သက္ကရာဇ် ၂၀၀၀ အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း
၁ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် ယေဟောဝါ၏လူမျိုးအတွက် ကြွယ်ဝသောကောင်းချီးတစ်ရပ်ဖြစ်ကြောင်း ထင်ရှားခဲ့ပြီ။ ယင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်အတွင်း သန်းပေါင်းများစွာတို့အား လူထုဟောပြောချက်ပေးသူများနှင့် ကျမ်းစာသမ္မာတရားကိုသွန်သင်သူများအဖြစ် စွမ်းရည်များတိုးတက်ရန် ကူညီပေးခဲ့ပြီ။ (ဆာ. ၁၄၅:၁၀-၁၂; မ. ၂၈:၁၉၊ ၂၀) ထိုကျောင်းသည် သင့်အား မည်မျှကူညီပေးခဲ့သည်ကို သင်မြင်ပါသလော။ သင်သည် ၎င်းတွင်အပြည့်အဝပါဝင်ပြီး ပေးသည့်သွန်သင်ချက်ကိုကျင့်သုံးမည်ဆိုလျှင် သက္ကရာဇ် ၂၀၀၀ အတွင်း ယင်းက ဆက်၍ကူညီပေးနိုင်သည်။
၂ တာဝန်များနှင့်ပတ်သက်သည့်ညွှန်ကြားချက်များနှင့် အသုံးပြုမည့်စာပေများကို သက္ကရာဇ် ၂၀၀၀ အတွက်ကျောင်းအစီအစဉ်၏ ပထမစာမျက်နှာတွင် ဖော်ပြထားသည်။ အပိုင်းတစ်ခုစီအတွက် သတ်မှတ်ထားသည့်အချိန်၊ ရည်ညွှန်းကိုးကားချက်၊ အကြောင်းအရာကို မည်သို့တင်ဆက်ရမည်နှင့် အခြားအသေးစိတ်များကို သုံးသပ်ဖော်ပြထားသည်။ ကျေးဇူးပြု၍ ညွှန်ကြားချက်များကို အချိန်ယူဂရုတစိုက်ဖတ်ကာ ယင်းတို့ကို လက်တွေ့ကျင့်သုံးပါ။
၃ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း– ကျောင်းအစီအစဉ်တွင်ဖော်ပြထားသည့် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအတွက် သီးခြားအစီအစဉ်နှစ်ခုရှိသည်။ တစ်ခုမှာ ကျမ်းစာစာမျက်နှာ ၅ မျက်နှာခန့်ကိုခြုံငုံမိသည့် စံဖတ်ရှုခြင်းအစီအစဉ်ဖြစ်သည်။ ကျမ်းစာပေါ်လွင်ချက်များကို ဤဖတ်ရှုခြင်းအပေါ်အခြေပြုထားသည်။ အခြားဖတ်ရှုခြင်းအစီအစဉ်တစ်ခုမှာ ထပ်ဆင့်အစီအစဉ်ဖြစ်ပြီး အကြောင်းအရာနှစ်ဆကိုခြုံငုံမိသည်။ ဤအစီအစဉ်ကိုလိုက်နာခြင်းဖြင့် ကျမ်းစာတစ်အုပ်လုံးကို သုံးနှစ်အတွင်း ဖတ်ပြီးနိုင်ပါမည်။ အချို့သည် ထပ်ဆင့်အစီအစဉ်တွင် အစီအစဉ်ဆွဲထားသည်ထက် ပို၍ဖတ်လိုကြမည်ဖြစ်ကာ အခြားသူများမူ ယင်းအတိုင်းလုပ်နိုင်ကြမည်မဟုတ်ကြောင်း သိနားလည်ပါသည်။ အခြားသူများနှင့် သင့်ကိုယ်ကိုနှိုင်းယှဉ်မည့်အစား သင်ပြီးမြောက်နိုင်သည့်အရာ၌ ဝမ်းမြောက်ပါ။ (ဂလ. ၆:၄) အရေးကြီးသည်မှာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုရန်ဖြစ်သည်။—ဆာ. ၁:၁-၃။
၄ သင်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင်စာရင်းသွင်းရန် ကျောင်းကြီးကြပ်မှူးနှင့် စကားပြောသင့်သည်။ သင့်တာဝန်များကို အလေးအနက်ထားကာ မလိုအပ်ဘဲမဖျက်ပါနှင့်။ ယေဟောဝါထံမှပြင်ဆင်ပေးချက်တစ်ရပ်အနေနှင့် ကျောင်းကိုတန်ဖိုးထားပါ။ ကောင်းစွာပြင်ဆင်ပါ၊ တာဝန်ကျသည့်အကြောင်းအရာနှင့် လုံးလုံးလျားလျားအကျွမ်းတဝင်ရှိကာ နှလုံးမှဖွင့်ဟပြောဆိုပါ၊ ဤသို့ဖြင့် ထူးခြားသောဤကျောင်းမှ အကျိုးအပြည့်အဝခံစားရမည်ဖြစ်သည်။