မရပ်မစဲ ဆက်သွန်သင်ပေး
၁ တမန်တော်များနှင့် ရှေးခရစ်ယာန်တပည့်တော်များ အမှုဆောင်ခဲ့ရသောရပ်ကွက်အကြောင်း ကျမ်းစာကောင်းစွာဖေါ်ပြထားသည်။ ယေရှုသေပြီး များမကြာမီအချိန်တွင် အာဏာရှင်တို့က ယေရှုအကြောင်း “ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်” ဟု တားမြစ်ခဲ့သည်။ (တ၊ ၄:၁၈) အဘယ်ကြောင့်နည်း။ တစ်ကြောင်းကား သူတို့၏ထူးကဲသောအောင်မြင်မှုကြောင့်ဖြစ်သည်။ တမန်တော် ၄:၄ ကတင်ပြသည်အတိုင်း ထောင်ပေါင်းများစွာသောသူတို့သည် ယုံကြည်သူများဖြစ်လာနေကြသည်။ “တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါးထောင်မျှလောက်ရှိကြ၏။”
၂ ကျွန်ုပ်တို့ခေတ်တွင်လည်း မရပ်မစဲဆက်သွန်သင်နေကြသဖြင့် ထောင်ပေါင်းများစွာမကသန်းပေါင်းများစွာ ယုံကြည်သူများဖြစ်လာပေပြီ။ အောက်တိုဘာလအတွင်း ကင်းမျှော်စင်နှင့် Awake! ကိုနှစ်စဉ်ကြေးဝေငှခွင့်ရရှိကြသည်။ (နှစ်စဉ်ကြေးများဝေငှခြင်းနှင့်စပ်လျဉ်း၍ မေလ ၁၉၉၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၆ ကိုကြည့်ပါ။) မဂ္ဂဇင်းများကိုအစုံလိုက်ဝေငှရန် ကြိုးစားပါ။ နှစ်စဉ်ကြေးယူရန်မဖြစ်၊ အဆင်မပြေပါက မဂ္ဂဇင်းလမ်းကြောင်းဖွင့်ပေးရန် နိုးနိုးကြားကြားရှိပါ။ ဤသို့ပြုခြင်းဖြင့် ယေဟောဝါအလိုတော်ဆောင်ရွက်တတ်လာရာ များစွာသောသူတို့ဝမ်းမြောက်ခဲ့ပေပြီ။—မဿဲ ၅:၃ နှင့်နှိုင်းယှဉ်ပါ။
လူတိုင်းထံရောက်ရန်ကြိုးစား
၃ မကြာခဏအမှုဆောင်သည့်ရပ်ကွက်၌ပင်လျှင် သတင်းကောင်းကြားနာခွင့်မရရှိခဲ့ဖူးသူတို့နှင့် တွေ့ကြုံနိုင်ပါသည်။ ညနေချိန်သို့မဟုတ်စနေတနင်္ဂနွေနေ့များတွင် အမှုဆောင်ထွက်သည့်အခါ အိမ်ထောင်ဦးစီးနှင့်စကားပြောဆိုနိုင်ရန် အထူးကြိုးစားပါ။ တစ်အိမ်မှတစ်အိမ်မှတ်တမ်းကောင်းကောင်းများရေးမှတ်ထားခြင်းဖြင့် အဖွား၊ ကျောင်းနေသောအရွယ်တူမောင်၊ သို့မဟုတ်ဝမ်းကွဲ၊ တနင်္လာနေ့မှသောကြာနေ့အထိ အလုပ်ဆင်းရသောခယ်မအစရှိသည့် အိမ်သူအိမ်သားများကိုတွေ့ဆုံနိုင်ပေသည်။ အိမ်သူအိမ်သားတစ်ဦးစီအားသက်သေခံရန် အနည်းငယ်တိုး၍ကြိုးစားလိုက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိပေမည်။
၄ တစ်လအတွင်းနှစ်စဉ်ကြေးများရရှိရန် နည်းလမ်းကောင်းများစွာရှိသည်။ တစ်နည်းကား ကျွန်ုပ်တို့ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများအား နှစ်စဉ်ကြေးယူရန် အားပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကျမ်းစာသင်သားတစ်ဦး မဂ္ဂဇင်းတစ်မျိုးကို နှစ်စဉ်ကြေးယူနှင့်ပြီးဖြစ်မည်။ နှစ်မျိုးစလုံးကိုနှစ်စဉ်ကြေးယူရန် အားပေးကြည့်ပါ။ သင့်သင်အံမှုသည် နှစ်စဉ်ကြေးမယူထားရသေး၍ ယူဖို့ရန်အခြေအနေမရှိပါက မဂ္ဂဇင်းလမ်းကြောင်းဖွင့်ပေးရန် ကြိုးစားပါ။ ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်နိုင်ရန်မိသားစုရှိသူတိုင်း ကင်းမျှော်စင်နှစ်စဉ်ကြေးယူထားရန် အားပေးနိုင်သည်။ အခြားအကြံပြုချက်တစ်ခုကား မဂ္ဂဇင်းလမ်းကြောင်းဖွင့်ပေးရန်ဖြစ်၍ သာမန်ထက်စိတ်ဝင်စားသူအား နှစ်စဉ်ကြေးယူစေရန် တိုက်တွန်းခြင်းဖြစ်သည်။ တကယ်စိတ်ဝင်စားသူတို့နှင့် ကျမ်းစာသင်အံမှုစရန်လည်း အထူးကြိုးစားသင့်သည်။
သင့်ဓမ္မအမှုကို တိုးချဲ့ခြင်း
၅ အောက်တိုဘာလတွင် အရံရှေ့ဆောင်ရန် လျှောက်လွှာတင်ဖို့ နောက်မကျလွန်းသေးပါ။ မိသားစုလိုက် ဒီဇင်ဘာလအတွင်းရုံးနှင့်ကျောင်းများပိတ်ချိန်တွင် ရှေ့ဆောင်ရန် စီစဉ်နေပါသလော။ ယင်းလုပ်ငန်းကို အောင်မြင်စွာဖြင့်မည်သို့ပြုလုပ်နိုင်ကြောင်း စစဉ်းစားသင့်ပေပြီ။ တစ်အိမ်ထောင်လုံးရှေ့ဆောင်မလုပ်နိုင်လျှင် မိသားစုမှ တစ်ဦးနှစ်ဦးရှေ့ဆောင်နိုင်ရန်စီစဉ်နိုင်ပါမည်လော။ ထိုသို့မဟုတ်လျှင် Awake! နှင့်ကင်းမျှော်စင်မဂ္ဂဇင်းများကိုဝေငှရန် ဓမ္မအမှုတွင်အချိန်ပိုပါဝင်နိုင်ပါမည်လော။
၆ Awake! နှင့်ကင်းမျှော်စင်မဂ္ဂဇင်းများမှ ကျွန်ုပ်တို့ခံစားခဲ့ရသော ဝိညာဏအကျိုးကျေးဇူးများကို တန်ဖိုးထားကြပါသည်။ ဤမဂ္ဂဇင်းများကို မှန်မှန်ဖတ်ခြင်းအားဖြင့် ရပ်ကွက်ရှိစိတ်နှလုံးရိုးသားသူများလည်း အကျိုးခံစားရမည့်အကြောင်း ကျွန်ုပ်တို့သိရှိပါသည်။ ကျွန်ုပ်တို့အသုံးပြုဖို့အတွက် ယေဟောဝါပေးထားသည့်စာစောင်များနှင့် အောက်တိုဘာလအတွင်း ဆက်၍သွန်သင်ပေးကြစို့။ ဤသို့ပြုခြင်းအားဖြင့် ယေဟောဝါကောင်းချီးများကို ရိတ်သိမ်းရပြီး သူတစ်ပါးအားကောင်းချီးရရှိစေသူများဖြစ်ကြောင်း သက်သေထူကြပေမည်။—ဂလ၊ ၆:၉။