ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁/၈ စာ. ၁၆-၁၉
  • ကျီးနက်ကြီး မည်သည့်အရာက ယင်းကို ထူးခြားစေသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျီးနက်ကြီး မည်သည့်အရာက ယင်းကို ထူးခြားစေသနည်း
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထူးခြားသောကြန်အင်လက္ခဏာများ
  • “အနက်ရောင်မိုးကြိုးသွား” ၏ခွင်နှင့် ပျံသန်းပုံ
  • အလိုက်သင့်နေတတ်ပြီး ဉာဏ်များသောသူခိုးများ
  • အသံထွက်ပုံနှင့် သင်ယူနိုင်စွမ်း
  • ၎င်း၏မူပိုင်အလှ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဖန်ဆင်းရာသတ္တဝါများ ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • လွှမ်းမိုးတဲ့ရေကြီး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နိုးလော့!—၁၉၉၈
န၉၈ ၁/၈ စာ. ၁၆-၁၉

ကျီးနက်ကြီး မည်သည့်အရာက ယင်းကို ထူးခြားစေသနည်း

ကနေဒါနိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်

“‘အော့နှလုံးနာစရာ ကြမ်းကြုတ်ကာ ရှေးဟောင်းကျီးနက်ကြီးမှာ ညစဉ်အခါ ကမ်းခြေဘက်မှ ခြေဦးလှည့်လို့လာ . . . ၊ အသည်းနှလုံးကို ထိုးဆိတ်ပြီး ပြန်ထွက်သွားသည့်ကျီး!’ ကျီးနက်ကြီးပြောတတ်သမျှမှာ ‘ဘယ်တော့မျှ’” ဟူ၍သာ။—အက်ဒ်ဂါ အယ်လန်ပိုး၊ “ကျီးနက်ကြီး။”

ဤငှက်၏မှိုင်းညို့သောအရောင်နှင့် စိတ်မချမ်းမြေ့ဖွယ်အော်သံကြောင့် ၎င်းထံမှ တစ်စုံတစ်ရာကို မည်သူမျှော်လင့်မည်နည်း။ ဗဟုသုတမရှိသူများအနေနှင့် အလျင်စလိုကြည့်လိုက်လျှင် အရွယ်ပမာဏကြီးလွန်းသည့်ရိုးရိုးကျီးကန်းတစ်ကောင်ဟုသာ ထင်ရသည်။ ကျီးနက်ကြီးသည် တောက်ပသည့်အပြာရောင်အမွေးအတောင်ရှိသည့် ကျီးကန်းမျိုးရင်းအဝင် အပြာရောင်ဗွတ်ကုလားငှက်ကဲ့သို့ အာရုံကို ချက်ချင်းမဖမ်းစားပါ။ ကျီးနက်ကြီးသည် ပက်စရင်းငှက် သို့မဟုတ် တေးသီငှက်အုပ်စုတွင်ပါဝင်သော်လည်း ၎င်း၏အော်မြည်သံကို သီချင်းသီကျူးသံအဖြစ်ယူမှတ်မည့်သူ မရှိသလောက်ဖြစ်ပေမည်။ သို့သော်လည်း ဤငှက်ကို အထင်မသေးပါနှင့်။ ၎င်းသည် သာယာနာပျော်ဖွယ်ကျူးရင့်သံနှင့် ရောင်စုံအသွင်အပြင်ကင်းမဲ့ခြင်းကို အခြားနည်းများဖြင့် များစွာထေမိသည်။ ကျီးနက်ကြီးတွင် ၎င်း၏မူပိုင်အလှနှင့် ထူးခြားသည့်အရည်အသွေးများရှိသည်။ အမှန်အားဖြင့် ငှက်အာဏာပိုင်များစွာတို့သည် ကျီးနက်ကြီးကို အထူးငှက်အတန်းအစားတွင်ထားကြသည်။

ထူးခြားသောကြန်အင်လက္ခဏာများ

သာမန်ကျီးနက်ကြီး (ကော်ဗပ်စ် ကိုရက်ဇ်) သည် ကျီးကန်းမျိုးရင်း (ကော်ဗိုင်းဒေး) တစ်ခုလုံးတွင် အကြီးဆုံးနှင့် အခန့်ဆုံးဖြစ်သည်။ ၎င်းသည် သာမန်ကျီးကန်းတစ်ကောင်၏ အလေးချိန်နှစ်ဆထက်မကရှိနိုင်ပြီး တောင်ပံအလျား သုံးပေခန့်နှင့်အတူ ကိုယ်အလျား နှစ်ပေခန့်ရှိသည်။ ကြီးမားသည့်နှုတ်သီးနှင့် ရှည်လျားပြီး သပ်ပုံသဏ္ဌာန်ရှိသောအမြီးရှိခြင်းကြောင့် ရိုးရိုးကျီးကန်းနှင့်ကွာသည်။ အနီးကပ်လေ့လာမှုအရ ဖွာနေသည့်လည်ဆံမွေးကလည်း ကျီးနက်ကြီးကိုခွဲခြားသိရှိစေသည်။ ပျံသန်းရာတွင် ရိုးရိုးကျီးကန်းများသည် တောင်ပံရိုက်ခတ်ပြီး ပျံဝဲတတ်သော်လည်း ၎င်းငှက်သည် ရုတ်တရက်ထိုးတက်ပျံသန်းနိုင်ခြင်းကြောင့် ထင်ရှားကျော်ကြားသည်။

ကျီးနက်ကြီးသည် အိပ်တန်းတက်သည့်ငှက်အားလုံးတွင် အကြီးဆုံးငှက်အဖြစ် သတ်မှတ်ခံရသည်။ သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ဝပ်၍အိပ်တန်းတက်သော ဤကြီးမားသည့်ငှက်ကို စူးစမ်းလေ့လာကြည့်လျှင် ၎င်း၏နေရာမှမကျအောင်ထိန်းထားပုံကို သင်အံ့သြပေမည်။ ခြေထောက်တစ်ချောင်းစီ၏နောက်ဘက်တွင် သစ်ကိုင်း သို့မဟုတ် သစ်ခက်ကို ကုပ်တွယ်ရန် သန်စွမ်းသောခြေသည်းတစ်ခုစီရှိသည်; သို့ရာတွင် ကုပ်တွယ်ထားနိုင်သည့်လျှို့ဝှက်ချက်မှာ ခိုင်မြဲစွာညှပ်တွယ်ထားနိုင်သည့် ကိုယ်တွင်းတည်ဆောက်ထားရာဖြစ်သည်။ ငှက်သည် ဝပ်လိုက်သောအခါ ကြွက်သားနှင့်အကြောများသည် ခြေချောင်းများကို ဆုပ်လိုက်ရန် အလိုအလျောက်ဆွဲပေးသည်။ ကျီးနက်ကြီး၏ သန်စွမ်းပြီး ဘက်စုံအသုံးတည့်သည့်ခြေထောက်သည် လမ်းလျှောက်ရန်နှင့် ကုတ်ခြစ်ရန်အတွက်လည်း အဆင်ပြေပြီး ဤသို့ဖြင့် ကျယ်ပြောသည့်စားကျက်မြေအမျိုးမျိုးမှအစာကို စုသိမ်းရန်အတွက် စီမံထားသည်။

“အနက်ရောင်မိုးကြိုးသွား” ၏ခွင်နှင့် ပျံသန်းပုံ

ငှက်အနည်းငယ်သာ ကျီးနက်ကြီးကဲ့သို့ ခွင်ကျယ်သည်။ ယင်းသည် နယ်မြေအနှံ့ခရီးဆန့်တတ်သည်။ ၎င်းငှက်ကို ကမ္ဘာ့မြောက်ခြမ်းနေရာအနှံ့အပြားတွင် တွေ့နိုင်သည်။ ၎င်းတို့သည် ကန္တာရဒေသများ; မြင့်မားသည့်သစ်ပင်များတွင် သစ်ကိုင်းသစ်ခက်များနှင့် အခြားပစ္စည်းများဖြင့် အသိုက်လုပ်၍ရသော ကနေဒါနှင့်ဆိုက်ဘီးရီးယားရှိ ထင်းရှူးသစ်တောများ; မြောက်အမေရိကနှင့် စကင်ဒီနေးဗီးယားရှိ ပင်လယ်ကျောက်ဆောင်ကမ်းပါးများ; နှင့် အာတိတ်သမုဒ္ဒရာရှိ ရေခဲကန္တာရနှင့်ကျွန်းများ စသောအသွင်မတူသည့်ဒေသအမျိုးမျိုးတွင် အသက်ရှင်နေထိုင်ကြသည်။ ကျီးနက်ကြီးသည် များသောအားဖြင့် တောကန္တာရပျော်ငှက်ဖြစ်သောကြောင့် တောကန္တာရသည် ၎င်းတို့ခွင်၏ဘာသာဘာဝတစ်ခုဖြစ်ပုံရသည်။

အမျိုးမျိုးအဖုံဖုံသော ၎င်းတို့နေထိုင်ရာနေရာများ၏နမူနာများကို အရွယ်အစားကြီးမားသည့်ကျီးနက်ကြီးနှစ်မျိုးနေထိုင်ရာ ကျမ်းစာနယ်မြေတွင် တွေ့နိုင်သည်။ တစ်မျိုးမှာ တောင်ဘက်ပိုင်းရှိ သဲကန္တာရပြင်ကျယ်တွင် နေထိုင်ပြီး အခြားတစ်မျိုးမှာမူ မြောက်ဘက်ပိုင်းဒေသတွင် နေထိုင်သည်။ ကျီးနက်ကြီးများသည် လျှိုမြောင်များတစ်လျှောက် ကျောက်ဆောင်များထဲတွင် ချောင်ကြိုချောင်ကြားများ၌ အသိုက်ဖွဲ့၍နေကြသည်။ ခေရိတ်ချောင်းနားတွင် ဧလိယပုန်းရှောင်နေစဉ် သူ့အားကျွေးမွေးရန် ကျီးနက်ကြီးတို့ကို ယေဟောဝါအသုံးပြုခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၇:၃-၆၊ ကဘ) ဧဒုံပြည်၏ ‘လေဟာပြင်’ တွင်နေထိုင်သောကျီးနက်ကြီးများနှင့်စပ်လျဉ်းသည့် ဟေရှာယ၏မှတ်တမ်းကလည်း ၎င်းတို့၏နေထိုင်ရာနေရာကို ဖော်ပြသည်။—ဟေရှာယ ၃၄:၁၁၊ ကဘ။

ကျီးနက်ကြီးတို့သည် ပျံသန်းရာတွင်အံ့ဖွယ်ဖြစ်သည်။ ၎င်းတို့သည် အားမစိုက်ထုတ်ဘဲ ဝေ့ဝိုက်ထိုးတက်ပျံသန်းကာ အောက်ဘက်အစာရှိမည့်နေရာကို ရှာဖွေထောက်လှမ်းနေသည်ကို ရှုစားရသည်မှာနှစ်လိုဖွယ်ကောင်းသည်။ ၎င်းတို့သည် သက်သောင့်သက်သာဖြင့်—ကျွမ်းထိုးခြင်း၊ ခဏတစ်ဖြုတ်ကျွမ်းထိုးမှောက်ခုံလုပ်ပြသည်အထိပင်—ကောင်းကင်ကျွမ်းဘားကစားကွက်များကို တင်ဆက်ကြသည်—အထူးသဖြင့် ချစ်ရေးဆိုစဉ်နှင့် တစ်ခါတစ်ရံ ပျော်ရွှင်ကြည်နူးရုံအတွက်သာ ဖြစ်ပုံရသည်။ ကျီးနက်ကြီး၏ပျံသန်းပုံကို ဆောင်းရာသီရှိကျီးနက်ကြီးများစာအုပ်တွင် ဘန့်ဒ်ဟိုင်းရစ်ခ်က လျော်ကန်စွာဖော်ပြထားသည်– “၎င်းသည် ကောင်းကင်ယံမှအနက်ရောင်မိုးကြိုးသွားပမာ ဒိုင်ဗင်ထိုးပြီး ချာလပတ်လည်သည် သို့မဟုတ် ညင်ညင်သာသာဖြင့် အရှိန်နှင့်ဝဲဆင်းသည်။” ယင်းသည် “ပျံသန်းရာတွင် စံတင်လောက်သည့်ငှက်ဖြစ်ပြီး ထပ်ဆင့်စွမ်းရည်များလည်းရှိသည်” ဟုသူထပ်ဆင့်ဆိုသည်။ ကျီးနက်ကြီး၏ပျံသန်းနိုင်သည့်စွမ်းအားသည် ရေလွှမ်းမိုးချိန်တွင် သင်္ဘောအပြင်သို့လွှတ်ရန် ပထမဆုံးသတ္တဝါအဖြစ် နောဧရွေးချယ်ခဲ့ရသည့်အကြောင်းရင်းပင်ဖြစ်ခဲ့သည်။—ကမ္ဘာဦး ၈:၆၊ ၇။

အလိုက်သင့်နေတတ်ပြီး ဉာဏ်များသောသူခိုးများ

သဘာဝပညာရှင်များက ကျီးနက်ကြီးကို ငှက်အားလုံးတွင် အလိုက်သင့်အနေတတ်ဆုံးနှင့် ဉာဏ်အများဆုံးငှက်တစ်မျိုးအဖြစ် ယူမှတ်ကြသည်။ သတင်းရပ်ကွက်တစ်ခုအရ “၎င်း၏ဉာဏ်ဆင်မှုသည် ပုံပြင်ဆန်သည်” ဟုဆို၏။ ကျီးနက်ကြီးသည် မည်သည့်အခြေအနေမျိုးကိုရင်ဆိုင်ရစေကာမူ တည်ရှိနေသောအခြေအနေ၊ အထူးသဖြင့် အစာနှင့်စပ်လျဉ်းသည့်အခြေအနေများနှင့် လိုက်လျောညီထွေနေတတ်ခြင်း၏ စိန်ခေါ်ချက်ကိုရင်ဆိုင်နိုင်သည်။ အမှန်မှာ၊ အစားအစာနှင့်ပတ်သက်၍ ချေးမများခြင်းက အထောက်အကူဖြစ်စေသည်! ကျီးနက်ကြီးသည် ခြေသည်းလက်သည်းဖြင့်ကုတ်၍ရနိုင်သမျှအားလုံးနီးပါး—အသီး၊ အစေ့၊ အခွံမာသီး၊ ငါး၊ အသေကောင်ပုပ်၊ တိရစ္ဆာန်ငယ်များ၊ အမှိုက်သရိုက်များကို စားမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ခွင်၏မြောက်ဘက်ပိုင်းဒေသများ၌ သုညအောက်အေးသည့်ရာသီဥတုအတွင်း အမှိုက်အိတ်များကို အလုအယက်ရှာဖွေရန် ဆီးနှင်းများအောက် ထိုးဆွရှာဖွေရသည့်အခါ၌ပင် အစာရှာရခြင်းနှင့်ပတ်သက်၍ ချေးမများကြပါ။ ကျီးနက်ကြီးများသည် မုဆိုးများနှင့်တံငါသည်များနောက်သို့လည်း ရက်နှင့်ချီပြီးလိုက်ကြကာ အချိန်တန်လျှင် သူတို့အတွက် တစ်နည်းတစ်ဖုံဖြင့် အစာရေစာရရှိကြမည်ဟု ယူဆထားကြသည်။

ကော်ဗိုင်းဒေး သို့မဟုတ် ကျီးကန်းမျိုးရင်းအဝင်ငှက်များသည် နာမည်ကြီးသူခိုးများဖြစ်ပြီး ကျီးနက်ကြီးများသည်လည်း ထပ်တူပင်ဖြစ်သည်။ ၎င်းတို့သည် အခြားငှက်များ သို့မဟုတ် တိရစ္ဆာန်များမှအစာလုယက်ခိုးယူရမှ ကျေနပ်သူများဖြစ်ပြီး ခွေးများအား လှည့်စားကြောင်း တွေ့ရှိခဲ့ရသည်။ ကျီးနက်ကြီးတစ်စုံသည် အလှည့်ကျလုပ်ဆောင်မည်—အခြားတစ်ကောင်ကအစာကိုထိုးသုတ်နေစဉ် တစ်ကောင်က ခွေးကို အာရုံတခြားရောက်အောင်လုပ်သည်။ အင်နူအစ်အနုပညာက ရေခဲပြင်တံငါတစ်ဦးထံမှငါးကိုခိုးယူနေသည့် ပရိယာယ်များသောကျီးနက်ကြီးတစ်ကောင်ကို သရုပ်ဖော်ရေးဆွဲထားသည်။

ကျီးနက်ကြီးများသည် ဝံပုလွေများနှင့် အလွန်ရင်းနှီးသင့်မြတ်ကြကာ ဝံပုလွေအုပ်များနောက် အမြဲလိုက်တတ်ကြသည်။ သူတို့သည် ဝံပုလွေများသတ်ဖြတ်သည့်အကောင်များကို စားသုံးကြသည်၊ သို့သော် ဤတွင်လည်း စားသုံးကြစဉ် ရယ်စရာနောက်နောက်ပြောင်ပြောင်အမူအရာလုပ်ပြရသည်ကို ပျော်ကြပုံရသည်။ ဝံပုလွေဇီဝဗေဒပညာရှင် အယ်လ်. ဒေးဗစ် မက်ခ်က ကျီးနက်ကြီးများသည် ဝံပုလွေများအား ကျီစယ်သည်ကိုတွေ့ရကြောင်း ရေးသားထားသည်။ အိပ်စက်အနားယူနေသည့်ဝံပုလွေဆီသို့ ကားရားကားရားလျှောက်သွားပြီး ၎င်း၏အမြီးကို နှုတ်သီးဖြင့်ထိုးဆိတ်ရာ ဝံပုလွေက ထိုးဟပ်လိုက်သည့်အခါ ဘေးကိုခုန်ရှောင်လိုက်သည့် ကျီးနက်ကြီးတစ်ကောင်၏ဇာတ်ကြောင်းကို သူပြောပြသည်။ ဝံပုလွေက ကျီးနက်ကြီးကိုလိုက်သောအခါ မိမိအနားသို့ တစ်ပေလောက်အထိ အကပ်ခံပြီး ထပြန်လေသည်။ ထို့နောက် ဝံပုလွေနှင့်ပေအနည်းငယ်အကွာတွင် ဆင်းသက်ကာ ထပ်၍ကျီစယ်ပြန်သည်။ အခြားမှတ်တမ်းက ဝံပုလွေပေါက်ကလေးများနှင့် လိုက်တမ်းပြေးတမ်းကစားသည့် ကျီးနက်ကြီးတစ်ကောင်အကြောင်းကို ပြောပြသည်။ ဝံပုလွေပေါက်ကလေးများက ကစား၍မောသွားသောအခါ ပြန်မကစားမချင်း ကျီးနက်ကြီးသည် စူးရှကျယ်လောင်စွာ အော်နေသည်။

ကနေဒီယန်ဂျီအိုဂရပ်ဖစ်မဂ္ဂဇင်းသည် အနောက်မြောက်ပိုင်းဒေသ၊ ရဲလိုးနိုက်ဖ်မြို့မှ ရေဒီယိုအသံလွှင့်ချက်တစ်ခုကို ကိုးကားထားသည်၊ ယင်းအဆိုအရ ကျီးနက်ကြီးများသည် စီးပွားရေးအဆောက်အအုံများ၏ သတ္တုအမိုးလျှောများပေါ်တွင် နားနေကြကာ ဘုမသိဘမသိသော လမ်းသွားလမ်းလာများပေါ်သို့ နှင်းခဲပုံများကို တွန်းချနိုင်အောင် စောင့်နေကြပုံရသည်ဟု ဆိုသည်။ ကနေဒါနိုင်ငံအနောက်ဘက် ပင်လယ်ကမ်းရိုးတန်းတွင်နေထိုင်သောဟိုင်ဒါလူမျိုးများက ကျီးနက်ကြီးကို ကျီစားတတ်သောငှက်ဟူ၍ခေါ်ခြင်းသည် အံ့ဩစရာမဟုတ်ပါ!

အသံထွက်ပုံနှင့် သင်ယူနိုင်စွမ်း

ကျီးနက်ကြီး၏ “တတ်ထားသောဝေါဟာရစု” သည် အလွန်ကျယ်ပြန့်ပြီး အမျိုးမျိုးအဖုံဖုံရှိသည်။ အမှတ်မိနိုင်ဆုံးဖြစ်သည့် စူးရှသောအသံအော—အနှောင့်အယှက်ရှိသည်ကိုသတိထားမိကြောင်း အချက်ပြသည်ဟု နားလည်ရသည်—အပြင် ၎င်း၏အသံထွက်ပုံက နူးညံ့သိမ်မွေ့ခြင်း၊ ပျော်ရွှင်ခြင်း၊ အံ့အားသင့်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ဒေါသထွက်ခြင်းတို့ကို ဖော်ပြသည်ဟု ဆိုကြသည်။ ကျီးနက်ကြီးများသည် သူတို့၏အသံရောက်ရှိနိုင်ရာနယ်မြေအတွင်းရှိ အခြားငှက်များ၏အော်သံများကိုလည်း အတုခိုးနိုင်သည်၊ အထူးသဖြင့် ရိုးရိုးကျီးကန်းတစ်ကောင်၏အယောင်ကို သဘာဝကျကျဆောင်သည့်အခါတွင်ဖြစ်သည်။

ကျီးနက်ကြီးများကို စကားပြောတတ်ရန် သင်ပေးနိုင်သည့်အတိုင်းအတာသည် တချို့သူတို့အငြင်းပွားရသည့်ကိစ္စတစ်ခုဖြစ်နေသည်။ သို့ရာတွင် ကန်ဒတ်စ် စာဗိတ်ဂ်ျက သူမ၏ ငှက်ဦးနှောက်ဟူသည့်စာအုပ်တွင် လူ့စကားပြောပုံဆိုပုံကိုအတုခိုးရန် အသင်ခံရသည့်ယဉ်ပါးသောကျီးနက်ကြီးများ၏မှတ်တမ်းများကို ရေးမှတ်ပြုစုထားသည်။ ဒဏ္ဍာရီအရ ကဗျာဆရာ အက်ဒ်ဂါ အယ်လန်ပိုးသည် ကျီးနက်ကြီးတစ်ကောင်ကိုရရှိခဲ့ပြီး “ဘယ်တော့မျှ” ဟူသောစကားလုံးကို စိတ်မချမ်းမြေ့ဖွယ်စူးရှသောအသံဖြင့်ပြောတတ်ရန် ဒုက္ခခံလေ့ကျင့်ပေးခဲ့ခြင်းက “မိမိ၏ ချစ်သူသေဆုံးသွား၍ ဝမ်းနည်းပူဆွေးနေသောလူငယ်တစ်ဦး” အကြောင်းကိုသရုပ်ဖော်ထားသည့် သူ၏ကျော်ကြားသော ကျီးနက်ကြီးကဗျာကို ရေးစပ်ဖြစ်ရန်တွန်းအားပေးခဲ့သည်ဟုဆိုသည်။

ကျီးနက်ကြီး၏သင်ယူနိုင်စွမ်းနှင့်ပတ်သက်၍ အနည်းငယ်အငြင်းပွားမှုရှိသည်။ ငှက်များကို ဉာဏ်ရည်ထက်မြက်မှုဖြင့် အမျိုးအစားသတ်မှတ်နိုင်ပါက ကျီးနက်ကြီးသည် ထိပ်ဆုံးမှဖြစ်မည့်ပုံရသည်။ မြေယာဇီဝဗေဒပညာရှင် ဘန့်ဒ်ဟိုင်းရစ်ခ်က ကျီးနက်ကြီးသည် “ငှက်အပေါင်းတို့တွင် ဉာဏ်ရည်ထက်မြက်သောငှက်အဖြစ် ယူမှတ်ခံရသည်” ဟုမှတ်ချက်ချသည်။ “စမ်းသပ်ကြည့်ရာ ကျီးနက်ကြီးများသည် ထိုးထွင်းဉာဏ်ရှိသည်ကို တွေ့ရသည်” ဟုသူဆိုသည်။ တွေ့ ကြုံမှုတစ်ခုအရ ကြိုးတန်းတစ်ခုတွင် ချိတ်ဆွဲထားသည့်အသားတုံးတစ်တုံးအား မည်သို့ရအောင်လုပ်ရမည်ကို ရိုးရိုးကျီးကန်းများက ရက်ပေါင်း ၃၀ နောက်ပိုင်းအထိ အခက်အခဲတွေ့နေစဉ် ကျီးနက်ကြီးကမူ ခြောက်နာရီအတွင်း နည်းတွေ့သွားလေသည်။ ကျီးနက်ကြီးများသည် ရေတွက်တတ်ရန်ပင် သင်ကြားခံရကြသည်။ သူတို့အကင်းပါးရခြင်းသည် သူတို့၏သက်တမ်းရှည်ခြင်းကြောင့်ဖြစ်နိုင်သည်၊ အကြောင်းမှာ သဘာဝအတိုင်းနေလျှင် အနှစ် ၄၀ ထက်မကနှင့် လှောင်ပြီးမွေးထားလျှင် နှစ်ပေါင်း ၇၀ အထိအသက်ရှင်သောကြောင့်ဖြစ်သည်။ ကျီးနက်ကြီးတွင်ရှိသည့်မည်သည့်စွမ်းရည်မဆို ၎င်းတို့ကိုဖန်ဆင်းသည့်အရှင်၏ဉာဏ်ပညာကို ချီးကျူးဂုဏ်ပြုရမည်မှာ အမှန်ပင်။

ဤငှက်ကို အများသိကြပြီး ၎င်း၏ထူးခြားသောအရည်အသွေးများကို သိရှိထားကြသူများက တန်ဖိုးထားကြသည်။ ၎င်းကို ကမ္ဘာတစ်ဝန်းရှိလူတို့၏ ဒဏ္ဍာရီများတွင်တွေ့နိုင်သည်။ အတိတ်နှင့်မျက်မှောက်အချိန်ရှိစာရေးဆရာများကြောင့် ကျော်ကြားလာခဲ့သည်။ (စာမျက်နှာ ၁၈ အကွက်ကိုရှု။) မှန်ပါသည်၊ ကျီးနက်ကြီးသည် စိတ်ဝင်စားစရာအကောင်းဆုံးငှက်ဖြစ်သည်။ သို့သော် ၎င်း၏အလှနှင့်ပတ်သက်၍ကော မည်သို့ဆိုနိုင်သနည်း။

၎င်း၏မူပိုင်အလှ

‘ကျီးနက်ကြီးကဲ့သို့ နက်မှောင်သည့်ဆံပင်’ ဟူ၍ သင်မကြားဖူးပေလော။ (ရှောလမုန်သီချင်း ၅:၁၁၊ ကဘ) ၎င်း၏ သက်တံရောင်ပြေးသောမွဲပြာရောင်နှင့် ခရမ်းရောင်အဆင်းများနှင့်အတူ ချောမွေ့ပြောင်လက်သည့်အနက်ရောင်အပေါ်ရုံအမွေး—တစ်ခါတစ်ရံ အောက်ထပ်အမွေးတွင် အစိမ်းရောင်အနည်းငယ်ပါသည်—က “ကျီးနက်ကြီးရောင်ထသော” ဟူသည့်စကားလုံး၏အဓိပ္ပာယ်အမှန်ကို ဖော်ပြသည်။ ၎င်းတို့၏စွဲမက်ဖွယ်အရွယ်အစားနှင့် မည်းနက်တောက်ပြောင်သောအမွေးအတောင်ဖြင့် ပျံဝဲနေသောကျီးနက်ကြီးသည် ၎င်းတို့၏ကန္တာရနေအိမ်၏ သစ်ပင်မြက်ပင်မပေါက်သည့်လွင်တီးခေါင်များနှင့် တခြားစီဖြစ်နေသည်ကို စဉ်းစားကြည့်ပါ။ သို့မဟုတ် တလက်လက်တောက်ပနေသည့် သပိတ်ရောင်ထသောဤငှက်နှင့် လတ်လတ်ဆတ်ဆတ်ကျနေသည့် သန့်စင်ဖြူဆွတ်သောဆီးနှင်းပေါက်တို့၏ကွာခြားမှုကို မြင်ယောင်ကြည့်ပါ။ ကျီးနက်ကြီး၏အလှက အနုပညာရှင်များ၏အာရုံကို ဖမ်းစားသည်။ အနုပညာရှင် ရောဘတ် ဘတ်မန်က ဤသို့ ပြန်အမှတ်ရသည်– “ကျီးနက်ကြီးရဲ့စွမ်းပကားကြီးမားလှတဲ့ပုံပန်းနဲ့ပေါင်းစပ်ထားတဲ့ ရဲလိုးစတုန်းပန်းခြံထဲက ဆီးနှင်းဖုံးလွှမ်းနေတဲ့ ထူးဆန်းအံ့ဖွယ်ရာကုန်းလျှောတွေနဲ့ ထူးခြားထင်ပေါ်ပြီး ထွန်းလင်းတောက်ပတဲ့ရှုခင်းက ကျွန်တော့်အတွက် ဆွဲဆောင်မှုဖြစ်စေပါတယ်။”

အမှန်ပင် လှပမှု၊ သမိုင်း၊ ခွင်၊ ပျံသန်းပုံ၊ ဉာဏ်ဆင်တတ်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်းတို့တွင် ကျီးနက်ကြီးသည် ထူးခြားသောငှက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]

ဒဏ္ဍာရီနှင့် စာပေများပါ ကျီးနက်ကြီး

ဒဏ္ဍာရီများ–

တရုတ်၊ အီဂျစ်၊ ဂရိ၊ ဆီးမိုက်နှင့် ဆိုက်ဘေးရီးယန်းလူမျိုးတို့၏ဒဏ္ဍာရီများက ကျီးနက်ကြီးကို မုန်တိုင်း သို့မဟုတ် ဆိုးရွားသည့်မိုးလေဝသကို ကြိုဟောသူအဖြစ် ဖော်ပြကြသည်။ ထိုသို့သောဒဏ္ဍာရီများသည် နောဧခေတ်ရေလွှမ်းမိုးခြင်းမှ မြစ်ဖျားခံလာနိုင်ဖွယ်ရှိသည်။

ကျီးနက်ကြီးသည် ဆိုက်ဘေးရီးယားဒဏ္ဍာရီများတွင် အသက်နှင့်ဖန်ဆင်းခြင်းကို အမှတ်သညာပြုပြီး မြောက်အမေရိကရှိ အဘော်ရီဂျင်လူမျိုးတို့အတွက်မူ ဖန်ဆင်းရှင်ဘုရားဖြစ်သည်။

အာဖရိက၊ အာရှနှင့် ဥရောပတိုက်ရှိဒဏ္ဍာရီများတွင် ကျီးနက်ကြီးသည် သေခြင်း၏အတိတ်နိမိတ်ဖြစ်သည်။

စာပေ–

သမ္မာကျမ်းစာတွင် ကျီးနက်ကြီးသည် ပထမဦးဆုံး အတိအကျနာမည်ပေးခံရသည့်ငှက်အဖြစ် ထင်ရှားသည်။—ကမ္ဘာဦး ၈:၇၊ ကဘ။

ရှိတ်စပီးယား၏စာပေများတွင် ကျီးနက်ကြီးများကို အဓိကအားဖြင့် အတိတ်နိမိတ်မကောင်းခြင်းနှင့် မကောင်းဆိုးဝါးအဖြစ် သရုပ်ဖော်ထားကာ (ဂျူးလီးယက်ဆီဇာ၊ မက္ကဘက်၊ အိုသယ်လို) စွန့်ပစ်ခံရသည့်ကလေးများကို ကျွေးမွေးသည့် အကျိုးပြုသူများအဖြစ်လည်း ပုံဖော်ထားသည်။—တိုင်းတပ်စ် အင်ဒရိုနီကပ်စ်၊ ဆောင်းရာသီပုံပြင်။

ချားလ်ဒစ်ကင်က ကျီးနက်ကြီးကို ဘာနဘီ ရပ်ဒ်ဂ်ျ စာအုပ်တွင် ဟာသဇာတ်ဆောင်တစ်ဦးအဖြစ် ပုံဖော်ထားသည်။

အက်ဒ်ဂါ အယ်လန်ပိုးသည် မိမိ၏ ကျီးနက်ကြီးကဗျာတွင် ကျီးနက်ကြီးကို မေတ္တာပျောက်၍လက်မှိုင်ကျနေသည့်အဖြစ်နှင့်ဆက်စပ်ထားသည်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

ရရှိသောသင်ခန်းစာများ

ကျီးနက်ကြီးမှ သင်ယူရရှိနိုင်သောသင်ခန်းစာများရှိသည်။ ဘုရားသခင့်သားတော် ဤသို့မိန့်တော်မူသည်– “ကျီးကန်း [“ကျီးနက်ကြီး၊” ကဘ] များကိုကြည့်ရှုဆင်ခြင်ကြလော။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကိုကျွေးမွေးတော်မူ၏။” (လုကာ ၁၂:၂၄) ၎င်းတို့၏နေအိမ်သည် လူသူကင်းမဲ့သည့်နေရာများတွင်ရှိတတ်သောကြောင့် အစာကို ကျယ်ပြန့်သောခွင်တွင် ရှာဖွေကြရမည်။ ကျီးနက်ကြီးများသည် တစ်သက်တာတွင် မိတ်ဖက်တစ်ဦးတည်းကိုသာ ရွေးကြပြီး သစ္စာနှံမိဘများဖြစ်ကြသည်။ အသိုက်တွင်နေစဉ်တွင် သူတို့၏ဆာလောင်နေသောသားငယ်များ သံဝါသံကြောင်ဖြင့်အစာတောင်းခြင်းကို တိတ်စေရန် အစာကို မနားမနေကျွေးဖို့လိုသည်။ ဖန်ဆင်းခြင်းတွင်ထင်ဟပ်သည့်ဉာဏ်ပညာနှင့်စပ်လျဉ်း၍ သင်ခန်းစာတစ်ခုကို ယောဘအားသင်ကြားပေးရာတွင် ယေဟောဝါသည် ကျီးနက်ကြီးကို ဥပမာအဖြစ်ပါဝင်စေခဲ့သည်။ (ယောဘ ၃၈:၄၁) မောရှေပညတ်အရ မသန့်ရှင်းဟု ကြေညာခံရသည့်ကျီးနက်ကြီးကို ဘုရားသခင်ထောက်မတော်မူသောကြောင့် ကိုယ်တော်သည် မိမိ၌ယုံကြည်ကိုးစားသောလူမျိုးတော်ကို စွန့်ပစ်တော်မူမည်မဟုတ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။

[Picture Credit Line on page 17]

စာမျက်နှာ ၁၇-၁၉ ရှိကျီးနက်ကြီးများ– © 1996 Justin Moore

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ