဖြစ် ဂုဏ်တင်ရမယ်။ ယေဟောဝါရဲ့ အချုပ်ခြာအာဏာကို အသိအမှတ်ပြု လေးစားရမယ်။ ဘုရားကို ချစ်တဲ့စိတ်ကြောင့် စိတ်လိုကိုယ်လျောက် ဘုရားအလိုတော် ဆောင်ချင်တာ၊ ဘုရားကို ဝတ်ပြုချင်တာ ဖြစ်ရမယ်။ ဒါဝိဒ်မှာ အဲဒီလိုစိတ်ထားရှိတယ်၊ ယေဟောဝါရဲ့နာမတော်ကို သန့်ရှင်းမြင့်မြတ်စေချင်တယ်ဆိုတာ သူ့ရဲ့ဆုတောင်းချက် ဆာလံ ၄၀:၅-၁၀ မှာ မြင်တွေ့နိုင်တယ်။ (ဆာလံကျမ်းရဲ့ ဒီအပိုင်းဟာ ယေရှုခရစ်နဲ့ သက်ဆိုင်ကြောင်း ဟီ ၁၀:၅-၁၀ မှာ ဖော်ပြထားတာကို သတိပြုကြည့်ပါ။)
မေ ၂၇–ဇွန် ၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၄၂-၄၄
ယေဟောဝါ သွန်သင်ပေးတဲ့ ပညာရေးကနေ အကျိုးအပြည့်အဝ ရယူပါ
ဆာလံကျမ်းအပိုင်းနှစ်မှ ပေါ်လွင်ချက်များ
၄၂:၄၊ ၅၊ ၁၁; ၄၃:၃-၅။ ကျွန်ုပ်တို့ မလွန်ဆန်နိုင်သော အကြောင်းတစ်ခုခုကြောင့် ခရစ်ယာန်အသင်းတော်နှင့် ခေတ္တဝေးကွာနေရလျှင်ပင် တစ်ချိန်က ပေါင်းသင်းခဲ့၍ ရရှိသော ရွှင်လန်းမှုများကို အမှတ်ရနေခြင်းဖြင့် ကျွန်ုပ်တို့ အားယူနိုင်သည်။ တစ်ကိုယ်တည်း ဖြစ်နေရခြင်းကြောင့် အစပိုင်းတွင် အလွန်အားငယ်နေမည် ဖြစ်သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်ပြီး စိတ်သက်သာမှုရရန် ကိုယ်တော်ကို စောင့်မျှော်နေရမည်ဖြစ်ကြောင်း သတိရပေမည်။
ကျမ်းစာလေ့လာချိန်မှာ ပိုပျော်ရွှင်ပြီး ပိုအကျိုးရအောင် ပြုလုပ်ပါ
၁ ဆုတောင်းပါ– ဦးဆုံးလုပ်ရမှာက ဆုတောင်းဖို့ဖြစ်တယ်။ (ဆာ. ၄၂:၈) ဘာကြောင့်လဲ။ သမ္မာကျမ်းစာ လေ့လာခြင်းကို ဝတ်ပြုရေးရဲ့ ကဏ္ဍတစ်ခုအဖြစ် ယူမှတ်သင့်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဖတ်ရှုတာတွေကို နားလည်လက်ခံနိုင်တဲ့ စိတ်နှလုံးရှိဖို့နဲ့ သန့်ရှင်းသော စွမ်းအားတော်ပေးဖို့ ယေဟောဝါထံ ဆုတောင်းဖို့လိုတယ်။ (လု. ၁၁:၁၃) သက်တမ်းကြာ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်တဲ့ ဘာဘရာ ဒီလိုပြောတယ်– “ကျမ်းစာမဖတ်ခင် ဒါမှမဟုတ် မလေ့လာခင် ကျွန်မ အမြဲဆုတောင်းတယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ယေဟောဝါ ကျွန်မနဲ့အတူရှိတယ်၊ ကျွန်မရဲ့လေ့လာမှုကို ကိုယ်တော် နှစ်သက်တယ်လို့ ခံစားရတယ်။” မလေ့လာခင် ဆုတောင်းခြင်းက ပေါများကြွယ်ဝတဲ့ ပုံဆောင်အစားအစာတွေကို အပြည့်အဝ လက်ခံနိုင်ဖို့ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ပြင်ဆင်ပေးတယ်။
“လက်အားမလျော့စေနှင့်”
၁၁ ပတ်စဉ် အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေ၊ ကျမ်းစာသင်တန်းတွေမှာ ရရှိတဲ့ ညွှန်ကြားချက်တွေအားဖြင့်လည်း ယေဟောဝါ ခွန်အားပေးတယ်။ အဲဒီညွှန်ကြားချက်တွေက တော်မှန်တဲ့ သဘောထားနဲ့ အမှုဆောင်နိုင်အောင်၊ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်နိုင်အောင်၊ ခရစ်ယာန်တာဝန်တွေ ထမ်းဆောင်နိုင်အောင် ကူညီပေးတယ်။ (ဆာ. ၁၁၉:၃၂) ယေဟောဝါရဲ့ ညွှန်ကြားချက်ကနေ ခွန်အားရဖို့ သင် ထက်ထက်သန်သန် ကြိုးစားနေသလား။
၁၂ ယေဟောဝါက အာမလက်တွေနဲ့ အီသီယိုးပီးယားတွေကို အနိုင်ရအောင် အစ္စရေးတွေကို ကူညီပေးခဲ့တယ်။ ဂျေရုဆလင်မြို့ရိုး အပြီးသတ်နိုင်အောင် နေဟမိနဲ့ ဂျူးတွေကို ခွန်အားပေးခဲ့တယ်။ အဲဒီလိုပဲ စိုးရိမ်ပူပန်မှုတွေ၊ ဆန့်ကျင်မှုတွေ၊ လျစ်လျူရှုမှုတွေကြားမှာ ဆက်ဟောပြောနိုင်အောင် ကျွန်တော်တို့ကို ခွန်အားပေးပါလိမ့်မယ်။ (၁ ပေ. ၅:၁၀) ပြဿနာတွေ အံ့ဖွယ်နည်းနဲ့ ပျောက်သွားအောင်တော့ ယေဟောဝါ လုပ်ပေးမှာ မဟုတ်ဘူး။ အဲဒီအစား ကိုယ့်ဘက်က လုပ်စရာရှိတာ လုပ်ရမယ်။ နေ့တိုင်း ကျမ်းစာဖတ်ရမယ်။ ပတ်စဉ် အစည်းအဝေးတွေကို ပြင်ဆင်ပြီး တက်ရောက်ရမယ်။ ကိုယ်ပိုင်လေ့လာမှုနဲ့ မိသားစု ဝတ်ပြုမှု မှန်မှန် လုပ်ရမယ်။ ယေဟောဝါဆီ အားကိုးတကြီး ဆုတောင်းနေရမယ်။ အဲဒီကိစ္စတစ်ခုခုမှာ လက်အားလျော့နေတာ သတိပြုမိရင် ယေဟောဝါဆီ အကူအညီ တောင်းလိုက်ပါ။ ကျွန်တော်တို့ကို ခွန်အားပေးဖို့ ယေဟောဝါ အသုံးပြုနေတဲ့ အရာမှန်သမျှကနေ အာရုံလွဲသွားတာမျိုး အဖြစ်မခံပါနဲ့။ အဲဒီနောက် ဘုရားသခင့် စွမ်းအားတော်က ကျွန်တော်တို့ကို ‘လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ’ ဘယ်လို ပေးတယ်ဆိုတာ သတိပြုကြည့်ပါ။ (ဖိ. ၂:၁၃) တခြားသူတွေကိုလည်း သင် ဘယ်လို အားရှိစေနိုင်သလဲ။
ဘုရားရေးရာ ရတနာ
it-1 ၁၂၄၂
ခွေးအ
ဥပမာပေးဖော်ပြဖို့ ရည်ရွယ်ချက်နဲ့ ခွေးအတွေအကြောင်း ကျမ်းစာ ဆိုလေ့ရှိတယ်။ ယောဘက မိမိအဖြစ်ဆိုးကြုံရပုံကို “ခွေးအတွေနဲ့ ညီအစ်ကိုတော်” ရပုံနဲ့ ခိုင်းနှိုင်းတယ်။ (ယဘ ၃၀:၂၉) ဘုရားလူမျိုးတွေ တိုက်ပွဲမှာ အရေးနိမ့်တဲ့အခါ ဆာလံဆရာ အခုလို ငိုချင်းချတယ်– “ကိုယ်တော်က ခွေးအတွေ ကျက်စားတဲ့အရပ်မှာ ကျွန်တော်တို့ကို အရေးနိမ့်စေတယ်။” (ဆ ၄၄:၁၉) တိုက်ပွဲကျသေဆုံးသူတွေကို ခွေးအတွေ လာစားတဲ့အဖြစ်ကို သူ ဆိုလိုချင်ပုံရတယ်။ (ဆ ၆၈:၂၃ နဲ့ နှိုင်းယှဉ်ပါ) ဂျေရုဆလင်ကို ဗာဗုလုန်တွေ ဝိုင်းရံတဲ့ ဘီစီ ၆၀၇ မှာ အကြီးအကျယ် အငတ်ဘေးဆိုက်တဲ့အခါ မိခင်တွေက ကိုယ့်ကလေးအပေါ် မတွေးဝံ့တာတွေ လုပ်ခဲ့တယ်။ ဒါကြောင့် ယေရမိက ခွေးအတွေတောင် မိခင်စိတ်ရှိပေမဲ့ “ငါ့လူမျိုး” ကတော့ ရက်စက်လိုက်တာဆိုပြီး နှိုင်းယှဉ်ပြခဲ့တယ်။—မတ ၄:၃၊ ၁၀။
ဇွန် ၃-၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၄၅-၄၇
ဘုရင်တစ်ပါးရဲ့ မင်္ဂလာပွဲအကြောင်း သီချင်းတစ်ပုဒ်
သိုးသငယ်ရဲ့ မင်္ဂလာပွဲမှာ ဝမ်းမြောက်ရွှင်လန်းပါ
၈ ဆာလံ ၄၅:၁၃၊ ၁၄က ကိုဖတ်ပါ။ သတို့သမီးက “ခင်ပွန်းအတွက် တန်ဆာဆင်” ထားပြီး မင်္ဂလာပွဲအတွက် “ဂုဏ်ကျက်သရေအပြည့်” ရှိနေတယ်။ ဗျာဒိတ် ၂၁:၂ မှာ သတို့သမီးကို ဂျေရုဆလင်မြို့သစ်နဲ့ နှိုင်းယှဉ်ထားတယ်။ ဒီကောင်းကင်မြို့တော်ဟာ “ဘုရားသခင်၏ ဘုန်းအသရေတော်” နဲ့ ထွန်းလင်းနေတယ်၊ ‘အလွန်အဖိုးထိုက်သော ကျောက်မျက်ရတနာလိုဖြစ်ပြီး သလင်းကျောက်သဖွယ် ကြည်လင်တဲ့ နဂါးသွဲ့နဲ့တူ’ တယ်။ (ဗျာ. ၂၁:၁၀၊ ၁၁) ထွန်းလင်းတောက်ပနေတဲ့ ဂျေရုဆလင်မြို့သစ်ရဲ့ အသွင်အပြင်ကို ဗျာဒိတ်ကျမ်းမှာ လှလှပပ ဖော်ပြထားတယ်။ (ဗျာ. ၂၁:၁၈-၂၁) တကယ့်ကို “ဂုဏ်ကျက်သရေအပြည့်” ရှိတဲ့ သတို့သမီးပါပဲ။ အဲဒါက ကောင်းကင်မှာ ကျင်းပမယ့် မင်္ဂလာပွဲပါပဲ။
၉ သတို့သမီးကို သတို့သားဖြစ်တဲ့ မေရှိယဘုရင်ဆီ ခေါ်သွားတယ်။ သတို့သားက သတို့သမီးကို “တရားစကားတော် ရေအားဖြင့် စင်ကြယ်စေ” ပြီး ပြင်ဆင်ခဲ့တယ်။ သတို့သမီးက ‘သန့်ရှင်းပြီး အပြစ်အနာအဆာကင်း’ တယ်။ (ဧ. ၅:၂၆၊ ၂၇) သတို့သမီးဟာ မင်္ဂလာပွဲနဲ့ သင့်တော်တဲ့ အဝတ်အစားတွေကိုလည်း ဝတ်ဆင်ထားရမှာ ဖြစ်တယ်။ အဲဒီလို တကယ် ဝတ်ဆင်ထားတယ်။ “သူ့ရဲ့အဝတ်ကို ရွှေနဲ့ တန်ဆာဆင်ထားတယ်။ သူ့ကို ပန်းထိုးထားတဲ့ဝတ်ရုံ ဝတ်ဆင်ပေးပြီး မင်းကြီးဆီ ခေါ်ဆောင်လာလိမ့်မယ်။” သိုးသငယ်ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးဟာ ‘တောက်ပသန့်စင်တဲ့ ချည်ချောထည်ကို ဆင်မြန်းခွင့်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချည်ချောထည်ဟာ သန့်ရှင်းသူတွေရဲ့ ဖြောင့်မတ်တဲ့ လုပ်ဆောင်မှုတွေကို ကိုယ်စားပြုတယ်။’—ဗျာ. ၁၉:၈။
ဗျာဒိတ်ကျမ်းက သင့်အနာဂတ်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ
၁၀ ဒီတိုက်ခိုက်မှုကို ယေဟောဝါ ဘယ်လို တုံ့ပြန်မလဲ။ “ငါ့ဒေါသမီး ဟုန်းဟုန်းတောက်လိမ့်မယ်” လို့ ပြောတယ်။ (ယေဇ. ၃၈:၁၈၊ ၂၁-၂၃) ဘာဆက်ဖြစ်မလဲဆိုတာ ဗျာဒိတ် အခန်းကြီး ၁၉ မှာ ဖော်ပြထားတယ်။ လူမျိုးတော်ကို ကာကွယ်ဖို့၊ ရန်သူတွေကို နှိမ်နင်းဖို့ သားတော်ကို ယေဟောဝါ စေလွှတ်မယ်။ သစ္စာရှိ ကောင်းကင်တမန်တွေနဲ့ ၁၄၄,၀၀၀ ပါဝင်ဖွဲ့စည်းထားတဲ့ “ကောင်းကင်ဗိုလ်ခြေတွေ” ယေရှုနဲ့အတူ ပူးပေါင်းတိုက်ခိုက်မယ်။ (ဗျာ. ၁၇:၁၄။ ၁၉:၁၁-၁၅) စစ်ပွဲရလဒ်က ဘာလဲ။ ယေဟောဝါကို ဆန့်ကျင်တဲ့ လူနဲ့ အဖွဲ့အစည်းအားလုံး လုံးဝ ဖျက်ဆီးခံရမယ်။—ဗျာဒိတ် ၁၉:၁၉-၂၁ ကို ဖတ်ပါ။
၁၁ ဘုရားရန်သူတွေ အပြီးဖျက်ဆီးခံရတဲ့အခါ မြေကြီးပေါ်က သစ္စာရှိသူတွေ လွတ်မြောက်လာကြလို့ ဘယ်လောက် ဝမ်းသာမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ မဟာဗာဗုလုန် ဖျက်ဆီးခံရလို့ ကောင်းကင်မှာ ကျယ်လောင်စွာ ကြွေးကြော်ကြမယ်။ ဒါပေမဲ့ နောက်ထပ် ပျော်ရွှင်စရာအကြောင်း ရှိသေးတယ်။ (ဗျာ. ၁၉:၁-၃) အဲဒါကတော့ ဗျာဒိတ်ကျမ်းရဲ့ အထွတ်အထိပ် ဖြစ်ရပ် “သိုးသငယ်ရဲ့ မင်္ဂလာပွဲ” ပါပဲ။—ဗျာ. ၁၉:၆-၉။
၁၂ ဘယ်အချိန် မင်္ဂလာပွဲ ကျင်းပမလဲ။ အာမဂေဒုန်စစ်ပွဲ မစခင်လေးမှာ ၁၄၄,၀၀၀ အားလုံး ကောင်းကင်ကို ရောက်နေကြမယ်။ ဒါပေမဲ့ သိုးသငယ်ရဲ့ မင်္ဂလာပွဲ ကျင်းပဖို့ အချိန်မတန်သေးဘူး။ (ဗျာဒိတ် ၂၁:၁၊ ၂ ကို ဖတ်ပါ။) အာမဂေဒုန်စစ်ပွဲ ပြီးနောက်၊ ဘုရားရန်သူအားလုံး ဖယ်ရှားခံရပြီးနောက်မှာမှ သိုးသငယ်ရဲ့ မင်္ဂလာပွဲကို ကျင်းပမှာ ဖြစ်တယ်။—ဆာ. ၄၅:၃၊ ၄၊ ၁၃-၁၇။
it-2 ၁၁၆၉
စစ်ပွဲ
ဒီစစ်ပွဲအပြီးမှာ ကမ္ဘာတစ်ခွင် အနှစ်တစ်ထောင် သာယာအေးချမ်းမယ်။ ဆာလံဆရာ အခုလိုဆိုတယ်– “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်းဖြတ်ပစ်တယ်။ စစ်မြင်းရထားတွေကို မီးရှို့ပစ်တယ်။” ဘုရားသခင်က ရန်သူ့စစ်လက်နက်တွေကို ဖျက်ဆီးပြီး အစ္စရေးပြည် ငြိမ်းချမ်းသွားအောင် လုပ်ပေးချိန်မှာ ဒီကျမ်းချက် ကနဦး ပြည့်စုံခဲ့တယ်။ စစ်ကို အားပေးအားမြှောက်ပြုသူတွေကို ဟာမဂေဒုန်အရပ်မှာ ခရစ်တော် တိုက်ခိုက်အောင်နိုင်ပြီးနောက်မှာတော့ တစ်ကမ္ဘာလုံး အေးချမ်းငြိမ်သက်မှုအတိ လွှမ်းခြုံသွားမယ်။ (ဆ ၄၆:၈-၁၀) “ဓားကို ထယ်သွားဖြစ်အောင်၊ လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြ” မယ့်သူတွေ၊ “စစ်အတတ်ပညာကိုလည်း မသင်ကြတော့” မယ့်သူတွေ ထာဝရအသက် ရရှိမယ်။ “ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။”—ရှာ ၂:၄။ မိ ၄:၃၊ ၄။
ဘုရားရေးရာ ရတနာ
ဘုရားသခင့် နိုင်ငံတော် ရောက်လာတဲ့အခါ ဘာတွေ ကွယ်ပျောက်သွားမလဲ
၉ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းတွေနေရာမှာ ဘာအစားဝင်မလဲ။ အာမဂေဒုန်ပြီးနောက် ကမ္ဘာပေါ်မှာ အဖွဲ့အစည်းဆိုတာ ရှိပါဦးမလား။ “ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏” လို့ ကျမ်းစာမှာ ပြောတယ်။ (၂ ပေ. ၃:၁၃) ကောင်းကင်ဟောင်းဖြစ်တဲ့ အကျင့်ပျက်ခြစားတဲ့ အစိုးရတွေ၊ မြေကြီးဟောင်းဖြစ်တဲ့ သူတို့ ထိန်းချုပ်ထားတဲ့ မြေကြီးဆိုင်ရာ အဖွဲ့အစည်းတွေ ကွယ်ပျောက်သွားပါလိမ့်မယ်။ သူတို့နေရာမှာ ဘာအစားဝင်မလဲ။ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ဆိုတဲ့ အသုံးအနှုန်းက အစိုးရသစ်၊ အဲဒီအစိုးရ အုပ်ချုပ်မယ့် မြေကြီးဆိုင်ရာ အဖွဲ့အစည်းသစ်ကို ဆိုလိုတယ်။ ယေရှုခရစ် အုပ်စိုးမယ့် နိုင်ငံတော်ဟာ စည်းစနစ်ကျတဲ့ ဘုရားသခင် ယေဟောဝါရဲ့ ဂုဏ်ရည်တော်ကို ပြည့်ဝစုံလင်စွာ ထင်ဟပ်ပြပါလိမ့်မယ်။ (၁ ကော. ၁၄:၃၃) အဲဒါကြောင့် “မြေကြီးသစ်” ကို ဖွဲ့စည်းပါလိမ့်မယ်။ လူကောင်းတွေက ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်ကြပါမယ်။ (ဆာ. ၄၅:၁၆) သူတို့ကို ခရစ်တော်နဲ့ ၁၄၄,၀၀၀ က လမ်းပြညွှန်ကြားပါလိမ့်မယ်။ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းအားလုံးနေရာမှာ ဖြောင့်မတ်မှန်ကန်တဲ့၊ စည်းလုံးတဲ့ တစ်ခုတည်းသော အဖွဲ့အစည်း အစားဝင်လာပါလိမ့်မယ်။
ဇွန် ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၄၈-၅၀
မိဘတို့၊ ယေဟောဝါအဖွဲ့အစည်းကို ယုံကြည်စိတ်ချနေအောင် သားသမီးတွေကို ကူညီပေးပါ
စစ်မှန်တဲ့ ဝတ်ပြုရေးက သင့်ကို ပျော်ရွှင်စေ
၁၁ ကျမ်းစာ လေ့လာတာ၊ သားသမီးတွေကို သွန်သင်ပေးတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ ဥပုသ်နေ့ အစီအစဉ်ကြောင့် အစ္စရေးတွေဟာ ပုံမှန်အလုပ်တွေကနေ အနားယူခွင့် ရပြီး ယေဟောဝါနဲ့ ဆက်ဆံရေးကို အာရုံစိုက်နိုင်ခဲ့ကြတယ်။ (ထွ. ၃၁:၁၆၊ ၁၇) သားသမီးတွေကို ယေဟောဝါအကြောင်း၊ ဘုရားရဲ့ ကောင်းမြတ်မှုအကြောင်း သွန်သင်ပေးနိုင်ကြတယ်။ ကျွန်တော်တို့လည်း ပုံမှန် ကျမ်းစာ ဖတ်ရှုလေ့လာဖို့ ဇယားဆွဲထားသင့်တယ်။ ဒါဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်ပြီး ဘုရားနဲ့ ပိုရင်းနှီးစေတယ်။ (ဆာ. ၇၃:၂၈) မိသားစုလိုက် လေ့လာတဲ့အခါ မျိုးဆက်သစ် ဖြစ်တဲ့ သားသမီးတွေကို မေတ္တာရှင် ကောင်းကင်ဖခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာအောင် ကူညီပေးနိုင်တယ်။—ဆာလံ ၄၈:၁၃ ကို ဖတ်ပါ။
သင်၌ ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းရှိ
“သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်မြို့ကို ပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြလော့။ ရင်တားတို့ကိုမှတ်၍ ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။” (ဆာ. ၄၈:၁၂၊ ၁၃) ဒီကျမ်းချက်မှာ ဆာလံဆရာက ဂျေရုဆလင်မြို့ကို အနီးကပ်လေ့လာဖို့ အစ္စရေးလူမျိုးတွေကို တိုက်တွန်းထားတယ်။ နှစ်စဉ်ကျင်းပတဲ့ ပွဲတော်တွေကို တက်ဖို့ သန့်ရှင်းတဲ့မြို့တော်ကို သွားပြီး ခမ်းနားထည်ဝါတဲ့ ဝတ်ပြုရာအိမ်တော်ကို မြင်တွေ့ခဲ့ရတဲ့ အစ္စရေးမိသားစုတွေက သူတို့မြင်ခဲ့ကြားခဲ့ရာတွေကို စားမြုံ့ပြန်ပြီး ပြောနေကြမှာကို သင် မြင်ယောင်ကြည့်ပါ။ သူတို့တွေက ဒီအကြောင်းတွေကို “သားမြေးတို့အား ကြားပြော” ဖို့ လှုံ့ဆော်ခံခဲ့ရမှာ သေချာတယ်။
ရှောလမုန်ရဲ့ ခမ်းနားကြီးကျယ်တဲ့ အုပ်ချုပ်မှုနဲ့ ကြီးမားတဲ့ ဉာဏ်ပညာအကြောင်း စကြားသိခဲ့စဉ်က သံသယဝင်ခဲ့တဲ့ ရှေဘမိဖုရားအကြောင်း စဉ်းစားကြည့်ပါ။ သူ ကြားသိခဲ့ရာတွေက အမှန်ဖြစ်တယ်ဆိုတာ ဘာက သူ့ကို ယုံကြည်စိတ်ချစေခဲ့သလဲ။ “ကိုယ်တိုင်ရောက်၍ မမြင်မီ ထိုစကားကိုမယုံ” ဆိုပြီး ပြောခဲ့တယ်။ (၆ ရာ. ၉:၆) ‘ကိုယ်တိုင်မြင်’ တဲ့အရာက ကျွန်ုပ်တို့ရဲ့စိတ်မှာ အလွန်စွဲမှတ်စေနိုင်ပါတယ်။
ယေဟောဝါအဖွဲ့အစည်းရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း သင့်သားသမီးတွေ ‘ကိုယ်တိုင်မြင်’ တွေ့စေဖို့ သင် ဘယ်လို ကူညီပေးနိုင်သလဲ။ သင့်ဒေသမှာ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးရှိမယ်ဆိုရင် အဲဒီကိုသွားလည်ပတ်ဖို့ အစီအစဉ်ဆွဲပါ။ ဥပမာ၊ မဲန်ဒီနဲ့ ဘက်သနီတို့က သူတို့နိုင်ငံရဲ့ ဌာနခွဲရုံးနဲ့ မိုင် ၉၀၀ အကွာလောက်မှာ နေထိုင်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့မိဘတွေက ဗေသလကို မကြာခဏဆိုသလို လည်ပတ်ဖို့ စီစဉ်ခဲ့ကြတယ်။ သူတို့ ဒီလိုပြောပြတယ်– “ကျွန်မတို့ ဗေသလကို မလည်ပတ်ခင်က ဗေသလဆိုတဲ့နေရာက တင်းကျပ်ပြီး အသက်ကြီးသူတွေပဲနေတဲ့ နေရာလို့ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါအတွက် ကြိုးစားအမှုဆောင်ပြီး တကယ့်ကို ပျော်ရွှင်နေတဲ့ လူငယ်တွေနဲ့ ကျွန်မတို့ ဆုံတွေ့ခဲ့ရတယ်။ ယေဟောဝါအဖွဲ့အစည်းဆိုတာ ကျွန်မတို့ရဲ့ အသင်းတော်လောက်ပဲ မဟုတ်ဘူးဆိုတာ မြင်တွေ့ခဲ့ရတယ်၊ ဗေသလကိုလည်ပတ်တိုင်း ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်လို့ ခံစားရပြီး ယေဟောဝါကို ပိုပြီးအမှုဆောင်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။” ဘုရားသခင့် အဖွဲ့အစည်းကို အနီးကပ် တွေ့မြင်ရခြင်းက မဲန်ဒီနဲ့ ဘက်သနီကို ရှေ့ဆောင်စလုပ်ဖို့ လှုံ့ဆော်ပေးခဲ့ပြီး ဗေသလမှာ ယာယီစေတနာ့ဝန်ထမ်းတွေအနေနဲ့ အမှုဆောင်ဖို့တောင် ဖိတ်ခေါ်ခံခဲ့ရတယ်။
နိုင်ငံသားများအဖြစ် ဆက်ကျင့်ကြံပါ
၅ သမိုင်းကြောင်းကို လေ့လာပါ။ လူ့အုပ်ချုပ်မှုရဲ့ နိုင်ငံသားဖြစ်လိုသူတစ်ဦးဟာ အဲဒီအုပ်ချုပ်ရေးရဲ့ သမိုင်းကြောင်းကို လေ့လာရမှာဖြစ်တယ်။ ကျွန်ုပ်တို့က ဘုရားသခင့် နိုင်ငံတော်ရဲ့ နိုင်ငံသား ဖြစ်လိုတယ်ဆိုရင် ဘုရားသခင့် နိုင်ငံတော်ရဲ့သမိုင်းကြောင်းကို အတတ်နိုင်ဆုံး လေ့လာသင့်တယ်။ ရှေးအစ္စရေးနိုင်ငံက ကောရရဲ့သားတွေရဲ့ နမူနာကို တုပသင့်တယ်။ သူတို့တွေက ဂျေရုဆလင်နဲ့ အဲဒီမှာရှိတဲ့ ဝတ်ပြုရာအိမ်တော်ကို ချစ်မြတ်နိုးခဲ့ကြတယ်၊ သူတို့ဟာ အဲဒီမြို့ရဲ့ လှပတင့်တယ်မှုအကြောင်းကို မဟုတ်ဘဲ သမိုင်းကြောင်းကို ပြောလိုခဲ့ကြတယ်၊ အကြောင်းကတော့ ဒီမြို့ဟာ “မဟာမင်းကြီး” ဖြစ်တဲ့ ယေဟောဝါရဲ့မြို့တော် ဖြစ်လို့ပဲ။ လူတွေက ဂျေရုဆလင်မြို့မှာရှိတဲ့ ဝတ်ပြုရာအိမ်တော်မှာ ယေဟောဝါရဲ့ ပညတ်တွေကို လေ့လာသင်ယူပြီး ကိုယ်တော့်ကို ဝတ်ပြုခဲ့ကြတယ်။ ဂျေရုဆလင်မြို့ရဲ့ဘုရင် ယေဟောဝါရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့သူတွေဟာ ယေဟောဝါ နှစ်သက်လက်ခံတဲ့သူတွေ ဖြစ်တယ်။ (ဆာလံ ၄၈:၁၊ ၂၊ ၉၊ ၁၂၊ ၁၃ တို့ကိုဖတ်ပါ။) အခုအချိန်မှာလည်း မြေကြီးပေါ်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ဘုရားသခင်ရဲ့ လူမျိုးတစ်မျိုးရှိတယ်။ ကျွန်ုပ်တို့လည်း ကောရရဲ့ သားတွေလိုပဲ ဘုရားသခင့်လူမျိုးရဲ့ သမိုင်းကြောင်းကို လေ့လာပြီး တခြားသူတွေကို ပြောပြလိုစိတ် ရှိသင့်တယ်။ ယေဟောဝါရဲ့ လူမျိုးအကြောင်း၊ သူတို့ကို ကိုယ်တော် ကူညီပေးပုံအကြောင်းကို ပိုပြီးသင်ယူလေ့လာလေ ဘုရားသခင့် နိုင်ငံတော်က ကျွန်ုပ်တို့အတွက် ပိုပြီး အစစ်အမှန် ဖြစ်လာလေပဲ။ ဒါက ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောလိုတဲ့ ကျွန်ုပ်တို့ရဲ့ဆန္ဒကို ပိုပြင်းပြစေမှာ ဖြစ်တယ်။—ယေ. ၉:၂၄; လု. ၄:၄၃။
ဘုရားရေးရာ ရတနာ
it-2 ၈၀၅
စည်းစိမ်ဥစ္စာ
အစ္စရေးလူမျိုးဟာ ချမ်းသာကုံလုံလို့ စားနိုင်သောက်နိုင်၊ (၁ဘု ၄:၂၀။ ဒေ ၅:၁၈၊ ၁၉) မကြောင့်မကြ မတောင့်မတ နေနိုင်ခဲ့တယ်။ (ပ ၁၀:၁၅။ ဒေ ၇:၁၂) ဘုရားသခင်က သူတို့ကို ကြိုးစားပမ်းစား လုပ်ဆောင်မှုကနေ ရလာတဲ့ အကျိုးကျေးဇူးတွေ ခံစားစေချင်တယ်။ (ပ ၆:၆-၁၁။ ၂၀:၁၃။ ၂၄:၃၃၊ ၃၄) ဒါပေမဲ့ စည်းစိမ်ချမ်းသာကို ကိုးစားပြီး အဲဒီစည်းစိမ်တွေ ပေးသနားတဲ့အရှင် ဘုရားသခင်ကို မေ့သွားတဲ့ထောင်ချောက်ထဲ ရောက်မသွားအောင်လည်း အစ္စရေးတွေကို သတိပေးခဲ့တယ်။ (တရ ၈:၇-၁၇။ ဆ ၄၉:၆-၉။ ပ ၁၁:၄။ ၁၈:၁၀၊ ၁၁။ ယေ ၉:၂၃၊ ၂၄) စည်းစိမ်ဥစ္စာဆိုတာ မမြဲဘူး၊ (ပ ၂၃:၄၊ ၅) တစ်ဦးတစ်ယောက်ကို သေခြင်းကနေ ရွေးနုတ်ဖို့ ဘုရားကို စည်းစိမ်ပေးလို့ မရဘူး၊ (ဆ ၄၉:၆၊ ၇) လူသေတစ်ယောက်အတွက် စည်းစိမ်ဟာ ဘာတန်ဖိုးမှ မရှိဘူး၊ (ဆ ၄၉:၁၆၊ ၁၇။ ဒေ ၅:၁၅) စည်းစိမ်ဥစ္စာတွေကို လိုတာထပ်ပိုပြီး တွယ်တာနေရင် မရိုးမသား လုပ်မိနိုင်တယ်၊ ယေဟောဝါရဲ့မျက်နှာသာ ဆုံးရှုံးသွားနိုင်တယ်လို့ သတိပေးခဲ့တယ်။ (ပ ၂၈:၂၀။ ယေ ၅:၂၆-၂၈။ ၁၇:၉-၁၁ နဲ့ နှိုင်းယှဉ်ပါ။) “ကိုယ့်မှာရှိတဲ့ အဖိုးတန်ဥစ္စာတွေ . . . ဆက်သပြီး ယေဟောဝါကို ဂုဏ်တင်” ဖို့လည်း တိုက်တွန်းခဲ့တယ်။—ပ ၃:၉။
ဇွန် ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၅၁-၅၃
ကြီးလေးတဲ့အပြစ်ကို ရှောင်နိုင်ပုံ
စိတ်နှလုံးကို ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်သလဲ
၄ ပညာအလိမ္မာ ၄:၂၃ မှာ သုံးထားတဲ့ “စိတ်နှလုံး” ဆိုတာ “စိတ်ရင်း” ကို ရည်ညွှန်းတယ်။ (ဆာလံ ၅၁:၆ ကိုဖတ်ပါ။) တစ်နည်းအားဖြင့် အတွေး၊ ခံစားချက်၊ ရည်ရွယ်ချက်၊ ဆန္ဒတွေကို ဆိုလိုတယ်။ အပြင်ပန်းလောက်သာ မဟုတ်ဘဲ အတွင်းစိတ် ဖြစ်တယ်။
၅ ကိုယ်ခန္ဓာ ကျန်းမာအောင် ဂရုစိုက်ခြင်းက စိတ်နှလုံးကိုလည်း ဂရုစိုက်ဖို့ လိုကြောင်း ဘယ်လို ဖော်ပြသလဲဆိုတာ သုံးသပ်ကြည့်ပါ။ ပထမ၊ ကိုယ်ခန္ဓာ ကျန်းမာနေဖို့ အာဟာရရှိတဲ့အစာ စားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ရမယ်။ အဲဒီလိုပဲ ဘုရားရေးရာဘက် ကျန်းမာနေဖို့ အာဟာရရှိတဲ့ အချိန်တန်အစာ စားရမယ်။ ဘုရားကို ယုံကြည်ကြောင်း ဖော်ပြရမယ်။ အဲဒီထဲမှာ သိလာတာကို လက်တွေ့ကျင့်သုံးခြင်း၊ တခြားသူတွေကို ပြန်ပြောပြခြင်း ပါဝင်တယ်။ (ရော. ၁၀:၈-၁၀။ ယာ. ၂:၂၆) ဒုတိယ၊ အပြင်ပန်းကို ကြည့်ပြီး ကျန်းမာတယ်လို့ ထင်ရပေမဲ့ အတွင်းမှာ ရောဂါဖြစ်နေတာလည်း ရှိနိုင်တယ်။ အဲဒီလိုပဲ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို ကြည့်ပြီး ယုံကြည်ခြင်း ခိုင်မာနေတယ်လို့ ထင်ရပေမဲ့ အတွင်းစိတ်မှာ မှားယွင်းတဲ့ဆန္ဒတွေ ကြီးထွားနေနိုင်တယ်။ (၁ ကော. ၁၀:၁၂။ ယာ. ၁:၁၄၊ ၁၅) စာတန်က သူ့အတွေးအခေါ်အားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ကို ယိုယွင်းစေချင်တယ်။ ဘယ်လို ယိုယွင်းစေသလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်နိုင်မလဲ။
ကျွန်တော်တို့ သန့်ရှင်းနေနိုင်
၅ အကျင့်ပျက်အတွေးတွေကို တွန်းလှန်နိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းမယ်ဆိုရင် ကိုယ်တော် ကူညီပေးလိမ့်မယ်။ သန့်ရှင်းနေနိုင်ဖို့ ခွန်အားရရှိအောင် သန့်ရှင်းသောစွမ်းအားတော်ကို ပေးလိမ့်မယ်။ ဒါကြောင့် ကိုယ့်အတွေးတွေကို ယေဟောဝါ နှစ်သက်စေချင်တယ်ဆိုတာ ဆုတောင်းတဲ့အခါ ပြောပြပါ။ (ဆာ. ၁၉:၁၄) အပြစ်ပြုမိစေနိုင်တဲ့ မှားယွင်းတဲ့ဆန္ဒတွေ ရှိမရှိ သိနိုင်အောင် စိတ်နှလုံးကို စစ်ဆေးပေးပါလို့လည်း ဆုတောင်းနိုင်တယ်။ (ဆာ. ၁၃၉:၂၃၊ ၂၄) သွေးဆောင်မှုကြုံရချိန်မှာ အကျင့်ပျက်မှုကို တွန်းလှန်ပြီး မှန်ရာကို လုပ်ဆောင်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ အမြဲဆုတောင်းပါ။—မ. ၆:၁၃။
၆ ယေဟောဝါအကြောင်း မသိခင်တုန်းက ကိုယ်တော် မကြိုက်တာတွေကို နှစ်နှစ်ခြိုက်ခြိုက် လုပ်ခဲ့တာမျိုး ဖြစ်နိုင်တယ်။ အခုထိလည်း အဲဒီဆန္ဒတွေကို တွန်းလှန်နေရဆဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပြောင်းလဲနိုင်ဖို့၊ ယေဟောဝါ နှစ်သက်ရာကို လုပ်နိုင်ဖို့ ကိုယ်တော် ကူညီပေးနိုင်တယ်။ ဥပမာ၊ ဘုရင်ဒါဝိဒ်ဟာ ဗာသရှေဘနဲ့ လိင်အကျင့်ယိုယွင်းမိတယ်။ နောက်ပိုင်း၊ နောင်တယူပြီး “စင်ကြယ်သောနှလုံး” ပေးဖို့၊ နာခံမှုရှိနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ အသနားခံခဲ့တယ်။ (ဆာ. ၅၁:၁၀၊ ၁၂) ကျွန်တော်တို့လည်း အရင်တုန်းက အကျင့်ပျက်မှုကို နှစ်ခြိုက်ခဲ့ပြီး အခုချိန်ထိလည်း အဲဒီဆန္ဒတွေကို တွန်းလှန်နေရဆဲ ဖြစ်မယ်ဆိုရင် ယေဟောဝါ ကူညီပေးနိုင်ပါတယ်။ ကိုယ်တော့်ကို နာခံနိုင်ဖို့၊ မှန်ရာကို လုပ်ဆောင်နိုင်ဖို့ ပြင်းပြတဲ့ဆန္ဒကို ယေဟောဝါ ဖြစ်ပေါ်စေနိုင်တယ်။ မစုံလင်တဲ့အတွေးတွေကို ထိန်းချုပ်နိုင်အောင် ကိုယ်တော် ကူညီပေးနိုင်တယ်။—ဆာ. ၁၁၉:၁၃၃။
ဘုရားရေးရာ ရတနာ
it-1 ၆၄၄
ဒေါဂ
သိုးထိန်းအုပ်အဖြစ် ရှောလုဆီမှာ အမှုထမ်းတဲ့ ဧဒုံအမျိုးသား။ (၁ရှ ၂၁:၇။ ၂၂:၉) ဂျူးဘာသာ ပြောင်းဝင်လာသူ။ နောဗမြို့မှာနေရင်း ‘ယေဟောဝါရှေ့မှာ သူ စောင့်ဆိုင်းနေ’ တာက ကတိသစ္စာပြုထားလို့၊ မသန့်ရှင်းလို့ ဒါမှမဟုတ် နူနာစွဲမစွဲ သံယဝင်စရာ အခြေအနေ ရှိနေလို့ ဖြစ်နိုင်တယ်။ ပုရောဟိတ်မင်း အဟိမလက်က ဒါဝိဒ်ကို ရှေ့တော်မုန့်နဲ့ ဂေါလျတ်ရဲ့ဓား ပေးလိုက်တာကို ဒေါဂ မြင်တယ်။ နောက်ပိုင်း ရှောလုက မင်းမှူထမ်းတွေ သူ့ကို လျှို့ဝှက်ကြံစည်နေတယ်လို့ ပြစ်တင်ပြောဆိုတဲ့အခါ ဒါဝိဒ်ကို နောဗမြို့မှာ တွေ့ခဲ့ကြောင်း ဒေါဂ ထုတ်ပြောတယ်။ ဒါနဲ့ ရှောလုက နောဗမြို့က ပုရောဟိတ်မင်းနဲ့ တခြားပုရောဟိတ်တွေကို ရှေ့တော်ဆင့်ခေါ်ပြီး သူတို့ကို သတ်ပစ်ဖို့ ရှေ့တော်ပြေးတွေကို အမိန့်ပေးတယ်။ ရှေ့တော်ပြေးတွေက မသတ်ကြဘူး။ အဲဒီအခါ ဒေါဂက ရှောလုမင်းရဲ့စေခိုင်းချက်နဲ့ ပုရောဟိတ် ၈၅ ယောက်ကို လက်ရဲဇက်ရဲ သတ်ပစ်တယ်။ ခြံမွေးတိရစ္ဆာန်တွေအပါအဝင် နေဗောမြို့သူမြို့သား ကြီးငယ်မှန်သမျှကိုလည်း သုတ်သင်လိုက်တယ်။—၁ရှ ၂၂:၆-၂၀။
ဒေါဂကို ရည်သန်ပြီး ဒီစကားတွေကို ဒါဝိဒ် ရေးသားခဲ့ကြောင်း ဆာလံ ၅၂ ထိပ်စီးစာသားက ဖော်ပြတယ်– “သင်တုန်းဓားလို ထက်နေတဲ့ မင်းရဲ့လျှာက အကောက်ကြံပြီး မဟုတ်မမှန် ပြောတယ်။ မွန်မြတ်တဲ့အရာထက် ယုတ်မာတဲ့အရာကို မင်းပိုနှစ်သက်တယ်။ သစ္စာစကားထက် မုသားစကား ပြောရတာကို ပိုကြိုက်တယ်။ လိမ်ညာလှည့်စားသူ၊ ထိခိုက်နစ်နာစေတဲ့ စကားတွေကို မင်း အကြိုက်တွေ့နေပါလား။”—ဆ ၅၂:၂-၄။
ဇွန် ၂၄-၃၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၅၄-၅၆
သင့်ဘက်မှာ ဘုရားသခင်ရှိ
ပညာရှိလော့—ဘုရားသခင်ကို ကြောက်ရွံ့လော့
၁၀ တစ်ခါက ဒါဝိဒ်သည် ဂေါလျတ်၏နေရပ် ဂါသမြို့ရှိ ဖိလိတ္တိမင်းကြီး အာခိတ်ထံ ပြေးဝင်ခိုလှုံခဲ့ရသည်။ (၁ ဓမ္မရာဇဝင် ၂၁:၅-၁၅) ထိုမင်းကြီး၏ ကျွန်တို့က ဒါဝိဒ်သည် ရန်သူတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ကြသည်။ ထိုအသက်အန္တရာယ်ရှိသော အခြေအနေမျိုးတွင် ဒါဝိဒ် မည်သို့ တုံ့ပြန်ခဲ့သနည်း။ သူသည် ယေဟောဝါထံ ခံစားချက်အပြည့်ဖြင့် ရင်ဖွင့်ဆုတောင်းလေသည်။ (ဆာလံ ၅၆:၁-၄၊ ၁၁-၁၃) သူလွတ်မြောက်ရန် ရူးဟန်ဆောင်လိုက်ရသော်လည်း အမှန်အားဖြင့် ယေဟောဝါကြောင့်သာ မိမိလွတ်မြောက်ခဲ့သည်ကို သူသိ၏။ ဒါဝိဒ်သည် ယေဟောဝါကို မှီခိုအားထားကာ အကြွင်းမဲ့ ကိုးစားသည့်အတွက် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သူဖြစ်ကြောင်း ဖော်ပြသည်။—ဆာလံ ၃၄:၄-၆၊ ၉-၁၁။
၁၁ ကျွန်ုပ်တို့၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ယေဟောဝါ ကူညီပေးမည်ဟူသော ကတိတော်ကို ယုံကြည်စိတ်ချခြင်းဖြင့် ဒါဝိဒ်နည်းတူ ကိုယ်တော်အား ကြောက်ရွံ့ကြောင်း တင်ပြနိုင်ကြသည်။ ‘ကိုယ်အမှုအရာကို ထာဝရဘုရားသခင်၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်’ ဟု ဒါဝိဒ်ဆိုခဲ့၏။ (ဆာလံ ၃၇:၅) ယင်းကြောင့် ကျွန်ုပ်တို့၏ အခက်အခဲများကို ကိုယ်တိုင်မဖြေရှင်းဘဲ ယေဟောဝါ ဖြေရှင်းပေးမည်ဟု မျှော်လင့်ကာ ကိုယ်တော့်ထံ အပ်လိုက်ရမည်ဟု မဆိုလိုပါ။ ဒါဝိဒ်သည် ဆုတောင်းရုံသာမပြုဘဲ ယေဟောဝါပေးသနားသည့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှဖြင့် ထိုအခက်အခဲများကို ကြိုးစားဖြေရှင်းခဲ့သည်။ တစ်ချိန်တည်းတွင် လူ့အစွမ်းအစဖြင့်သာ မအောင်မြင်နိုင်ကြောင်း သူသိထားသည်။ ကျွန်ုပ်တို့လည်း ထိုသို့ပြုသင့်သည်။ ကျွန်ုပ်တို့ တတ်နိုင်သမျှ လုပ်ဆောင်ပြီးမှသာ ယေဟောဝါလက်ထဲ အပ်ထားရမည်။ များသောအားဖြင့် ယေဟောဝါကို အားကိုးရုံမှလွဲ၍ အဘယ်အရာကိုမျှ မတတ်နိုင်တော့သည့် အခါမျိုးလည်း ရှိသည်။ ဤအခါမျိုးတွင် ဘုရားသခင်ကို ကြောက်ရွံ့ကြောင်း ဖော်ပြရမည့်အချိန် ဖြစ်သည်။ စိတ်ရင်းမှန်ဖြင့် ဒါဝိဒ်ပြောခဲ့သော ဤစကားမှ စိတ်သက်သာမှု ရယူနိုင်သည်– ‘ယေဟောဝါကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့် ရှိကြ၏။’—ဆာလံ ၂၅:၁၄။
အဘယ်အရာကမျှ “ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်”
၉ ကျွန်ုပ်တို့၏ ခံနိုင်ရည်ကိုလည်း ယေဟောဝါ တန်ဖိုးထား၏။ (မဿဲ ၂၄:၁၃) ယေဟောဝါအား သင်ငြင်းပယ်ရန် စာတန်အလိုရှိ၏။ ယေဟောဝါအပေါ် သင်သစ္စာစောင့်သိသော နေ့ရက်တစ်ရက်စီသည် စာတန်၏ ကဲ့ရဲ့ရှုတ်ချမှုကို ပြန်လည်ချေပရန် ထောက်ကူလိုက်သည့် နောက်ထပ် နေ့ရက်တစ်ရက် ဖြစ်သည်။ (သုတ္တံ ၂၇:၁၁) တစ်ခါတစ်ရံ ခံနိုင်ရည်ရှိဖို့ မလွယ်ကူပါ။ ကျန်းမာရေးပြဿနာများ၊ ငွေကြေးကျပ်တည်းမှု၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုနှင့် အခြားနှောင့်ယှက်မှုများသည် နေ့စဉ်နေ့တိုင်းကို စိတ်ဆင်းရဲစရာ ဖြစ်စေနိုင်သည်။ ဖြစ်နိုးဖြစ်နိုး ငံ့လင့်နေရခြင်းသည်လည်း စိတ်ပျက်အားလျော့စရာ ဖြစ်နိုင်၏။ (သုတ္တံ ၁၃:၁၂) ဤသို့သော ခက်ခဲမှုများကြား ခံနိုင်ရည်ရှိခြင်းကို ယေဟောဝါ သာ၍ပင် တန်ဖိုးထားတော်မူ၏။ ထို့ကြောင့်ပင် ဘုရင်ဒါဝိဒ်က ယေဟောဝါအား မိမိ၏မျက်ရည်များကို “သားရေဘူး” တစ်ခုထဲတွင် သိမ်းဆည်းထားပေးရန် တောင်းဆိုပြီး ယင်းတို့သည် “စာရင်းတော်၌ရှိပါသည် မဟုတ်လော” ဟု ယုံကြည်စိတ်ချစွာ မေးခဲ့ခြင်းဖြစ်သည်။ (ဆာလံ ၅၆:၈) မှန်ပါသည်၊ ယေဟောဝါအပေါ် ကျွန်ုပ်တို့ သစ္စာစောင့်သိနေစဉ် ကျရသောမျက်ရည်များနှင့် ခံစားရသည့် ဆင်းရဲဒုက္ခအားလုံးကို ကိုယ်တော် တန်ဖိုးထားပြီး သတိရတော်မူ၏။ ယင်းတို့သည်လည်း ကိုယ်တော့်ရှေ့ အဖိုးထိုက်သည်။
ကြောက်စိတ်ကို တိုက်ထုတ်ဖို့ မေတ္တာက ကူညီပေး
၁၆ အသက်ကို ကျွန်တော်တို့ တန်ဖိုးထားမှန်း “သေခြင်းကို ဖြစ်ပေါ်စေတဲ့” စာတန် သိတယ်။ (ဟီ. ၂:၁၄၊ ၁၅) အသက်ဆက်ရှင်ဖို့ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး အပါအဝင် ဘာမဆို စွန့်လွှတ်မှာပဲလို့ စွပ်စွဲတယ်။ (ယောဘ ၂:၄၊ ၅) စာတန် သိပ်မှားတယ်။ ဒါပေမဲ့ သေရမှာ ကြောက်တဲ့ စိတ်ကို အသုံးချပြီး ယေဟောဝါကို ကျွန်တော်တို့ စွန့်သွားအောင် ကြိုးစားနေတုန်းပဲ။ ယုံကြည်ချက် မစွန့်ရင် သတ်ပစ်မယ်ဆိုပြီး ဘုရားလူမျိုးကို စာတန့်ဘက်တော်သားတွေ တစ်ခါတလေ ခြိမ်းခြောက်ကြတယ်။ ကျွန်တော်တို့ အရေးပေါ် ကျန်းမာရေးကိစ္စ ကြုံလာရင် စာတန် အခွင့်ကောင်း ယူတယ်။ ဘုရားပညတ် ချိုးဖောက်ပြီး သွေးသွင်းဖို့ ဆရာဝန်တွေ၊ မယုံကြည်သူ မိသားစုဝင်တွေ ဖိအားပေးနိုင်တယ်။ ဒါမှမဟုတ် ကျမ်းစာမူနဲ့ ဆန့်ကျင်တဲ့ ကုသနည်းတစ်မျိုးမျိုးကို လက်ခံဖို့ တချို့ ဖိအားပေးနိုင်တယ်။
၁၇ ကျွန်တော်တို့ မသေချင်ကြပါဘူး။ ဒါပေမဲ့ သေသွားရင်တောင် ဘုရား ချစ်နေဆဲပဲဆိုတာ သိထားကြတယ်။ (ရောမ ၈:၃၇-၃၉ ကို ဖတ်ပါ။) သေဆုံးသွားတဲ့ မိတ်ဆွေတွေကို ဘုရား မှတ်ဉာဏ်ထဲမှာ သိမ်းထားတယ်။ အသက်ရှင်နေသလို ရှုမြင်တယ်။ (လု. ၂၀:၃၇၊ ၃၈) ပြန်ထမြောက်ပေးချင်စိတ် ပြင်းပြတယ်။ (ယောဘ ၁၄:၁၅) ကျွန်တော်တို့ “ထာဝရအသက် ရနိုင်ဖို့” တန်ဖိုးကြီးကြီး ပေးဆပ်ထားတယ်။ (ယော. ၃:၁၆) ကျွန်တော်တို့ကို ယေဟောဝါ အလွန် ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာ သိထားလို့ ဖျားနာတဲ့အခါ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အခါ ဘုရားကို စွန့်ခွာမယ့်အစား နှစ်သိမ့်မှု၊ ဉာဏ်ပညာ၊ ခွန်အား ရဖို့ ဆက်အားကိုးကြတယ်။ ဗယ်လာရီတို့ ဇနီးမောင်နှံ အဲဒီအတိုင်း လုပ်ခဲ့တယ်။—ဆာ. ၄၁:၃။
ဘုရားရေးရာ ရတနာ
it-1 ၈၅၇-၈၅၈
ကြိုတင်သိမြင်နိုင်ခြင်း၊ ကြိုတင်သတ်မှတ်ခြင်း
ယုဒရှကာရုတ်ရဲ့ သစ္စာဖောက်လုပ်ရပ်ဟာ ကျမ်းစာကြိုဟောချက် ပြည့်စုံမှုပါပဲ။ ယေဟောဝါနဲ့ယေရှုမှာ ကြိုတင်သိမြင်နိုင်စွမ်း ရှိကြောင်း ဒီဖြစ်ရပ်က ဖော်ပြတယ်။ (ဆ ၄၁:၉။ ၅၅:၁၂၊ ၁၃။ ၁၀၉:၈။ တ ၁:၁၆-၂၀) ဒါပေမဲ့ အဲဒီလိုသစ္စာဖောက်မယ့်သူဟာ ယုဒဆိုပြီး ဘုရားသခင် ကြိုတင်မသတ်မှတ်ခဲ့ဘူး။ ယေရှုကို သစ္စာဖောက်မယ့်သူဟာ မိတ်ဆွေရင်းချာထဲက ဖြစ်မယ်လို့ ကျမ်းစာကြိုဟောပေမဲ့ ဘယ်သူဘယ်ဝါ ဖြစ်မယ်လို့ အတိအကျ မပြောဘူး။ ဘုရားသခင်ရဲ့ စံနှုန်းနဲ့ပတ်သက်ပြီး တမန်တော် အခုလိုဆိုတယ်– “အလျင်စလို လက်တင်ပြီး ဘယ်သူ့ကိုမှ မခန့်အပ်ပါနဲ့။ သူတစ်ပါးရဲ့အပြစ်မှာ ဝင်မပါနဲ့။ ကိုယ်ကျင့်တရား စင်ကြယ်နေပါ။” (၁တိ ၅:၂၂။ ၃:၆ နဲ့ နှိုင်းယှဉ်ပါ။) ဒါကြောင့် ယုဒရဲ့ လုပ်ရပ်ကိုသာ ဘုရားသခင် ကြိုတင်သတ်မှတ်ခဲ့ရင် ကျမ်းစာအခြေခံမူတွေနဲ့ ဆန့်ကျင်နေမှာ။ ယေရှုကိုယ်တိုင်လည်း တမန်တော် ၁၂ ယောက်ကို ပညာရှိရှိ ရွေးချယ်နိုင်ဖို့ အဖဘုရားဆီ တစ်ညလုံး ဆုတောင်းခဲ့တယ်။ (လု ၆:၁၂-၁၆) ယုဒကိုသာ သစ္စာဖောက်အဖြစ် ဘုရားသခင် ကြိုတင်သတ်မှတ်ခဲ့ရင် တမန်တော် ရွေးချယ်တဲ့ကိစ္စမှာ လမ်းပြညွှန်ကြားခဲ့တဲ့ ဘုရားသခင်ကိုယ်တိုင်လည်း ယုဒရဲ့ကြံရာပါ ဖြစ်သွားမှာ။
ဒါကြောင့် တမန်တော်အဖြစ် ရွေးချယ်ခံရတုန်းက ယုဒရဲ့စိတ်ထဲမှာ သစ္စာဖောက်မယ့် အရိပ်အယောင် မရှိဘူးဆိုတာ ရှင်းနေပါတယ်။ စိတ်ထဲမှာ “အဆိပ်ပင်ရဲ့ အမြစ်တွေ ပေါက်လာ” ပြီး ညစ်ညူးသွားအောင် သူကိုယ်တိုင် ခွင့်ပြုခဲ့တာ။ ဒီလိုနဲ့ ဘုရားရဲ့လမ်းညွှန်ချက်ကနေ သွေဖည်သွားပြီး မာရ်နတ်ရဲ့ကြိုးကိုင်မှုအတိုင်း သူခိုးလမ်းစဉ်၊ သစ္စာဖောက်လမ်းစဉ်ကို လိုက်တော့တယ်။ (ဟီ ၁၂:၁၄၊ ၁၅။ ယဟ ၁၃:၂။ တ ၁:၂၄၊ ၂၅။ ယာ ၁:၁၄၊ ၁၅) အချိန်အတိုင်းအတာတစ်ခုထိ ဒီလိုသွေဖည်သွားပြီးနောက်မှာတော့ ယုဒရဲ့စိတ်ကို ယေရှု ဖတ်နိုင်ခဲ့လို့ ယုဒသစ္စာဖောက်မယ့်အကြောင်း ကြိုပြောနိုင်ခဲ့တယ်။—ယဟ ၁၃:၁၀၊ ၁၁။