အခန်း နှစ်ဆယ့်နှစ်
ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
၁၊ ၂။ ဣသရေလနှင့် ယုဒသည် လုံခြုံမှု ရှိသည်ဟု အဘယ်ကြောင့် ခံစားရသနည်း။
ဣသရေလနှင့် ယုဒတို့သည် လုံခြုံမှု ရှိသည်ဟု တဒင်္ဂ ခံစားခဲ့ရသည်။ သူတို့၏ ခေါင်းဆောင်များသည် အန္တရာယ် ထူပြောသော အချိန်တွင် အကာအကွယ် ရရန် ပို၍ အင်အားကြီးသော နိုင်ငံများနှင့် နိုင်ငံရေး မဟာမိတ် ကြိုးစားဖွဲ့ကြသည်။ ဣသရေလပြည်၏ မြို့တော် ဖြစ်သော ရှမာရိသည် အိမ်နီးချင်းနိုင်ငံ ဖြစ်သော ရှုရိနှင့် မဟာမိတ် ဖွဲ့ခဲ့သကဲ့သို့ ယုဒပြည်၏ မြို့တော် ယေရုရှလင်သည်လည်း ရက်စက်ကြမ်းကြုတ်သော အာရှုရိကို အားကိုးခဲ့သည်။
၂ နိုင်ငံရေး မဟာမိတ် အသစ်များကို ယုံကြည်ကိုးစားကြသည့်အပြင် မြောက်ပိုင်းနိုင်ငံမှ အချို့သူများသည် ရွှေနွားရုပ်ကို ဆက်ဝတ်ပြုကိုးကွယ်လျက်နှင့် မိမိတို့ကို ကာကွယ်ပေးရန် ယေဟောဝါအား မျှော်ကိုးကြပေမည်။ ယုဒလည်း ထိုနည်းတူပင် ယေဟောဝါထံတော်မှ အကာအကွယ်ကို မျှော်ကိုးနိုင်သည်ဟု ယုံကြည်စိတ်ချလျက် ရှိနေသည်။ ထိုထက်ကား မြို့တော် ယေရုရှလင်မြို့တွင် ယေဟောဝါ၏ ဗိမာန်တော် တည်ရှိသည် မဟုတ်ပေလော။ သို့သော်လည်း ထိုနိုင်ငံနှစ်ခုစလုံးအတွက် မထင်မမှတ်သော အဖြစ်အပျက်များ ရှေ့တွင် ဖြစ်ပျက်လာသည်။ ထင်ရာစိုင်းသော မိမိ၏ လူမျိုးအတွက် အမှန်ပင် ထူးဆန်းနေပုံရမည့် ဖြစ်ပျက်မှုများ ကြိုဟောရန် ယေဟောဝါသည် ဟေရှာယကို မှုတ်သွင်းတော်မူသည်။ ကိုယ်တော့်စကားများထဲတွင် ယနေ့ယောက်တိုင်းအတွက် အရေးကြီး သင်ခန်းစာများ ပါရှိသည်။
“ဧဖရိမ်အမျိုး သေသောက်ကြူးတို့”
၃၊ ၄။ အဘယ်အရာအတွက် မြောက်ပိုင်းဣသရေလနိုင်ငံ မာန်တက်နေသနည်း။
၃ ဟေရှာယသည် မိမိ၏ ပရောဖက်ပြုချက်ကို ဤထိတ်လန့်ဖွယ် စကားများဖြင့် အစပြု၏– “စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာ ကြွယ်ဝသော ချိုင့်ဦးတွင် ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့် သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။ ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူသည် မိုးသီးပါလျက် ဖျက်ဆီးသော မိုးသက်မုန်တိုင်းကဲ့သို့ . . . မြေတိုင်အောင် ပြင်းစွာ ချပစ်လိမ့်မည်။ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည် ကျော်နင်းခြင်းကို ခံရလိမ့်မည်။”—ဟေရှာယ ၂၈:၁-၃။
၄ မြောက်ပိုင်းဆယ်နွယ်နိုင်ငံတွင် အထင်ကရ ဖြစ်သော ဧဖရိမ်အနွယ်သည် ဣသရေလနိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည်။ ယင်း၏ မြို့တော် ရှမာရိသည် လှပခန့်ထည် “ကြွယ်ဝသော ချိုင့်ဦးတွင်” တည်ရှိသည်။ ဧဖရိမ်၏ ခေါင်းဆောင်များသည် ယေရုရှလင်မြို့ရှိ ဒါဝိဒ်မင်းဆက်မှ သီးခြားလွတ်လပ်သော “မာနသရဖူ” ကြောင့် မာန်တက်နေကြသည်။ သို့သော် သူတို့သည် ယုဒကို ဆန့်ကျင်ရန် ရှုရိနှင့် မဟာမိတ် ဖွဲ့ခြင်းဖြင့် ဝိညာဉ်ရေးတွင် “သေသောက်ကြူး” များ ဖြစ်ကြသည်။ သူတို့ အမြတ်တနိုးထားရာအားလုံးသည် ကျူးကျော်တိုက်ခိုက်သူများ၏ ခြေအောက်တွင် ကျော်နင်းခြင်း ခံရတော့မည်။—ဟေရှာယ ၂၉:၉ နှိုင်းယှဉ်။
၅။ ဣသရေလနိုင်ငံ၏ စိုးရိမ်ဖွယ် အခြေအနေမှာ အဘယ်နည်း၊ သို့သော် အဘယ်မျှော်လင့်ချက်ကို ဟေရှာယ ဖော်ပြသနည်း။
၅ ဧဖရိမ်သည် ၎င်း၏ စိုးရိမ်ဖွယ် အခြေအနေကို မသိနားမလည်ပါ။ ဟေရှာယ ဤသို့ ဆက်ဆို၏– “ကြွယ်ဝသော ချိုင့်ဦးတွင် သူတို့၌ ညှိုးနွမ်းဆဲ ရှိသော ဘုန်းအသရေ၏ ပန်းပွင့်သည် နွေကာလမတိုင်မီ အလျင်မှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျှင် မြင်ချင်း၊ လက်နှင့် ကိုင်လျှင်ကိုင်ချင်း မျိုစားတတ်၏။” (ဟေရှာယ ၂၈:၄၊ သမ္မာ) တစ်ကိုက်,ကိုက်ရုံနှင့် ကုန်သွားမည့် ချိုဆိမ့်သော အစာကဲ့သို့ ဧဖရိမ်သည် အာရှုရိလက်တွင်းသို့ ကျရောက်မည်။ သို့ဖြစ်၍ မျှော်လင့်ချက် မရှိတော့ပြီလော။ ဟေရှာယ၏ တရားစီရင်ခြင်း ပရောဖက်ပြုချက်များကို မျှော်လင့်ချက်နှင့် ဆက်စပ်ဖော်ပြလေ့ရှိသည်။ နိုင်ငံလိုက် ပျက်စီးမည် ဖြစ်သော်လည်း သစ္စာရှိသူတစ်ဦးစီသည် ယေဟောဝါ၏ မစမှုဖြင့် အသက်ဘေးမှ လွတ်မည်။ ‘ထိုကာလ၌လည်း ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသော သရဖူ၊ အသရေတင့်တယ်သော ဦးရစ် ဖြစ်တော်မူလိမ့်မည်။ တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ဉာဏ်ကိုလည်းကောင်း၊ ရန်သူကို ဂိတ်တံခါးမှ စစ်မှုကို လှန်သောသူတို့အား ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။’—ဟေရှာယ ၂၈:၅၊ ၆။
‘သူတို့သည် မှားယွင်းကြပြီ’
၆။ ဣသရေလနိုင်ငံသည် အဘယ်အချိန်တွင် ဖျက်ဆီးခြင်းနှင့် ရင်ဆိုင်ရသနည်း၊ သို့သော် ယုဒပြည်သည် အဘယ်ကြောင့် ဝမ်းသာပီတိ မဖြစ်သင့်သနည်း။
၆ အာရှုရိလူမျိုးတို့သည် ပြည်တော်အား သိမ်းရုံးဖျက်ဆီးပြီး မြောက်ပိုင်းနိုင်ငံကို လွတ်လပ်သော နိုင်ငံအဖြစ်မှ ရပ်စဲသွားစေသည့် ဘီ.စီ.အီး. ၇၄၀ တွင် ရှမာရိမြို့အတွက် စာရင်းရှင်းသည့်နေ့ ရောက်ရှိလာသည်။ ယုဒနှင့်ပတ်သက်၍ကော။ သူမ၏ ပြည်တော်သည် အာရှုရိ၏ ကျူးကျော်တိုက်ခိုက်မှုကို ခံရမည် ဖြစ်ပြီး နောက်ပိုင်းတွင် ဗာဗုလုန်က သူမ၏ မြို့တော်ကို ဖျက်ဆီးပစ်မည်။ သို့သော် ဟေရှာယ အသက်ရှင်ချိန်အတွင်း ယုဒ၏ ဗိမာန်တော်နှင့် ယဇ်ပုရောဟိတ်တို့၏ လုပ်ငန်းများ ဆက်လည်ပတ်နေကြမည် ဖြစ်ကာ ပရောဖက်များသည်လည်း ဆက်၍ ပရောဖက်ပြုနေကြမည်။ ယုဒသည် သူမ၏ အိမ်နီးချင်း မြောက်ပိုင်းနိုင်ငံ ပျက်စီးတော့မည်ကို ဝမ်းသာပီတိ ဖြစ်သင့်ပါသလော။ လုံးဝ မဖြစ်သင့်ချေ! ယေဟောဝါသည် ယုဒနှင့် သူ၏ ခေါင်းဆောင်မင်းများ၏ နာခံမှု မရှိခြင်း၊ ယုံကြည်ခြင်း ကင်းမဲ့ခြင်းတို့ကြောင့် သူတို့နှင့်လည်း စာရင်းရှင်းမည်။
၇။ ယုဒခေါင်းဆောင်များသည် အဘယ်နည်းဖြင့် မူးယစ်နေကြသနည်း၊ ရလဒ်ကား အဘယ်နည်း။
၇ ဟေရှာယသည် ယုဒပြည်နှင့်ပတ်သက်သော မိမိ၏ သတင်းကို တိုက်ရိုက်ညွှန်ပြကာ ဤသို့ ဆက်ဆို၏– “သို့သော်လည်း ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက် နေကြ၏။ သူတို့စားပွဲ ရှိသမျှတို့သည် လွတ်လပ်ရာ မရှိသည်တိုင်အောင် အန်ဖတ်နှင့်လည်းကောင်း၊ အညစ်အကြေးနှင့်လည်းကောင်း ပြည့်လျက် ရှိကြ၏။” (ဟေရှာယ ၂၈:၇၊ ၈) အလွန် စက်ဆုပ်ရွံရှာဖွယ်ပါတကား! ဘုရားသခင့် အိမ်တော်တွင် ပကတိ သောက်စားမူးယစ်ခြင်းသည်ပင် အလွန် ဆိုးရွားလွန်းနေပြီ။ သို့သော် ထိုယဇ်ပုရောဟိတ်များနှင့် ပရောဖက်များသည် ဝိညာဉ်ရေးအရ မူးယစ်နေကြသည်—သူတို့၏ စိတ်သည် လူသားမဟာမိတ်များအား ယုံစားလွန်းခြင်းဖြင့် အမှောင်ဖုံးနေသည်။ သူတို့၏ လုပ်ဆောင်ချက်သည် တစ်ခုတည်းသော လက်တွေ့ကျသည့်အရာဟု တွေးတောခြင်းဖြင့် မိမိတို့ကိုယ်ကို လှည့်စားခဲ့ကြသည်၊ ၎င်းမှာ ယေဟောဝါ၏ ကာကွယ်မှု မလုံလောက်ပါက ယခု မိမိတို့၌ အရန် အစီအစဉ် ရှိသည်ဟု ယူဆခြင်း ဖြစ်နိုင်သည်။ သူတို့၏ ဝိညာဉ်ရေးဘက် မူးယစ်နေသည့် အခြေအနေတွင် ထိုဘာသာရေး ခေါင်းဆောင်များသည် ညစ်ညမ်းရွံရှာဖွယ်စကားများကို ပြောကြခြင်းက ဘုရားသခင့် ကတိတော်များအပေါ် စစ်မှန်သော ယုံကြည်ခြင်း အကြီးအကျယ် ကင်းမဲ့ကြောင်း ဖော်ပြနေသည်။
၈။ ဟေရှာယ၏ သတင်းစကားကို မည်သို့ တုံ့ပြန်ကြသနည်း။
၈ ယုဒခေါင်းဆောင်များသည် ယေဟောဝါ၏ သတိပေးချက်ကို မည်သို့ တုံ့ပြန်ကြသနည်း။ သူတို့သည် ဟေရှာယကို လှောင်ပြောင်ကြပြီး မိမိတို့အား နို့စို့သူငယ်အမှတ်နှင့် လာပြောနေသည်ဟု ဆိုကာ သူ့အား အပြစ်တင်ကြ၏– “အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။ ‘ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကား’ ဟု ဆိုကြ၏။” (ဟေရှာယ ၂၈:၉၊ ၁၀) သူတို့အား ဟေရှာယ ပြောဆိုသည့် စကားများသည် ထပ်တလဲ ဖြစ်ပြီး အသစ်အဆန်း ဖြစ်နေသည်! သူက ‘ဤကား ယေဟောဝါ၏ ပညတ်! ဤကား ယေဟောဝါ၏ ပညတ်! ဤကား ယေဟောဝါစံချိန်! ဤကား ယေဟောဝါစံချိန်!’ ဟု အထပ်ထပ် ပြောနေ၏။a သို့သော် မကြာမီ ယေဟောဝါသည် ယုဒပြည်သူပြည်သားများကို အရေးယူလုပ်ဆောင်မှုဖြင့် “မိန့်တော်မူ” မည်။ ကိုယ်တော်သည် ဗာဗုလုန်စစ်တပ်—စကားမတူသော တိုင်းတစ်ပါးသားများကို လွှတ်ကာ သူတို့အား တိုက်ခိုက်စေမည်။ ထိုစစ်တပ်သည် ယေဟောဝါ၏ “ပညတ်တစ်ခုပေါ် တစ်ခု” ကို အမှန် လိုက်နာကြပြီး ယုဒပြည် ကျသွားမည်။—ဟေရှာယ ၂၈:၁၁-၁၃ ဖတ်။
မျက်မှောက်ခေတ် ဝိညာဏ သေသောက်ကြူးများ
၉၊ ၁၀။ ဟေရှာယ၏ စကားများသည် နောက်ပိုင်း လူမျိုးဆက်များအတွက် မည်သည့်အချိန်တွင်နှင့် မည်သို့ အဓိပ္ပာယ် ရှိလာခဲ့သနည်း။
၉ ဟေရှာယ၏ ပရောဖက်ပြုချက်များသည် ရှေးဣသရေလနှင့် ယုဒတွင်သာ ပြည့်စုံခဲ့ခြင်းလော။ မဟုတ်ပါ! ယေရှုနှင့် ပေါလုနှစ်ဦးစလုံးသည် မိမိတို့ခေတ်ရှိ လူများနှင့် ဆက်နွှယ်ဖော်ပြရန် သူ၏ စကားများကို ကိုးကားခဲ့ကြသည်။ (ဟေရှာယ ၂၉:၁၀၊ ၁၃; မဿဲ ၁၅:၈၊ ၉; ရောမ ၁၁:၈) ယနေ့အချိန်တွင်လည်း ဟေရှာယခေတ် အခြေအနေအတိုင်း ဖြစ်ပျက်ခဲ့ပြီ။
၁၀ ဤအကြိမ်တွင် ၎င်းတို့သည် နိုင်ငံရေးကို ကိုးစားကြသော ခရစ်ယာန်ဘောင် ဘာသာရေး ခေါင်းဆောင်များ ဖြစ်သည်။ မူးယစ်နေသော ဣသရေလနှင့် ယုဒကဲ့သို့ ပြိုလဲတော့မည့်ပုံ ထွက်နေသော သူတို့သည် နိုင်ငံရေး အရေးကိစ္စများတွင် ဝင်စွက်ခြင်း၊ ဤလောကမှ ထိပ်သီးအကျော်အမော်များ၏ အကြံဉာဏ် တောင်းခံရခြင်းကို နှစ်ခြိုက်ကြသည်။ စင်ကြယ်သော ကျမ်းစာသမ္မာတရားအကြောင်း ပြောမည့်အစား ညစ်ညူးသည့်အရာများကို ပြောကြသည်။ သူတို့၏ ဝိညာဏ အမြင်အာရုံသည် မှုန်ဝါးဝါး ဖြစ်နေပြီး သူတို့သည် လူသားများအတွက် စိတ်ချရသော လမ်းပြများ မဖြစ်နိုင်ပါ။—မဿဲ ၁၅:၁၄။
၁၁။ ခရစ်ယာန်ဘောင် ခေါင်းဆောင်များသည် ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို မည်သို့ တုံ့ပြန်ကြသနည်း။
၁၁ ယေဟောဝါသက်သေများက ဘုရားသခင့် နိုင်ငံတော်သာ တစ်ခုတည်းသော စစ်မှန်သည့် မျှော်လင့်ချက်အဖြစ် အာရုံစိုက်ကြသည့်အခါ ခရစ်ယာန်ဘောင် ခေါင်းဆောင်များ မည်သို့ တုံ့ပြန်ကြသနည်း။ သူတို့ နားမလည်ကြပါ။ သူတို့အတွက် သက်သေခံများသည် ကလေးငယ်များကဲ့သို့ မပီကလာပီကလာဖြင့် အထပ်ထပ် ပြောနေသည်ဟု မြင်ကြပေမည်။ ဘာသာရေး ခေါင်းဆောင်များသည် ထိုတမန်များကို အထင်သေးကြကာ သူတို့ကို ပြောင်လှောင်ကြသည်။ ယေရှုခေတ်ရှိ ဂျူးများကဲ့သို့ သူတို့သည် ဘုရားသခင့် နိုင်ငံတော်ကို အလိုမရှိကြပါ၊ သူတို့၏ သိုးအုပ်များကိုလည်း ၎င်းသတင်းအား မကြားစေလိုပါ။ (မဿဲ ၂၃:၁၃) ထို့ကြောင့် ယေဟောဝါသည် အန္တရာယ်မပြုတတ်သော မိမိ၏ တမန်များအားဖြင့် အမြဲ မိန့်တော်မူနေမည် မဟုတ်ကြောင်း သူတို့ သတိပေးခံရကြသည်။ ဘုရားသခင့် နိုင်ငံတော်ကို လက်အောက်မခံသူများသည် “ကျိုးပဲ့ကျော့မိဖမ်းဆီး” ခံရမည့်အချိန် ရောက်လာမည်၊ အမှန်ပင်၊ လုံးဝ ဖျက်ဆီးခြင်း ဖြစ်မည်။
“သေမင်းနှင့် မိတ်သဟာယဖွဲ့ကြ”
၁၂။ ယုဒအဆိုရှိသော “သေမင်းနှင့် မိတ်သဟာယ ဖွဲ့” ခြင်းကား အဘယ်နည်း။
၁၂ ဟေရှာယသည် သူ၏ ကြေညာချက်ကို ဤသို့ ဆက်ဆို၏– “သင်တို့က ‘သေမင်းနှင့် မိတ်ဖွဲ့ ခဲ့ပြီ။ မရဏာ့နိုင်ငံမှ ရူပါရုံ ခံခဲ့ကြပြီ။ လွှမ်းမိုးသောဘေး လာသော်လည်း ငါတို့ခိုလှုံရာသို့ မရောက်ရ။ ငါတို့သည် မုသာကို ခိုလှုံလျက်၊ လိမ်လည်ခြင်းအောက်တွင် ပုန်းအောင်းလျက် နေကြ၏’ ဟု ပြောဆို” ၏။ (ဟေရှာယ ၂၈:၁၄၊ ၁၅၊ သမ) ယုဒခေါင်းဆောင်များက သူတို့၏ နိုင်ငံရေး မဟာမိတ်အဖွဲ့များသည် မိမိတို့ မပျက်စီးစေရန် အကာအကွယ် ပေးသည်ဟု ကြွားဝါကြ၏။ သူတို့ တစ်မျိုးတည်းသာ အသက်ရှင်ကျန်ရစ်စေရန် “သေမင်းနှင့် မိတ်ဖွဲ့” ထားသည်ဟု သူတို့ ယူမှတ်ကြသည်။ သို့သော် သူတို့၏ အစစ်အမှန် မဟုတ်သော ခိုလှုံရာသည် သူတို့ကို အကာအကွယ် ပေးမည် မဟုတ်ပါ။ သူတို့၏ မဟာမိတ်များသည် မုသာ၊ လိမ်လည်မှုများ ဖြစ်သည်။ ယနေ့လည်း ထိုနည်းတူပင်၊ လောက နိုင်ငံရေး ခေါင်းဆောင်များနှင့် ခရစ်ယာန်ဘောင်၏ ရင်းနှီးသော ဆက်ဆံရေးက ယင်းအား စာရင်းရှင်းရန် ယေဟောဝါ၏အချိန် ရောက်လာသည့်အခါ အကာအကွယ် ပေးမည် မဟုတ်ပါ။ အမှန်ပင်၊ ပျက်စီးခြင်း ဖြစ်မည်။—ဗျာဒိတ် ၁၇:၁၆၊ ၁၇။
၁၃။ မည်သူသည် “စုံစမ်းသော အမြစ်ကျောက်” ဖြစ်ပြီး ၎င်းကို ခရစ်ယာန်ဘောင် မည်သို့ ငြင်းပယ်ခဲ့ကြသနည်း။
၁၃ သို့ဖြစ်၍ ထိုဘာသာရေး ခေါင်းဆောင်များသည် မည်သည့်အရာကို မျှော်ကိုးသင့်သနည်း။ ယခု ယေဟောဝါ၏ ကတိတော်ကို ဟေရှာယ ဤသို့ မှတ်တမ်းတင်၏– “စုံစမ်းသော အမြစ်ကျောက် တည်းဟူသော မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသောအကြောင်း မရှိ။ တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုးသီးရွာ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။” (ဟေရှာယ ၂၈:၁၆၊ ၁၇) ဤစကားများကို ဟေရှာယ ပြောပြီး မကြာမီအချိန်တွင် သစ္စာရှိ ဘုရင်ဟေဇကိသည် ဇိအုန်တောင်တွင် နန်းတင်ခံခဲ့ရပြီး သူ၏ နိုင်ငံတော်သည် အိမ်နီးချင်း မဟာမိတ်များအားဖြင့် မဟုတ်ဘဲ ယေဟောဝါ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် ဆက်၍ တည်တံ့ခဲ့သည်။ သို့ရာတွင် ဤမှုတ်သွင်းခံစကားများသည် ဟေဇကိအချိန်တွင် မပြည့်စုံခဲ့ပါ။ တမန်တော် ပေတရုက ဟေရှာယ၏ စကားများကို ကိုးကား၍ ဟေဇကိမှ ဆင်းသက်လာသည့် အလှမ်းကွာသော သားစဉ်မြေးဆက် ဖြစ်သူ ယေရှုခရစ်သည် “စုံစမ်းသော အမြစ်ကျောက်” ဖြစ်ပြီး ကိုယ်တော်၌ ယုံကြည်ကြောင်း တင်ပြသူသည် ကြောက်စရာ မလိုကြောင်း ဖော်ပြခဲ့သည်။ (၁ ပေတရု ၂:၆) ခရစ်ယာန်ဘောင် ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ခရစ်ယာန်များဟု ဆိုကြသော်လည်း ယေရှု လုပ်ရန် ငြင်းခဲ့သည့် အရာများကို လုပ်ကြခြင်းသည် ဝမ်းနည်းစရာပါတကား! သူတို့သည် ယေရှုဘုရင်လက်အောက်တွင် ကိုယ်တော်၏ နိုင်ငံတော် ရောက်ရှိလာမည်ကို ယေဟောဝါအား စောင့်ဆိုင်းမည့်အစား ဤလောကရှိ ထင်ပေါ်ကျော်ကြားမှုနှင့် တန်ခိုးအာဏာတို့ ရရန် ကြိုးစားရှာဖွေခဲ့ကြသည်။—မဿဲ ၄:၈-၁၀။
၁၄။ ယုဒ၏ “သေမင်းနှင့် ဖွဲ့သော မိတ်သဟာယ” သည် မည်သည့်အချိန်တွင် ပျက်ပြယ်သွားမည်နည်း။
၁၄ ဗာဗုလုန်စစ်တပ်၏ “လွှမ်းမိုးသောဘေး” သည် ပြည်တော်တစ်လျှောက်လုံးကို ချင်းနင်းဝင်ရောက်သွားသည့်အခါ ယုဒ၏ နိုင်ငံရေး ခိုလှုံရာသည် မုသား ဖြစ်ကြောင်း ယေဟောဝါ ဖော်ထုတ်ပြတော်မူမည်။ “သင်တို့သည် သေမင်းနှင့် ဖွဲ့သော မိတ်သဟာယ ပျက်လိမ့်မည်” ဟု ယေဟောဝါ မိန့်တော်မူ၏။ “လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။ ချင်းနင်းစဉ်တွင် . . . သတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအကြောင်း ရှိလိမ့်မည်။” (ဟေရှာယ ၂၈:၁၈၊ ၁၉) မှန်ပါသည်၊ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုကြသော်လည်း တိုင်းတစ်ပါး မဟာမိတ်များကို ကိုးစားသူများ ကြုံတွေ့ခဲ့ရာများမှ အလွန် ထိရောက်သော သင်ခန်းစာတစ်ခုကို သင်ယူနိုင်ပါသည်။
၁၅။ ယုဒ၏ ကာကွယ်မှုသည် မထိရောက်ကြောင်း ဟေရှာယ မည်သို့ ဥပမာပေး ဖော်ပြသနည်း။
၁၅ ထိုယုဒခေါင်းဆောင်များသည် ယခု မည်သည့်ဘဝအခြေအနေ ရောက်နေသည်ကို သုံးသပ်ကြည့်ပါ။ “ခုတင်သည် ကိုယ်မဆံ့လောက်အောင် တို၏။ စောင်သည်လည်း မခြုံလောက်အောင် ငယ်၏။” (ဟေရှာယ ၂၈:၂၀) သူတို့သည် အေးအေးဆေးဆေး လဲလျောင်းအနားယူချင်ပါသော်လည်း မရသကဲ့သို့ ဖြစ်နေသည်။ ခြေထောက်ထွက်နေ၍ အေးလာသည် သို့မဟုတ် နွေးနွေးထွေးထွေး ဖြစ်ရန် ဒူးကွေးလိုက်သော်လည်း စောင်ငယ်လွန်းသဖြင့် လုံအောင် မဖုံးနိုင် ဖြစ်နေသည်။ ယင်းသည် ဟေရှာယခေတ်ရှိ ကသိကအောက်နိုင်သော အခြေအနေ ဖြစ်သည်။ ယနေ့အချိန်တွင်လည်း မုသား ဖြစ်သော ခရစ်ယာန်ဘောင်၏ ခိုလှုံရာကို ယုံစားသူ မည်သူမဆိုသည် ထိုဘဝအခြေအနေ ရောက်မည်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း၊ ခရစ်ယာန်ဘောင် ဘာသာရေး ခေါင်းဆောင်အချို့သည် လူမျိုးရေး သန့်စင်ခြင်းနှင့် အမျိုးဖြုတ် သတ်ဖြတ်ခြင်းကဲ့သို့သော ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုများတွင် ပါဝင်ပတ်သက်သွားသည့် အခြေအနေ ရောက်ခြင်းတို့သည် အလွန် စက်ဆုပ်ရွံရှာဖွယ်ပါတကား!
ယေဟောဝါ၏ “ထူးခြားသော အမှုတော်”
၁၆။ ယေဟောဝါ၏ “ထူးခြားသော အမှု” မှာ အဘယ်နည်း၊ ၎င်းသည် အဘယ်ကြောင့် လုပ်မြဲ မဟုတ်သော အမှု ဖြစ်သနည်း။
၁၆ ကိစ္စရပ်များ၏ အဆုံးသတ်ရလဒ်သည် ယုဒဘာသာရေး ခေါင်းဆောင်များ မျှော်လင့်ထားရာနှင့် တခြားစီ ဖြစ်သည်။ ယေဟောဝါသည် ဝိညာဏ သေသောက်ကြူးသူ ယုဒလူတို့တွင် ထူးဆန်းသည့် အမှုကို ပြုတော်မူမည်။ “ထာဝရဘုရားသည် အမှုတော် တည်းဟူသော ထူးခြားသော အမှုတော်ကို ပြုခြင်းငှာလည်းကောင်း၊ အလုပ်တော် တည်းဟူသော လုပ်မြဲ မဟုတ်သော အလုပ်တော်ကို လက်စသတ်ခြင်းငှာလည်းကောင်း ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထတော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက်တော်မူမည်။” (ဟေရှာယ ၂၈:၂၁) ဘုရင်ဒါဝိဒ်လက်ထက်တွင် ယေဟောဝါသည် မိမိ၏ လူမျိုးအား ပေရဇိမ်တောင်ပေါ်တွင်နှင့် ဂိဗောင်ချိုင့်တို့၌ ဖိလိတ္တိလူတို့အပေါ် မှတ်သားဖွယ် အောင်ပွဲများ ရရှိစေခဲ့သည်။ (၁ ရာဇဝင်ချုပ် ၁၄:၁၀-၁၆) ယောရှုခေတ်တွင် ဣသရေလလူမျိုးများသည် အာမောရိလူများကို အပြီး အနိုင်တိုက်ပြီးသည်အထိ ဂိဗောင်မြို့ပေါ်တွင် နေကို ရပ်နေစေခဲ့သည်။ (ယောရှု ၁၀:၈-၁၄) အထူးခြားဆုံး လုပ်ရပ်ပါတကား! ယခု ယေဟောဝါသည် တစ်ဖန် တိုက်တော်မူမည် ဖြစ်ပြီး ဤတစ်ကြိမ်တွင် ကိုယ်တော့်လူမျိုးအဖြစ် အမည်ခံသူများကို တိုက်ခိုက်မည် ဖြစ်သည်။ ဤအရာထက် ပို၍ ထူးခြားသောအရာ ရှိနိုင်ပါမည်လော။ ယေရုရှလင်မြို့သည် ယေဟောဝါဝတ်ပြုရေး၏ ဗဟိုဖြစ်ပြီး ယေဟောဝါ၏ ဘိသိက်ခံဘုရင်များ အုပ်ချုပ်ရာ မြို့ ဖြစ်သည်ကို ထောက်ရှုရုံဖြင့်ပင် ထူးခြားသောအမှု ဖြစ်နေပြီ။ ယခုအချိန်အထိ ယေရုရှလင်မြို့ရှိ ဒါဝိဒ်၏ တော်ဝင်မင်းမျိုးမင်းဆက်သည် တစ်ခါမျှ မှောက်လှန်မခံရဖူးပါ။ မည်သို့ပင်ဆိုစေ၊ ယေဟောဝါသည် မိမိ၏ “ထူးခြားသော အမှု” ကို အမှန်ပင် လုပ်ဆောင်တော်မူမည်။—ဟဗက္ကုတ် ၁:၅-၇ နှိုင်းယှဉ်။
၁၇။ သရော်ပြောင်လှောင်ခြင်းသည် ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံခြင်းအပေါ် အဘယ်အကျိုး သက်ရောက်မည်နည်း။
၁၇ ထို့ကြောင့် ဟေရှာယ ဤသို့ သတိပေး၏– “သင်တို့၏ နှောင်ကြိုး [“မမြဲအောင်၊” သမ္မာ] မြဲမည်ကို စိုး၍ မသရော်ကြနှင့်။ မြေတစ်ပြင်လုံးကျွတ် ပြဋ္ဌာန်းတော်မူခဲ့သော ကုန်ဆုံးခြင်းအကြောင်းကို ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသခင့်ထံတော်မှ ငါကြားရ၏။” (ဟေရှာယ ၂၈:၂၂၊ သမ) ခေါင်းဆောင်များသည် သရော်ကြသော်လည်း ဟေရှာယ၏ သတင်းစကားသည် အမှန် ဖြစ်သည်။ သူသည် ယင်းသတင်းကို ထိုခေါင်းဆောင်များနှင့် ပဋိညာဉ်ဖွဲ့ ဆက်ဆံရေး ရှိသော ယေဟောဝါထံတော်မှ ကြားခဲ့ခြင်း ဖြစ်သည်။ ယနေ့လည်း ထိုနည်းတူပင် ခရစ်ယာန်ဘောင် ဘာသာရေး ခေါင်းဆောင်များသည် ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း သူတို့ ကြားသည့်အခါ သရော်ပြောင်လှောင်ကြသည်။ သူတို့သည် အော်ကြီးဟစ်ကျယ်နှင့် စိတ်ဆိုးမာန်ဆိုး ပြောသည်အထိပင် ဖြစ်သည်။ သို့သော် ယေဟောဝါသက်သေများ ကြေညာသည့် သတင်းသည် အမှန် ဖြစ်သည်။ ထိုဘာသာရေး ခေါင်းဆောင်များက မိမိတို့ ကိုယ်စားပြုပါသည်ဟု ဆိုကြသော စာအုပ် ဖြစ်သည့် သမ္မာကျမ်းစာတွင် ယင်းသတင်းကို တွေ့ရသည်။
၁၈။ ဆုံးမပဲ့ပြင်မှု ပေးသည့်အခါ ယေဟောဝါ၌ မျှတမှု ရှိခြင်းကို ဟေရှာယ မည်သို့ ဥပမာပေး ဖော်ပြသနည်း။
၁၈ ထိုခေါင်းဆောင်များနောက် မလိုက်သော စိတ်နှလုံးရိုးဖြောင့်သူများအနေနှင့် ယေဟောဝါသည် သူတို့ကို ပြုပြင်ပေးတော်မူမည် ဖြစ်ပြီး ကိုယ်တော်၏ မျက်နှာသာကို ပြန်လည်ရရှိမည်။ (ဟေရှာယ ၂၈:၂၃-၂၉ ဖတ်။) စမုန်နက် ကဲ့သို့သော ပို၍ နုနယ်သည့် အစေ့များကို ခြွေလှေ့သည့်အခါ နူးညံ့သိမ်မွေ့သည့် နည်းများကို အသုံးပြုသည့် လယ်သမားတစ်ဦးနည်းတူ ယေဟောဝါသည် ဆုံးမပဲ့ပြင်မှုကို လူတစ်ဦးစီ၏ အခြေအနေများနှင့်အညီ ပြုပြင်တော်မူ၏။ ကိုယ်တော်သည် နိုင်လိုမင်းထက် သို့မဟုတ် ဖိစီးနှိပ်စက်ခြင်းကို ဘယ်တော့မျှ ပြုလုပ်တော်မမူဘဲ အမှားပြုလုပ်သူများ အကျင့်ပြန်လည်ပြုပြင်ပြောင်းလဲနိုင်သည် ဟူ၍ ရှုမျှော်ကာ လုပ်ဆောင်တော်မူ၏။ မှန်ပါသည်၊ တစ်ဦးစီအနေနှင့် ယေဟောဝါ၏ တောင်းဆိုချက်ကို တုံ့ပြန်မည်ဆိုပါက မျှော်လင့်ချက် ရှိပါသည်။ ယနေ့လည်း ထိုနည်းတူပင်၊ ခရစ်ယာန်ဘောင်၏ အဖြစ်ဆိုးကို အုပ်စုတစ်ခုလုံးအနေနှင့် တံဆိပ်ခတ်ပြီး ဖြစ်သော်လည်း မည်သူမဆိုသည် ယေဟောဝါ၏ နိုင်ငံတော်ကို လက်အောက်ခံမည်ဆိုပါက ရောက်လာတော့မည့် တရားစီရင်ခြင်းမှ ရှောင်လွဲနိုင်သည်။
ယေရုရှလင်မြို့သည် အမင်္ဂလာရှိ၏!
၁၉။ ယေရုရှလင်မြို့သည် မည်သည့်နည်းဖြင့် “ယဇ်ပလ္လင်အောက်ခံပြား” ဖြစ်လာကာ မည်သည့်အချိန်တွင်နှင့် မည်သို့အားဖြင့်နည်း။
၁၉ သို့သော် ယခု ယေဟောဝါသည် အဘယ်အရာနှင့်ပတ်သက်၍ မိန့်တော်မူသနည်း။ “အရေလမြို့၊ ဒါဝိဒ်မင်း နေသော အရေလမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပေါ်မှာ တစ်နှစ် ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့် ခံကြလော့။ သို့ရာတွင် အရေလမြို့ကို ငါဆင်းရဲစေ၍ ထိုမြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်း ရှိသော်လည်း အရေလမြို့ [“သည် ဘုရားသခင်၏ ယဇ်ပလ္လင်အောက်ခံပြား၊” ကဘ] ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၂၉:၁၊ ၂) “အရေလမြို့” သည် “ဘုရားသခင်၏ ယဇ်ပလ္လင်အောက်ခံပြား” ဟူ၍ အဓိပ္ပာယ် ရှိနိုင်ပြီး ဤနေရာတွင် ၎င်းသည် ယေရုရှလင်မြို့ကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ ထိုနေရာတွင် ယဇ်ပူဇော်ရာ ယဇ်ပလ္လင်နှင့်အတူ ဗိမာန်တော် တည်ရှိသည်။ ဂျူးများသည် ထိုနေရာတွင် ပွဲတော်များ ကျင်းပခြင်း၊ ယဇ်ပူဇော်ခြင်း ထုံးစံဓလေ့ကို လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့၏ ဝတ်ပြုရေးကို ယေဟောဝါ မနှစ်သက်ပါ။ (ဟောရှေ ၆:၆) ယင်းအစား ထိုမြို့ကိုယ်တိုင်သည် ခြားနားသော အဓိပ္ပာယ်ဖြင့် “ယဇ်ပလ္လင်အောက်ခံပြား” ဖြစ်ရမည်ဟု ကိုယ်တော် မိန့်တော်မူ၏။ ယဇ်ပလ္လင်တစ်ခုကဲ့သို့ ၎င်းသည် သွေးချောင်းစီးကာ မီးကျွမ်းလောင်ခံရမည် ဖြစ်သည်။ ယေဟောဝါက မည်သို့ ဖြစ်မည်ကိုပင် ဤသို့ ဖော်ပြ၏– “ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုးနှင့် ဝိုင်းထား၍ မြေကတုပ်များကိုလည်း တူးလုပ်မည်။ သင်သည် နှိမ့်ချခြင်းကို ခံ၍ မြေထဲက ပြောရလိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့်မည်။ သင် ပြောသောအသံသည် နတ်ဝင်သူ ပြောသံကဲ့သို့ မြေထဲက ထွက်၍ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုး မြွက်ဆိုရလိမ့်မည်။” (ဟေရှာယ ၂၉:၃၊ ၄) ဗာဗုလုန်စစ်တပ်က မြို့တော်ကို ဝိုင်းရံဖျက်ဆီးပြီး ဗိမာန်တော်ကို မီးရှို့သည့် ဘီ.စီ.အီး. ၆၀၇ တွင် ယုဒနှင့် ယေရုရှလင်၌ ထိုသို့ ပြည့်စုံခဲ့သည်။ ယေရုရှလင်မြို့သည် ယင်းကို တည်ဆောက်ထားသည့် မြေပြင်ညီတမျှတိုင် နှိမ့်ချဖြိုဖျက်ခံရသည်။
၂၀။ ဘုရားသခင့် ရန်သူများ၏ နောက်ဆုံးအဖြစ်ဆိုးကား အဘယ်အရာ ဖြစ်မည်နည်း။
၂၀ ထိုအဖြစ်ဆိုး မကြုံရမီ ယုဒပြည်တွင် အခါအားလျော်စွာ ယေဟောဝါ၏ ပညတ်တော်ကို လိုက်နာခဲ့သည့် ရှင်ဘုရင်တစ်ပါးပါး ရှိခဲ့သည်။ ထိုအချိန်တွင် အခြေအနေ မည်သို့နည်း။ ယေဟောဝါသည် မိမိလူမျိုးအတွက် တိုက်ပေးတော်မူ၏။ ရန်သူများသည် ပြည်တော်ကို လွှမ်းမိုးထားလျှင်ပင် သူတို့သည် “အဏုမြူ” နှင့် “ဖွဲ” ကဲ့သို့ ဖြစ်သွားကြသည်။ ကိုယ်တော် သတ်မှတ်ထားသည့်အချိန်တွင် ယေဟောဝါသည် “မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့်တကွ မိုးသက်မုန်တိုင်း၊ လောင်တတ်သော မီးလျှံအားဖြင့်” သူတို့ကို ကွဲလွင့်စေသည်။—ဟေရှာယ ၂၉:၅၊ ၆။
၂၁။ ဟေရှာယ ၂၉:၇၊ ၈ တွင် ပါသော သရုပ်ဖော်ချက်ကို ရှင်းပြပါ။
၂၁ ရန်လိုသော စစ်တပ်များသည် ယေရုရှလင်မြို့ကို တိုက်ခိုက်သိမ်းယူပြီး စစ်တိုက်ရာမှ ရသည့် လက်ရဥစ္စာများကို အလုအယက် ယူကြမည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်နေကြပေမည်။ သို့သော် သူတို့သည် ရုတ်တရက် လှုပ်နှိုးခံရသကဲ့သို့ ဖြစ်သည်! ဆာလောင်နေသူတစ်ဦးသည် အိပ်မက်ထဲတွင် အဝ စားသောက်နေရသည်ဟု ထင်သော်လည်း နိုးလာသည့်အခါ ယခင်ကထက် ပို၍ ဆာလောင်သကဲ့သို့ ယုဒ၏ ရန်သူများသည် အလွန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည့် စားသောက်ပွဲကြီးကို စားရမည် မဟုတ်ပါ။ (ဟေရှာယ ၂၉:၇၊ ၈ ဖတ်။) သစ္စာရှိဘုရင် ဟေဇကိလက်ထက်တွင် သနာခရိပ်လက်အောက်ရှိ အာရှုရိစစ်တပ်သည် ယေရုရှလင်မြို့ကို ခြိမ်းခြောက်သည့်အခါ အဘယ်အရာ ဖြစ်သွားသည်ကို သုံးသပ်ကြည့်ပါ။ (ဟေရှာယ အခန်းကြီး ၃၆ နှင့် ၃၇) တစ်ညတည်းတွင် မည်သည့်လူသားတစ်ဦးကမျှ လက်ရွှေ့စရာပင် မလိုဘဲ ကြံ့ခိုင်သန်မာသော စစ်သည် ၁၈၅,၀၀၀ သေဆုံးသွား၍ ကြောက်ရွံ့ထိတ်လန့်နေသော အာရှုရိစစ်သားများသည် တပ်ခေါက်ပြန်သွားကြသည်! မဝေးတော့သည့် အနာဂတ်တွင် မာဂေါဂပြည်မှ ဂေါဂမင်း၏ စစ်သည်များသည် ယေဟောဝါလူမျိုးတော်ကို တိုက်ခိုက်သည့်အခါ၌လည်း အနိုင်ရမည် ဟူသော သူတို့၏ မျှော်လင့်ချက်အိပ်မက်သည် ထပ်၍ ပျက်သွားမည်။—ယေဇကျေလ ၃၈:၁၀-၁၂; ၃၉:၆၊ ၇။
၂၂။ ယုဒ၏ ဝိညာဉ်ရေးတွင် မူးယစ်နေမှုက သူ့အား မည်သို့ ထိခိုက်သနည်း။
၂၂ ပရောဖက်ပြုချက်၏ ဤအပိုင်းကို ဟေရှာယ ထုတ်ဖော်ပြောချိန်တွင် ယုဒခေါင်းဆောင်များတွင် ဟေဇကိကဲ့သို့သော ယုံကြည်ခြင်းမျိုး မရှိကြပါ။ သူတို့သည် ဘုရားသခင်ကို မကိုးကွယ်သော လူမျိုးများနှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် မိမိတို့ကိုယ်ကို ဝိညာဉ်ရေးအရ မူးယစ်စေခဲ့ကြသည်။ “အံ့အားသင့်၍ မှိုင်တွေကြလော့။ မျက်စိမှိတ်၍ ကန်းနေကြလော့။ စပျစ်ရည် မသောက်ဘဲ ယစ်မူးကြလော့။ သေရည်သေရက် မသောက်ဘဲ ယိမ်းယိုင်ကြလော့။” (ဟေရှာယ ၂၉:၉၊ သမ္မာ) ဝိညာဉ်ရေးအရ မူးယစ်နေသော ထိုခေါင်းဆောင်များသည် ယေဟောဝါ၏ စစ်မှန်သော ပရောဖက် ဖော်ပြသည့် ရူပါရုံအဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်နိုင်စွမ်း မရှိကြပါ။ ဟေရှာယ ဤသို့ဆို၏– “ထာဝရဘုရားသည် အိပ်ချင်သောသဘောကို သင်တို့၌ သွင်းသဖြင့် သင်တို့မျက်စိကို ပိတ်၍ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ် [“ရူပါရုံ၊” ကဘ] ခံသူများတို့ကို ဖုံးလွှမ်းတော်မူပြီ။ ဗျာဒိတ်တော်ရှိသမျှသည် တံဆိပ်ခတ်သော စာကဲ့သို့ သင်တို့၌ ဖြစ်၏။ ထိုစာကို စာတတ်သောသူအား ပေး၍ ‘ဤစာကို ဖတ်ပါလော့’ ဟု ဆိုလျှင် ထိုသူက ‘ဤစာကို ငါမဖတ်နိုင်။ တံဆိပ်ခတ်လျက် ရှိ၏’ ဟု ပြန်ပြောတတ်၏။ ထိုစာကို စာမတတ်သောသူအား ပေး၍ ‘ဤစာကို ဖတ်ပါလော့’ ဟု ဆိုလျှင် ထိုသူက ‘ငါသည် စာမတတ်’ ဟု ပြန်ပြောတတ်၏။”—ဟေရှာယ ၂၉:၁၀-၁၂။
၂၃။ ယေဟောဝါသည် ယုဒကို အဘယ်ကြောင့် စာရင်းရှင်းတော်မူမည်နည်း၊ မည်ကဲ့သို့ ကိုယ်တော် စာရင်းရှင်းမည်နည်း။
၂၃ ယုဒနိုင်ငံ၏ ဘာသာရေး ခေါင်းဆောင်များက မိမိတို့သည် ဝိညာဉ်ရေးတွင် ပညာသတိရှိသူဟု ဆိုကြသော်လည်း သူတို့သည် ယေဟောဝါကို စွန့်ပစ်ခဲ့ကြသည်။ သူတို့သည် အမှားအမှန်နှင့်ပတ်သက်၍ မှားယွင်းသော ကိုယ်ပိုင်အယူအဆများကို သွန်သင်ပေးကြပြီး မိမိတို့၏ ယုံကြည်ခြင်း ကင်းမဲ့မှုနှင့် စာရိတ္တ ယိုယွင်းသည့် အပြုအမူများကို ခုခံကာကွယ်ကြကာ သူတို့၏ ဦးဆောင်မှုသည် လူများအား ဘုရားသခင့် မျက်နှာသာ မရစေပါ။ “အံ့သြဖွယ်သောအမှု”—ကိုယ်တော်၏ “ထူးခြားသော အမှုတော်”—အားဖြင့် ယေဟောဝါသည် သူတို့၏ အရေခြုံမှုအတွက် စာရင်းလာရှင်းဖို့ ဆင့်ခေါ်မည်။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ ငါကို သူတို့ ကြောက်ရွံ့ရိုသေခြင်းကား အချည်းနှီးတည်း။ လူတို့ စီရင်သော ပညတ်များကို အာဂုံဆောင်ခြင်းသာ ဖြစ်၏။ ထိုကြောင့် အံ့သြဖွယ်သော အမှုကို ဤလူမျိုးတွင် တစ်ဖန် ငါပြုဦးမည်။ သူတို့ အံ့သြမှိုင်တွေအောင် ငါပြု၍ သူတို့ပညာရှိတို့၏ ပညာသည် ပျက်စီးလျက် ဉာဏ်ကောင်းသူတို့၏ ဉာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။” (ဟေရှာယ ၂၉:၁၃၊ ၁၄၊ သမ္မာ) ယေဟောဝါသည် ဗာဗုလုန် ကမ္ဘာ့အင်ပါယာအားဖြင့် အယူဖောက်ပြန်သော ဘာသာရေးစနစ်တစ်ခုလုံးကို သုတ်သင်ပယ်ရှင်းရန်အတွက် စနစ်တကျ လုပ်ဆောင်သည့်အခါ ယုဒ၏ ကိုယ့်နည်းကိုယ့်ဟန် ဉာဏ်ပညာနှင့် သိနားလည်မှုတို့သည် ပျက်စီးသွားမည်။ ပထမရာစုရှိ ဂျူးခေါင်းဆောင်များသည် မိမိတို့ကိုယ့်နည်းကိုယ့်ဟန် ဉာဏ်ပညာဖြင့် ဦးဆောင်ပြီး လူမျိုးတော်ကို လမ်းလွဲစေခဲ့ပြီးနောက် ထိုကဲ့သို့သော အခြေအနေမျိုးနှင့်ပင် ကြုံတွေ့ခဲ့ရသည်။ ကျွန်ုပ်တို့ခေတ်ရှိ ခရစ်ယာန်ဘောင်သည်လည်း ၎င်းနှင့် ဆင်တူသည့်အရာနှင့် တွေ့ကြုံရမည်။—မဿဲ ၁၅:၈၊ ၉; ရောမ ၁၁:၈။
၂၄။ ယုဒလူမျိုးများသည် ဘုရားရေးရာ ကြောက်ရွံ့မှု မရှိကြောင်း မည်သို့ ဖော်ပြကြသနည်း။
၂၄ သို့ရာတွင် ယခု ဝါကြွားပြောတတ်သော ယုဒခေါင်းဆောင်များက မိမိတို့သည် စစ်မှန်သော ဝတ်ပြုရေးကို ဖောက်လှဲဖောက်ပြန်ပြုခြင်းကြောင့် ဖြစ်သည့် အကျိုးဆက်ကို ရှောင်တိမ်းနိုင်လောက်အောင် ကျွမ်းကျင်သည်ဟု ယူဆကြသည်။ သူတို့ ရှောင်တိမ်းနိုင်ပါသလော။ ဟေရှာယက သူတို့၏ မျက်နှာဖုံးကို ခွာချွတ်ချလိုက်ပြီး ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု မရှိသောကြောင့် စစ်မှန်သော ဉာဏ်ပညာမရှိသူများအဖြစ် အထုပ်ဖြေပြလိုက်သည်– “ထာဝရဘုရား မသိစေခြင်းငှာ အကြံအစည်ကို နက်နဲစွာ ဖုံးအုပ်မည်သဘောနှင့် မှောင်မိုက်ထဲမှ အမှုကို ပြုလျက် ‘ငါတို့ကို အဘယ်သူ မြင်သနည်း။ အဘယ်သူ သိသနည်း’ ဟု ပြောဆိုတတ်သောသူတို့၌ အမင်္ဂလာရှိ၏။ သင်တို့သည် မှောက်လှန်သူတို့ပါတကား! အိုးထိန်းသမားကို အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကို ရည်၍ ‘ဤသူသည် ငါ့ကို မလုပ်’ ဟု ဆိုရမည်လော။ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကို ရည်၍ ‘ဤသူ၌ ဉာဏ်ပညာမရှိ’ ဟု ဆိုရမည်လော။” (ဟေရှာယ ၂၉:၁၅၊ ၁၆၊ သမ္မာ; ဆာလံ ၁၁၁:၁၀ နှိုင်းယှဉ်။) မည်မျှပင် ကောင်းစွာ ဖုံးကွယ်ထားသည်ဟု ယူမှတ်ပါစေ သူတို့သည် ဘုရားသခင့် မျက်မှောက်တော်တွင် “အကွယ်အကာ မရှိဘဲ . . . လှန်ထားလျက် ရှိကြ၏။”—ဟေဗြဲ ၄:၁၃။
‘နားပင်းသောသူတို့သည် အမှန် ကြားကြလိမ့်မည်’
၂၅။ “နားပင်းသောသူတို့သည်” အဘယ်သဘောဖြင့် နားကြားကြမည်နည်း။
၂၅ သို့ရာတွင် ယုံကြည်ခြင်း တင်ပြသူအတွက် ကယ်တင်ခြင်း ရှိပါသည်။ (ဟေရှာယ ၂၉:၁၇-၂၄ ဖတ်; လုကာ ၇:၂၂ နှိုင်းယှဉ်။) “နားပင်းသောသူတို့သည်” ဘုရားသခင့် နှုတ်ကပါဌ်တော်သတင်း၊ “ကျမ်းစကားကို ကြားကြလိမ့်မည်။” ၎င်းသည် ပကတိ နားပင်းမှုကို ကုသခြင်း မဟုတ်ပါ။ ယင်းသည် ဝိညာဏ ကုသမှု ဖြစ်သည်။ ဟေရှာယက မေရှိယနိုင်ငံ တည်ထောင်ခြင်းအကြောင်းနှင့် မေရှိယ အုပ်ချုပ်မှုအားဖြင့် စစ်မှန်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းအကြောင်းတို့ကို တစ်ဖန် ကြိုတင်ဖော်ပြပြန်သည်။ ၎င်းသည် ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံခဲ့ပြီး စိတ်နှလုံး ရိုးဖြောင့်သော သန်းနှင့်ချီသောသူတို့သည် ယေဟောဝါ၏ ပြုပြင်ပေးမှုကို လက်ခံကာ ကိုယ်တော်အား ချီးမွမ်းရန် သင်ယူနေကြသည်။ ဘဝင်လှိုက်ဖွယ် ပြည့်စုံချက်ပါတကား! အဆုံးတွင် ယောက်တိုင်း၊ အသက်ရှင်သော သတ္တဝါတိုင်းသည် ယေဟောဝါအား ချီးမွမ်းပြီး ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို သန့်ရှင်းစေမည့်အချိန် ရောက်လာမည်။—ဆာလံ ၁၅၀:၆။
၂၆။ ယနေ့ “နားပင်းသောသူတို့” သည် အဘယ် ဝိညာဏ သတိပေးချက်များကို ကြားရသနည်း။
၂၆ ယနေ့ ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ကြားရသည့် ထိုကဲ့သို့သော “နားပင်းသောသူတို့သည်” အဘယ်အရာကို သင်ယူနေကြသနည်း။ ထိုခရစ်ယာန်အားလုံး၊ အထူးသဖြင့် ပုံသက်သေများအဖြစ် အသင်းတော်က ဂရုပြုခံရသူများသည် အသေးအဖွဲလေးမှအစ ‘သေရည်သေရက်ကြောင့် လမ်းလွဲခြင်း’ ကို ရှောင်ကြရမည်။ (ဟေရှာယ ၂၈:၇) ထို့အပြင် ကျွန်ုပ်တို့အား အရာရာကို ဝိညာဉ်ရေးအမြင် ရှိစေရန် အကူအညီ ပေးသော ဘုရားသခင့် သတိပေးချက်များ ကြားနာရခြင်းကို ဘယ်တော့မျှ မငြီးငွေ့ရပါ။ ခရစ်ယာန်များသည် အစိုးရ အာဏာပိုင်များအား သင့်တော်လျောက်ပတ်စွာ လက်အောက်ခံပြီး အချို့သော ဝန်ဆောင်မှုလုပ်ငန်းများအတွက် သူတို့ကို မျှော်ကိုးကြသော်လည်း ကယ်တင်ခြင်းသည် လောကမှ မဟုတ်ဘဲ ယေဟောဝါ ဘုရားသခင်ထံမှသာ လာမည် ဖြစ်သည်။ ဘုရားသခင်သည် အယူဖောက်ပြန်သော ယေရုရှလင်မြို့ကို တရားစီရင်ခဲ့သကဲ့သို့ ဤလူမျိုးဆက်အပေါ်တွင်လည်း မလွဲဧကန် တရားစီရင်မည် ဖြစ်ကြောင်း ဘယ်တော့မျှ မမေ့သင့်ပါ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ အကူအညီဖြင့် ဆန့်ကျင်မှုများကြားမှ ကိုယ်တော့်သတိပေးချက်ကို ဟေရှာယကဲ့သို့ ဆက်ကြွေးကြော်နိုင်ပါသည်။—ဟေရှာယ ၂၈:၁၄၊ ၂၂; မဿဲ ၂၄:၃၄; ရောမ ၁၃:၁-၄။
၂၇။ ခရစ်ယာန်များသည် ဟေရှာယ ပရောဖက်ပြုချက်မှ အဘယ် သင်ခန်းစာများကို သင်ယူနိုင်သနည်း။
၂၇ အကြီးအကဲများနှင့် မိဘများသည် ယေဟောဝါ၏ ဆုံးမနည်း ဖြစ်သော အမှားပြုသူများကို အပြစ်ပေးရုံလောက်သာ မဟုတ်ဘဲ ဘုရားသခင့် မျက်နှာသာ ပြန်လည်ရရှိရန် အစဉ် ကြိုးစားပေးခြင်းကို သင်ယူနိုင်ပါသည်။ (ဟေရှာယ ၂၈:၂၆-၂၉; ယေရမိ ၃၀:၁၁၊ နှိုင်းယှဉ်။) ယေဟောဝါအား အမှုဆောင်ခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် လူမြင်ကောင်းဖို့ ဟန်ဆောင်လုပ်ဆောင်ခြင်းမျှသာ မဟုတ်ဘဲ နှလုံးထဲမှ ဖြစ်ရန် အလွန် အရေးကြီးကြောင်း လူငယ်များ အပါအဝင် ကျွန်ုပ်တို့အားလုံးသည် သတိပေးခြင်း ခံရသည်။ (ဟေရှာယ ၂၉:၁၃) ကျွန်ုပ်တို့သည် သစ္စာမဲ့ ယုဒပြည်သူပြည်သားများနှင့် မတူဘဲယေဟောဝါအား သင့်မြတ်လျော်ကန်သော ကြောက်ရွံ့မှုနှင့် အလွန့်အလွန် ရိုသေမှု ရှိကြောင်း တင်ပြကြရမည်။ (ဟေရှာယ ၂၉:၁၆) ထို့ပြင် ကျွန်ုပ်တို့သည် ယေဟောဝါ၏ ပဲ့ပြင်ပေးမှုကို ခံယူရန်နှင့် သင်ယူရန် လိုလိုလားလား ရှိကြောင်း တင်ပြဖို့ လိုသည်။—ဟေရှာယ ၂၉:၂၄။
၂၈။ ယေဟောဝါ၏ ကျေးကျွန်များသည် ကိုယ်တော်၏ ကယ်တင်ခြင်း လုပ်ရပ်များကို မည်သို့ ရှုမြင်ကြသနည်း။
၂၈ ယေဟောဝါနှင့် ကိုယ်တော်၏ ကိစ္စရပ်များ လုပ်ဆောင်ပုံ နည်းလမ်းကို ယုံကြည်မှု၊ စိတ်ချမှု ရှိရန် အရေးကြီးလှသည်! (ဆာလံ ၁၄၆:၃ နှိုင်းယှဉ်။) ကျွန်ုပ်တို့ ဟောပြောသော သတိပေး သတင်းစကားသည် လူအများစုအတွက် ကလေးစကားဆန်နေပေမည်။ ဘုရားသခင်အား ကိုးကွယ်ပါသည်ဟု ဆိုသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ခရစ်ယာန်ဘောင် ဖျက်ဆီးခံရမည့် အလားအလာသည် ထူးဆန်းပြီး ဖြစ်မြဲ မဟုတ်သော အမှု ဖြစ်သည်။ သို့သော် ယေဟောဝါသည် မိမိ၏ “ထူးခြားသော အမှု” ကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူမည်။ ၎င်းနှင့် ပတ်သက်၍ သံသယ ဖြစ်စရာ မရှိပါ။ ထို့ကြောင့် ဤအစီအစဉ်စနစ်၏ နောက်ဆုံးသော နေ့ရက်များတစ်လျှောက်လုံး ဘုရားသခင့် ကျေးကျွန်များသည် ကိုယ်တော်၏ နိုင်ငံတော်၊ ကိုယ်တော်၏ ဘိသိက်ခံဘုရင် ယေရှုခရစ်တို့၌ အကြွင်းမဲ့ ယုံကြည်ကိုးစားကြသည်။ ယေဟောဝါ၏ ကယ်တင်ခြင်းလုပ်ရပ်များ—ကိုယ်တော်၏ “ထူးခြားသောအမှု” အပါအဝင် ကိုယ်တော် လုပ်ဆောင်ခဲ့ရာများ—သည် နာခံမှု ရှိသော လူသားအားလုံးအတွက် ထာဝရ ကောင်းချီးများ ဖြစ်စေမည်ကို သူတို့ သိထားကြသည်။
[အောက်ခြေမှတ်ချက်]
a မူရင်းဟေဗြဲကျမ်းတွင် ဟေရှာယ ၂၈:၁၀ သည် ကလေး ရွတ်ဖတ်သော ကဗျာလင်္ကာနှင့် အတန်ငယ် တူသော ကဗျာလင်္ကာထပ်ပုံစံ ဖြစ်သည်။ ထို့ကြောင့် ဘာသာရေး ခေါင်းဆောင်များအတွက် ဟေရှာယ၏ သတင်းစကားသည် ကလေးဆန်ဆန် အထပ်ထပ် ပြောနေခြင်းနှင့် တူနေသည်။