“အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေလော့”
၁ လက်ရှိအစီအစဉ်စနစ်၏ ဝိညာဏနှင့် စာရိတ္တမှောင်မိုက်အလယ်တွင် စစ်မှန်သောဘုရားသခင်ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူခြောက်သန်းခန့်သည် ကမ္ဘာတစ်ဝန်းရှိ ၂၃၄ နိုင်ငံတွင် “အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေ” ကြသည်။ (ဖိ. ၂:၁၅၊ ကဘ) ယင်းက ကျွန်ုပ်တို့အား အလွယ်တကူသတိပြုမိစေ၏။ ယေဟောဝါထံတော်မှလာသည့် အဖိုးထိုက်သော သမ္မာတရားအလင်းကို ကျွန်ုပ်တို့ မည်သို့ရောင်ပြန်ဟပ်ကြမည်နည်း။—၂ ကော. ၃:၁၈။
၂ ကျွန်ုပ်တို့၏အပြုအမူများ– လူတို့သည် ကျွန်ုပ်တို့၏အမူအကျင့်ကို အလွယ်တကူသတိပြုမိကြသည်။ (၁ ပေ. ၂:၁၂) သက်သေခံအလုပ်ဖော်တစ်ဦးသည် ကြင်နာမှုရှိပြီး ကူညီတတ်ကာ ညစ်ညမ်းသောစကားပြောဆိုခြင်း သို့မဟုတ် ညစ်ညမ်းသောပြက်လုံးများဖြင့် ဟာသလုပ်ခြင်းမရှိကြောင်း အမျိုးသမီးတစ်ဦးသတိပြုမိခဲ့သည်။ အခြားသူများ သူ့ရှေ့တွင် ရိုင်းစိုင်းစွာပြောဆို၍ ရန်စဖို့ကြိုးစားသောအခါ သက်သေခံသည် အေးအေးဆေးဆေးနေသော်လည်း အမှန်ဘက်တွင် မားမားမတ်မတ်ရပ်တည်ခဲ့သည်။ ယင်းက အမျိုးသမီးအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။ သူ ဤသို့ပြန်ပြောပြသည်– “သူ့ရဲ့အမူအကျင့်ကို ကျွန်မ အလွန်အထင်ကြီးလေးစားသွားလို့ သမ္မာကျမ်းစာအကြောင်း မေးခွန်းတွေ စပြီးမေးတယ်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်မစတင်လေ့လာပြီးနောက် နှစ်ခြင်းခံခဲ့တယ်။” သူက “ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေကိုဆန်းစစ်ဖို့ ကျွန်မကိုသွေးဆောင်ခဲ့တဲ့အရာကတော့ သူ့ရဲ့အမူအကျင့်ပါပဲ” ဟုထပ်ဆင့်ပြောဆိုသည်။
၃ အခွင့်အာဏာနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏သဘောထား၊ လောကီအကျင့်အကြံနှင့်ပတ်သက်သည့် ရှုမြင်ပုံနှင့် ကျွန်ုပ်တို့၏အကျိုးပြုသောစကားများက ယေဟောဝါသက်သေများအား သမ္မာကျမ်းစာ၏မြင့်မားသောစံနှုန်းများနှင့်အညီ အသက်ရှင်သောလူမျိုးတစ်မျိုးအဖြစ် သိသာထင်ရှားစေသည်။ ထိုသို့သောအကျင့်ကောင်းများက ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေကာ အခြားသူများအား ကိုယ်တော့်ဝတ်ပြုရေးသို့ ဆွဲဆောင်နိုင်သည်။
၄ ကျွန်ုပ်တို့၏အပြောအဆို– ကျွန်ုပ်တို့၏အမူအကျင့်ကောင်းကို တွေ့ မြင်သူတို့သည် ကျွန်ုပ်တို့၏ယုံကြည်ချက်များကို သူတို့အားမပြောပြဘဲနှင့် ကျွန်ုပ်တို့ အဘယ်ကြောင့်ထူးခြားကြောင်း သိကြမည်မဟုတ်ပေ။ သင်နှင့်အတူ အလုပ်လုပ်သူများ သို့မဟုတ် ကျောင်းတက်သူများက သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း သိကြသလော။ သင်သည် သာမန်စကားစမြည်ပြောဆိုသောအခါ သက်သေခံရန် အခွင့်အရေးများရှာသလော။ သင်သည် အခါအခွင့်သင့်တိုင်း “သူတစ်ပါးရှေ့ ၌ . . . အလင်းကိုလင်း” ရန် သန္နိဋ္ဌာန်ချထားသလော။—မ. ၅:၁၄-၁၆။
၅ အလင်းဆောင်သူများအဖြစ် ကျွန်ုပ်တို့၏တာဝန်ကိုကျေပွန်ရန် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိဖို့လိုသည်။ စိုးလ်အကြွင်းမဲ့ဖြစ်သောသဘောထားက အသက်ကယ်ဆယ်သည့် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံးလုပ်ဆောင်ရန် အရေးမကြီးသောအရာများကိုစွန့်လွှတ်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးမည်။—၂ ကော. ၁၂:၁၅။
၆ ကျွန်ုပ်တို့၏အပြုအမူနှင့် အပြောအဆိုများအားဖြင့် အလင်းဆောင်သူများအဖြစ် ဆက်၍ထွန်းလင်းနိုင်ကြပါစေ။ သို့ပြုလျှင် အခြားသူတို့သည် ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါ၏ဘုန်းတော်ထင်ရှားစေခြင်း၌ ပါဝင်ရန် လှုံ့ဆော်ခံရနိုင်သည်။