အသိပညာ ဆက်တိုးပွားနေ
“မိမိတို့၏ယုံကြည်ခြင်းကို . . . အသိပညာဖြင့် . . . ထပ်လောင်းဖြည့်စွက် . . . ကြလော့။”—၂ ပေတရု ၁:၅၊ သက။
၁၊ ၂။ (က) ကောင်းကင်သို့မော့ကြည့်သည့်အခါ အဘယ်အရာကို သင်ယူလေ့လာနိုင်မည်နည်း။ (ရောမ ၁:၂၀) (ခ) လူ့အသိပညာတိုးပွားမှုသည် အမှန်ဆိုလျှင် မည်မျှအထိသာဖြစ်သနည်း။
ကြည်လင်သော အမှောင်ညတစ်ညတွင် အပြင်သို့ထွက်ကာ တောက်ပနေသောလနှင့် မရေတွက်နိုင်သော ကြယ်များကို မော့ကြည့်သည့်အခါ အဘယ်အရာကို သင်ယူနိုင်မည်နည်း။ ယင်းတို့အားလုံး၏ ဖန်ဆင်းရှင်အကြောင်းနှင့်စပ်လျဉ်း၍သိနားလည်လာနိုင်မည်။—ဆာလံ ၁၉:၁-၆; ၆၉:၃၄။
၂ ထိုအသိပညာကို အသင်တိုးပွားစေလိုပါက အိမ်ခေါင်မိုးပေါ်တက်ပြီး ကြည့်ရှုမည်လော။ ထိုသို့ပြုမည်ကား မဟုတ်ပါ။ သိပ္ပံပညာရှင်များသည် စကြဝဠာအသိပညာနှင့် ယင်းကိုဖန်ဆင်းသောအရှင်အကြောင်း တိုးသိနားလည်မှု အမှန်ပင် မဆိုစလောက်သာရှိသေးကြောင်းကို သဘောပေါက်စေရန် ဤပုံဥပမာတစ်ခုကို အဲလ်ဘတ် အိုင်းစတိုင်းသည် တစ်ချိန်ကအသုံးပြုခဲ့သည်။aဒေါက်တာလူဝစ္စ သောမတ်စ် ဤသို့ရေးသားခဲ့သည်။ “ဤသိပ္ပံပညာ အထွန်းကားဆုံးရာစုနှစ်တွင် သိပ္ပံပညာ၏ အကြီးမားဆုံး အောင်မြင်မှုတစ်ခုမှာ ကျွန်ုပ်တို့သည် အလွန်ပင် အမှုမဲ့အမှတ်မဲ့သူများဖြစ်ကြပြီး သဘာဝတရားအကြောင်း မဆိုစလောက်သာသိရှိထား၍ ယင်းအကြောင်း သိနားလည်ထားချက်များသည် ထိုမျှပင်မရှိသေးကြောင်း ဖြစ်သည်။”
၃။ အသိပညာတိုးပွားခြင်းသည် ဝမ်းနည်းခြင်းကို အဘယ်နည်းဖြင့် တိုးပွားစေသနည်း။
၃ သာမန်လူ့သက်တမ်းမှ ကျန်ကြွင်းသောနှစ်များအားလုံးအတွင်း ဤကဲ့သို့သောအသိပညာကိုဆည်းပူးနေမည်ဆိုသည့်တိုင် လူ့သက်တမ်းသည် အလွန်တိုတောင်း၍ အသိပညာကို လူ့အသုံးပြုပုံသည် မစုံလင်မှုကြောင့်လည်းကောင်း၊ ဤလောက၏ ‘ကောက်ကျစ်မှု’ ကြောင့် အကန့်အသတ်သာဖြစ်နေကြောင်း ပိုသဘောပေါက်လာပါလိမ့်မည်။ ဤသို့ရေးသား၍ ထိုအချက်ကို ရှောလမုန်ပေါ်လွင်စေခဲ့သည်။ “ပညာများလျှင် ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ်တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။” (ဒေသနာ ၁:၁၅၊ ၁၈) မှန်ပါသည်။ ဘုရားသခင့်ရည်ရွယ်ချက်များနှင့် အဆက်အစပ်လုံးဝမရှိသော အသိပညာနှင့် ဉာဏ်ပညာတိုးပွားခြင်းသည် များသောအားဖြင့် ငြိုငြင်ဝမ်းနည်းစရာများကိုပါ ရရှိတတ်သည်။—ဒေသနာ ၁:၁၃၊ ၁၄; ၁၂:၁၂; ၁ တိမောသေ ၆:၂၀။
၄။ အဘယ်အသိပညာကို တိုးပွားစေသင့်သနည်း။
၄ ယင်းကြောင့် ကျွန်ုပ်တို့၏အသိပညာတိုးပွားခြင်းတွင် စိတ်မဝင်စားရဟု သမ္မာကျမ်းစာက တိုက်တွန်းနေခြင်းလော။ တမန်တော်ပေတရု ဤသို့ရေးသားခဲ့သည်။ “ကျေးဇူးတော်၌လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူသောအရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌လည်းကောင်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရနေ့ရက်ကာလပတ်လုံး ဘုန်းအသရေရှိတော်မူစေသတည်း။” (၂ ပေတရု ၃:၁၈) အသိပညာတိုးပွားရန် တိုက်တွန်းထားသည့် ထိုသြဝါဒသည် အကျွန်ုပ်တို့နှင့်သက်ဆိုင်ပါသည်ဟု လက်ခံနိုင်သည့်ပြင် ထိုသို့ပင် ခံယူသင့်သည်။ သို့သော် အဘယ်အသိပညာနည်း။ ယင်းကို မည်သို့တိုးပွားစေနိုင်သနည်း။ အမှန်တကယ်ပင် တိုးပွားနေစေပါသလော။
၅၊ ၆။ အသိပညာတိုးပွားစေဖို့လိုကြောင်း ပေတရု မည်သို့အလေးအနက်ဖော်ပြသနည်း။
၅ စကြဝဠာဖန်ဆင်းရှင်နှင့် ယေရှု၏အကြောင်းဖြစ်သည့် တိကျမှန်ကန်သောအသိပညာတိုးပွားခြင်းသည် ပေတရု၏ ဒုတိယစာစောင်တွင် အဓိကအချက်ဖြစ်သည်။ ယင်း၏အဖွင့်စကားတွင် သူဤသို့ရေးသားခဲ့သည်။ “ဘုရားသခင်နှင့် ငါတို့အရှင်ယေရှုတို့နှင့်ဆိုင်သော တိကျမှန်ကန်သည့် အသိပညာအားဖြင့် သင်တို့၌မခံစားထိုက်သောကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းတိုးပွားပါစေသော။ ဘုန်းတန်ခိုးတော်အကျင့်သီလနှင့် ငါတို့ကိုခေါ်တော်မူသောသူ၏ တိကျမှန်ကန်သည့် အသိပညာအားဖြင့် ဘုရားဝတ်၌ အမှန်ပင်မွေ့လျော်နိုင်စေရန် မဟာတန်ခိုးတော်ဖြင့် ငါတို့လိုအပ်သောအရာရှိသမျှကို ချပေးတော်မူပါ၏။” (၂ ပေတရု ၁:၂၊ ၃၊ ကဘ) ဤနည်းဖြင့် မခံစားထိုက်သောကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ဘုရားသခင်နှင့် သခင်ယေရှုခရစ်ကိုသိကျွမ်းခြင်းပညာနှင့် ကွင်းဆက်ထားပါသည်။ ဖန်ဆင်းရှင်ယေဟောဝါသည် စစ်မှန်သောအသိပညာ၏ အချက်အချာဖြစ်သောကြောင့် ယင်းသည် ဆင်ခြင်တုံတရားနှင့်ညီညွတ်ပါသည်။ ဘုရားသခင်ကိုကြောက်ရွံ့သောသူသည် အမြင်မှန်ရှိ၍ အခြေအမြစ်ရှိဆုံးဖြတ်ချက်များ ချနိုင်ပါလိမ့်မည်။—သု၊ ၁:၇။
၆ ထိုနောက် ပေတရုဤသို့တိုက်တွန်းပြန်သည်။ “သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်သီလဖြင့်လည်းကောင်း၊ အကျင့်သီလကို အသိပညာဖြင့်လည်းကောင်း၊ အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို ခံနိုင်ရည်ရှိခြင်းဖြင့်လည်းကောင်း၊ ခံနိုင်ရည်ရှိခြင်းကို ဘုရားဝတ်၌မွေ့လျော်ခြင်းဖြင့်လည်းကောင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ညီရင်းအစ်ကိုသဘောထားဖြင့်လည်းကောင်း ညီရင်းအစ်ကိုသဘောထားကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း ထပ်လောင်းဖြည့်စွက်ပေးရန် အစွမ်းကုန်ကြိုးစားကြလော့။ ဤပါရမီများသည် သင်တို့တွင် တိုးတက်ပွားများနေပါမူ ငါတို့အရှင်သခင်ယေရှုခရစ်၏တိကျမှန်ကန်သည့် အသိပညာနှင့်စပ်လျဉ်း၍ မလှုပ်မရှား၊ အသီးမသီးခြင်းမှ ကာကွယ်ပေးပါလိမ့်မည်။” (၂ ပေတရု ၁:၅-၈၊ ကဘ)bအသိပညာကိုဆည်းပူးခြင်းသည် လောကီညစ်ညူးခြင်းနှင့်ကင်းလွတ်စေကြောင်း နောက်အခန်းကြီးတွင် ဖတ်ရှုရသည်။ (၂ ပေတရု ၂:၂၀) ခရစ်ယာန်ဖြစ်လာသူများသည် ယေဟောဝါအမှုတော်ကို ထမ်းဆောင်နှင့်သူများနည်းတူပင် အသိပညာရှိဖို့လိုကြောင်း ဤနည်းဖြင့် ပေတရု အတိအလင်းဖော်ပြပါသည်။ အသင်သည် ယင်းလူစုများအဝင် ဖြစ်ပါသလော။
သင်ယူပါ၊ ပြန်ပြောပါ၊ အသုံးပြုပါ
၇။ အခြေခံကျမ်းစာသမ္မာတရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို လူအများ မည်သို့ရရှိခဲ့ပြီနည်း။
၇ ယေဟောဝါသက်သေများဟောပြောသောသတင်းတရား၌ အမှန်တရားပါရှိသည်ကို သင်တွေ့ရှိသည့်အတွက် သူတို့နှင့် ကျမ်းစာလေ့လာနေပေမည်။ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် အစရှိသည့် အကူအညီစာအုပ်တစ်ခုခုကိုအသုံးပြုကာ ကျမ်းစာအကြောင်းတစ်ခုကို တစ်ပတ်တစ်ခါ တစ်နာရီခန့် သင်လေ့လာနေမည်။ အလွန်ကောင်းသည်။ ယေဟောဝါသက်သေများနှင့် ဤသို့လေ့လာခဲ့သူများစွာ တိကျမှန်ကန်သောအသိပညာကို ရရှိခဲ့ကြပြီ။ သို့သော် ယခု သင် တတ်သိလာသည့်အကြောင်းကို တိုးပွားများပြားစေရန် ဘာလုပ်နိုင်ပါသနည်း။ ဤကား အကြံပြုချက်အချို့ဖြစ်သည်။c
၈။ သင်အံမှုအတွက်ပြင်ဆင်ရာတွင် လေ့လာသင်ယူသူသည် ပညာပိုရရှိရန် အဘယ်အရာကိုပြုလုပ်နိုင်သနည်း။
၈ သင်အံမှုအတွက် ကြိုတင်သင်ပြင်ဆင်ရာတွင် လေ့လာမည့်အကြောင်းကို ခြုံ၍ဖတ်လိုက်ပါ။ ဆိုလိုသည်ကား အခန်းခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ငယ်များနှင့် ထိုအကြောင်းပါ ရုပ်ပုံများကို ကြည့်ရှုလိုက်ခြင်းဖြစ်သည်။ ထိုနောက် စာအုပ်ပါ အပိုဒ်တစ်ခု၊ သို့မဟုတ် အပိုင်းတစ်ပိုင်းကို သင်ဖတ်ရှုရာတွင် အဓိကအချက်များနှင့် ထောက်ခံသည့်ကျမ်းချက်များကိုရှာဖွေကာ ယင်းတို့ကို မျဉ်းသားပါ။ သို့မဟုတ် ပေါ်လွင်စေပါ။ ဆွေးနွေးခဲ့သည့် သမ္မာတရားကို သင်တတ်မတတ် သုံးသပ်ကြည့်ရန် အပိုဒ်အသီးသီးရှိ မေးခွန်းများကို ကြိုးစားဖြေကြည့်ပါ။ ယင်းသို့ပြုရာတွင် ကိုယ်ပိုင်စကားဖြင့်ဖြေဆိုရန် ကြိုးစားပါ။ နောက်ဆုံးတွင် လေ့လာသည့်အကြောင်းကို ပြန်လည်ဆင်ခြင်ရာတွင် အဓိကအချက်များ၊ ထောက်ခံသည့် အခြေအတင်အချက်အလက်များကို ပြန်သတိရနိုင်ရန် ကြိုးစားပါ။
၉။ လေ့လာခြင်းနှင့်ပတ်သက်၍ အကြံပြုချက်များကို ကျင့်သုံးခြင်းက ပညာတိုးပွားရန် မည်သို့အထောက်အကူပြုမည်နည်း။
၉ ဤအကြံပြုချက်များကို သင်ကျင့်သုံးမည်ဆိုလျှင် အသိပညာတိုးပွားမည်ဟု မျှော်လင့်နိုင်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းတစ်ခုမှာ၊ မြေသြဇာကို အသင့်ပြင်ပေးဘိသကဲ့သို့ တတ်မြောက်သင်ယူလိုသောစိတ်ဆန္ဒဖြင့် လေ့လာသုံးသပ်သောကြောင့်ဖြစ်သည်။ အကျဉ်းချုပ်သဘောတရားကိုသိပြီးနောက် အဓိကအချက်များနှင့် ဆင်ခြင်သုံးသပ်ချက်များကို ရှာဖွေတွေ့ရှိသည့်အခါ အသေးစိတ်အချက်အလက်များသည် အဓိကအချက်၊ သို့မဟုတ် နိဂုံးနှင့် မည်သို့ဆက်စပ်ကြောင်း သတိပြုမိလိမ့်မည်။ နောက်ဆုံးအနေနှင့် ပြန်လည်စစ်ဆေးခြင်းက လေ့လာခဲ့သောအရာကို မှတ်မိနိုင်ရန် အကူအညီပေးမည်။ နောက်ပိုင်း ကျမ်းစာသင်အံမှုပြုလုပ်နေစဉ်ကော။
၁၀။ (က) အချက်အလက်များ၊ သို့မဟုတ် အကြောင်းအရာအသစ်တစ်ခုကို ပြန်ရွတ်ဆိုခြင်းသည် အဘယ်ကြောင့်အကန့်အသတ်မျှသာ အကျိုးပေးသနည်း။ (ခ) “အချိန်ခြား၍ ထပ်ခါတလဲ ပြန်မှတ်မိစေခြင်း” တွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။ (ဂ) ထပ်တလဲလဲ သွန်သင်ခံရခြင်းမှ ဣသရေလသားများသည် မည်သို့အကျိုးခံစားရသနည်း။
၁၀ ပညာပေးရေးဌာနမှ ကျွမ်းကျင်သူများသည် အခန့်သင့်အချိန်တွင် ရည်ရွယ်ချက်ရှိရှိ ပြန်ပြောဆိုခြင်း၏တန်ဖိုးကို သိနားလည်ထားကြသည်။ ယင်းသည် ကျောင်းနေစဉ်က နာမည်တစ်ခု၊ အချက်တစ်ခု၊ သို့မဟုတ် အယူအဆတစ်ခုကို အလွတ်ရွတ်နိုင်ရန် စာကျက်ယူသည့် ကြက်တူရွေးစာရွတ်ပြရုံမျှမဟုတ်ပါ။ ထိုသို့ရွတ်ဖတ်ခဲ့ဖူးသည့်စကားများကို မမှတ်မိနိုင်ဘဲဖြစ်ခဲ့ဖူးသလော။ အဘယ်ကြောင့်ဖြစ်ရသနည်း။ စကားလုံး၊ သို့မဟုတ် အချက်အလက်အသစ်တစ်ခုကို ရွတ်ဆိုခြင်းသည် ငြီးငွေ့စရာဖြစ်နိုင်သည်။ ကြာရှည်လည်း မှတ်မိနိုင်လိမ့်မည်မဟုတ်ပါ။ ယင်းသို့မဖြစ်စေရန် မည်သို့ပြုလုပ်နိုင်မည်နည်း။ တကယ်တတ်သိလိုသောဆန္ဒက အထောက်အကူဖြစ်မည်။ နောက်သော့ချက်တစ်ခုမှာ ရည်ရွယ်ချက်ရှိရှိ ထပ်မံပြောဆိုခြင်းဖြစ်သည်။ အချက်တစ်ချက်ကို တတ်သိလာပြီးနောက် မမေ့မီ မိနစ်အနည်းငယ်အတွင်း သင်ယူလိုက်သည့်အချက်ကို ပြန်မှတ်မိနိုင်ရန် ကြိုးစားလိုက်ပါ။ ယင်းကို “အချိန်ခြား၍ ထပ်ခါတလဲ ပြန်မှတ်မိစေခြင်း” ဟုခေါ်ဝေါ်ကြပြီ။ မေ့ပျောက်မသွားမီ မှတ်ဉာဏ်ကိုအသုံးပြုခြင်းအားဖြင့် တိုး၍ကြာရှည်မှတ်မိစေနိုင်ပါသည်။ ဣသရေလနိုင်ငံတွင် ဖခင်များသည် သားသမီးတို့အား ဘုရားသခင့်ပညတ်ချက်များကို နှလုံးသွင်းစေရမည်ဖြစ်သည်။ (တရားဟောရာ ၆:၆၊ ၇) “နှလုံးသွင်း” အဓိပ္ပာယ်ကား ထပ်တလဲလဲ သွန်သင်ပေးခြင်းဖြစ်သည်။ ထိုဖခင်အများသည် သားသမီးတို့အား ပညတ်တော်များကို သွန်သင်ပေးနှင့်ပြီးသားဖြစ်မည်။ နောင်တွင် ယင်းအချက်အလက်များကို ထပ်မံသွန်သင်ပေးခဲ့မည်။ ထိုနောက် တတ်သိသင်ယူခဲ့သည့် အကြောင်းများနှင့်စပ်လျဉ်း၍ သားတို့ကို မေးခွန်းများမေးမြန်းခဲ့မည်။
၁၁။ တတ်မြောက်ခြင်းကို တိုးပွားစေရန် ကျမ်းစာလေ့လာနေစဉ် အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၁ သက်သေခံတစ်ဦးသည် သင်နှင့်ကျမ်းစာသင်အံမှုပြုလုပ်နေမည်ဆိုလျှင် လေ့လာနေစဉ် မကြာမကြာ အကျဉ်းချုပ်စကားများကို ထပ်ဆင့်ဖော်ပြခြင်းအားဖြင့် တတ်မြောက်သွားရန် ကူညီပေးပါလိမ့်မည်။ ယင်းသို့ပြုခြင်းကား ကလေးဆန်လွန်းသည်မဟုတ်ပါ။ တတ်မြောက်ခြင်းကို တိုးပွားစေသည့် နည်းစနစ်တစ်ခုဖြစ်သဖြင့် မကြာခဏပြန်လည်စစ်ဆေးခြင်းတွင် ဝမ်းသာအားရစွာ ပါဝင်ဖြေဆိုပါ။ ထိုနောက် သင်တန်းအဆုံး၌ နောက်ဆုံးအနေနှင့် ပြန်လည်စစ်ဆေးခြင်းကို အလွတ်ပြန်ပြောနိုင်ရန် ကြိုးစားပါ။ အခြားသူတစ်ဦးကို သွန်သင်ပေးသည့်အခါ အချက်အလက်များကိုရှင်းပြပုံအတိုင်း ကိုယ်ပိုင်စကားဖြင့် ဖြေဆိုလိုပေမည်။ (၁ ပေတရု ၃:၁၅) ဤသို့ပြုခြင်းကား သင် တတ်သိလာသည့်အကြောင်းကို ကြာမြင့်စွာမှတ်မိနိုင်စေရန် များစွာအထောက်အကူပြုပါလိမ့်မည်။—ဆာလံ ၁၁၉:၁၊ ၂၊ ၁၂၅ နှိုင်းယှဉ်; ၂ ပေတရု ၃:၁။
၁၂။ လေ့လာသူကိုယ်တိုင် မိမိ၏မှတ်မိနိုင်စွမ်းတိုးတက်ရန် ဘာလုပ်နိုင်သနည်း။
၁၂ အခြားအထောက်အကူပြုမည့်နည်းတစ်နည်းကား တစ်ရက်နှစ်ရက်အတွင်း မိမိသိရှိလာသည့်အကြောင်းကို အခြားသူတစ်ဦးဖြစ်သည့် ကျောင်းနေဖက်၊ လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် အိမ်နီးနားချင်းကို ပြောပြနိုင်ပါသည်။ သင်သည်ခေါင်းစဉ်ကို ဖော်ပြနိုင်ပြီး ဆင်ခြင်နှီးနှောခဲ့သည့် အဓိကအချက်များ၊ သို့မဟုတ် ကျမ်းစာမှ ထောက်ခံသည့်ကျမ်းချက်များကို သူသတိရမရသိလိုကြောင်း သူ့အားပြောပြနိုင်သည်။ ယင်းသို့ပြောဆိုခြင်းက သူတစ်ဖက်သား၏စိတ်ဝင်စားမှုကို နှိုးဆွပေးခြင်း ဖြစ်သွားနိုင်ပေမည်။ သူစိတ်မဝင်စားသည့်တိုင် တတ်မြောက်ခဲ့သောအကြောင်းအရာသစ်ကို တစ်ရက်နှစ်ရက်အကြာတွင် ပြန်ပြောဆိုလိုက်ခြင်းအားဖြင့် စွဲမှတ်ထားနိုင်စရာ ဖြစ်ပေလိမ့်မည်။ သို့ပြုမည်ဆိုလျှင် ၂ ပေတရု ၃:၁၈ တိုက်တွန်းသည့်အတိုင်း ပြုမူခြင်းကြောင့် တကယ်ပင်တတ်မြောက်ပါလိမ့်မည်။
တက်ကြွလှုပ်ရှားစွာ သင်ယူခြင်း
၁၃၊ ၁၄။ အချက်အလက်များကို စုစည်းမှတ်မိခြင်းထက်မက အဘယ်ကြောင့်ဖြစ်စေလိုသင့်သနည်း။
၁၃ သင်ယူခြင်းမည်သည်ကား အချက်အလက်များကိုစုစည်းခြင်း၊ သို့မဟုတ် အကြောင်းအရာကို ပြန်မှတ်မိနိုင်ခြင်းမျှ မဟုတ်ပါ။ ယေရှုခေတ်က ဘာသာရေးသမားများသည် သူတို့၏ထပ်မံရွတ်ဆိုသောဆုတောင်းချက်များကို ထိုအတိုင်းပြုမူခဲ့ကြသည်။ (မဿဲ ၆:၅-၇) သို့သော် ထိုအကြောင်းအရာကိုသိထား၍ အဘယ်အကျိုးခံစားခဲ့ကြသနည်း။ ဖြောင့်မတ်သောအကျင့်များကို ပြုကျင့်နေကြပါသလော။ ခဲယဉ်းလေစွ။ (မဿဲ ၇:၁၅-၁၇; လုကာ ၃:၇၊ ၈) ထိုသို့မပြုခဲ့သည့် အကြောင်းရင်းတစ်ခုမှာ အသိပညာသည် သူတို့နှလုံးတွင်းသို့စိမ့်မဝင်သည့်အတွက် သူတို့ကို ကောင်းကျိုးမပြုပါ။
၁၄ ပေတရုအရ ထိုစဉ်ကနှင့် ယခုအခါတွင်ရှိ ခရစ်ယာန်များအတွက် ထိုသို့မဖြစ်သင့်ပါ။ မလှုပ်မရှား၊ အကျိုးမဖြစ်ထွန်းခြင်းကို ရှောင်ကြဉ်ရန် ယုံကြည်ခြင်း၌ အသိပညာကိုဖြည့်စွက်ပေးဖို့ သူတိုက်တွန်းခဲ့ပါသည်။ (၂ ပေတရု ၁:၅၊ ၈) ထိုသို့ဖြစ်စေရန် အသိပညာတိုးပွားလိုရမည်။ ကျွန်ုပ်တို့၏အတွင်းပိုင်းအထိ အကျိုးသက်ရောက်စေလိုရမည်။ ထိုသို့ အမြဲဖြစ်မည်ကားမဟုတ်ချေ။
၁၅။ ဟေဗြဲခရစ်ယာန်များ အဘယ်အခက်အခဲတွေ့ခဲ့သနည်း။
၁၅ ပေါလုခေတ်က ယင်းကိစ္စတွင် ဟေဗြဲခရစ်ယာန်များ အခက်အခဲတွေ့ခဲ့ကြသည်။ ဂျူးများဖြစ်ကြသည့်အတွက် ကျမ်းစာအသိပညာအချို့အဝက်ကို သိနားလည်ထားကြပါသည်။ ယေဟောဝါအကြောင်း၊ ကိုယ်တော်၏တောင်းဆိုချက်အချို့ကိုပါ သူတို့သိရှိထားသည်။ နောင်တွင် မေရှိယအကြောင်း သိရှိလာကြ၍ ယုံကြည်ကြောင်းတင်ပြကြပြီး ခရစ်ယာန်များအဖြစ် နှစ်ခြင်းယူခဲ့ကြသည်။ (တမန်တော် ၂:၂၂၊ ၃၇-၄၁; ၈:၂၆-၃၆) ခရစ်ယာန်အစည်းအဝေးများကိုလည်း အနှစ်နှစ်၊ အလလတက်ခဲ့ကြ၍ ကျမ်းစာဖတ်ရှုခြင်း၊ အဖြေပေးခြင်း၌ ပါဝင်ခဲ့ကြပေမည်။ သို့ဖြစ်၍ပင် အချို့သူတို့သည် အသိပညာမတိုးပွားခဲ့ပါ။ ပေါလု ဤသို့ရေးသားပါသည်။ “သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့်သော်လည်း ဘုရားသခင်၏ဗျာဒိတ်တော်၌ ရှေ့ဦးစွာသင်ရသော တရားနုတို့ကို သူတစ်ပါးထံ၌ တစ်ဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍ ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။” (ဟေဗြဲ ၅:၁၂) ယင်းသို့ မည်သို့ဖြစ်နိုင်မည်နည်း။ ကျွန်ုပ်တို့လည်း ထိုသို့ပင်ဖြစ်နိုင်သလော။
၁၆။ အစဉ်ရေခဲနေသောမြေအောက်လွှာကား အဘယ်နည်း။ အပင်များကို မည်သို့ထိခိုက်သနည်း။
၁၆ ဥပမာအနေနှင့် ပျမ်းမျှအပူချိန် ရေခဲသည့်အမှတ်အောက် အမြဲရှိနေသည့် အာတိတ်နှင့်အခြားဒေသများမှ အစဉ်ရေခဲနေသောမြေအောက်လွှာကိုသုံးသပ်ကြည့်ကြစို့။ မြေဆီ၊ ကျောက်သားကျောက်လွှာနှင့် မြေကြီးပေါ်ရှိ ရေတို့သည် တစ်ခါတစ်ရံ အနက်ပေ ၃,၀၀၀ အထိတိုင်ထူသည့် အစိုင်အခဲအဖြစ်သို့ ခဲနေပါသည်။ နွေရာသီတွင် (လှုပ်ရှားသောအလွှာခေါ်သည့်) အစိုင်အခဲမှ အပေါ်ယံမြေဆီလွှာသည် အရည်ပျော်ပေမည်။ သို့ရာတွင် အရည်ပျော်သောမြေဆီလွှာသည် အောက်တွင်ရှိသော အစဉ်ရေခဲနေသောမြေအောက်လွှာသို့ ရေမစီးသွားနိုင်သောကြောင့် များသောအားဖြင့် ရွှံ့ဖြစ်နေပါသည်။ ထိုသို့သောအပေါ်ယံမြေလွှာတွင်ပေါက်သည့် အပင်များ၏အမြစ်များသည် အစဉ်ရေခဲနေသောမြေအောက်လွှာသို့ ထိုးဖောက်မဝင်နိုင်သည့်အတွက် များသောအားဖြင့် သေးငယ်သည်၊ သို့မဟုတ် ကြုံလှီပါသည်။ အသင်က ‘သမ္မာကျမ်းစာအသိပညာတိုးပွားကြီးထွားတာနဲ့ အစဉ်ရေခဲနေသောမြေအောက်လွှာနဲ့ ဘာဆိုင်လို့လဲ’ ဟုသိလိုပေမည်။
၁၇၊ ၁၈။ ဟေဗြဲခရစ်ယာန်အချို့၏ တိုးတက်ပုံကိုဖော်ပြရန် အစဉ်ရေခဲနေသောမြေအောက်လွှာနှင့် ယင်း၏လှုပ်ရှားမှုရှိအလွှာကို မည်သို့အသုံးပြုနိုင်သနည်း။
၁၇ အစဉ်ရေခဲနေသောမြေအောက်လွှာသည် တိကျမှန်ကန်သောအသိပညာကို ဆည်းပူးလေ့လာပြီး၍ မှတ်မိခြင်းငှာ ဉာဏ်စွမ်းကိုတက်ကြွလှုပ်ရှားစွာအသုံးမပြုသောသူ၏အခြေအနေကို ကောင်းစွာဖော်ပြပါသည်။ (မဿဲ ၁၃:၅၊ ၂၀၊ ၂၁ နှိုင်းယှဉ်။) သမ္မာကျမ်းစာမှ သမ္မာတရားအပါအဝင် အကြောင်းအရာအမျိုးမျိုးကို သင်ယူနိုင်သည့် ဉာဏ်စွမ်း ထိုသူတွင်ရှိပေမည်။ သူသည် “ဘုရားသခင်၏ဗျာဒိတ်တော်၌ ရှေ့ဦးစွာသင်ရသော တရားနုတို့ကို” လေ့လာခဲ့မည်။ ဟေဗြဲခရစ်ယာန်များနည်းတူပင် နှစ်ခြင်းယူနိုင်သည့်အရည်အချင်း ရှိလာခဲ့မည်။ သို့သော် သူသည် “ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍ စုံလင်သောအဖြစ်သို့” မတက်ဘဲနေပေမည်။—ဟေဗြဲ ၅:၁၂; ၆:၁။
၁၈ ထိုစဉ်ကအစည်းအဝေးများတွင် ယင်းခရစ်ယာန်များမှ အချို့ကို မြင်ယောင်ကြည့်ပါ။ စည်းဝေးတက်၍ မငိုက်မြည်းကြသော်လည်း သင်ယူခြင်းငှာ သူတို့စိတ်စွဲလမ်းနေကြပါသလော။ အသိပညာ တိုးပွားများပြားခြင်း၌ တက်ကြွလှုပ်ရှား၊ စိတ်အားထက်သန်ကြပါသလော။ ထိုသို့ဖြစ်ပုံမရှိ။ ရင့်ကျက်မလာသူများအတွက် စည်းဝေးကို တက်ရောက်ပါဝင်ခြင်းသည် ပါးလျားသည့်အပေါ်ယံအလွှာ၌သာ လှုပ်ရှားမှုရှိ၍ အောက်တွင်မူ ထူထဲသောရေခဲပြင် ရှိနေဘိသကဲ့သို့ဖြစ်သည်။ အစိုင်အခဲ၊ သို့မဟုတ် နက်နဲရှုပ်ထွေးသောသမ္မာတရားအမြစ်တို့သည် ဤစိတ်ပိုင်းဆိုင်ရာ အစဉ်ရေခဲနေသောမြေအောက်လွှာအထိ စိမ့်မဝင်နိုင်ဘဲဖြစ်နေသည်။—ဟေရှာယ ၄၀:၂၄ နှိုင်းယှဉ်။
၁၉။ ယနေ့ အတွေ့အကြုံရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် ဟေဗြဲခရစ်ယာန်များနှင့် အဘယ်နည်းဖြင့် တူညီနေနိုင်သနည်း။
၁၉ ယနေ့ ခရစ်ယာန်တစ်ဦးနှင့်စပ်လျဉ်း၍ ထပ်တူပင်ဖြစ်နိုင်ပါသည်။ အစည်းအဝေးများ တက်နေမည်ဖြစ်သော်လည်း ထိုအချိန်အခါများကို အသိပညာတိုးပွားရန်အတွက် သူအသုံးမပြုဘဲဖြစ်နေမည်။ စည်းဝေးတွင် တက်ကြွလှုပ်ရှားစွာ ပါဝင်ခြင်းနှင့်ပတ်သက်၍ကော။ လူသစ်၊ သို့မဟုတ် လူငယ်တစ်ဦး ကျမ်းချက်တစ်ချက်ကိုဖတ်ရှုခြင်း၊ အပိုဒ်ပါစကားများအတိုင်း အဖြေပေးခြင်းသည် သူ့အတွက် ခက်ကောင်းခက်မည်။ သူ၏ကြိုးစားအားထုတ်မှုက သူ၏စွမ်းရည်ကို ကောင်းမွန်စွာအသုံးပြုကြောင်း တင်ပြနေခြင်းဖြစ်သည်။ သို့သော် အခြားသူများနှင့်ပတ်သက်၍မူ ခရစ်ယာန်ဖြစ်သည့်အချိန် ကြာမြင့်ပြီဖြစ်သည့်အတွက် အသိပညာဆက်တိုးပွားလိုလျှင် အစအဦး၌ပါဝင်ဖြေဆိုခြင်းအဆင့်ထက် တိုးတက်နေသင့်ကြောင်း ပေါလုဖော်ပြထားပါသည်။—ဟေဗြဲ ၅:၁၄။
၂၀။ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ကိုယ့်ကိုယ်ကို မည်သို့စစ်ဆေးမေးမြန်းသင့်သနည်း။
၂၀ အတွေ့အကြုံရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် ကျမ်းချက်တစ်ချက်ကိုဖတ်ရုံဖတ်ခြင်း၊ သို့မဟုတ် အပိုဒ်ပါအခြေခံအချက်တစ်ချက်ကို တိုက်ရိုက်ဖော်ပြခြင်းထက်လုံးဝမတိုးတက်လာပါက သူ၏ပါဝင်မှုသည် စိတ်၏အပေါ်ယံ “လှုပ်ရှားသောအလွှာ” တွင်ပါဝင်ခြင်းဖြစ်နေမည်။ စည်းဝေးတစ်ခုပြီးတစ်ခု တက်ရောက်ခဲ့သော်လည်း သူ၏နက်ရှိုင်းသောစိတ်ပိုင်းဆိုင်ရာ အလားအလာကို အသုံးမပြု အစဉ်ရေခဲနေသောမြေအောက်လွှာ ဥပမာအတိုင်းပင် အစိုင်အခဲပြင်အခြေအနေတွင် ဆက်တည်ရှိနေစေပါသည်။ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုမေးသင့်သည်ကား ‘ငါလည်း အဲ့ဒီလိုဘဲလား။ စိတ်ပိုင်းဆိုင်ရာ အစဉ်ရေခဲနေသောမြေအောက်လွှာဖြစ်ပေါ်စေပြီလား။ ငါ့စိတ်ပိုင်းဆိုင်ရာနိုးကြားမှု ဘယ်လောက်ရှိပြီး ပညာဆည်းပူးခြင်းကို ဘယ်လောက်စိတ်ဝင်စားသလဲ’ အစရှိသည်တို့ဖြစ်သည်။ ကျွန်ုပ်တို့၏ရိုးဖြောင့်သောအဖြေကြောင့် စိတ်ကသိကအောက်ပင်ဖြစ်ဦးတော့ အသိပညာတိုးပွားလာရန် ယခုပင် စတင်ပြုလုပ်နိုင်ပါသည်။
၂၁။ စည်းဝေးများအတွက်ပြင်ဆင်ခြင်း၊ သို့မဟုတ် တက်ရောက်ခြင်းနှင့်စပ်လျဉ်း၍ ရှေ့တွင်ဆွေးနွေးခဲ့သော အဘယ်အဆင့်ဆင့်ပြုမူချက်များကို ပြုလုပ်နိုင်ပါသနည်း။
၂၁ တစ်ဦးချင်းစီအနေနှင့် အပိုဒ် ၈ ပါအကြံပေးချက်များကို ကျင့်သုံးနိုင်ကြပါသည်။ အသင်းတော်နှင့်ပေါင်းနေသည်မှာ မည်မျှပင်ကြာမြင့်နေပြီဖြစ်စေကာမူ တိုး၍ရင့်ကျက်လာရန်နှင့် အသိပညာတိုးပွားများပြားလာရန် စိတ်ဆုံးဖြတ်နိုင်ပါသည်။ အချို့သူတို့အတွက်ဆိုလျှင် စည်းဝေးများအတွက် ယခင်ကထက် ဝီရိယစိုက်ထုတ်ပြင်ဆင်ရန်လိုပေမည်။ ရပ်စဲခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်းများစွာက အကျင့်ကောင်းများကို ပြန်ကျင့်သုံးရမည့်သူများ ရှိကောင်းရှိပေမည်။ ပြင်ဆင်ရာတွင် အဓိကအချက်များကား အဘယ်နည်း၊ ဆင်ခြင်သုံးသပ်ကြည့်ဖို့အတွက် ကိုးကားထားသည့် ဖတ်ရှုနေကျမဟုတ်သောကျမ်းချက်များကို နားလည်ရန် ကြိုးစားပါ။ သင်တန်းဆောင်းပါးတွင် အချက်အလက်တစ်ခုကို ရှုထောင့်အသစ်မှဖော်ပြထားမထား ဂရုစိုက်ပါ။ ထိုနည်းတူစွာ စည်းဝေးအတွင်းလည်း အပိုဒ် ၁၀ နှင့် ၁၁ ပါအကြံပြုချက်များကို မိမိနှင့်သက်ဆိုင်ပါစေ။ သင့်စိတ်၏အပူချိန်ကို ပူချစ်နေစေဘိသကဲ့သို့ စိတ်ကိုနိုးနိုးကြားကြားရှိစေပါ။ သို့ပြုခြင်းဖြင့် “အစဉ်ရေခဲနေသောမြေအောက်လွှာ” ဖြစ်ပေါ်လာမည်မဟုတ်ပါ။ ဤသို့အမြဲကြိုးစားနေခြင်းအားဖြင့် ယခင်ကဖြစ်ပေါ်နေကောင်းဖြစ်ပေါ်နေမည့် မည်သည့် “အစိုင်အခဲ” ကိုမဆို အရည်ပျော်စေနိုင်ပါမည်။—သု၊ ၈:၁၂၊ ၃၂-၃၄။
အသိပညာ၊ အသီးသီးစေခြင်းငှာ အထောက်အကူ
၂၂။ အသိပညာတိုးပွားခြင်းငှာ ကြိုးစားမည်ဆိုလျှင် အဘယ်အကျိုးခံစားရမည်နည်း။
၂၂ မခံစားထိုက်သောကရုဏာတော်၌လည်းကောင်း၊ ကျွန်ုပ်တို့၏ ကယ်တင်တော်မူသောအရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌လည်းကောင်း ကြီးထွားဖွံဖြိုးခြင်းငှာ ကြိုးစားကြရာတွင် တစ်ဦးစီအနေနှင့် မည်သို့အကျိုးခံစားရမည်နည်း။ ကျွန်ုပ်တို့စိတ်စွမ်းအားကို နိုးကြားစွာရှိစေပြီး အသိပညာဆည်းပူးရန် အသင့်ရှိခြင်းအားဖြင့် သာ၍ခဲယဉ်းနက်နဲသော သမ္မာတရားသစ်၏မျိုးစေ့မှ အမြစ်ရှည်ရှည်ထွက်ပြီး စွဲမြဲစွာတွယ်မည်ဖြစ်၍ ကျွန်ုပ်တို့အသိပညာတိုးတက်များပြားမြဲမြံလိမ့်မည်။ ယင်းသည် နှလုံးများနှင့်စပ်လျဉ်း၍ ယေရှုပေးခဲ့သော အခြားပုံဥပမာနှင့်တူပေမည်။ (လုကာ ၈:၅-၁၂) ကောင်းသောမြေပေါ်ကျသည့်မျိုးစေ့တို့သည် တိုးတက်ကြီးပွားမည့်အပင်များကို ပြုစုပျိုးထောင်မည့် သန်မာသောအမြစ်များ ထွက်ပြီးသီးပွင့် စေနိုင်ပါမည်။—မဿဲ ၁၃:၈၊ ၂၃။
၂၃။ ၂ ပေတရု ၃:၁၈ ကိုနှလုံးပိုက်ကျုံးမည်ဆိုလျှင် အဘယ်အကျိုးရလဒ်များ ရရှိနိုင်မည်နည်း။ (ကောလောသဲ ၁:၉-၁၂)
၂၃ ယေရှု၏ပုံဥပမာသည် အနည်းငယ်ကွာခြားသော်လည်း အကျိုးရလဒ်မူကား ပေတရု၏ကတိပြုချက်နှင့် ညီညွတ်ပေမည်။ “သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်သီလဖြင့်လည်းကောင်း၊ အကျင့်သီလကို အသိပညာဖြင့်လည်းကောင်း၊ . . . ထပ်လောင်းဖြည့်စွက်ပေးရန် အစွမ်းကုန်ကြိုးစားကြလော့။ ဤပါရမီများသည် သင်တို့တွင် တိုးတက်ပွားများနေပါမူ ငါတို့အရှင်သခင်ယေရှုခရစ်၏တိကျမှန်ကန်သည့် အသိပညာနှင့်စပ်လျဉ်း၍ မလှုပ်မရှား၊ အသီးမသီးခြင်းမှကာကွယ်ပေးပါလိမ့်မည်။” (၂ ပေတရု ၁:၅-၈၊ ကဘ) မှန်ပါသည်။ အသိပညာတိုးတက်များပြားခြင်းသည် အသီးသီးစေရန်ထောက်ကူပါလိမ့်မည်။ အသိပညာများများဆည်းပူးခြင်းသည် ပျော်ရွှင်မှုသာ၍ပင်ဖြစ်ပွားစေကြောင်း တွေ့ရှိကြလိမ့်မည်။ (သု၊ ၂:၂-၅) သင်ယူလေ့လာထားသည့်အရာကို လွယ်လင့်တကူမှတ်မိကာ တပည့်ဖြစ်လာစေရန် သူတစ်ပါးကိုသွန်သင်ပေးရာတွင် များစွာအကျိုးရှိကြောင်းကို သတိပြုမိလိမ့်မည်။ ဤနည်းအားဖြင့်လည်း ပိုမိုအကျိုးဖြစ်ထွန်းကာ ဘုရားသခင်နှင့်ကိုယ်တော့်သားတော်၏ဘုန်းကို ထင်ရှားစေပါလိမ့်မည်။ ပေတရုသည် သူ၏ဒုတိယစာစောင်ကို ဤသို့နိဂုံးချုပ်ပါသည်။ “ကျေးဇူးတော်၌လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူသောအရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌လည်းကောင်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရနေ့ရက်ကာလပတ်လုံး ဘုန်းအသရေရှိတော်မူစေသတည်း။”—၂ ပေတရု ၃:၁၈။
[အောက်ခြေမှတ်ချက်များ]
a “ယင်းသည် လအကြောင်း ပိုမိုသိလိုသူတစ်ဦး အိမ်ခေါင်မိုးပေါ်တက်၍ ထိုဂြိုလ်ကို အနီးကပ်ကြိုးစားကြည့်ရှုခြင်းမှရသော အသိပညာနှင့်သာတူညီနေပါသည်။”
b ဤကျမ်းပိုဒ်ပါ ပထမအရည်အသွေးနှစ်ခုဖြစ်သည့် ယုံကြည်ခြင်းနှင့် အကျင့်သီလကို ၁၉၉၃ ဇူလိုင် ၁၅ ရက်ထုတ်စာစောင်တွင် ဆွေးနွေးတင်ပြထားပါသည်။
c ဤအကြံပြုချက်များသည် မိမိတို့၏ကိုယ်ပိုင်လေ့လာမှုနှင့် စည်းဝေးများအတွက် ပြင်ဆင်မှုမှ ရှေ့မီနောက်မီခရစ်ယာန်များ အကျိုးပိုမိုရရှိစေရန် အကူအညီဖြစ်နိုင်ပါသည်။
သင်မှတ်မိနိုင်သလော
◻ သင်၏အသိပညာတိုးပွားခြင်းတွင် အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
◻ ကျမ်းစာသင်သားအသစ်တစ်ဦးသည် သူ၏သင်အံမှုမှ မည်သို့အကျိုးပိုရရှိနိုင်မည်နည်း။
◻ အစဉ်ရေခဲနေသောမြေအောက်လွှာဥပမာအရ အဘယ်အန္တရာယ်ကို သင်ရှောင်ရှားလိုပါသနည်း။
◻ အသိပညာတိုးပွားစေရန် သင့်စွမ်းအင်ကိုတိုးတက်စေဖို့အတွက် အဘယ်ကြောင့်စိတ်ဆုံးဖြတ်သင့်သနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စိတ်နှလုံးဆိုင်ရာ အစဉ်ရေခဲနေသော မြေအောက်လွှာပြဿနာ အကျွန်ုပ်တွင်ရှိသလော