‘ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် တန်ခိုးနှင့်ပြုပြင်တတ်၏’
၁ တမန်တော်ပေါလုက ‘ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်၏’ ဟုရေးသားခဲ့သည်။ (ဟေဗြဲ ၄:၁၂) သူဘာကိုဆိုလိုသနည်း။ သမ္မာကျမ်းစာတွင်ပါရှိသည့် ဘုရားသခင့်နှုတ်မြွက်စကားတော် သို့မဟုတ် သတင်းတရားသည် လူတို့ကို များစွာသြဇာလွှမ်းမိုးနိုင်၏။ သမ္မာကျမ်းစာပါဉာဏ်ပညာတွင် လူတစ်ဦး၏အသက်တာကို ပိုမိုကောင်းမွန်လာရန် ပြောင်းလဲပေးနိုင်သည့်တန်ခိုးရှိ၏။ ၎င်းကပေးသည့်နှစ်သိမ့်မှုနှင့်မျှော်လင့်ချက်က လူတို့အား အသက်ပေးရှင်ယေဟောဝါဘုရားသခင်ထံ ဆွဲဆောင်သည်။ ယင်း၏သတင်းတရားက နှလုံးရိုးဖြောင့်သူတို့အား ထာဝရအသက်ရစေသောလမ်းပေါ် အစပြုလျှောက်လှမ်းစေနိုင်သည်။ သို့သော် ဤအကျိုးသက်ရောက်မှုများကိုတွေ့မြင်ရရန် အခြားသူတို့အား ကျွန်ုပ်တို့သက်သေခံသည့်အခါ သမ္မာကျမ်းစာကိုအသုံးပြုရမည်။
၂ အခွင့်အရေးရတိုင်း ကျမ်းချက်တစ်ချက်ဖတ်ပါ– ကြေညာသူများစွာသည် အိမ်တံခါးဝတွင် ကျမ်းစာအသုံးပြုသည့်အကျင့် နည်းလာသည်မှာထင်ရှားသည်။ အသင်ကော ထိုသို့ပင်လော။ လူများစွာသည် စကားကြာကြာပြောဖို့ အချိန်ရှိပုံမရသောကြောင့် စာပေကိုသာဝေငှခြင်း သို့မဟုတ် ကျမ်းချက်တစ်ချက်ကို အဓိပ္ပာယ်ရှင်းပြရုံမျှသာပြုခြင်းအကျင့် တဖြည်းဖြည်းရလာခဲ့ခြင်းဖြစ်ပေမည်။ ကျွန်ုပ်တို့၏သတင်းတရားသည် ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် အမှန်ပါရှိကြောင်း လူတို့သိမြင်စေရန်အလို့ငှာ သတင်းကောင်းတင်ဆက်သည့်အခါ အနည်းဆုံး ကျမ်းစာမှအခန်းငယ်တစ်ခုကိုဖတ်ရန် အလေးထားကြိုးစားကြဖို့ ကြေညာသူအားလုံးကို ကျွန်ုပ်တို့ အားပေးပါသည်။
၃ ကျမ်းစာဖတ်ကျင့်ရှိသူမရှိသလောက်ဖြစ်သော်လည်း ၎င်းကို များသောအားဖြင့် လေးမြတ်ကြဆဲဖြစ်၏။ အလုပ်များသူတို့ပင် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ တိုက်ရိုက်ဖတ်ပြသည့် သတင်းတစ်ခုကိုနားထောင်ဖို့ အချိန်အနည်းငယ်ပေးလေ့ရှိ၏။ သင့်လျော်သည့်ကျမ်းချက်တစ်ချက်ကို စိတ်ပါလက်ပါဖတ်ပြပြီး တိုတိုတုတ်တုတ်ရှင်းပြသည့်အခါ ယေဟောဝါ၏နှုတ်ကပါဌ်တော်တန်ခိုးသည် နားထောင်သူအပေါ် ကောင်းကျိုးသက်ရောက်နိုင်သည်။ သို့သော် သင့်နိဒါန်းစကားမှ ကျမ်းစာအခန်းငယ်တစ်ခုဖတ်ပြခြင်းသို့ သင် မည်သို့ဆက်သွယ်ပေးနိုင်သနည်း။
၄ မဂ္ဂဇင်းလုပ်ငန်းတွင် ယင်းကိုစမ်းကြည့်ပါ– နယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် မဂ္ဂဇင်းလုပ်ငန်းတွင်ပါဝင်သည့်အခါ ကျမ်းချက်များကို ထိရောက်စွာအသုံးပြုသည်။ သူ၏အိတ်ကပ်ထဲတွင် ကျမ်းစာအသေးတစ်အုပ်ဆောင်ထားသည်။ သူသည် မဂ္ဂဇင်းများကိုပြပြီး ဆောင်းပါးတစ်ခုကို အကျဉ်းချုံးပြောပြပြီးနောက် မဆိုင်းမတွပင် ကျမ်းစာကိုဖွင့်ကာ ဆောင်းပါးနှင့်ဆက်စပ်သည့် အခန်းငယ်တစ်ခုကိုဖတ်ပြသည်။ “ဒီအားရှိစရာကတိတော်ကို မိတ်ဆွေဘယ်လိုထင်သလဲ” ဟုမေးရုံမျှပြုခြင်း၊ ထို့နောက် ရွေးချယ်ထားသောကျမ်းတစ်ချက်ကို ဆက်ဖတ်ပြခြင်းဖြင့် ယင်းကိုပြုလုပ်နိုင်၏။
၅ နားထောင်သူတိုင်းကို ကျမ်းစာမှအခန်းငယ်တစ်ခုနှစ်ခုဝေမျှရန် ပန်းတိုင်ထားပါ။ ယင်း၏လှုံ့ဆော်ပေးသည့်တန်ခိုးက ဘုရားသခင်ထံ နောက်ထပ်လူများစွာချဉ်းကပ်လာရန် လမ်းဖွင့်ပေးနိုင်သည်။—ယော. ၆:၄၄။