အခန်း ၇
လူသားတို့ကိုကယ်တင်ရန်အတွက်ဘုရားသခင်လုပ်ဆောင်တော်မူခဲ့ရာများ
၁၊ ၂။ (က) ရောမတပ်မှူးတစ်ဦးက မည်သူသည် ဘုရားသခင့်သားတော်ဖြစ်ကြောင်း မည်သို့သိမြင်လာသနည်း။ (ခ) ယေရှုအသေခံရန် ယေဟောဝါအဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း။
လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ခန့်က နွေဦးရာသီနေ့တစ်နေ့၏ မွန်းလွဲပိုင်းတွင် ရောမစစ်သည်တစ်ရာအုပ်တပ်မှူးတစ်ဦးသည် လူသုံးဦး ဝေဒနာပြင်းစွာဖြင့် တဖြည်းဖြည်းသေဆုံးသွားသည်ကို ကြည့်နေသည်။ ထိုတပ်မှူးသည် ထိုသူတို့ထဲမှတစ်ဦး—ယေရှုခရစ်—ကို အထူးသတိထားကြည့်သည်။ ယေရှုသည် သစ်တိုင်တစ်တိုင်တွင် သံဖြင့်ရိုက်ထားခြင်းခံရသည်။ အသက်တော်ချုပ်ချိန် နီးကပ်လာစဉ် မိုးကောင်းကင်တစ်ပြင်လုံး နေ့ခင်းကြောင်တောင် မှောင်အတိကျလေ၏။ အသက်တော်ချုပ်သည့်အချိန်၌ မြေငလျင်ပြင်းစွာလှုပ်ရာ ထိုတပ်မှူးက “စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏” ဟုဆိုလိုက်သည်။—မာကု ၁၅:၃၉။
၂ ဘုရားသခင်၏သားတော်! တပ်မှူးပြောသည့်အတိုင်း မှန်ပါသည်။ သူသည် ကမ္ဘာပေါ်ဖြစ်ဖူးသမျှတွင် အရေးအကြီးဆုံးဖြစ်ရပ်ကို တွေ့ မြင်လိုက်ရခြင်းဖြစ်ရသည်။ ထိုအချိန်မတိုင်မီအခါသမယများ၌ ဘုရားသခင်ကိုယ်တော်တိုင်က ယေရှုကို ငါ၏ချစ်သားဟုခေါ်တော်မူခဲ့သည်။ (မဿဲ ၃:၁၇; ၁၇:၅) ယေဟောဝါသည် သားတော်ကို အဘယ်ကြောင့် သေဆုံးခွင့်ပြုတော်မူသနည်း။ အကြောင်းမှာ ဤသို့သေဆုံးစေခြင်းသည် လူသားများကို အပြစ်နှင့်သေခြင်းမှ ဘုရားသခင်ကယ်တင်သည့်နည်းလမ်း ဖြစ်သောကြောင့်တည်း။
အထူးရည် ရွယ်ချက်အတွက် ရွေးချယ်ခြင်း
၃။ လူသားများနှင့်ပတ်သက်သည့် အထူးရည်ရွယ်တော်မူချက်အတွက် ဘုရားသခင့်တစ်ပါးတည်းသောသားတော်ကို ရွေးချယ်ခြင်းသည် အဘယ်ကြောင့်လျော်ကန်သင့်မြတ်သနည်း။
၃ ဤစာအုပ်၏ရှေ့ပိုင်းတွင် သိရှိခဲ့ရသည့်အတိုင်း ယေရှုသည်လူ့ဇာတိမခံယူမီက အသက်ရှင်တော်မူခဲ့သည်။ ကိုယ်တော်သည် ယေဟောဝါ၏တိုက်ရိုက်ဖန်ဆင်းခြင်းခံရသောကြောင့် “တစ်ပါးတည်းသောသားတော်” ဟုအမည်တွင်သည်။ ထို့နောက်ဘုရားသခင်သည် ယေရှုအားဖြင့်အခြားအရာခပ်သိမ်းကို ဖြစ်ပေါ်စေသည်။ (ယောဟန် ၃:၁၈; ကောလောသဲ၁:၁၆) ယေရှုသည်လူသားများကို အထူးမြတ်နိုးစုံမက်တော်မူ၏။ (သု. ၈:၃၀၊ ၃၁) ထို့ကြောင့် လူသားများသေဒဏ်စီရင်ခံရသည့်အခါ ယေဟောဝါက မိမိ၏တစ်ပါးတည်းသောသားတော်ကို အထူးရည်ရွယ်ချက်တစ်ရပ်ဖော်ဆောင်စေရန် ရွေးချယ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ!
၄၊ ၅။ ကမ္ဘာပေါ်သို့ ယေရှုကြွလာတော်မမူမီ မေရှိယအမျိုးအနွယ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက အဘယ်အရာများဖော်ပြသနည်း။
၄ ဧဒင်ဥယျာဉ်တွင် အာဒံ၊ ဧဝနှင့် စာတန်တို့ကို စီရင်ချက်ချစဉ်က ဘုရားသခင်သည် ကယ်တင်ရှင်အလောင်းအလျာကို “အမျိုးအနွယ်” ဟုဆိုထားသည်။ ဤအမျိုးအနွယ် သို့မဟုတ် သားမြေးသည် စာတန်မာရ်နတ်တည်းဟူသော “ရှေးမြွေဟောင်း” ဖြစ်ပေါ်စေသည့် ကြောက်မက်ဖွယ်ဒုက္ခများကို ပယ်ရှားရန်ကြွလာတော်မူမည်။ စင်စစ်ကတိထားရာအမျိုးအနွယ်သည် စာတန်နှင့်သူ့နောက်လိုက်အားလုံးကို ချေမှုန်းတော်မူလိမ့်မည်။—ကမ္ဘာဦး ၃:၁၅; ၁ ယောဟန် ၃:၈; ဗျာဒိတ် ၁၂:၉။
၅ ရာစုနှစ်များတစ်လျှောက် မေရှိယဟုလည်းအမည်တွင်သော အမျိုးအနွယ်အကြောင်းကို ဘုရားသခင်တစ်စတစ်စဖော်ပြတော်မူခဲ့၏။ စာမျက်နှာ ၃၇ မှဇယားတွင်ဖော်ပြထားသည့်အတိုင်း ပရောဖက်ပြုချက်များစွာက ကိုယ်တော့်မြေကြီးသက်တော်စဉ်မှ လက္ခဏာအများအပြားနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့သည်။ သာဓကအနေဖြင့် ကိုယ်တော်သည် ဘုရားသခင့်ရည်ရွယ်ချက်မှ ထမ်းရွက်ရမည့်အခန်းကဏ္ဍကို ကျေပွန်ရေးအတွက် ကြောက်မက်ဖွယ်ကောင်းသော မတရားပြုမူဆက်ဆံခြင်းကို ကြံ့ကြံ့ခံရမည်ဖြစ်သည်။—ဟေရှာယ ၅၃:၃-၅။
မေရှိယ အသေခံတော်မူရခြင်းအကြောင်း
၆။ ဒံယေလ ၉:၂၄-၂၆ အရ မေရှိယသည် အဘယ်အရာများကို ပြီးမြောက်စေတော်မူမည်နည်း။ အဘယ်သို့အားဖြင့်နည်း။
၆ ဒံယေလ ၉:၂၄-၂၆ (သမ္မာ) တွင်မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်က မေရှိယ—ဘုရားသခင့်ဘိသိက်တော်ခံသူ—သည် ကြီးမြတ်သောရည်ရွယ်ချက်တစ်ရပ်ကို ပြည့်စုံစေမည်ဟုဟောထားသည်။ ကိုယ်တော်သည် “လွန်ကျူးမှုကိုအပြီးသတ်၍၊ အပြစ်ကိုအဆုံးရောက်စေခြင်းငှာလည်းကောင်း၊ ဒုစရိုက်ကိုဖြေ၍ ထာဝရဖြောင့်မတ်ခြင်းကို သွင်းစေခြင်းငှာလည်းကောင်း” ကမ္ဘာပေါ်သို့ကြွလာတော်မူမည်။ မေရှိယသည် သစ္စာရှိသောလူသားများထံမှ သေဒဏ်စီရင်ချက်ကို ဖယ်ရှားတော်မူမည်။ မည်သို့ဖယ်ရှားမည်နည်း။ ကိုယ်တော်သည် “ဖယ်ရှား” ခြင်း၊ သို့မဟုတ် အသေသတ်ခြင်းခံရမည်ဟု ထိုပရောဖက်ပြုချက်၌ ရှင်းပြထားသည်။
၇။ ယုဒလူမျိုးသည် တိရစ္ဆာန်ယဇ်များကို အဘယ်ကြောင့်ပူဇော်ကြသနည်း။ ၎င်းတို့သည် အဘယ်အရာကို ကြို၍ညွှန်ပြသနည်း။
၇ ရှေးဣသရေလလူမျိုးသည် ဒုစရိုက်ဖြေခြင်းအယူအဆနှင့် အကျွမ်းဝင်ကြသည်။ သူတို့သည် မောရှေအားဖြင့် ဘုရားသခင်ပေးသည့် ပညတ်တရားအောက်တွင် ကိုးကွယ်ရာ၌ တိရစ္ဆာန်ယဇ်များကို ပုံမှန်ပူဇော်ခဲ့ကြသည်။ ထိုယဇ်များက လူသားတို့၏အပြစ်ကိုဖြေရန်၊ သို့မဟုတ် ဖုံးအုပ်ရန် တစ်စုံတစ်ရာလိုအပ်နေကြောင်း ဣသရေလလူမျိုးကို သတိရစေသည်။ တမန်တော်ပေါလုက အခြေခံကို ဤသို့အကျဉ်းချုံးဖော်ပြလိုက်သည်– “အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။” (ဟေဗြဲ ၉:၂၂) ခရစ်ယာန်တို့သည် မောရှေပညတ်တရားနှင့်တကွ ယဇ်ပူဇော်ခြင်းကဲ့သို့သော ပညတ်တရားဆိုင်ရာ တောင်းဆိုချက်များအောက်တွင်မရှိပါ။ (ရောမ ၁၀:၄; ကောလောသဲ ၂:၁၆၊ ၁၇) တိရစ္ဆာန်ယဇ်များသည် အပြစ်ဒုစရိုက်များကို ထာဝစဉ်အပြီးအပိုင် မဖြေလွှတ်နိုင်ကြောင်းကိုလည်း သူတို့သိရှိကြသည်။ ပူဇော်ရာထိုယဇ်များသည် များစွာပို၍အဖိုးတန်သော မေရှိယ၊ သို့မဟုတ် ခရစ်တော်ပူဇော်ရာယဇ်ကို ကြို၍ညွှန်ပြခြင်းသာဖြစ်သည်။ (ဟေဗြဲ ၁၀:၄၊ ၁၀; ဂလာတိ ၃:၂၄ နှိုင်းယှဉ်။) သို့သော် ‘မေရှိယအသေခံဖို့ တကယ်လိုလို့လား’ ဟူ၍သင်မေးမည်။
၈၊ ၉။ အာဒံနှင့်ဧဝတို့သည် အဘယ်အဖိုးတန်သောအရာကို လက်လွှတ်ဆုံးရှုံးခဲ့သနည်း။ သူတို့၏အပြုအမူများသည် ၎င်းတို့၏သားစဉ်မြေးဆက်အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။
၈ မှန်ပါသည်၊ လူသားများကယ်တင်ခြင်းရရှိရေးအတွက် မေရှိယအသေခံရန်လိုပေသည်။ လိုအပ်ရခြင်းအကြောင်းကိုနားလည်ရန် ဧဒင်ဥယျာဉ်အကြောင်းကို ပြန်စဉ်းစားပြီး ဘုရားသခင်ကိုပုန်ကန်ခဲ့စဉ်က အာဒံနှင့်ဧဝဆုံးရှုံးခဲ့သည့်အရာ မည်မျှကြီးမားသည်ကို နားလည်အောင်ကြိုးစားဖို့လိုသည်။ သူတို့ရှေ့ တွင်ထာဝရအသက်ချပေးထားသည်! ဘုရားသခင့်သားသမီးအနေနှင့် ကိုယ်တော်နှင့်တိုက်ရိုက်ဆက်ဆံနိုင်ခွင့်လည်းရရှိထားသည်။ သို့ရာတွင် ယေဟောဝါ၏အုပ်ချုပ်မှုကို ငြင်းပယ်လိုက်သည့်အခါ၌ ထိုအရာအားလုံးဆုံးရှုံးသွားသည့်ပြင် လူသားမျိုးနွယ်အပေါ် အပြစ်နှင့်သေခြင်းကို သက်ရောက်စေခဲ့သည်။—ရောမ ၅:၁၂။
၉ ကျွန်ုပ်တို့၏ ကနဦးမိဘတို့သည် ဥစ္စာပစ္စည်းအများအပြားကိုဖြုန်းတီး၍ ကြွေးမြီအကြီးအကျယ်တင်သွားသည်နှင့် မခြားပေ။ အာဒံနှင့်ဧဝသည် ထိုအကြွေးကို သားသမီးများထံ လက်ဆင့်ကမ်းပေးခဲ့သည်။ ကျွန်ုပ်တို့သည် စုံလင်၍အပြစ်ကင်းစင်စွာ မွေးဖွားလာခြင်းမဟုတ်ရကား ယောက်စီယောက်တိုင်းသည် အပြစ်ရှိ၍သေဆုံးရသည်။ ဖျားနာသည့်အခါ၌ဖြစ်စေ၊ ပြန်လည်ရုပ်သိမ်းလိုသည့် စိတ်နာစရာစကားများ ပြောမိသည့်အခါ၌ဖြစ်စေ ကျွန်ုပ်တို့သည် အမွေဆက်ခံသည့်ကြွေးမြီ—လူ့မစုံလင်မှု—၏အကျိုးဆက်များကို ခံစားနေကြခြင်းဖြစ်သည်။ (ရောမ ၇:၂၁-၂၅) တစ်ခုတည်းသောမျှော်လင့်ချက်မှာ အာဒံဆုံးရှုံးခဲ့သည့်အရာကို ပြန်လည်ရရှိရေးအပေါ် တည်မှီနေသည်။ သို့သော် စုံလင်သောလူ့အသက်ကို ကျွန်ုပ်ကြိုးစားအားထုတ်၍ မရနိုင်ပါ။ မစုံလင်သောလူသားအားလုံးသည် အပြစ်ပြုကြသောကြောင့် အသက်ရှင်ခြင်းမဟုတ်ဘဲ သေခြင်းကိုသာရထိုက်ကြသည်။—ရောမ ၆:၂၃။
၁၀။ အာဒံဆုံးရှုံးခဲ့ရာများကို ပြန်ဝယူရန် ဘာလိုသနည်း။
၁၀ သို့သော် အာဒံဆုံးရှုံးခဲ့သည့်အသက်ကို တစ်စုံတစ်ရာဖြင့် အလဲအလှယ်လုပ်နိုင်ပါသလော။ ဘုရားသခင်၏ တရားမျှတခြင်းက ညီမျှသော “အသက်အတွက်အသက်” ကိုတောင်းဆိုသည်။ (ထွက်မြောက်ရာ ၂၁:၂၃) ထို့ကြောင့် ဆုံးရှုံးသွားသောအသက်အစား အသက်တစ်ခုကို ပူဇော်ရမည်ဖြစ်သည်။ တစ်ယောက်ယောက်၏အသက်ကို ပူဇော်လိုက်ရုံနှင့် လုံလောက်မည်မဟုတ်ပါ။ မစုံလင်သောလူသားများအကြောင်း ဆာလံ ၄၉:၇၊ ၈ ကဤသို့ဆိုသည်– “မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌မပေးနိုင်။ (သူတို့အသက်ဝိညာဉ်၏ ရွေးရန်အဖိုးကြီးလှပေ၏။ သို့ ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်)။” သို့ ဖြစ်လျှင် အခြေအနေသည် မျှော်လင့်စရာမရှိတော့ပြီလော။ လုံးဝမဟုတ်ပါ။
၁၁။ (က) ဟေဗြဲဘာသာ၌ “ရွေးနုတ်ဖိုး” ဟူသောစကားလုံးသည် အဘယ်အဓိပ္ပာယ်သက်ရောက်သနည်း။ (ခ) မည်သူတစ်ဦးတည်းသာ လူသားများကိုရွေးနုတ်နိုင်သနည်း။ အဘယ့်ကြောင့်နည်း။
၁၁ ဟေဗြဲဘာသာစကား၌ “ရွေးနုတ်ဖိုး” ဟူသောစကားလုံးသည် သုံ့ပန်းတစ်ဦးကိုရွေးယူရန် ပေးရသောငွေကိုဆိုလိုသည့်ပြင် ညီမျှခြင်း ဟူ၍လည်း သဘောသက်ရောက်သည်။ စုံလင်သောလူ့အသက်ရှိသော လူတစ်ဦးကသာ အာဒံဆုံးရှုံးခဲ့ရာနှင့်ညီမျှသောအရာကို ပူဇော်နိုင်ပေသည်။ အာဒံနောက်ပိုင်း ကမ္ဘာပေါ်တွင်မွေးဖွားခဲ့သည့် တစ်ဦးတည်းသောစုံလင်သူမှာ ယေရှုခရစ်သာဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက ယေရှုကို “နောက်ဆုံးဖြစ်သောအာဒံ” ဟုခေါ်ပြီး ခရစ်တော်သည် “လူအပေါင်းတို့အဖို့ လိုက်ဖက်သောရွေးနုတ်ဖိုးအဖြစ် ကိုယ်ကိုစွန့်တော်မူပြီ” ဟုကျွန်ုပ်တို့အား စိတ်ချစေသည်။ (၁ ကောရိန္သု ၁၅:၄၅; ၁ တိမောသေ ၂:၅၊ ၆၊ ကဘ) အာဒံသည် သားသမီးများထံ သေခြင်းကိုကမ်းပေးခဲ့သော်လည်း ယေရှုပေးတော်မူသည့်အမွေမူကား ထာဝရအသက်ပင်တည်း! ကောရိန္သုပထမစောင် ၁၅:၂၂ ကဤသို့ရှင်းပြထားသည်– “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့။” သို့ ကြောင့် ယေရှုသည် “ထာဝရအဘ” ဟူ၍အမည်တွင်ခဲ့သည်မှာ သင့်တော်လျောက်ပတ်လှပေသည်။—ဟေရှာယ ၉:၆၊ ၇။
ရွေးနုတ်ဖိုးပေးခဲ့ပုံ
၁၂။ ယေရှုသည် အဘယ်အချိန်၌ မေရှိယဖြစ်လာသနည်း။ ၎င်းနောက်ပိုင်းတွင် အဘယ်အသက်တာလမ်းစဉ်ကို ကိုယ်တော်လိုက်ခဲ့သနည်း။
၁၂ စီ.အီး. ၂၉ ခုတွင် ယေရှုသည်နှစ်ခြင်းခံရန် အမျိုးတော်စပ်သူယောဟန်ထံ ကြွသွားတော်မူ၏။ ထိုသို့အားဖြင့် ဘုရားသခင့်အလိုတော်ဆောင်ရန် ကိုယ်ကိုဆက်သတော်မူ၏။ ထိုသမယတွင် ယေဟောဝါသည်ယေရှုကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက်ပေးတော်မူ၏။ ဤသို့ဖြင့် ယေရှုသည် မေရှိယ၊ သို့မဟုတ် ခရစ်တော်တည်းဟူသော ဘုရားသခင့်ဘိသိက်တော်ခံသူ ဖြစ်လာလေသည်။ (မဿဲ ၃:၁၆၊ ၁၇) ထိုနောက် ယေရှုသည် သုံးနှစ်ခွဲတာရှည်သော ဓမ္မအမှုတော်ကို စတင်ဆောင်ရွက်တော်မူ၏။ ကိုယ်တော်သည် မွေးရပ်ဌာနေတစ်ခွင် ဒေသစာရီလှည့်လည်၍ ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောပြီး သစ္စာရှိနောက်တော်လိုက်များကို စုရုံးတော်မူ၏။ သို့ရာတွင် ကြိုဟောထားသည့်အတိုင်းများမကြာမီ အတိုက်အခံပေါ်လာလေသည်။—ဆာလံ ၁၁၈:၂၂; တမန်တော် ၄:၈-၁၁။
၁၃။ သမာဓိစောင့်သိသူတစ်ဦးအဖြစ် ယေရှုအသေခံရန် အဘယ်အဖြစ်အပျက်များက ဦးတည်သွားစေခဲ့သနည်း။
၁၃ ယေရှုသည် ဘာသာရေးခေါင်းဆောင်များ၏ သူတော်ကောင်းယောင်ဆောင်မှုကို သတ္တိရှိရှိဖော်ထုတ်မူသောကြောင့် သူတို့ကလည်း ကိုယ်တော်ကိုသတ်ရန် ကြံစည်ကြသည်။ နောက်ဆုံးတွင် သူတို့သည် သစ္စာဖောက်အပ်နှံမှု၊ မတရားဖမ်းဆီးမှု၊ ဥပဒေနှင့်မညီသော စစ်ကြောစီရင်မှုနှင့် ပုန်ကန်ရန်လှုံ့ဆော်သည်ဟူသော မမှန်သည့်စွဲချက်တို့အကျုံးဝင်သော ကြောက်မက်ဖွယ်ကြံစည်မှုတစ်ခုကို ဖန်တီးခဲ့သည်။ ယေရှုသည် ရိုက်နှက်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ ပြောင်လှောင်သရော်ခြင်းနှင့် အသားစုတ်ပြတ်စေသော ကြာပွတ်ဖြင့်ရိုက်ခြင်းခံရတော်မူ၏။ ထို့နောက် ရောမဘုရင်ခံ ပုန္တိပိလတ်မင်းက ကိုယ်တော်ကို ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် အသေသတ်ရန် စီရင်ချက်ချလိုက်သည်။ ကိုယ်တော်သည် သစ်တိုင်တွင်သံမှိုဖြင့်ရိုက်၍ ဆွဲထားခြင်းခံရ၏။ အသက်ရှူတိုင်း ပြင်းထန်သောဝေဒနာခံစားရပြီး အချိန်နာရီအတန်ကြာမှ အသက်ချုပ်တော်မူ၏။ ထိုသို့ပြင်းထန်သောစမ်းသပ်မှုတစ်လျှောက် ယေရှုသည် ဘုရားသခင်အပေါ် ဆိုစရာမရှိအောင် သမာဓိစောင့်ထိန်းတော်မူခဲ့သည်။
၁၄။ သားတော်ကို ဝေဒနာခံရန်နှင့် အသေခံရန် ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း။
၁၄ ဤသို့ဖြင့် ယေရှုသည် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် “လူများကိုရွေးခြင်းငှာ” ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်တော်မူခဲ့၏။ (မာကု ၁၀:၄၅; ၁ တိမောသေ ၂:၅၊ ၆) ကောင်းကင်ဘုံမှနေ၍ ယေဟောဝါသည် ချစ်မြတ်နိုးသောသားတော် ဝေဒနာခံ၍ သေဆုံးသည်ကို တွေ့မြင်နိုင်တော်မူ၏။ ဤမျှကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်ပျက်ရန် ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း။ လူသားတို့ကို ချစ်တော်မူသောကြောင့်ပင်ဖြစ်သည်။ ယေရှုက “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” ဟူ၍မိန့်တော်မူ၏။ (ယောဟန် ၃:၁၆) ယေရှု၏သေခြင်းက ယေဟောဝါသည် အကြွင်းမဲ့တရားမျှတသော ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်း ကျွန်ုပ်တို့ကိုသိရှိစေသည်။ (တရားဟောရာ ၃၂:၄) အချို့သူတို့ကဘုရားသခင်သည် “အသက်အတွက်အသက်” တောင်းဆိုထားသည့် တရားမျှတခြင်းမူကိုစွန့်လွှတ်၍ အာဒံ၏အပြစ်ရှိသောလမ်းစဉ်အတွက် ပေးဆပ်ရသည့်လျော်ကြေးကို အဘယ်ကြောင့်လျစ်လျူမရှုဘဲနေသည်ကို တွေးမရဖြစ်ကောင်းဖြစ်မည်။ အကြောင်းရင်းမှာ ယေဟောဝါသည် ကြီးမားစွာဆုံးရှုံးနစ်နာသည့်တိုင်အောင် မိမိ၏ပညတ်များကို အစဉ်လိုက်နာစောင့်ထိန်းတော်မူ၍ ဖြစ်သည်။
၁၅။ ယေရှု၏ဘဝကို ထာဝစဉ်အဆုံးသတ်ရန်ခွင့်ပြုခြင်းသည် အဘယ်ကြောင့် တရားမျှတရာမကျသနည်း။ သို့နှင့် ယေဟောဝါ အဘယ်အရာပြုတော်မူသနည်း။
၁၅ ယေရှု၏သေခြင်းမှသည် ပျော်ရွှင်ဖွယ်ရလဒ် ထွက်ပေါ်ရန်လည်း ယေဟောဝါ၏တရားမျှတခြင်းက တောင်းဆိုသည်။ ခြုံကြည့်လျှင် သစ္စာရှိသောယေရှုကို သေခြင်း၌ထာဝစဉ်အိပ်ပျော်စေမည်ဆိုပါက တရားမျှတရာရောက်ပါမည်လော။ လုံးဝရောက်မည်မဟုတ်။ ဘုရားသခင်၏ ထိုသစ္စာရှိသူသည် သင်္ချိုင်းထဲ၌အစဉ်ရှိနေမည်မဟုတ်ကြောင်း ဟေဗြဲကျမ်းစောင်များက ပရောဖက်ပြုထားသည်။ (ဆာလံ ၁၆:၁၀; တမန်တော် ၁၃:၃၅) ကိုယ်တော်သည် သုံးရက်တာကာလ၏ တစ်စိတ်တစ်ဒေသလောက်သာ သင်္ချိုင်း၌အိပ်ပျော်နေခဲ့ပြီးနောက် ယေဟောဝါဘုရားသခင်က ကိုယ်တော်ကို တန်ခိုးကြီးသော နာမ်ဝိညာဉ်သက်ရှိအဖြစ် ထမြောက်စေတော်မူ၏။—၁ ပေတရု ၃:၁၈။
၁၆။ ကောင်းကင်ဘုံသို့ပြန်ရောက်သည်တွင် ယေရှုအဘယ်အရာပြုတော်မူသနည်း။
၁၆ သေဆုံးချိန်၌ ယေရှုသည် လူ့သားအသက်ကို အပြီးအပိုင်စွန့်လွှတ်လိုက်တော်မူ၏။ ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခံရသည့်အခါ ကိုယ်တော်သည် အသက်ပေးသောနာမ်ဝိညာဉ် ဖြစ်လာ၏။ ထိုမျှမက စကြဝဠာ အသန့်ရှင်းဆုံးဖြစ်သောဌာနတော်သို့ တက်ကြွသည့်အခါ၌ ချစ်မြတ်နိုးသောခမည်းတော်နှင့် ပြန်လည်ဆုံစည်း၍ မိမိ၏စုံလင်သောလူ့အသက်တန်ဖိုးကို တရားဝင်ဆက်သတော်မူခဲ့သည်။ (ဟေဗြဲ ၉:၂၃-၂၈) ထိုအချိန်မှစ၍ အဖိုးအနဂ္ဃထိုက်တန်သော ထိုအသက်၏တန်ဖိုးကို နာခံသောလူသားများ၏အကျိုးအတွက် အသုံးပြုနိုင်ခဲ့လေသည်။ သင့်အဖို့ အဘယ်အဓိပ္ပာယ်ရှိပါသနည်း။
ခရစ်တော်၏ရွေးနုတ်ဖိုးနှင့် သင်
၁၇။ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာပေါ် အခြေပြု၍ အပြစ်လွှတ်ခြင်းအကျိုးကို ကျွန်ုပ်တို့မည်သို့ရယူနိုင်သနည်း။
၁၇ ယခုပင် ခရစ်တော်၏ရွေးနုတ်ဖိုး သင့်ကိုအကျိုးပြုနိုင်သည့် နည်းသုံးနည်းကို ဆင်ခြင်စဉ်းစားကြည့်ပါ။ ပထမ၊ အပြစ်လွှတ်ပေးသည်။ ယေရှုသွန်းလောင်းသောအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် “အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူး” ကိုခံရကြ၏။ (ဧဖက် ၁:၈) ထို့ကြောင့် ကြီးလေးသည့်အပြစ် ကျူးလွန်မိသည့်တိုင်အောင် ယေရှု၏နာမတော်ကိုအမှီပြု၍ ဘုရားသခင်ထံ အပြစ်လွှတ်ရန်တောင်းလျှောက်နိုင်သည်။ ကျွန်ုပ်တို့အမှန်နောင်တရပါက ယေဟောဝါသည် သားတော်၏ ရွေးနုတ်ဖိုးပူဇော်သကာ၏တန်ဖိုးကို ကျွန်ုပ်တို့အပေါ် အသုံးပြုတော်မူ၏။ ဘုရားသခင်သည် အပြစ်ကြောင့် ကျွန်ုပ်တို့ခံထိုက်သည့်သေဒဏ်ကို စီရင်မည့်အစား အပြစ်လွှတ်၍ ကြည်လင်သောသြတ္တပ္ပစိတ်ဆိုင်ရာ ကောင်းချီးကိုပေးတော်မူ၏။—တမန်တော် ၃:၁၉; ၁ ပေတရု ၃:၂၁။
၁၈။ ယေရှု၏ပူဇော်သကာသည် အဘယ်နည်းဖြင့် မျှော်လင့်ခြင်းပေးသနည်း။
၁၈ ဒုတိယ၊ ခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်သကာသည် အနာဂတ်မျှော်လင့်ချက် အတွက် အခြေခံအုတ်မြစ်ချပေးသည်။ ရူပါရုံတွင် တမန်တော်ယောဟန်က ‘အဘယ်သူမျှ မရေတွက်နိုင်သော လူအုပ်ကြီးတစ်အုပ်’ သည် လာလတ္တံ့သော ဤအစီအစဉ်စနစ်၏ ကြီးမားပြင်းထန်သောဆုံးခန်းကို ကပ်ကျော်မည်ကို တွေ့မြင်ခဲ့ရသည်။ များပြားလှသောအခြားလူတို့ကို ဘုရားသခင်ဖျက်ဆီးချိန်၌ ဤသူတို့သည် အဘယ်ကြောင့်ချမ်းသာရာရကြမည်နည်း။ လူအုပ်ကြီးသည် “မိမိတို့ဝတ်လုံကို သိုးသငယ် [ယေရှုခရစ်] ၏အသွေး၌ လျှော်၍ဖြူစေ” ကြသည်ဟု ကောင်းကင်တမန်က ယောဟန်ကိုပြောပြ၏။ (ဗျာဒိတ် ၇:၉၊ ၁၄) ယေရှုခရစ်သွန်းတော်မူသည့်အသွေးတော်ကို ယုံကြည်နေသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ဘုရားသခင့်အမြင်တွင် သန့်ရှင်းနေမည့်အပြင် ထာဝရအသက်မျှော်လင့်ချက်လည်း ရှိပေမည်။
၁၉။ ခရစ်တော်နှင့် ကိုယ်တော့်ခမည်းတော်တို့သည် သင့်ကိုချစ်ကြောင်း ကိုယ်တော်၏ပူဇော်သကာက မည်သို့သက်သေထူသနည်း။
၁၉ တတိယ၊ ရွေးနုတ်ဖိုးပူဇော်သကာသည် ယေဟောဝါ၏မေတ္တာတော်ဆိုင်ရာ . . . သက်သေအထောက်အထား ဖြစ်သည်။ ခရစ်တော်၏သေခြင်းတွင် စကြဝဠာသမိုင်း၌ အကြီးမြတ်ဆုံးသော မေတ္တာဆိုင်ရာလုပ်ရပ်နှစ်ခုအကျုံးဝင်နေသည်။ (၁) ကျွန်ုပ်တို့ကိုယ်စားအသေခံရန် သားတော်ကိုစေလွှတ်ရာ၌ တင်ပြသောဘုရားသခင့်မေတ္တာတော်၊ (၂) ရွေးနုတ်ဖိုးအဖြစ် မိမိကိုယ်ကိုလိုလိုလားလားပူဇော်ရာ၌ တင်ပြသောယေရှု၏မေတ္တာတော်။ (ယောဟန် ၁၅:၁၃; ရောမ ၅:၈) ယုံကြည်ခြင်းကို အမှန်တကယ်တင်ပြကြမည်ဆိုလျှင် ယင်းမေတ္တာတော်သည် ကျွန်ုပ်တို့တစ်ဦးစီနှင့်လည်း သက်ဆိုင်ပေသည်။ တမန်တော်ပေါလုက “ဘုရားသခင်၏သားတော်သည် . . . ငါ့ကိုချစ်၍ ငါ့အဖို့ကိုယ်ကိုကိုယ် စွန့်တော်မူ၏” ဟုဆို၏။—ဂလာတိ ၂:၂၀; ဟေဗြဲ ၂:၉; ၁ ယောဟန် ၄:၉၊ ၁၀။
၂၀။ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို ကျွန်ုပ်တို့ယုံကြည်ကြောင်း အဘယ်ကြောင့်တင်ပြသင့်သနည်း။
၂၀ ထို့ကြောင့် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြခြင်းအားဖြင့် ဘုရားသခင်နှင့် ခရစ်တော်ပြသသောမေတ္တာတော်ကို ကျေးဇူးတင်ကြောင်းပြကြပါစို့။ ဤသို့ပြုလျှင် ထာဝရအသက်ရရှိမည်ဖြစ်သည်။ (ယောဟန် ၃:၃၆) သို့ရာတွင် ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကမ္ဘာပေါ်သို့ ယေရှုကြွလာ၍အသက်ရှင်ရခြင်းနှင့် အသေခံရခြင်းတို့၏ အရေးအကြီးဆုံးအကြောင်းရင်း မဟုတ်ပါ။ ကိုယ်တော်၏အဓိက စိတ်ဝင်စားမှုမှာ သာ၍ကြီးကျယ်သော စကြဝဠာဆိုင်ရာပြဿနာဖြစ်သည်။ ၎င်းပြဿနာသည် ကျွန်ုပ်တို့အားလုံးနှင့် တိုက်ရိုက်ပတ်သက်နေကြောင်း လာမည့်အခန်းတွင် တွေ့ရပေမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအခန်း၌ ကမ္ဘာပေါ်တွင် ဆိုးယုတ်မှုနှင့် ဒုက္ခဆင်းရဲတို့ကို ဤမျှကြာမြင့်စွာ ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုထားရသည်ကို ဖော်ပြထားသောကြောင့်တည်း။
သင်၏အသိပညာကို စစ်ဆေးခြင်း
လူသားများကိုကယ်တင်ရန်အတွက် ယေရှုအဘယ်ကြောင့် အသေခံတော်မူရသနည်း။
ရွေးနုတ်ဖိုးကို မည်သို့မည်ပုံပေးခဲ့သနည်း။
အဘယ်နည်းများဖြင့် ရွေးနုတ်ဖိုး၏အကျိုးကျေးဇူးကို သင်ခံစားရသနည်း။
[စာမျက်နှာ ၆၇ ပါ ရုပ်ပုံ]