ရင်းနှီးသောမိသားစုဆက်ဆံမှုများ တည်ဆောက်ပေးခြင်း
၁ အချိန်ကုန်ခံရသည့်လုပ်ငန်း များစွာရှိသည့်အတွက် စစ်မှန်သောဝတ်ပြုရေးဖက် မြဲမြံသောမိသားစုတည်ဆောက်ပေးရေးလုပ်ငန်းတွင် မိဘများစိန်ခေါ်ချက်နှင့်ရင်ဆိုင်ရသည်။ လက်ရှိခဲယဉ်းသောကာလအတွင်း အထောက်အမဖြစ်စေသည့် ရင်းနှီးသောနှောင်ကြိုးရှိရန် ခရစ်ယာန်မိသားစုများ၌ လိုအပ်နေပါသည်။ (ဒေ၊ ၄:၉-၁၂။ ၂ တိ၊ ၃:၁-၅) ဝိညာဉ်ရေးတိုးတက်လေ၊ မိသားစုလည်းသာ၍စည်းလုံးလာလေဖြစ်သည်။ သို့ဖြင့် စာတန်နှင့်သူ့စနစ်၏တိုက်ခိုက်မှုများကိုတိုက်လှန်ရန် ခွန်အားရှိမည်ဖြစ်သည်။
ဝိညာဏအရည်အချင်းများ တည်ဆောက်ခြင်း
၂ အသင်းတော်စည်းဝေးများနှင့် မိသားစုကျမ်းစာသင်အံမှုသည် မိသားစု၏ပတ်စဉ်အစီအစဉ်တွင် မရှိမဖြစ်သောအရေးကြီးကဏ္ဍများဖြစ်သည်။ (တရား၊ ၆:၆၊ ၇။ ဟေ၊ ၁၀:၂၃-၂၅။ က၈၇ ၁၁/၁ စာမျက်နှာ ၁၄-၁၇) သို့နှင့်ပင် ထိုထက်မကလိုအပ်ပါသေးသည်။ သားသမီးများအတွက် ဝိညာဏလေ့ကျင့်မှု ဤမျှသာရှိမည်ဆိုလျှင် ဖြည့်စွက်ပေးစရာလိုအပ်နေပါသေးသည်။
၃ သားသမီး၏ဝိညာဏအကျိုးကို မိဘများတကယ်စိတ်ဝင်စားသောအခါ သာယာကျန်းခံ့သောမိသားစုဆက်ဆံရေးရှင်သန်လာမည်။ ဣသရေလနိုင်ငံတွင် သားသမီးများ၏ပညာရေးနှင့်လေ့ကျင့်မှုကို မိဘများကိုယ်တိုင် တာဝန်ယူရကြသည်။ အပြောအဆိုအားဖြင့်မက ပုံသက်သေအားဖြင့်လည်း သွန်သင်ပေးရကြသည်။ ဣသရေလပညာရေးစနစ်တွင် လူကြီးဘဝအတွက်လက်တွေ့ကျလေ့ကျင့်မှု၊ အခြေခံဖတ်တတ်ရေးတတ်စွမ်းရည်များသွန်သင်မှုနှင့် ဝိညာဏအရည်အချင်းများပျိုးထောင်ပေးရန်သွန်သင်ပေးခြင်းလည်း ပါဝင်သည်။ သားသမီးများကို ပညာပေးရာတွင် ယေဟောဝါကိုခန့်ညားကြောက်ရွံ့ခြင်း၊ ပညတ်တရားကိုသွန်သင်ပေးခြင်း၊ မိဘနှင့်သက်ကြီးရွယ်အိုကိုလေးစားခြင်းနှင့် နာခံမှုသည်မည်မျှအရေးကြီးကြောင်း သွန်သင်ပေးခြင်းကို အရေးပေးပါသည်။
၄ သင့်မိသားစုနှင့် နေ့စဉ် တန်ဖိုးရှိစွာအချိန်ကိုအသုံးပြုပါ။ အစာစားချိန်ကဲ့သို့သော စည်းကမ်းတကျမဟုတ်သည့်အချိန်အခါမျိုးတွင်လည်း ဝိညာဏရေးရာများကို ဆွေးနွေးနိုင်ပါသည်။ မိဘတစ်ဦး ပညာရှိစွာဤသို့ဆိုသည်။ “ဝိညာဏအရည်အသွေးများ ဖွံ့ဖြိုးလာရန်၊ သို့မဟုတ် ပြဿနာတစ်ခုပြီးတစ်ခုကို ဖြေရှင်းကိုင်တွယ်တတ်လာရန် သားသမီးများကိုမိဘအချိန်ယူ ကူညီပေးရမည်။” ကမ္ဘာ့ထောင်ချောက်များကို သူတို့လေးများရှောင်ကြဉ်နိုင်ရန် လိုအပ်သည့်ဝိညာဏအရည်အချင်းများကို တည်ဆောက်ပေးခြင်းသည် များစွာအကျိုးရှိမည်တကား။—၁ ကော၊ ၃:၁၀-၁၅။
လယ်ကွင်းလုပ်ငန်းကိုလုပ်ကိုင်ရာ၌ ပျော်ရွှင်မှုရခြင်း
၅ ကောင်းကျိုးရချိန်၊ သို့မဟုတ် ရမည်ဟုမျှော်လင့်ချက်ရှိသည့်အခါ အားရရွှင်လန်းသောသဘောပေါ်ပေါက်တတ်သည်။ လယ်ကွင်းလုပ်ငန်းအတွက် ပြင်ဆင်မှုကောင်းကောင်းရှိထားလျှင် အကျိုးဖြစ်ထွန်းရန်မျှော်လင့်နိုင်သည်။ သို့ဖြင့် ပြင်ဆင်မှုသည် လယ်ကွင်းလုပ်ငန်း၌ပျော်ရွှင်မှုရခြင်း၏သော့ချက်ဖြစ်သည်။ လယ်ကွင်းလုပ်ငန်းသို့မထွက်မီ ယင်းအတွက် မိသားစုလိုက်မှန်မှန်လေ့ကျင့်ထားလျှင် ယုံကြည်စိတ်ချမှုရှိစေသည်။ (တိ၊ ၃:၁ခ နှင့်နှိုင်းယှဉ်ပါ) တစ်ဦးစီပန်းတိုင်ထားရှိသင့်သည်။ ငယ်ရွယ်သောသားသမီးများ၊ သို့မဟုတ် လယ်ကွင်းလုပ်ငန်းတွင် စပါဝင်ခါစသူများနှင့် လွယ်ကူသောဟောပြောချက်တစ်ခု ကြိုတင်လေ့ကျင့်ထားနိုင်သည်။
၆ ခရစ်ယာန်ဓမ္မအမှုတွင် သားသမီးများနှင့်အတူတွဲ၍အမှုဆောင်ခြင်းအားဖြင့် ယေဟောဝါနှင့်ယေရှုတင်ပြခဲ့သော လူတို့တွင်စိတ်ဝင်စားမှုကို သူတို့ပြုစုပျိုးထောင်ပေးတတ်ရန် မိဘများကူညီပေးနိုင်သည်။ ဓမ္မအမှုသည် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံမှုကိုလည်း ပျိုးထောင်ပေးသည်။ (က၈၂ ၁၁/၁ စာမျက်နှာ ၁၇-၂၄) အချို့မိသားစုများသည် လယ်ကွင်းလုပ်ငန်းပြီးနောက် သင့်လျော်သောအပန်းဖြေမှုတစ်မျိုးမျိုးကို မိသားစုလိုက် တစ်နေ့တာလုံး အတူတကွပါဝင်ရန် စီစဉ်ကြသည်။ ယင်းသို့ပြုခြင်းအားဖြင့် စကားစမြည်ပြောဆိုရန်အချိန်ရရှိစေပြီး မိဘနှင့်သားသမီးကိုစည်းကပ်စေသည်။
၇ သင့်သားသမီးများနှင့် ရင်းနှီးသောဆက်ဆံရေးအမြဲရှိနေရန် ဆက်သွယ်ပေးသောနည်းများကိုပျိုးထောင်ပြုစုပေးရန် စိတ်ပိုင်းဖြတ်ထားပါ။ သင့်မိသားစုဝိညာဉ်ရေးကိုတည်ဆောက်ပေးရန် အချိန်ပေးရဖို့လိုသည်။ ယင်းသို့မပြုလုပ်ဖြစ်ရန် မည်သည့်အရာကိုမျှ ခွင့်မပြုပါနှင့်။ ဆောက်တည်ပေးရန် သင့်ကြိုးစားမှုများကို ယေဟောဝါအောင်မြင်စေနိုင်မည်အကြောင်း စိတ်ချစွာ သားသမီးများအတွက်သော်လည်းကောင်း၊ သူတို့နှင့်အတူသော်လည်းကောင်း ဆုတောင်းပါ။—ဆာ၊ ၁၂၇:၁။ သု၊ ၂၄:၃။