ကျောင်းတွင် ခရစ်ယာန်အမူအကျင့်တင်ပြခြင်း
၁ သင်သည် ကျောင်းနေသေးသော ခရစ်ယာန်လူငယ်တစ်ဦးဖြစ်မည်ဆိုလျှင် သမာဓိစောင့်သိရန် ခိုင်ခံ့သောယုံကြည်ခြင်းရှိဖို့လိုသည်။ မကောင်းသောအပေါင်းအသင်းနှင့် သင့်ယုံကြည်ခြင်းကို စုံစမ်းမည့်အခြေအနေများ၏ရန်ကို အသင်အမြဲရင်ဆိုင်နေရသည်။ “သာသနာပလူတို့သည် . . . သင်တို့၏ကောင်းသောအကျင့်ကို . . . ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း သူတို့ရှေ့ ၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြ” ရန်ပေတရု၏သြဝါဒကို သင်ကျင့်သုံးရန် အရေးကြီးသည်။ (၁ ပေ. ၂:၁၂) ဤစိန်ခေါ်ချက်ကို သင်ရင်ဆိုင်နိုင်ရန် သတ္တိနှင့် စိတ်ဆုံးဖြတ်ချက်ချဖို့လိုသည်။
၂ ကျောင်းတွင်း၊ ကျောင်းပြင်တွင် လက်မထပ်မီလိင်ဆက်ဆံခြင်း၊ ညစ်ညမ်းသောစကား၊ ဆေးရွက်သုံးခြင်း၊ နှင့် မူးယစ်ဆေးဝါး အလွဲသုံးစားခြင်းစသည့်ညစ်ညမ်းသော ဩဇာလွှမ်းမိုးမှု၏တရစပ်တိုက်ခိုက်မှုကိုခံနေရသည်။ နေ့စဉ်ပင် သင့်ကောင်းသောအကျင့်ဆိုင်ရာမှတ်တမ်းကို ပျက်စီးစေနိုင်သည့် သွေးဆောင်မှုအမျိုးမျိုးကို ရင်ဆိုင်နေရသည်။ လူကြီးများနည်းတူ အသင်သည် ဤသို့သောစုံစမ်းခြင်းများကို ခံရပ်နိုင်ရန် “ယုံကြည်ခြင်းတရားဘက်မှာ . . . ကြိုးစား၍တိုက်လှန်” ရမည်။—ယုဒ ၃; ၁၉၉၁၊ စက်တင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၈-၁၁ ရှု။
၃ ကျောင်းတွင် မျိုးချစ်စိတ်အခမ်းအနားများနှင့် လောကီပွဲနေ့များရှိသည်။။ သင့်ကျောင်းတွင် အဘယ်နိုင်ငံရေးနှင့် ဘာသာရေးပွဲများကို အားပေးအားမြောက်ပြုကြောင်း သိပါသလော။ စိန်ခေါ်သည့်အခြေအနေတစ်ရပ်ပေါ်လာလျှင် “သင်တို့ကျင့်သောအကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် . . . ကိုယ်တိုင်ရှက်ကြောက်ခြင်းရှိမည်အကြောင်း သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်လျက်” နေနိုင်မည်လော။—၁ ပေ. ၃:၁၆။
၄ ကျောင်းအားကစားပွဲများ သို့မဟုတ် ပျော်ပွဲရွှင်ပွဲများက သင့်အတွက် သွေးဆောင်မှုဖြစ်နိုင်သည်။ ပျော်ရွှင်စရာသက်သက်ဖြစ်ပုံရှိသောပွဲများကြောင့် သင့်ယုံကြည်ခြင်းသည် မည်သို့လျော့ပေါ့သွားနိုင်ကြောင်းကို သတိပြုဖို့လိုသည်။ အချင်းချင်း၏ယုံကြည်ခြင်းအားဖြင့် တည်ဆောက်မှုရရန် “တစ်ဦးကိုတစ်ဦး အပြန်အလှန်အားပေး” နိုင်မည့်အပေါင်းအသင်းများကို ရွေးချယ်ဖို့လိုသည်။—ရော. ၁:၁၂၊ သတင်းကောင်း။
၅ ယေဟောဝါအကူအညီဖြင့် သင်ခံရပ်နိုင်သည်– စာတန်သည် သင့်ယုံကြည်ခြင်းကို အမြဲစုံစမ်းနေသည်။ အသင်ခံရမည့်စုံစမ်းခြင်းများသည် အလွန်ခက်ခဲမည်ဖြစ်သော်လည်း ရရှိမည့်ဆုကျေးဇူးများက ယင်းအတွက်ခံရကျိုးနပ်စေသည်။ (၁ ပေ. ၁:၆၊ ၇) မိမိဖာသာအောင်မြင်နိုင်မည်မဟုတ်; ယေဟောဝါထံ၌ အကူအညီတောင်းခံရမည်။ တပည့်တော်များအား ယေရှု ဤသို့တိုက်တွန်းသည်– “စုံစမ်းနှောင့်ယှက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့။” (မ. ၂၆:၄၁) ပဲ့ပြင်ဆုံးမမှုနှင့် ချုပ်တည်းခြင်းသည် အရေးကြီး၏။—၁ ကော. ၉:၂၇။
၆ သင့်အပြုအမူကို ယေဟောဝါစစ်ကြောစီရင်လိမ့်မည်ဟူသည့်အကြောင်းကို အမြဲသတိရပါ။ (ဒေ. ၁၁:၉) သင်ပြုမူသောအမှုကို လူတို့မမြင်သော်လည်း ယေဟောဝါမြင်တော်မူပြီး စစ်ကြောစီရင်တော်မူလိမ့်မည်။ (ဟေဗြဲ ၄:၁၃) ကိုယ်တော်၏အလိုတော်နှင့်တွေ့လိုသောစိတ်ပြင်းပြသောကြောင့် ‘ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် မိမိကိုယ်ကိုကယ်တင်ခြင်းငှာ ကြိုးစားအားထုတ်’ သင့်သည်။ (ဖိ. ၂:၁၂) ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုခြင်းသည် များစွာအကူအညီဖြစ်သည်။ ယင်း၌ အလွန်ကောင်းသောသြဝါဒစကားနှင့် ကျွန်ုပ်တို့အတုယူစရာ ပုံသက်သေကောင်းများစွာဖြင့်ပြည့်နှက်နေသည်။—ဟေဗြဲ ၁၂:၁-၃။
၇ မိဘများသင်တို့၏ကဏ္ဍသည် အရေးကြီးသည်။ သားသမီးများကို သင်တို့ကြီးကြပ်ပေးရမည်။ သူတို့၏ပြဿနာများကို သိရှိရမည်။ လိုအပ်လျှင် အကူအညီပေးရမည်။ သင့်သားသမီးများနှင့် ရင်းနှီးပြေလည် သင့်မြတ်သောဆက်ဆံမှုရှိသလော။ ဘုရားသခင့်ပညတ်တော်များနှင့် မူများကို သဘောပေါက်နားလည်၍ တန်ဖိုးထားလေးမြတ်စိတ် သူတို့တွင် မွေးမြူပေးခဲ့ပြီလော။ ဖိစီးမှုများ သို့မဟုတ် စုံစမ်းခြင်းများရင်ဆိုင်ရသည့်အခါ သင့်သားသမီးများသည် ခွန်အားရှိသလော။ သို့မဟုတ် လွယ်ကူစွာ လက်မြှောက်အရှုံးပေးသလော။ ရွယ်တူသက်တူများနှင့် မတူကြရသည့်အတွက် သူတို့စိတ်ဓာတ်ကျသလော။ မိဘများအနေနှင့် သူတို့ကိုအကူအညီပေးရန် သင့်မှာတာဝန်ရှိသည်။ (တရား. ၆:၆၊ ၇) သင်တာဝန်ကျေပွန်မည်ဆိုလျှင် ယုံကြည်ခြင်းတိုက်ပွဲတွင် အောင်မြင်ရန် သူတို့ကိုသင်အကူအညီပေးနိုင်လိမ့်မည်။—သု. ၂၂:၆။