ပြန်လည်ပတ်မှုများက ကျမ်းစာသင်အံမှုများရရှိစေ
၁။ ပြန်လည်ပတ်မှုလုပ်ငန်းသည် အဘယ်ကြောင့် အလွန်အရေးကြီးလှသနည်း။
၁ ဟောပြောရုံသာမဟုတ်ဘဲ “တပည့်ဖြစ်စေလျက် . . . ဆုံးမသြဝါဒ [“သွန်သင်၊” ကဘ] ပေး” ရန် မိမိ၏တပည့်တော်များအား ယေရှုတာဝန်ပေးခဲ့သည်။ (မ. ၂၈:၁၉၊ ၂၀) ဟောပြောသူတစ်ဦးသည် ဟောပြောကြေညာမည်ဖြစ်သော်လည်း သွန်သင်သူတစ်ဦးသည် ထိုထက်မကပြုလုပ်သည်။ သူသည် သွန်သင်၊ ရှင်းပြကာ အထောက်အထားပြ၏။ အခြားသူများအား ကျွန်ုပ်တို့သွန်သင်နည်းတစ်ခုမှာ ကျမ်းစာသင်အံမှုများစတင်ရန် ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းအားဖြင့်ဖြစ်သည်။
၂။ မည်သူတို့ထံ ကျွန်ုပ်တို့ပြန်လည်ပတ်သင့်သနည်း။
၂ သင် မည်သူတို့ထံ ပြန်လည်ပတ်မှုများပြုလုပ်သင့်သနည်း။ စာပေလက်ခံသူများ သို့မဟုတ် သတင်းကောင်းကို စိတ်ဝင်စားမှုအနည်းငယ်ပင်ပြပါစေ သူတို့အားလုံးထံ မပျက်မကွက်ပြန်လည်ပတ်ပါ။ သင်သည် လူအများရှိရာဝန်းကျင်တစ်ခုတွင် သက်သေခံသည့်အခါ စိတ်ဝင်စားမှုတွေ့လျှင် စိတ်ဝင်စားမှုကိုပျိုးထောင်ပေးနိုင်ရန် ထိုသူ၏လိပ်စာ သို့မဟုတ် တယ်လီဖုန်းနံပါတ်ကိုရယူဖို့ ကြိုးစားပါ။ ကျမ်းစာသင်အံမှုများစတင်ခြင်းနှင့်ပတ်သက်၍ အကောင်းမြင်သဘောရှိပါ။ ကျမ်းစာလေ့လာရန်ကမ်းလှမ်းချက်ကို လက်ခံမည့်သူများအား ဆက်လက်ရှာဖွေပါ၊ သူတို့ကို သင် တွေ့ကောင်းတွေ့ပေမည်။—မ. ၁၀:၁၁။
၃၊ ၄။ ထိရောက်သောပြန်လည်ပတ်မှုများပြုလုပ်ရာတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။
၃ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ– ထိရောက်သောပြန်လည်ပတ်မှုတစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုသည် ဦးဆုံးလည်ပတ်ချိန်တွင် စတင်သည်။ အောင်မြင်သောဧဝံဂေလိဟောပြောသူများသည် အိမ်ရှင်စိတ်ဝင်စားသည့်အရာကို မှတ်သားထားကာ နောက်ထပ်ဆွေးနွေးရန်အတွက်အခြေခံအဖြစ် ယင်းကို အသုံးပြုကြသည်။ နောက်တစ်ကြိမ်လည်ပတ်မှုအတွက် အိမ်ရှင်၏စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန် မေးခွန်းတစ်ခုမေးခြင်းသည်အကျိုးရှိကြောင်း အချို့သူတို့တွေ့ရှိခဲ့သည်။ လူတို့အား ကျွန်ုပ်တို့ အမှန်တကယ်စိတ်ဝင်စားခြင်းက ထိုအိမ်မှထွက်လာပြီးနောက်၌ပင် ၎င်းတို့အကြောင်းစဉ်းစားနေစေကာ ယင်းက အချိန်မဆွဲဘဲ ပြန်သွားရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ ဖြစ်နိုင်လျှင် စိတ်ဝင်စားမှုရှိနေသေးချိန်—တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း၌ပင်—ပြန်သွားရန် ကြိုးစားပါ။
၄ ပြန်လည်ပတ်မှုတစ်ခုပြုလုပ်သည့်အခါ သင်၏ယခင်ဆွေးနွေးခန်းအပေါ် တည်ဆောက်ပေးရန် ကြိုးစားပါ။ တစ်ကြိမ်လျှင် အနည်းဆုံး တည်ဆောက်မှုဖြစ်စေသော ကျမ်းဆိုင်ရာအချက်တစ်ချက်ဝေမျှရန် ပန်းတိုင်ထားကာ လိုလိုလားလားနားထောင်ပေးပါ။ အိမ်ရှင်ကို ပိုမိုသိရှိရန် လုပ်ဆောင်ပါ။ ထို့နောက် နောက်ပိုင်းလည်ပတ်မှုများတွင် သူ၏စိုးရိမ်ပူပန်မှုများနှင့်တိုက်ရိုက်သက်ဆိုင်သည့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားများကိုဝေမျှပါ။
၅။ ကျမ်းစာသင်အံမှုများစတင်ရန် အဘယ်ရိုးရှင်းသောချဉ်းကပ်နည်းကို အသုံးပြုနိုင်သနည်း။
၅ ကျမ်းစာသင်အံမှုအတွက် နိုးကြားနေပါ– ကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်ပတ်မှုများပြုလုပ်ပါ။ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။ စိတ်ဝင်စားစရာအချက်တစ်ချက်ကို ဝေမျှလိုကြောင်းဖော်ပြကာ ထိုသူစိတ်ဝင်စားမည်ဟု သင်ထင်သည့် အသိပညာ စာအုပ် သို့မဟုတ် တောင်းဆို ဘရိုရှာပါ အပိုဒ်တစ်ပိုဒ်ကို ဖွင့်ပါ။ အပိုဒ်ကိုဖတ်ပါ၊ မေးခွန်းကိုသုံးသပ်ပါ၊ ညွှန်းထားသည့် ကျမ်းချက်တစ်ချက်နှစ်ချက်ကို ဆွေးနွေးပါ။ ယင်းကို တံခါးဝတွင်ပင် ငါးမိနစ်မှ ဆယ်မိနစ်အထိ လုပ်ဆောင်နိုင်သည်။ နောက်မေးခွန်းတစ်ခုကိုမေးကာ အခြားအချိန်တစ်ချိန်တွင် ဆက်ဆွေးနွေးရန် အစီအစဉ်များပြုလုပ်ခြင်းဖြင့် နိဂုံးချုပ်ပါ။
၆။ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏အရေးကြီးမှုကို ကျွန်ုပ်တို့နားလည်ကြောင်း မည်သို့ပြနိုင်သနည်း။
၆ ကျွန်ုပ်တို့တွေ့ရှိရသည့် စိတ်ဝင်စားမှုအားလုံးကို ပျိုးထောင်ပေးခြင်းသည် ကျွန်ုပ်တို့ဓမ္မအမှု၏ အရေးပါသောကဏ္ဍဖြစ်၏။ ထို့ကြောင့် ပြန်လည်ပတ်မှုများပြုလုပ်ရန်အတွက် သင်၏ပတ်စဉ်ဇယားတွင် အချိန်သတ်မှတ်ထားပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်၏ဓမ္မအမှုကို ပိုမိုထိရောက်စေကာ တကယ့်ရွှင်လန်းမှုကို ရရှိစေမည်ဖြစ်သည်။