ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကမ္ဘာချီ ပြဿနာတစ်ရပ်
    နိုးလော့!—၂၀၀၂ | စက်တင်ဘာ ၈
    • ကမ္ဘာချီ ပြဿနာတစ်ရပ်

      “ကိုယ့်ကိုယ်ကိုသတ်သေခြင်းသည် ဆိုးရွားသော ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်သည်။”—ယူ.အက်စ်. သမားတော်ချုပ် ဒေးဗစ် စက်ချာ၊ ၁၉၉၉ ခုနှစ်။

      ယူနိုက်တက်စတိတ်မှ သမားတော်ချုပ်တစ်ဦး၏ အထက်ပါစကားသည် သမိုင်းတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ပြည်သူ့အရေးကိစ္စတစ်ရပ်အဖြစ် ပထမဆုံးအကြိမ် ဖော်ပြခြင်းဖြစ်သည်။ ယခုအခါ ထိုနိုင်ငံတွင် သူတစ်ပါး၏သတ်ဖြတ်မှုခံရခြင်းထက် ကိုယ့်ကိုယ်ကိုသတ်သေသူ ပိုများပြားလျက်ရှိသည်။ ကိုယ့်ကိုယ်ကိုသတ်သေမှု တားဆီးကာကွယ်ရေးသည် တိုင်းပြည်၏ဦးစားပေး အရေးကိစ္စတစ်ရပ်ဟု ယူ.အက်စ်. ဆီးနိတ်လွှတ်တော်က ကြေညာခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ချေ။

      သို့တိုင် ၁၉၉၇ ခုနှစ်၌ လူ ၁၀၀,၀၀၀ လျှင် ၁၁.၄ ဦးရှိခဲ့သော ယူနိုက်တက်စတိတ်မှ ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်၌ လူ ၁၀၀,၀၀၀ လျှင် ၁၆ ဦးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့သည့် ကမ္ဘာချီသတ်သေမှုနှုန်းထက် ပိုနည်းပါသည်။ ကမ္ဘာတစ်ဝန်း ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းသည် လွန်ခဲ့သော ၄၅ နှစ်အတွင်း ၆၀ ရာခိုင်နှုန်း တိုးများခဲ့ပြီ။ ယခုအခါ တစ်နှစ်တည်းတွင် ကမ္ဘာတစ်ဝန်းမှ လူတစ်သန်းခန့်သည် မိမိကိုယ်ကို အဆုံးစီရင်နေကြသည်။ ယင်းပမာဏမှာ စက္ကန့် ၄၀ တိုင်းတွင် လူတစ်ဦးခန့်သေဆုံးသည့် သဘောပင်တည်း!

      သို့ရာတွင် ကိန်းဂဏန်းများသည် အခြေအနေအပြည့်အစုံကို မဖော်ပြချေ။ အမှုများစွာတွင် လူသေမှုတစ်မှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်ကြောင်း မိသားစုဝင်များက ငြင်းဆန်ကြသည်။ ထို့အပြင် ကိုယ့်ကိုယ်ကိုသတ်သေမှု တစ်ခုအောင်မြင်ပြီးမြောက်တိုင်း ကြံစည်အားထုတ်ခဲ့မှု ၁၀ မှုနှင့် ၁၅ မှုကြားရှိသည်ဟု ခန့်မှန်းရသည်။ ယူနိုက်တက်စတိတ်မှ အထက်တန်းကျောင်းသား ၂၇ ရာခိုင်နှုန်းသည် လွန်ခဲ့သောနှစ်အတွင်း ကိုယ့်ကိုယ်ကိုသတ်သေရန် အလေးအနက် စဉ်းစားသုံးသပ်ခဲ့ကြကြောင်း၊ ဆန်းစစ်လေ့လာသည့်အုပ်စုမှ ၈ ရာခိုင်နှုန်းသည် ကိုယ့်ကိုယ်ကိုသတ်သေရန် ကြံစည်အားထုတ်ခဲ့ကြကြောင်း လေ့လာမှုတစ်ရပ်အရ တွေ့ရှိရသည်။ တစ်ချိန်မဟုတ်တစ်ချိန်တွင် လူကြီး ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသည် ကိုယ့်ကိုယ်ကိုသတ်သေလိုစိတ်ပေါ်ခဲ့ကြောင်း အခြားလေ့လာမှုများအရ တွေ့ရှိရသည်။

      ယဉ်ကျေးမှုကွဲပြားချက်များ

      ကိုယ့်ကိုယ်ကိုသတ်သေမှုအပေါ် လူတို့၏ရှုမြင်ပုံမှာ အကြီးအကျယ်ကွဲပြားသည်။ ယင်းကို တချို့က ရာဇဝတ်မှုဟူ၍လည်းကောင်း၊ သူရဲဘောကြောင်သည့် ခေါင်းရှောင်မှုဟူ၍လည်းကောင်း၊ အမှားပြုမိသူအတွက် အသရေရှိရှိ တောင်းပန်မှုတစ်ရပ်ဟူ၍ပင် ယူမှတ်ကြသည်။ တချို့က နောက်ထပ်လိုက်လျှောက်ရမည့် ဂုဏ်ယူဖွယ်လမ်းစဉ်တစ်ရပ်ဟုပင် ယူမှတ်ကြ၏။ အဘယ်ကြောင့် ထိုသို့ အယူအဆကွဲပြားရသနည်း။ ယဉ်ကျေးမှုသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်သည်။ အမှန်မှာ ယဉ်ကျေးမှုသည် “ကိုယ့်ကိုယ်ကိုသတ်သေနိုင်သည့်အထိ” ပင် ဖြစ်စေနိုင်ကြောင်း ဟားဗဒ် စိတ်ကျန်းမာရေးစာလွှာတွင် ဖော်ပြသည်။

      ဥရောပအလယ်ပိုင်းနိုင်ငံတစ်နိုင်ငံ—ဟန်ဂေရီ—ကို သုံးသပ်ကြည့်ပါ။ ထိုနိုင်ငံတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်း မြင့်မားခြင်းကို ဟန်ဂေရီနိုင်ငံ၏ “ဝမ်းနည်းဖွယ် ‘ဓလေ့ထုံးစံ’” အဖြစ် ဒေါက်တာ ဇိုလ်တန် ရီးမားက ဖော်ပြခဲ့သည်။ ဟန်ဂေရီလူမျိုးများသည် မည်သည့်အကြောင်းရင်းကြောင့်မဆို ဟုဆိုရမလောက် လွယ်လွယ်နှင့် ကိုယ့်ကိုယ်ကိုသတ်သေလေ့ရှိကြသည်ဟု ဟန်ဂေရီအမျိုးသားကျန်းမာရေးအဖွဲ့၏ ဒါရိုက်တာ ဘေလာ ဘူဒါက ဖော်ပြခဲ့သည်။ ဘူဒါ၏အဆိုအရ “သူ့မှာ ကင်ဆာရောဂါရှိတယ်—အဲဒါကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ သူသိတယ်” ဟူ၍ တုံ့ပြန်လေ့ရှိကြသည်။

      တစ်ချိန်က အိန္ဒိယနိုင်ငံတွင် ဆတ်တီးဟု လူသိများသည့် ဘာသာရေးထုံးစံတစ်ခုရှိခဲ့သည်။ မုဆိုးမဖြစ်သူတစ်ဦး လင်၏အလောင်းရှို့ရန် ထင်းပုံအပေါ် မိမိကိုယ်ကို ပစ်လှဲမီးသင်္ဂြိုဟ်ခံသည့် ယင်းထုံးစံကို တားမြစ်ထားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း လုံးလုံးမကွယ်ပျောက်သေးချေ။ ဤနည်းဖြင့် အမျိုးသမီးတစ်ဦး မိမိကိုယ်ကိုသတ်သေကြောင်း သတင်းထွက်လျှင် ဒေသခံလူများစွာသည် ဤအဖြစ်ဆိုးကို ချီးမွမ်းကြ၏။ ယနေ့အိန္ဒိယသတင်းစာအဆိုအရ အိန္ဒိယနိုင်ငံ၏ ထိုထုံးစံရှိသည့်ဒေသတွင် “နှစ်များတစ်လျှောက် (၂၅ နှစ်အတွင်း) အမျိုးသမီး ၂၅ ဦးခန့်သည် လင်သား၏အလောင်းနှင့်အတူ မိမိတို့ကိုယ်ကို မီးသင်္ဂြိုဟ်ခံကြကြောင်း သိရသည်။”

      ဂျပန်နိုင်ငံမှ ကိုယ့်ကိုယ်ကိုသတ်သေမှုသည် မတော်တဆယာဉ်တိုက်မှုများထက် သုံးဆပိုများနေရာ ထူးခြားလှပေသည်! ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ဘယ်သောအခါမျှ အပြစ်မတင်သော ဂျပန်ဓလေ့ထုံးစံသည် သတ်မှတ်နည်းအတိုင်း ကိုယ့်ဝမ်းဗိုက်ကို ဟက်တက်ခွဲသတ်သေသည့်ပုံစံ (ဆက်ပူကူ သို့မဟုတ် ဟာရ-ကီရိ) ကိုအလွန်လိုက်နာကျင့်သုံးခြင်းကြောင့် နာမည်ကြီးခဲ့သည်” ဟုဂျပန်—ပုံပြစွယ်စုံကျမ်းက ဖော်ပြသည်။

      နိုင်ငံပေါင်းချုပ်အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သူ အီနာဇို နီတိုဘီက ဘူရှိဒို—ဂျပန်စရိုက်လက္ခဏာဟူသည့် သူ၏စာအုပ်တွင် သေခြင်းနှင့်စပ်လျဉ်း၍ ယင်းထုံးစံ၏ စွဲမက်ဖွယ်ဖြစ်မှုကို ရှင်းပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “စစ်သည်များ ကျင့်သုံးသည့် နည်းစနစ်တစ်ခုဖြစ်ကာ အလယ်ခေတ်တွင် ဖန်တီးသည့် [ဆက်ပူကူ] သည် ၎င်းတို့၏ပြစ်မှုများကို ပြေငြိမ်းစေနိုင်သည်၊ မှားယွင်းမှုများအတွက် တောင်းပန်မှုဖြစ်စေနိုင်သည်၊ အရှက်တကွဲဖြစ်ခြင်းကို ရှောင်ကွင်းနိုင်သည်၊ ၎င်းတို့၏မိတ်ဆွေများကို လွတ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏ရိုးသားမှန်ကန်မှုကို သက်သေထူစေနိုင်သည်။” ကိုယ့်ကိုယ်ကိုသတ်သေခြင်းနှင့်ပတ်သက်သည့် ဤထုံးစံမှာ ယေဘုယျအားဖြင့် အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သော်လည်း လူနည်းစုမှာမူ လူမှုရေးအကျိုးသက်ရောက်မှုအတွက် ကျင့်သုံးကြဆဲဖြစ်သည်။

      အခြားတစ်ဖက်တွင် ခရစ်ယာန်ဘောင်သည် ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ရာဇဝတ်မှုဟု ရှုမြင်ခဲ့ကြသည်မှာ ကြာပေပြီ။ ခြောက်ရာစုနှင့် ခုနစ်ရာစုများအတွင်း ရိုမန်ကက်သလစ်ချာ့ချ်သည် ကိုယ့်ကိုယ်ကိုသတ်သေသူတို့ကို ပယ်ကြဉ်ခဲ့ကြပြီး ဈာပနအခမ်းအနားများ မပြုလုပ်ပေးခဲ့ကြချေ။ တချို့ဒေသများတွင် ဘာသာရေးစိတ်ထက်သန်မှုသည်—အသေကောင်ကို ကြိုးဆွဲချခြင်း၊ နှလုံးကိုတုတ်ချောင်းဖြင့် ထိုးဖောက်ခြင်းပင်အပါအဝင်—ကိုယ့်ကိုယ်ကိုသတ်သေမှုများနှင့်ပတ်သက်သော ထူးဆန်းသည့်ထုံးစံများကို ဖြစ်ပေါ်စေသည်။

      ရှေ့နောက်မညီဟန်ရှိသည့်အရာမှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံသူတို့သည် သေဒဏ်ကျခံနိုင်သည်။ ၁၉ ရာစုမှ အင်္ဂလိပ်လူမျိုးတစ်ဦးသည် မိမိ၏လည်ပင်းကို လှီးဖြတ်သတ်သေရန် ကြံစည်ခြင်းကြောင့် ကြိုးမိန့်ပေးခံခဲ့ရသည်။ သို့ဖြင့် ထိုသူအထမမြောက်ခဲ့သည့်အရာကို အာဏာပိုင်များက အကောင်အထည်ဖော်ပေးခဲ့ကြ၏။ ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုအတွက် ပြစ်ဒဏ်ကို နှစ်များတစ်လျှောက် ပြောင်းလဲခဲ့သော်လည်း ကိုယ့်ကိုယ်ကိုသတ်သေခြင်းနှင့် ကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းတို့သည် ရာဇဝတ်မှုမမြောက်တော့ကြောင်း ဗြိတိသျှတရားဥပဒေပြုလွှတ်တော်က မကြေညာသေးမီ ၁၉၆၁ ခုနှစ်ရောက်မှသာ ကြေညာခဲ့သည်။ အိုင်ယာလန်နိုင်ငံတွင် ၁၉၉၃ ခုနှစ်အထိ ရာဇဝတ်မှုမြောက်ခဲ့သည်။

      ယနေ့ တချို့သောစာရေးဆရာများသည် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ရွေးချယ်စရာနည်းလမ်းတစ်ရပ်အဖြစ် အားပေးအားမြှောက်ပြုကြသည်။ သေဆုံးတော့မည့်လူနာအတွက် ကိုယ့်ကိုယ်ကိုသတ်သေဖို့ အကူအညီပေးခြင်းနှင့်ပတ်သက်သည့် ၁၉၉၁ ခုနှစ်ထုတ် စာအုပ်တစ်အုပ်တွင် ဘဝကိုအဆုံးစီရင်သည့်နည်းများ ဖော်ပြထားသည်။ နောက်ပိုင်းတွင် အကြံပြုထားသော နည်းတစ်နည်းကို အသုံးပြုခဲ့ကြသည့် သေတော့မည့် လူနာမဟုတ်သူဦးရေမှာ တိုးပွားလာခဲ့သည်။

      စင်စစ်အားဖြင့် ကိုယ့်ကိုယ်ကိုသတ်သေခြင်းသည် ပြဿနာဖြေရှင်းနည်းလော။ သို့မဟုတ် ဆက်အသက်ရှင်နေထိုင်ဖို့ အကြောင်းကောင်းများ ရှိသလော။ ဤမေးခွန်းများကို မသုံးသပ်မီ အဘယ်အရာက ကိုယ့်ကိုယ်ကိုသတ်သေမှု ဖြစ်စေသနည်း ဟူသည့်အချက်ကို ဦးစွာသုံးသပ်ကြည့်ကြစို့။

      [စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

      တစ်နှစ်တည်းတွင် ကမ္ဘာတစ်ဝန်း မှ လူတစ်သန်းခန့်သည် မိမိကိုယ်ကိုအဆုံးစီရင်ကြသည်။ ယင်းပမာဏမှာ စက္ကန့် ၄၀ တိုင်းတွင် လူတစ်ဦးသေဆုံးသည့်သဘောတည်း!

  • ဘဝကို လူတို့အရှုံးပေးရသည့်အကြောင်း
    နိုးလော့!—၂၀၀၂ | စက်တင်ဘာ ၈
    • ဘဝကို လူတို့အရှုံးပေးရသည့်အကြောင်း

      “ကိုယ့်အကြောင်းနှင့်ကိုယ် သေကြောင်းကြံကြသည်– လွန်စွာလျှို့ဝှက်ကာ၊ မသိရှိနိုင်ဘဲ ထိတ်လန့်ဖွယ်ဖြစ်သည်။”—စိတ်ရောဂါအထူးကုဆရာဝန် ကေ ရက်ဒ်ဖီးလ် ဂျေမီဆန်။

      “အသက်ရှင်ရခြင်းသည် ဆင်းရဲခြင်းဖြစ်၏။” ယင်းသည် ၂၀ ရာစုအစောပိုင်းက လူကြိုက်များခဲ့သော ဂျပန်စာရေးဆရာ ရူးနိုစူကေ အကူတဂါဝါက ကိုယ့်ကိုယ်ကိုမသတ်သေမီလေးတွင် ရေးသားခဲ့သည့်စကားဖြစ်သည်။ သို့ရာတွင် ဤစကားများဖြင့် အစပျိုးခဲ့သည်– “တကယ်တော့ ကျွန်တော်မသေချင်ပါဘူး၊ ဒါပေမဲ့ . . . ။”

      အကူတဂါဝါကဲ့သို့ပင် သေကြောင်းကြံသူများစွာသည်လည်း အမှန်မှာ သေလိုသည့်ဆန္ဒမရှိကြပါ၊ “ဖြစ်ပျက်နေသမျှကို အဆုံးတိုင်” စေလိုကြခြင်းသာဖြစ်သည်ဟု စိတ္တဗေဒပါမောက္ခတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ကိုယ့်ကိုယ်ကိုသတ်သေမှုတွင် အတွေ့ရဆုံးစကားမှာ အထက်ပါအတိုင်းဖြစ်သည်။ ‘ကျွန်တော်မခံနိုင်တော့ဘူး’ သို့မဟုတ် ‘ဘာကြောင့် ဆက်အသက်ရှင်ရဦးမှာလဲ’ ဟူသောစကားများသည် ဘဝ၏ခက်ထန်ကြမ်းတမ်းမှုများမှ လွတ်မြောက်လိုသည့်ဆန္ဒပြင်းပြကြောင်း ဖော်ပြသည်။ သို့သော် ကျွမ်းကျင်သူတစ်ဦး ဖော်ပြခဲ့သကဲ့သို့ပင် ကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းသည် “သာမန်အအေးမိခြင်းကို နျူကလီးယားဗုံးတစ်လုံးဖြင့် ကုသခြင်းကဲ့သို့” ဖြစ်၏။

      လူတို့ ကိုယ့်ကိုယ်ကိုသေကြောင်းကြံရသည့် အကြောင်းရင်းများ မတူကြသော်လည်း တစ်စုံတစ်ရာသောဘဝဖြစ်ရပ်များက ကိုယ့်ကိုယ်ကိုသတ်သေရန် အစပျိုးပေးလေ့ရှိသည်။

      တွန်းပို့ပေးသောဖြစ်ရပ်များ

      အခြားသူများအတွက် အသေးအဖွဲဖြစ်ဟန်တူသည့် ကိစ္စများနှင့်ပင် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းမှာ လူငယ်များအတွက် အဆန်းမဟုတ်ချေ။ လူငယ်များသည် သူတို့စိတ်ထိခိုက်နာကျင်ပြီး ၎င်းနှင့်ပတ်သက်၍ ဘာမျှမတတ်နိုင်တော့သည့်အခါ မိမိကိုယ်ကိုသတ်သေခြင်းသည် မိမိတို့ကိုထိခိုက်စေသူတို့အပေါ် ကလဲ့စားချေသည့် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု ယူဆကြပေမည်။ ဂျပန်နိုင်ငံမှ ကိုယ့်ကိုယ်ကိုသတ်သေမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဟီရိုရှိ အီနာမူရာက ဤသို့ရေးသားခဲ့သည်– “မိမိတို့ကိုယ်နှိုက်၏သေခြင်းဖြင့် သူတို့ကိုထိခိုက်နစ်နာစေသူတို့အား အပြစ်ဒဏ်ပေးဖို့ အတွင်းထဲမှလှုံ့ဆော်မှုကို ကလေးများမြတ်နိုးကြသည်။”

      ကလေးများသည် အကြီးအကျယ် အနိုင်ကျင့်ခံရသောအခါ [တခြားကလေးများထက်] ခုနစ်ဆနီးပါး ကိုယ့်ကိုယ်ကိုသတ်သေမည့် အလားအလာရှိသည်ဟု မကြာသေးမီက ဗြိတိန်နိုင်ငံမှ လေ့လာချက်တစ်ရပ်က ဖော်ပြသည်။ ဤကလေးများသည် အမှန်ပင် စိတ်ထိခိုက်ကြပါသည်။ ကိုယ့်ကိုယ်ကိုကြိုးဆွဲချသတ်သေခဲ့သည့် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသည် သူ့အား နှိပ်စက်ပြီး ငွေလုယက်သည့်အထိပင် ပြုခဲ့ကြသူငါးဦး၏အမည်ကို ဖော်ပြသည့်စာတစ်စောင်ကို ထားခဲ့သည်။ “ကျေးဇူးပြု၍ တခြားကလေးတွေကို ကယ်တင်ပါ” ဟူ၍ရေးသားခဲ့သည်။

      တခြားသူများမှာမူ ကျောင်းတွင် အခက်အခဲတွေ့ကြုံသည့်အခါ၊ ဥပဒေနှင့်ငြိစွန်းသည့်အခါ၊ အချစ်ရေးပြတ်စဲသွားသည့်အခါ၊ အဆင့်ညံ့သည်မှတ်တမ်းကတ်ရသည့်အခါ၊ စာမေးပွဲကြောင့် ဖိစီးမှုကြုံရသည့်အခါ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်လွန်းသည့်အခါ ကိုယ့်ကိုယ်ကိုသေကြောင်းကြံကြပေမည်။ ပြီးပြည့်စုံလင်မှုဝါဒီများဖြစ်လိုသည့် အလွန်တော်သော မြီးကောင်ပေါက်လူငယ်များတွင်—အမှန်တကယ်ဖြစ်စေ၊ စိတ်ထင်ဖြစ်စေ—အဟန့်အတားတစ်ခု သို့မဟုတ် ကျရှုံးမှုတစ်ခုသည် ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုကို ဖြစ်စေနိုင်ပေသည်။

      လူကြီးများအတွက် ငွေရေးကြေးရေး သို့မဟုတ် အလုပ်နှင့်ဆက်နွှယ်သော ပြဿနာများသည် တွန်းပို့ပေးသည့်ဖြစ်ရပ်များ ဖြစ်လေ့ရှိသည်။ နှစ်ချီ၍ စီးပွားရေးကျဆင်းလာသည့် ဂျပန်နိုင်ငံတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုသည် မကြာသေးမီက တစ်နှစ်လျှင် ၃၀,၀၀၀ အမှတ်ကို ကျော်လွန်ခဲ့၏။ မိုင်နီချိ နေ့စဉ် သတင်းစာအဆိုအရ မိမိကိုယ်ကိုသတ်သေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားလေးပုံသုံးပုံနီးပါးသည် “အကြွေး၊ စီးပွားရေးဆုံးရှုံးမှုများ၊ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတို့ အရင်းခံသည့်ပြဿနာများကြောင့်” ထိုသို့ပြုကြခြင်းဖြစ်သည်။ မိသားစုပြဿနာများသည်လည်း ကိုယ့်ကိုယ်ကိုသတ်သေမှုကို ဖြစ်စေနိုင်သည်။ ဖင်လန်သတင်းစာတစ်စောင်တွင် ဤသို့ဖော်ပြသည်– “မကြာသေးမီက ကွာရှင်းပြတ်စဲကြသော လူလတ်ပိုင်းအမျိုးသားများမှာ” အန္တရာယ်အများဆုံးသူတို့တွင်ပါဝင်သည်။ မိမိကိုယ်ကိုသေကြောင်းကြံသည့် အမျိုးသမီးအများစုမှာ ပြိုကွဲသောအိမ်ထောင်များတွင် ကြီးပြင်းလာခဲ့ကြကြောင်း ဟန်ဂေရီနိုင်ငံမှ လေ့လာမှုတစ်ရပ်က တွေ့ရှိခဲ့သည်။

      အငြိမ်းစားယူခြင်းနှင့် ကာယရေးဖျားနာမှုသည်လည်း အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် အဓိကတွန်းပို့ပေးသည့် အကြောင်းရင်းများဖြစ်သည်။ ရောဂါအခြေအနေ နောက်ဆုံးအဆင့်ရောက်သည့်အခါမှသာမဟုတ်ဘဲ လူနာက ဝေဒနာကို မခံရပ်နိုင်ဟုယူမှတ်သည့်အခါ ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ထွက်ပေါက်အဖြစ် ရွေးချယ်လေ့ရှိကြသည်။

      သို့ရာတွင် တွန်းပို့ပေးသည့် ဤဖြစ်ရပ်များကို လူတိုင်း ကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းဖြင့် တုံ့ပြန်ကြသည်မဟုတ်ချေ။ တစ်ဖက်တွင် အဆိုပါဖိစီးမှုဖြစ်စေသည့် အခြေအနေများကို ရင်ဆိုင်ရသည့်အခါ အများစုသည် မိမိတို့ကိုယ်ကို သေကြောင်းမကြံကြပါ။ သို့ဆိုလျှင် ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို လူအများစုက ဖြေရှင်းနည်းအဖြစ် မရွေးချယ်ကြသော်လည်း အချို့က အဘယ်ကြောင့် ရွေးချယ်ကြသနည်း။

      ရုတ်တရက်မမြင်သာသော အကြောင်းအချက်များ

      “များသောအားဖြင့် သေဖို့ဆုံးဖြတ်ချက်ဟာ အဖြစ်အပျက်တွေကို အဓိပ္ပာယ်ကောက်ပုံပေါ်မှာ မူတည်တယ်” ဟုဂျွန် ဟော့ပ်ကင်းစ် ဆေးတက္ကသိုလ်မှ စိတ်ရောဂါကုဆရာဝန် ပါမောက္ခ ကေး ရက်ဒ်ဖီးလ် ဂျေမီဆန်က ဆိုသည်။ သူမက ဤသို့ထပ်ဆင့်၏– “အများစုဟာ ကျန်းမာနေတဲ့အခါ ဘယ်အဖြစ်အပျက်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုသတ်သေရလောက်အောင် ဆိုးရွားတာပဲဆိုပြီး အဓိပ္ပာယ်ကောက်မှာ မဟုတ်ဘူး။” အကြောင်းအချက်များစွာရှိရာ ရုတ်တရက်မမြင်သာသော အကြောင်းအချက်တချို့သည် ကိုယ့်ကိုယ်ကိုသတ်သေသည့်အဖြစ်သို့ စုပေါင်း၍ရောက်စေသည်ဟု ယူ.အက်စ်. အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့မှ အိဗ် ကေ. မို့စ်ချိကီက ဖော်ပြသည်။ ထိုသို့သောအရင်းခံအကြောင်းတရားများတွင် စိတ်ပိုင်းဆိုင်ရာနှင့် ဆေးစွဲသည့်ရောဂါများ၊ မျိုးရိုးဗီဇပေါင်းစပ်မှုနှင့် ဦးနှောက်၏ဓာတုဖွဲ့စည်းမှုတို့ပါဝင်သည်။ ယင်းတို့အနက် တချို့ကို သုံးသပ်ကြည့်ကြစို့။

      ဤအကြောင်းရင်းများအနက် အဖြစ်အများဆုံးမှာ စိတ်ကျရောဂါ၊ ဘိုင်ပိုလာရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါနှင့် အရက် သို့မဟုတ် မူးယစ်ဆေးဝါးတလွဲသုံးမှုအစရှိသော စိတ်ပိုင်းနှင့် ဆေးစွဲသည့်ရောဂါများဖြစ်သည်။ ဥရောပနှင့် ယူနိုက်တက်စတိတ်တို့မှ သုတေသနပြုချက်က ပြီးမြောက်အောင်မြင်သည့် ကိုယ့်ကိုယ်ကိုသတ်သေမှု ၉၀ ရာခိုင်နှုန်းကျော်သည် အဆိုပါရောဂါများနှင့်ဆက်စပ်မှုရှိကြောင်း ဖော်ပြသည်။ အဆိုပါရောဂါလက္ခဏာမရှိသူ အမျိုးသားများတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းမှာ ၁၀၀,၀၀၀ တွင် ၈.၃ ဖြစ်သော်လည်း စိတ်ကျရောဂါသည်များတွင် ၁၀၀,၀၀၀ လျှင် ၆၅၀ အထိမြင့်တက်သွားကြောင်း ဆွီဒင်သုတေသီများက တွေ့ရှိခဲ့ကြသည်! အရှေ့တိုင်းပြည်များတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်စေသည့် အကြောင်းရင်းများမှာလည်း အလားတူပင်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။ သို့တိုင် စိတ်ကျရောဂါနှင့် တွန်းပို့ပေးသည့်အဖြစ်အပျက်များကို ပေါင်းလိုက်လျှင်ပင် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ကျိန်းသေမဖြစ်စေပါ။

      မိမိကိုယ်ကိုသေကြောင်းကြံခဲ့ဖူးသူ ပါမောက္ခ ဂျေမီဆန်က ဤသို့ဆိုသည်– “အခြေအနေတွေ တိုးတက်ကောင်းမွန်လာမယ်လို့ ယုံကြည်နေသရွေ့ကာလပတ်လုံး စိတ်ဓာတ်ကျမှုကို လူတွေခံနိုင်ရည်ရှိကြမယ့်ပုံပဲ။” သို့ရာတွင် သည်းမခံနိုင်လောက်အောင် စိတ်ပျက်စရာများစုပြုံလာသည်နှင့်အမျှ သေကြောင်းကြံလိုသည့်ဆန္ဒကို တားဆီးပေးမည့် စိတ်စွမ်းရည်မှာ တဖြည်းဖြည်းအားနည်းလာကြောင်း သူတွေ့ရှိခဲ့သည်။ သူသည် မပြတ်တမ်းဖိနင်းခြင်းကြောင့် ပါးသွားသည့် ကားဘရိတ်များနှင့် ယင်းအခြေအနေကို နှိုင်းပြထားသည်။

      စိတ်ကျရောဂါကို ကုသနိုင်သောကြောင့် ထိုသို့သောသဘောရှိတတ်ကြောင်း အသိအမှတ်ပြုရန် အရေးကြီးသည်။ မျှော်လင့်ချက်မဲ့သည့် ခံစားချက်များကို ပြောင်းပြန်လှန်နိုင်ပါသည်။ ရုတ်တရက်မမြင်သာသော အကြောင်းအချက်များကို ဖြေရှင်းလိုက်လျှင် လူတို့သည် ကိုယ့်ကိုယ်ကိုသတ်သေရန် တွန်းပို့ပေးလေ့ရှိသည့် နှလုံးကြေကွဲမှုများနှင့် ဖိစီးမှုများကို ခြားနားစွာ တုံ့ပြန်ကြပေမည်။

      လူတစ်ဦး၏ မျိုးရိုးဗီဇဖွဲ့စည်းမှုသည် ကိုယ့်ကိုယ်ကိုသတ်သေမှုများစွာတွင် ရုတ်တရက်မမြင်သာသော အကြောင်းအချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တချို့ကယူဆကြသည်။ မှန်ပါသည်၊ မျိုးရိုးဗီဇသည် လူတစ်ဦး၏စိတ်နေသဘောထားကို ပိုင်းဖြတ်ပေးရာ၌ အဓိကကျသဖြင့် တချို့သောမျိုးရိုးများသည် တခြားသူများထက် ကိုယ့်ကိုယ်ကိုသတ်သေမှု ပိုအဖြစ်များကြောင်း လေ့လာမှုများက ဖော်ပြသည်။ သို့တိုင် “မျိုးရိုးဗီဇဆိုင်ရာပင်ကိုသဘောသည် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ကျိန်းသေပေါက်ဖြစ်စေသည်ဟု ဆိုလိုခြင်းမဟုတ်ချေ” ဟူ၍ဂျေမီဆန်ကဆိုသည်။

      ဦးနှောက်ဓာတုဖွဲ့စည်းမှုသည်လည်း မမြင်သာသည့်အကြောင်းတရားတစ်ခု ဖြစ်နိုင်သည်။ ဦးနှောက်တွင် ဘီလီယံနှင့်ချီသောနဗ်ကြောဆဲလ်များသည် လျှပ်စစ်ဓာတုသဘောအရ ဆက်သွယ်ကြသည်။ ခွဲထွက်သော အာရုံကြောမျှင်များ၏အဆုံးတွင် အချက်အလက်များကို ဓာတုသဘောအရ ပို့ဆောင်ပေးသည့် နဗ်ကြောဆဲလ်ထရန်စမစ်တာများဖြစ်သော နဗ်ကြောဆက်များဟုခေါ်သည့် သေးငယ်သောကြားခံများရှိကြသည်။ ဆီရိုတိုနင်ဟုခေါ်သော နဗ်ကြောဆဲလ်ထရန်စမစ်တာတစ်ခု၏ပမာဏသည် ကိုယ့်ကိုယ်ကိုသတ်သေရန် လူတစ်ဦး၏ဇီဝဆိုင်ရာ ခုခံနိုင်အားနွဲ့မှုတွင် ပါဝင်ပတ်သက်ပေမည်။ ဦးနှောက်၏အတွင်းပိုင်း ဟူသောစာအုပ်တွင် ဤသို့ရှင်းပြသည်– “ဆီရိုတိုနင်ပမာဏနည်းခြင်း . . . သည် ဘဝ၏ပျော်ရွှင်မှုကို ကုန်ခန်းစေနိုင်သည်၊ လူဖြစ်ရခြင်းကို စိတ်ဝင်စားမှုနည်းစေနိုင်သည်၊ စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကိုသတ်သေမည့်အန္တရာယ်ကို တိုးများစေနိုင်သည်။”

      သို့ရာတွင် ကိုယ့်ကိုယ်ကိုသေကြောင်းကြံရန် မည်သူမျှ တင်ကြိုသတ်မှတ်ထားခြင်းမခံရကြချေ။ သန်းနှင့်ချီသောသူတို့သည် နှလုံးကြေကွဲမှုများနှင့် ဖိစီးမှုများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကြသည်။ အချို့သူတို့အား မိမိတို့ကိုယ်ကိုသတ်သေမှု ဖြစ်စေသည့်အရာမှာ ဖိစီးမှုများကို စိတ်နှလုံးက တုံ့ပြန်ပုံကြောင့်ဖြစ်သည်။ တိုက်ရိုက်တွန်းပို့ပေးသည့် အကြောင်းရင်းများကိုသာမဟုတ်ဘဲ အရင်းခံအကြောင်းတရားများကိုလည်း ဖြေရှင်းရမည်ဖြစ်သည်။

      သို့ဆိုလျှင် ဘဝကို အတိုင်းအတာတစ်ခုအထိ တစ်ဖန်ပျော်မွေ့စေမည့် အပြုသဘောထား ဖြစ်ပေါ်စေရန် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

      [စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

      လိင်နှင့် ကိုယ့်ကိုယ်ကိုသတ်သေမှု

      ယူနိုက်တက်စတိတ်မှ လေ့လာမှုတစ်ရပ်အရ အမျိုးသမီးများသည် အမျိုးသားများထက် ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှု နှစ်ဆမှသုံးဆအထိ ပိုများနိုင်ဖွယ်ရှိသော်လည်း အမျိုးသားများသည် အောင်မြင်ဖို့အလားအလာ လေးဆပိုများသည်။ အမျိုးသမီးများသည် အမျိုးသားများထက် အနည်းဆုံးနှစ်ဆ စိတ်ကျရောဂါခံစားကြသည်၊ ယင်းသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံမှု ပိုများရသည့်အကြောင်းရင်း ဖြစ်ပေမည်။ သို့ရာတွင် အမျိုးသမီးတို့၏စိတ်ကျရောဂါသည် ပြင်းထန်မှုပိုနည်းနိုင်ဖွယ်ရှိသဖြင့် ထိရောက်မှုနည်းသည့် နည်းလမ်းများကို သုံးကြပေမည်။ တစ်ဖက်တွင် အမျိုးသားများမှာမူ သေချာစေရန် ပို၍ထိရောက်ကာ အကျိုးသက်ရောက်သော နည်းလမ်းများကို အသုံးပြုကြပေမည်။

      သို့ရာတွင် တရုတ်နိုင်ငံ၌ အမျိုးသားထက် အမျိုးသမီးများ ပိုအထမြောက်ကြသည်။ ကမ္ဘာ့အမျိုးသမီး ကိုယ့်ကိုယ်ကိုသတ်သေမှု၏ ၅၆ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံ၊ အထူးသဖြင့် ကျေးလက်ဒေသများ၌ ဖြစ်ပွားကြောင်း လေ့လာချက်တစ်ရပ်က ဖော်ပြ၏။ စိတ်လိုက်မာန်ပါပြုလုပ်သော အမျိုးသမီး ကိုယ့်ကိုယ်ကိုသတ်သေရန် ကြိုးပမ်းမှုများကို အထမြောက်စေသည့် ကိုယ့်ကိုယ်ကိုသတ်သေမှုများ ဖြစ်စေသည့်အကြောင်းရင်းတစ်ခုမှာ ပိုးသတ်ဆေးများ အလွယ်တကူ ရရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

      [စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

      ကိုယ့်ကိုယ်ကိုသတ်သေမှုနှင့် အထီးကျန်မှု

      အထီးကျန်မှုသည် လူတို့ကို စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ဖင်လန်နိုင်ငံမှ ကိုယ့်ကိုယ်ကိုသတ်သေမှုများကို ဦးဆောင်လေ့လာခဲ့သူ ယိုဂို လွန်ကွစ်က ဤသို့ဆိုခဲ့သည်– “[မိမိကိုယ်ကိုသေကြောင်းကြံသူ] များစွာဟာ အမြဲတမ်းလိုလို အထီးကျန်နေတတ်ကြတယ်။ သူတို့မှာ အချိန်ပိုအများကြီးရှိပေမဲ့ လူမှုပေါင်းသင်းဆက်ဆံမှုနည်းကြတယ်။” “ထီးတည်းနေခြင်း” သည် ၎င်းနိုင်ငံတွင် လူလတ်ပိုင်းအရွယ်အမျိုးသားများ မကြာသေးမီက ကိုယ့်ကိုယ်ကိုသတ်သေမှုတိုးများရသည့် အကြောင်းဖြစ်သည်ဟု ဂျပန်နိုင်ငံ ဟာမာမတ်ဆုဆေးတက္ကသိုလ်မှ စိတ်ရောဂါကုဆရာဝန် ကင်ရှီရို အိုဟာရာက ဖော်ပြခဲ့သည်။

      [စာမျက်နှာ ၅ ပါ ရုပ်ပုံ]

      လူကြီးများအတွက် ငွေရေးကြေးရေး သို့မဟုတ် အလုပ်နှင့်ဆက်နွှယ်သော ပြဿနာများသည် တွန်းပို့ပေးသည့်ဖြစ်ရပ်များ ဖြစ်လေ့ရှိသည်

  • သင်အကူအညီရနိုင်
    နိုးလော့!—၂၀၀၂ | စက်တင်ဘာ ၈
    • သင်အကူအညီရနိုင်

      ‘ခွက်ထဲမှာ အိပ်ဆေး လေးဆယ့်ကိုးလုံးရှိတယ်။ ငါမျိုချလိုက်ရမလား’ ဟုဆွစ်ဇာလန်နိုင်ငံမှ ၂၈ နှစ်အရွယ်အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုမေးခဲ့သည်။ သူ့ဇနီးနှင့် သားသမီးများက သူ့ကိုစွန့်ထားခဲ့ကြ၍ အကြီးအကျယ် စိတ်ဓာတ်ကျနေ၏။ သို့သော် ဆေးကိုမျိုချလိုက်ပြီးနောက် မိမိကိုယ်ကို ဤသို့ပြောခဲ့သည်– ‘မဖြစ်ဘူး၊ ငါမသေချင်ဘူး!’ အသက်မသေဘဲ အကျိုးအကြောင်းပြောပြနိုင်၍ တော်ပါသေးသည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုသည့် လှုံ့ဆော်မှုတိုင်း အမြဲသေစေသည်တော့ မဟုတ်ချေ။

      ယူ.အက်စ်. ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ အဲလက်စ် ခရော့ဇ်ဘီက ဆယ်ကျော်သက်အရွယ် မိမိကိုယ်ကိုသေကြောင်းကြံမှုများနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်– “နာရီအနည်းငယ်အတွင်းမှာ တားဆီးနိုင်မယ်ဆိုရင်တော့ အဲဒါကို လုံးဝရပ်တန့်စေနိုင်ပါတယ်။ ကြားဝင်စွက်ဖက်လိုက်တဲ့အတွက် အောင်မြင်ပြီးမြောက်တဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှုမဖြစ်အောင် အတော်များများ တားဆီးနိုင်ပါတယ်။ သူတို့ရဲ့အသက်ကို သင်ကယ်တင်နိုင်ပါတယ်။”

      ဂျပန်ဆေးကောလိပ်ရှိ အသက်ကယ်ဆယ်ရေးနှင့် အရေးပေါ်ဌာန၌ တာဝန်ထမ်းဆောင်နေစဉ် ပါမောက္ခ ဟီဆာရှိ ကူရိုဆာဝါသည် ရာနှင့်ချီသော ကိုယ့်ကိုယ်ကိုသေကြောင်းကြံခဲ့သူများကို အသက်ရှင်လိုစိတ်ပြန်ဝင်လာအောင် ကူညီပေးခဲ့သည်။ မှန်ပါသည်၊ အချို့သောကြားဝင်ဆောင်ရွက်ပေးမှုဖြင့် အသက်များကို ကယ်တင်နိုင်ပါသည်။ အဘယ်အကူအညီလိုအပ်သနည်း။

      မမြင်သာသောပြဿနာများကိုရင်ဆိုင်ခြင်း

      ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း ကိုယ့်ကိုယ်ကိုသေကြောင်းကြံသူ ၉၀ ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာရောဂါများ သို့မဟုတ် မူးယစ်ဆေးဝါးအလွဲသုံးသည့် ပြဿနာများရှိကြောင်း သုတေသီများက ဆိုကြသည်။ ထို့ကြောင့် ယူ.အက်စ်. အမျိုးသား စိတ်ကျန်းမာရေးအဖွဲ့မှ အိဗ် ကေ. မို့စ်ချိကိက ဤသို့ဆိုသည်– “အသက်အရွယ်အသီးသီးရှိ ကိုယ့်ကိုယ်ကိုသတ်သေမှုကာကွယ်ရေးအတွက် အကြီးမားဆုံးမျှော်လင့်ချက်မှာ စိတ်ပိုင်းနှင့် ဆေးစွဲသည့်ရောဂါများကို ကာကွယ်တားဆီးရေးဖြစ်သည်။”

      ဝမ်းနည်းစရာမှာ ထိုသို့သောရောဂါသည်များစွာသည် အကူအညီရှာလိုခြင်း မရှိကြချေ။ အဘယ်ကြောင့်နည်း။ “အသိုင်းအဝိုင်းအပေါ် အကြီးအကျယ် စိတ်စွန်းကွက်ကြခြင်းကြောင့် ဖြစ်သည်” ဟုတိုကျိုဗဟိုစိတ်ရောဂါကုအဖွဲ့မှ ယိုရှီတိုမို တာကာဟာရှီက မှတ်ချက်ချသည်။ ရလဒ်အနေနှင့် နေမထိထိုင်မသာဖြစ်နေကြောင်း မိမိကိုယ်ကိုရိပ်မိကြသူတို့ပင် ချက်ချင်းဆေးကုသမှုခံယူဖို့ တွန့်ဆုတ်ကြသည်ဟု ထပ်ဆင့်မှတ်ချက်ချသည်။

      သို့သော် တချို့မှာမူ ရှက်ကြောက်မှုကြောင့် အတားအဆီးအဖြစ်မခံကြချေ။ ဂျပန်နိုင်ငံတွင် ၁၇ နှစ်အတွင်း ကိုယ်ပိုင်ရုပ်မြင်သံကြားသတင်းကြေညာသူအဖြစ် လူသိများသော ဟီရိုရှီ အိုဂါဝါသည် စိတ်ကျရောဂါခံစားနေရကြောင်းနှင့် မိမိကိုယ်ကိုသေကြောင်းကြံသည့်အထိပင် ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ “စိတ်ကျရောဂါဟာ စိတ်အအေးမိတာနဲ့တူတယ်” ဟုအိုဂါဝါက ဆိုခဲ့သည်။ ယင်းသည် လူတိုင်းတွင်ဖြစ်နိုင်သော်လည်း ပြန်နာလန်ထူနိုင်ပါသည်ဟု သူရှင်းပြခဲ့သည်။

      တစ်စုံတစ်ယောက်ကို ပြောပြပါ

      “တစ်စုံတစ်ယောက်သည် မိမိပြဿနာကို တစ်ယောက်တည်း ရင်ဆိုင်ရသောအခါ မဖြေရှင်းနိုင်လောက်အောင် ကြီးမားလွန်းလှသည်ဟု ယူမှတ်လေ့ရှိ” ကြောင်း အစောပိုင်းတွင် ဖော်ပြခဲ့သည့် ဟန်ဂေရီကျန်းမာရေးအရာရှိ ဘေလာ ဘူဒါက ဆိုသည်။ ဤသတိပြုချက်က ရှေးခေတ်က သမ္မာကျမ်းစာပါ နယပုံပြင်ကျမ်း၏ဉာဏ်ပညာကို ပေါ်လွင်စေသည်– “သူတစ်ပါးနှင့် မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာ ရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။”—သု. ၁၈:၁၊ သမ္မာ။

      ထိုပညာရှိစကားများကို နားထောင်ပါ။ ဒုက္ခပင်လယ်ဝေနေချိန်တွင် တစ်ယောက်တည်း မရုန်းကန်ပါနှင့်။ သင်ယုံကြည်အားထားနိုင်သူ တစ်ယောက်ယောက်ကိုရှာပြီး ရင်ဖွင့်နိုင်ပါသည်။ ‘ဒါပေမဲ့၊ ငါ့မှာ ရင်ဖွင့်ရမယ့်သူမှမရှိတာ’ ဟုသင်ဆိုပေမည်။ စိတ်ကျန်းမာရေးဆိုင်ရာ ဒေါက်တာ နာအိုကီ ဆာတိုအဆိုအရ လူများစွာ ထိုသို့ယူဆကြသည်။ လူနာများသည် မိမိတို့၏အားနည်းချက်များကို မဖော်ပြလိုကြသောကြောင့် အခြားသူများထံ ရင်ဖွင့်ခြင်းကို ရှောင်ကြမည်ဖြစ်ကြောင်း ဆာတိုက ဖော်ပြခဲ့သည်။

      လူတစ်ဦးသည် နားထောင်ပေးမည့်သူကို အဘယ်နေရာတွင် ရှာဖွေနိုင်သနည်း။ နေရာဒေသများစွာတွင်ရှိသည့် ကိုယ့်ကိုယ်ကိုသတ်သေမှု ကာကွယ်ရေးဌာနတစ်ခု သို့မဟုတ် အရေးပေါ်ဖုန်းလိုင်းတစ်ခုတွင် အကူအညီတောင်းခံနိုင်သည်၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်းပေးသော ဂုဏ်အသရေရှိ ဆရာဝန်တစ်ဦးကို ရှာနိုင်သည်။ သို့သော် ကျွမ်းကျင်သူတချို့သည် နောက်ထပ်ကူညီမှုရင်းမြစ်—ဘာသာရေး—ကိုလည်း အသိအမှတ်ပြုကြသည်။ ယင်းက မည်သို့ကူညီပေးနိုင်သနည်း။

      လိုအပ်သောအကူအညီကို ရှာဖွေတွေ့ ရှိခြင်း

      ဘူလ်ဂေးရီးယားနိုင်ငံမှ မသန်မစွမ်းသူ တစ်ဦးဖြစ်သည့် မာရင်းသည် မိမိကိုယ်ကို သတ်သေလိုသည့်ဆန္ဒ တဖွားဖွား ပေါ်ပေါက်ခဲ့သည်။ တစ်နေ့တွင် ယေဟောဝါသက်သေများထုတ်ဝေသော ကင်းမျှော်စင်ဘာသာရေးဂျာနယ်ကို အမှတ်မထင်တွေ့ရှိခဲ့သည်။ ယေဟောဝါသက်သေများ၏ လည်ပတ်မှုကိုလက်ခံဖို့ မဂ္ဂဇင်းမှ ဖိတ်ခေါ်ချက်ကို လက်ခံတုံ့ပြန်ခဲ့သည်။ ရလဒ်ကို မာရင်းက ဤသို့ရှင်းပြခဲ့သည်– “အသက်ဟာ ကျွန်တော်တို့ရဲ့ ကောင်းကင်ခမည်းတော်ပေးတဲ့ ဆုကျေးဇူးတစ်ခုဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုထိခိုက်ပိုင်ခွင့် ဒါမဟုတ် ကိုယ့်သဘောနဲ့ကိုယ် ဘဝကိုအဆုံးစီရင်ပိုင်ခွင့်မရှိဘူး ဆိုတာတွေကို သူတို့ဆီကနေ သိရှိခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့ အရင်က ဆန္ဒကို ပြောင်းလဲခဲ့ပြီး အသက်ကို ပြန်မြတ်နိုးတတ်လာတယ်!” မာရင်းသည် ခရစ်ယာန်အသင်းတော်ထံမှ မေတ္တာပါသောထောက်မမှုကိုလည်း ရရှိခဲ့သည်။ မသန်မစွမ်းသူတစ်ဦးဖြစ်နေသေးလင့်ကစား သူကဤသို့ဆိုသည်– “ကျွန်တော့်ဘဝဟာ အခုဆိုရင် ပျော်စရာကောင်းပြီး ငြိမ်သက်နေတယ်၊ လုပ်ချင်စရာတွေနဲ့ပြည့်နှက်နေတယ်—အချိန်တောင် မလောက်တော့တဲ့အထိပဲ! အဲဒါတွေအားလုံးအတွက် ယေဟောဝါနဲ့ ကိုယ်တော့်သက်သေခံတွေကို ကြွေးတင်နေတယ်။”

      အစတွင်ဖော်ပြခဲ့သော ဆွစ်ဇာလန်အမျိုးသားသည်လည်း ယေဟောဝါသက်သေများထံမှ အကူအညီရရှိခဲ့သည်။ မိမိကို သူတို့အိမ်သို့ခေါ်သွားခဲ့သည့် “ခရစ်ယာန်မိသားစုတစ်စု၏ကြင်နာမှု” နှင့်ပတ်သက်၍ ယခု သူမှတ်ချက်ချသည်။ သူဤသို့ထပ်ဆင့်၏– “နောက်ပိုင်းမှာ [ယေဟောဝါသက်သေများရဲ့] အသင်းသားတွေက နေ့တိုင်းတစ်လှည့်စီ ထမင်းစားဖိတ်ကြတယ်။ ဧည့်ဝတ်ကျေပွန်ကြရုံတင်မကဘဲ တစ်ယောက်ယောက်နှင့် စကားပြောဆိုရခြင်းက အထောက်အကူဖြစ်ခဲ့တယ်။”

      ဤသူသည် သမ္မာကျမ်းစာမှ လေ့လာခဲ့ရာများကြောင့် အထူးသဖြင့် လူသားများအတွက် စစ်မှန်သော ဘုရားသခင်ယေဟောဝါ၏ မေတ္တာတော်အကြောင်း သိရှိသောအခါ အကြီးအကျယ် အားပေးခံခဲ့ရသည်။ (ယောဟန် ၃:၁၆) စင်စစ်အားဖြင့် ယေဟောဝါဘုရားသခင်သည် ကိုယ်တော့်ရှေ့တော်၌ “စိတ်နှလုံးကိုဖွင့်ပြ” သောအခါ နားထောင်ပေးပါသည်။ (ဆာလံ ၆၂:၈) “ထာဝရဘုရားသည်” လူတို့၏အပြစ်ကိုရှာဖို့မဟုတ်ဘဲ “စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။” (၂ ရာဇဝင်ချုပ် ၁၆:၉) ကျွန်ုပ်တို့အား ယေဟောဝါ ဤသို့အာမခံထားသည်– “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။”—ဟေရှာယ ၄၁:၁၀။

      ကမ္ဘာသစ်နှင့်ပတ်သက်သော ဘုရားသခင့်ကတိတော်နှင့်စပ်လျဉ်း၍ ဆွစ်ဇာလန်အမျိုးသားက ဤသို့ဆိုခဲ့သည်– “ကျွန်တော်ခံစားနေရတဲ့ စိတ်ပျက်မှုကို အတော်လေးသက်သာစေတယ်။” “စိတ်နှလုံး၏ [“စိုးလ်အတွက်၊” ကဘ] ကျောက်ဆူး” ဟုဖော်ပြသော ယင်းမျှော်လင့်ချက်တွင် ကမ္ဘာ့ပရဒိသုပေါ် ထာဝစဉ်အသက်ရှင်ရမည့် ကတိတော်ပါဝင်သည်။—ဟေဗြဲ ၆:၁၉; ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။

      သင့်အသက်သည် တခြားသူများအတွက် အရေးကြီး

      သင်လုံးလုံးအထီးကျန်နေပြီး သင့်သေခြင်းသည် အခြားသူများအတွက် အရေးမပါဟု ခံစားစေနိုင်သည့် အခြေအနေများကို သင်ရင်ဆိုင်ရမည်မှာ မှန်ပါသည်။ သို့သော် အထီးကျန်သည့် ခံစားချက်နှင့် အထီးကျန်ဖြစ်ခြင်းသည် အကြီးအကျယ်ခြားနားကြောင်းကို သတိရပါ။ သမ္မာကျမ်းစာခေတ်က ပရောဖက်ဧလိယသည် သူ့အသက်တာတွင် အလွန်စိတ်ဓာတ်ကျဆင်းသည့်အခြေအနေ ကြုံခဲ့သည်။ ယေဟောဝါအား သူဤသို့ပြောခဲ့သည်– “ကိုယ်တော်၏ပရောဖက်များကို ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်းကျန်ရစ် . . . ပါသည်။” မှန်ပါသည်၊ ဧလိယသည် လုံးလုံးအထီးကျန်သည်ဟု ခံစားခဲ့ရသည်၊ အကြောင်းမဲ့မဟုတ်ခဲ့ချေ။ သူ၏လုပ်ဖော်ဆောင်ဖက် ပရောဖက်များစွာမှာ အသတ်ခံခဲ့ကြပြီ။ သူသည် အသက်အန္တရာယ်ခြိမ်းခြောက်ခံရခြင်းကြောင့် အသက်ဘေးမှလွတ်မြောက်ရန် ထွက်ပြေးခဲ့သည်။ သို့သော် ဧကန်စင်စစ် သူသည် တစ်ကိုယ်တည်းဖြစ်ခဲ့သလော။ မဖြစ်ခဲ့ပါ။ ထိုစိတ်ပျက်ဖွယ် အချိန်ကာလများအတွင်း စစ်မှန်သောဘုရားသခင်ကို သစ္စာရှိရှိ ကြိုးစားဝတ်ပြုနေကြသည့်၊ သူ့နည်းတူ သစ္စာစောင့်သိသူ ၇,၀၀၀ ခန့်ရှိကြောင်း ယေဟောဝါအသိပေးခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၁-၁၈) သို့ဆိုလျှင် အသင်ကော။ သင်ခံစားနေရသကဲ့သို့ သင်သည် တစ်ကိုယ်တည်းမဟုတ်သည်မှာ ဖြစ်နိုင်ပါမည်လော။

      သင့်အား ဂရုစိုက်သူများရှိပါသည်။ သင့်မိဘများ၊ သင့်အိမ်ထောင်ဖက်၊ သင့်ကလေးများနှင့် သင့်မိတ်ဆွေများဟု သင်ယူဆပေမည်။ သို့သော် ထိုထက်မကပါ။ ယေဟောဝါသက်သေများ၏အသင်းတော်တွင် သင့်အားစိတ်ဝင်စားသူ၊ သင့်စကားကိုနားထောင်လိုသူ၊ သင်နှင့်အတူ သင့်အတွက် ဆုတောင်းပေးမည့် ရင့်ကျက်သောခရစ်ယာန်များကို တွေ့ရှိနိုင်ပါသည်။ (ယာကုပ် ၅:၁၄၊ ၁၅) မစုံလင်သည့် လူသားတိုင်းသည် သင့်အတွက်အခြေမလှသည့်တိုင် သင့်အားဘယ်သောအခါမျှ စွန့်ပစ်မည်မဟုတ်သည့် အရှင်တစ်ပါးရှိပါသည်။ ရှေးခေတ်က ဘုရင်ဒါဝိဒ်က ဤသို့ဆိုခဲ့သည်– “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူမည်။” (ဆာလံ ၂၇:၁၀) မှန်ပါသည်၊ ယေဟောဝါသည် “သင့်ကို စောင့်ရှောက်တော်မူမည်။” (၁ ပေတရု ၅:၇၊ ကဘ) သင်သည် ယေဟောဝါရှေ့တော်၌ တန်ဖိုးရှိကြောင်းကို ဘယ်တော့မျှမမေ့ပါနှင့်။

      အသက်သည် ဘုရားသခင့်ထံမှ ဆုကျေးဇူးတစ်ခုဖြစ်၏။ တစ်ခါတစ်ရံ အသက်သည် ဆုကျေးဇူးတစ်ခုဖြစ်မည့်အစား ဝန်ထုပ်တစ်ခုသဖွယ်ဖြစ်သည်ဟု ခံစားရမည်မှာ မှန်ပါသည်။ သို့သော် တစ်စုံတစ်ယောက်က သင်ပေးလိုက်သော တန်ဖိုးရှိသည့်လက်ဆောင်တစ်ခုကို အမှန်အသုံးမပြုသေးဘဲလျက် စွန့်ပစ်လိုက်မည်ဆိုလျှင် သင်မည်သို့ခံစားရမည်ကို စဉ်းစားကြည့်နိုင်မည်လော။ မစုံလင်သည့် ကျွန်ုပ်တို့လူသားများသည် အသက်ဆုကျေးဇူးကို စတင်အသုံးမပြုရသေးချေ။ မှန်ပါသည်၊ ယခုလက်ရှိ ကျွန်ုပ်တို့၏အသက်သည် ဘုရားသခင့်မျက်မှောက်တော်တွင် “မှန်သောအသက်” မဟုတ်သေးပါ။ (၁ တိမောသေ ၆:၁၉) မှန်ပါသည်၊ နီးကပ်သောအနာဂတ်တွင် ကျွန်ုပ်တို့၏အသက်သည် ပို၍ပြည့်ဝမည်၊ ပို၍ကြွယ်ဝမည်၊ ပို၍ပျော်ရွှင်ပါလိမ့်မည်။ မည်သို့အားဖြင့်နည်း။

      သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ. ၂၁:၃၊ ၄) ထိုစကားများပြည့်စုံချိန်တွင် သင်ခံစားရမည့်ဘဝမျိုးကို ပုံဖော်ကြည့်ပါ။ အချိန်ယူပါ။ စိတ်ရောင်စုံရုပ်ပုံကို အပြည့်အဝ ပုံဖော်ကြည့်ပါ။ ယင်းပုံသည် လေထဲတိုက်ဆောက်ခြင်းမျိုး မဟုတ်ပါ။ အတိတ်မှ မိမိ၏လူမျိုးနှင့် ယေဟောဝါဆက်ဆံပုံကို သင်ဆင်ခြင်တွေးတောသည်နှင့်အမျှ ကိုယ်တော်အား သင့်ယုံကြည်စိတ်ချမှု တိုးပွားလာမည်ဖြစ်ပြီး ထိုရုပ်ပုံသည်လည်း သင့်အတွက် ပိုပြီးအစစ်အမှန်ဖြစ်လာနိုင်သည်။—ဆာလံ ၁၃၆:၁-၂၆။

      အသက်ရှင်လိုသည့်သင့်ဆန္ဒ အပြည့်အဝပြန်ရရန် အချိန်အနည်းငယ် ယူရပေမည်။ “သက်သာခြင်းအမျိုးမျိုးတို့၏အရှင် . . . ဘုရားသခင်” ထံဆက်ဆုတောင်းနေပါ။ (၂ ကောရိန္သု ၁:၃၊ ၄; ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၁၇) ယေဟောဝါသည် သင်လိုအပ်သောခွန်အားကို ပေးပါလိမ့်မည်။ ဘဝသည် အသက်ရှင်ရကျိုးနပ်ကြောင်းကို သင့်အား ကိုယ်တော်သင်ကြားပေးပါလိမ့်မည်။—ဟေရှာယ ၄၀:၂၉။

      [စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

      ကိုယ့်ကိုယ်ကို သေကြောင်းကြံမည့်ပုံရှိသူတစ်ဦးဦးကို မည်သို့ကူညီပေးနိုင်သနည်း

      တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကိုသတ်သေလိုကြောင်း သင့်အားရင်ဖွင့်လျှင် သင်ဘာလုပ်သင့်သနည်း။ “ကောင်းစွာနားထောင်ပေးသူဖြစ်ပါ” ဟုယူ.အက်စ်. ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (စီဒီစီ) က အကြံပေးသည်။ သူ့ခံစားချက်ကို ပြောပါစေ။ သို့သော် များသောအားဖြင့် ကိုယ့်ကိုယ်ကိုသေကြောင်းမည့်သူတစ်ဦးသည် ဘာသိဘာသာနေကာ နှုတ်မဖွာတော့ချေ။ သူကြုံနေသည့် နာကျင်မှု သို့မဟုတ် မျှော်လင့်ချက်မဲ့မှုကို အသိအမှတ်ပြုပါ။ သူ့အပြုအမူတွင် သင်သတိပြုမိသည့် ပြောင်းလဲမှုတချို့ကို သိမ်မွေ့ စွာ သင်ဖော်ပြပေးမည်ဆိုလျှင် စကားပြောလာဖို့ သူ့အား လှုံ့ဆော်ပေးနိုင်မည်ဖြစ်ပြီး သင့်ကိုရင်ဖွင့်ပြောဆိုပါလိမ့်မည်။

      နားထောင်နေစဉ် စာနာကြောင်းပြပါ။ “လူ့အသက်သည် သင့်အတွက်နှင့် အခြားသူများအတွက် အရေးပါကြောင်းကို အလေးပေးပြောဖို့အရေးကြီးသည်” ဟုစီဒီစီကဖော်ပြသည်။ သူသေလိုက်ခြင်းဖြင့် သင်နှင့် အခြားသူများကို မည်သို့ထိခိုက်စေနိုင်သည်ကို သိရှိစေပါ။ ဖန်ဆင်းရှင်သည် သူ့အားဂရုစိုက်ကြောင်းကို ထိုသူသိမြင်လာအောင် ကူညီပေးပါ။—၁ ပေတရု ၅:၇။

      ကိုယ့်ကိုယ်ကိုသေကြောင်းကြံရန် အသုံးပြုကောင်းပြုမည့် အရာမှန်သမျှ—အထူးသဖြင့် သေနတ်များ—ကို ဖယ်ရှားပစ်ရန်လည်း ကျွမ်းကျင်သူများက အကြံပြုကြသည်။ အခြေအနေဆိုးရွားပုံရလျှင် ဆေးကုသမှုခံယူရန် ထိုသူအား သင်အားပေးတိုက်တွန်းလိုပေမည်။ အဆုံးစွန်အခြေအနေတွင် အရေးပေါ်ဆေးကုသမှုတစ်မျိုးမျိုးအတွက် သင်ကိုယ်တိုင် ခေါ်ယူပေးရပေမည်။

      [စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

      ‘ငါအခုလို ခံစားနေရတဲ့အတွက် ငါ့ကို ဘုရားသခင်ခွင့်လွှတ်ပါ့မလား’

      ယေဟောဝါသက်သေများနှင့် ပေါင်းသင်းခြင်းဖြင့် လူများစွာတို့သည် ကိုယ့်ကိုယ်ကို သေကြောင်းကြံသည့် အတွေးအခေါ်များကို အောင်မြင်ခဲ့ကြပြီ။ သို့တိုင် ယနေ့ ဖိစီးမှုဖြစ်စေသည့် ဘဝဖြစ်ရပ်များ သို့မဟုတ် စိတ်ကျရောဂါနှင့် မည်သူမျှမကင်းလွတ်ချေ။ မိမိကိုယ်ကိုသေကြောင်းကြံရန်တွေးတောသည့် ခရစ်ယာန်များသည် ထိုသို့သောတွေးတောမှုများကြောင့် အပြစ်ရှိသည်ဟု အကြီးအကျယ်ခံစားရလေ့ရှိသည်။ ထိုအပြစ်သည် တစ်ပူပေါ်နှစ်ပူဆင့်ရုံသာ ဖြစ်ပေမည်။ သို့ဆိုလျှင် ထိုသို့သောခံစားချက်များကို မည်သို့ဖြေရှင်းနိုင်သနည်း။

      သမ္မာကျမ်းစာခေတ်က တည်ကြည်သော အမျိုးသားအမျိုးသမီးတချို့သည် ဘဝနှင့်ပတ်သက်၍ အလွန့်အလွန် အပျက်သဘောဆန်သော ခံစားချက်များကို ဖော်ပြခဲ့ကြခြင်းသည် မှတ်သားထိုက်ပါသည်။ ဘိုးဘေးဣဇာက်၏ဇနီးဖြစ်သူ ရေဗက္ကသည် မိသားစုပြဿနာတစ်ခုကြောင့် အလွန်စိတ်ဆင်းရဲခဲ့ချိန်က ဤသို့ပြောဆိုခဲ့သည်– “ကိုယ်အသက်ကို ငြီးငွေ့လှ၏။” (ကမ္ဘာဦး ၂၇:၄၆) သားသမီးများ၊ ကျန်းမာရေး၊ စည်းစိမ်ချမ်းသာနှင့် လူမှုရေးအနေအထားတို့ဆုံးရှုံးခဲ့သည့် ယောဘက ဤသို့ဆိုခဲ့သည်– “ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။” (ယောဘ ၁၀:၁) တစ်ချိန်တွင် မောရှေသည် ဘုရားသခင်ထံ ဤသို့ဟစ်ကြော်ခဲ့သည်– “အကျွန်ုပ်ကိုအလျင်အမြန်သေစေတော်မူပါ။” (တောလည်ရာ ၁၁:၁၅) ဘုရားသခင့်ပရောဖက်တစ်ပါးဖြစ်သူ ဧလိယသည် တစ်ချိန်တွင် ဤသို့ဆိုခဲ့သည်– “ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။” (၃ ဓမ္မရာဇဝင် ၁၉:၄) ထို့အပြင် ပရောဖက်ယောနသည် ဤသို့အကြိမ်ကြိမ်ဆိုခဲ့သည်– “ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက်သာ၍ကောင်းသည်။”—ယောန ၄:၈။

      ထိုသို့ခံစားခဲ့ကြခြင်းကြောင့် ဤသူများကို ယေဟောဝါအပြစ်တင်ခဲ့ပါသလော။ မတင်ခဲ့ပါ။ ကိုယ်တော်သည် သူတို့၏စကားများကို သမ္မာကျမ်းစာ၌ပင် ထိန်းသိမ်းပေးထား၏။ သို့သော် ထိုတည်ကြည်သူတစ်ဦးမျှ ၎င်းတို့၏ခံစားချက်များကြောင့် ကိုယ့်ကိုယ်ကိုသေကြောင်းမကြံခဲ့ကြကြောင်း သတိပြုဖို့အရေးကြီး၏။ ယေဟောဝါသည် သူတို့ကိုတန်ဖိုးထားခဲ့၏; သူတို့ကို ကိုယ်တော်အသက်ရှင်စေလိုခဲ့၏။ ဧကန်စင်စစ် ဘုရားသခင်သည် လူဆိုးတို့၏အသက်ကိုပင် အရေးထားခဲ့သည်။ ကိုယ်တော်က သူတို့၏လမ်းစဉ်များကို ပြောင်းလဲဖို့နှင့် “အသက်ရှင်” ရန်အားပေးခဲ့သည်။ (ယေဇကျေလ ၃၃:၁၁) ကိုယ်တော့်မျက်နှာသာရရှိထားသူတို့ကို ပို၍ပင် ဆက်အသက်ရှင်စေလိုမည်ဖြစ်သည်!

      ဘုရားသခင်သည် သားတော်၏ရွေးနုတ်ဖိုး၊ ခရစ်ယာန်အသင်းတော်၊ သမ္မာကျမ်းစာနှင့် ဆုတောင်းရသည့်အခွင့်တို့ကို ပေးခဲ့ပေပြီ။ ဘုရားသခင်နှင့် ဤနည်း—ဆုတောင်းခြင်း—ဖြင့် အမြဲတမ်းဆက်သွယ်နိုင်ပါသည်။ ဘုရားသခင်သည် နှိမ့်ချသော၊ စိတ်ရိုးမှန်သည့်နှလုံးဖြင့် ချဉ်းကပ်သူအားလုံးကို နားထောင်ပေးနိုင်သလို နားလည်း ထောင်ပေးပါလိမ့်မည်။ “ထိုကြောင့်၊ ငါတို့သည် သနားခြင်း . . . ကိုလည်းကောင်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။”—ဟေဗြဲ ၄:၁၆။

      [စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

      ကိုယ့်ကိုယ်ကိုသတ်သေမှုကြောင့် သင်ချစ်မြတ်ရသူတစ်ဦးကို ဆုံးရှုံးခဲ့ဖူးသလော

      တစ်စုံတစ်ယောက်သည် ကိုယ့်ကိုယ်ကိုသတ်သေသောအခါ မိသားစုဝင်များနှင့် ရင်းနှီးသောမိတ်ဆွေများသည် အကြီးအကျယ်စိတ်ထိခိုက်ကြသည်။ လူများစွာသည် ထိုအဖြစ်ဆိုးအတွက် မိမိတို့ကိုယ်ကို အပြစ်တင်ကြသည်။ ထိုသို့ကြုံရသောအခါ ဤသို့ပြောတတ်ကြသည်– ‘အဲဒီနေ့တုန်းက သူနဲ့အတူ ငါနည်းနည်းလေး ပိုနေလိုက်ရင်၊’ ‘အဲဒီအချိန်တုန်းက ငါ့ပါးစပ်ကို ထိန်းနိုင်ခဲ့ရင်၊’ ‘ငါသူ့ကို နည်းနည်းလေး ပိုအကူအညီပေးလိုက်ရရင်။’ ဆိုလိုသည်မှာ ‘ငါ ဟိုလို ဒီလိုလုပ်လိုက်ရင် ချစ်မြတ်နိုးတဲ့သူ အခုထိရှိနေဦးမှာ” ဟူသည့်သဘောဖြစ်၏။ သို့သော် တခြားသူတစ်ဦး ကိုယ့်ကိုယ်ကိုသတ်သေခြင်းကြောင့် သင့်ကိုယ်သင် အပြစ်တင်ခြင်းသည် သင့်တော်ပါသလော။

      ဖြစ်ပျက်ပြီးနောက်ပိုင်းမှသာ ကိုယ့်ကိုယ်ကိုသတ်သေလိုသည့်လက္ခဏာများကို အလွယ်တကူသိမှတ်နိုင်ကြောင်း သတိရပါ။ မဖြစ်ပျက်မီတွင် လက္ခဏာများကို သိမှတ်နိုင်ရန် မလွယ်ကူချေ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “စိတ်နှလုံးသာ ယင်း၏ခါးသီးမှုကိုသိ၏၊ ပြင်ပလူသည် ယင်း၏ရွှင်လန်းမှုကို မျှဝေခံစားနိုင်သည်မဟုတ်။” (သု. ၁၄:၁၀၊ တာနာ့ခ်) တစ်ခါတစ်ရံ တခြားလူတစ်ဦးသည် အဘယ်အရာကို တွေးနေ သို့မဟုတ် ခံစားနေကြောင်း ပိုင်းခြားသိမြင်ဖို့ လုံးဝမဖြစ်နိုင်ချေ။ သေကြောင်းကြံသူများစွာသည် သူတို့၏စိတ်ခံစားချက်များကို အခြားသူများ၊ အရင်းနှီးဆုံးဖြစ်သည့် မိသားစုဝင်များကိုပင် ပြောပြလေ့မရှိကြချေ။

      ဝမ်းနည်းစေသောစကားများ ပေးကမ်းခြင်းစာအုပ်က လူတစ်ဦးသေကြောင်းကြံကောင်းကြံနိုင်သည့် လက္ခဏာများနှင့်ပတ်သက်၍ ဤသို့ဖော်ပြသည်– “ဧကန်စင်စစ် ထိုလက္ခဏာများကို အလွယ်တကူ ပိုင်းခြားသိမြင်နိုင်လေ့မရှိချေ။” တချို့သောလက္ခဏာများကို သင်သတိပြုမိခဲ့မည်ဆိုလျှင်ပင် ကိုယ့်ကိုယ်ကိုသတ်သေမှုကို တားဆီးနိုင်မည်ဟု အာမ,မခံကြောင်း ယင်းစာအုပ်က ထပ်ဆင့်ဖော်ပြထားသည်။ ကိုယ့်ကိုယ်ကိုစိတ်ဆင်းရဲစေမည့်အစား ပညာရှိဘုရင်ရှောလမုန်၏ စကားများမှ နှစ်သိမ့်မှုရရှိပေမည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။” (ဒေ. ၉:၅) သင်ချစ်မြတ်နိုးရသူသည် မီးငရဲတွင် နှိပ်စက်ခံနေရသည်မဟုတ်ချေ။ ကိုယ့်ကိုယ်ကိုသတ်သေစေသည့် စိတ်ဆင်းရဲနာကျင်မှုလည်း မရှိတော့။ သူသည် ဝေဒနာမခံစားရတော့; လုံးလုံးအနားယူနေသည်။

      သင်ကိုယ်တိုင် အသက်ရှင်ရခြင်း၏အကျိုးကို အာရုံစိုက်ခြင်းသည် ယခုအခါ အကောင်းဆုံးဖြစ်ပေမည်။ ရှောလမုန်က ဤသို့ဆက်ဆို၏– သင်အသက်ရှင်စဉ် “ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။” (ဒေ. ၉:၁၀) ကိုယ့်ကိုယ်ကိုသေကြောင်းကြံသူတို့၏ အနာဂတ်အသက်မျှော်လင့်ချက်သည် “သနားခြင်း . . . ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ယေဟောဝါ၏လက်တော်၌ရှိကြောင်း သင်ယုံကြည်စိတ်ချနိုင်ပါသည်။—၂ ကောရိန္သု ၁:၃။a

      [အောက်ခြေမှတ်ချက်]

      a ၁၉၉၀၊ စက်တင်ဘာ ၈ ရက်ထုတ် နိုးလော့! [လိပ်] တွင်ပါရှိသော “သမ္မာကျမ်းစာရှုထောင့်– ကိုယ့်ကိုယ်ကိုသတ်သေမှုများ—ရှင်ပြန်ထမြောက်မည်လော” ဟူသောဆောင်းပါးတွင် ကိုယ့်ကိုယ်ကိုသတ်သေသူတို့၏ အနာဂတ်မျှော်လင့်ချက်များနှင့်ပတ်သက်၍ မျှတသောအမြင်ကို သင်တွေ့ရှိရပါလိမ့်မည်။

      [စာမျက်နှာ ၈ ပါ ရုပ်ပုံများ]

      တစ်ယောက်ယောက်ကို ပြောပြပါ

      [စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

      သင့်အသက်သည် အခြားသူများအတွက် အရေးပါ

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ