ယေဟောဝါတောင်းဆိုရာကို ကျွန်ုပ်တို့လုပ်ဆောင်နိုင်
၁။ ကျွန်ုပ်တို့တွင် တစ်ခါတစ်ရံ အဘယ်ခံစားချက်များရှိလာနိုင်သနည်း၊ အဘယ်ကြောင့်နည်း။
၁ ယနေ့အချိန်တွင် ယေဟောဝါ၏ပညတ်တော်နှင့် မူများကို လိုက်လျှောက်ခြင်းသည် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်၏၊ ယင်းက ထာဝရအနာဂတ်အတွက် အုတ်မြစ်ကောင်းချရန် ကျွန်ုပ်တို့ကိုကူညီပေးသည်။ (ဆာ. ၁၉:၇-၁၁; ၁ တိ. ၆:၁၉၊ ကဘ) သို့သော် စာတန့်လောကသည် ကျွန်ုပ်တို့ကို ဖိစီးမှုများစွာအောက် ရောက်စေ၏။ ကျွန်ုပ်တို့ကိုယ်တိုင်၏ မစုံလင်သောအသွေးအသားက အခြေအနေကို ပိုဆိုးစေသည်။ ကျွန်ုပ်တို့၏ကျမ်းပေးတာဝန်များကို ကျေပွန်ရန် ကြိုးစားရာတွင် တစ်ခါတစ်ရံ အလွန်ဝန်ပိနေသည်ဟု ခံစားရပေမည်။ (ဆာ. ၄၀:၁၂; ၅၅:၁-၈) ကျွန်ုပ်တို့သည် ယေဟောဝါတောင်းဆိုရာအားလုံးကို လုပ်ဆောင်နိုင်ပါ့မလားဟူ၍ပင် စဉ်းစားကြပေမည်။ ထိုသို့သောအချိန်များတွင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးဟန်ချက်ကို ထိန်းထားရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။
၂။ ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ မျှော်လင့်ရာတွင် မည်သို့အကျိုးသင့်အကြောင်းသင့်ရှိတော်မူသနည်း။
၂ ယေဟောဝါ၏ ပညတ်တော်များသည် ဝန်ထုပ်ဝန်ပိုးမဟုတ်– ယေဟောဝါသည်ကျွန်ုပ်တို့ထံမှ မည်သည့်အခါမျှမတန်တဆတောင်းဆိုတော်မမူချေ။ ကိုယ်တော်၏ပညတ်တော်များသည် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်ဖြစ်၏။ (တရား. ၁၀:၁၂၊ ၁၃; ၁ ယော. ၅:၃၊ ကဘ) ကိုယ်တော်က ‘ကျွန်ုပ်တို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ’ ကာ ကျွန်ုပ်တို့၏ လူ့အားနည်းချက်များကို ထည့်တွက်စဉ်းစားပေးသည်။ (ဆာ. ၁၀၃:၁၃၊ ၁၄) ကျွန်ုပ်တို့၏အခြေအနေများကြောင့် အကန့်အသတ်ရှိလျှင်ပင် ဘုရားသခင်သည် ကိုယ်တော့်အမှုတော်ထမ်းဆောင်ရန် ကျွန်ုပ်တို့၏အတတ်နိုင်ဆုံးကြိုးစားမှုများကို ကရုဏာဖြင့် လက်ခံတော်မူ၏။ (ဝတ်. ၅:၇၊ ၁၁; မာ. ၁၄:၈) ကိုယ်တော်သည် ကျွန်ုပ်တို့၏ဝန်များကို ကိုယ်တော့်အပေါ်တင်ရန် ဖိတ်ခေါ်ကာ ကျွန်ုပ်တို့ဆက်၍သစ္စာရှိနေစေရန် စွမ်းဆောင်ပေးမည်ဟု အာမခံတော်မူ၏။—ဆာ. ၅၅:၂၂; ၁ ကော. ၁၀:၁၃။
၃။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိစေရန် မည်သို့ ခွန်အားပေးတော်မူသနည်း။
၃ ခံနိုင်ရည်ရှိဖို့လို– ဧလိယ၊ ယေရမိနှင့် ပေါလုကဲ့သို့သော သမာဓိစောင့်သိသူများအကြောင်း ကျမ်းစာမှတ်တမ်းများက ခံနိုင်ရည်ရှိဖို့လိုကြောင်း ဖော်ပြသည်။ (ဟေဗြဲ ၁၀:၃၆၊ ကဘ) ယေဟောဝါသည် သူတို့ဒုက္ခကြုံပြီး စိတ်ဓာတ်ကျချိန်များတွင် ထောက်မ ပေးခဲ့သည်။ (၃ ရာ. ၁၉:၁၄-၁၈; ယေ.၂၀:၇-၁၁; ၂ ကော. ၁:၈-၁၁) ကျွန်ုပ်တို့သည် မျက်မှောက်ခေတ်ရှိ ကျွန်ုပ်တို့ညီအစ်ကိုများ၏ သစ္စာစောင့်သိမှုအားဖြင့် လှုံ့ဆော်ခံရကြသည်။ (၁ ပေ. ၅:၉) ထိုသို့သောပုံသက်သေများကို တွေးတောဆင်ခြင်ခြင်းက စိတ်ဓာတ်မကျစေရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည်။
၄။ ဘုရားသခင့်ကတိတော်များကို အာရုံစိုက်နေရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၄ ဘုရားသခင်၏ကတိတော်များကို မျှော်လင့်ခြင်းသည် “စိတ်ဝိညာဉ်၏ကျောက်ဆူး” ဖြစ်၏။ (ဟေဗြဲ ၆:၁၉၊ သမ) ယင်းက အာဗြဟံနှင့် စာရာတို့အား မိမိတို့၏ဌာနေကို စွန့်ခွာကာ “ကတိတော်နှင့်စပ်ဆိုင်သောပြည်၌ ... ဧည့်သည်ဖြစ်၍နေ” ရန်ဟူသော ယေဟောဝါ၏တောင်းဆိုချက်ကို လက်ခံဖို့ လှုံ့ဆော်ပေးခဲ့သည်။ မောရှေအား စစ်မှန်သောဝတ်ပြုရေးအတွက် မကြောက်မရွံ့ရပ်တည်ရန် ခွန်အားရှိစေခဲ့သည်။ ယေရှုအား ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ခံနိုင်ရည်ရှိစေခဲ့သည်။ (ဟေဗြဲ၁၁:၈-၁၀၊ ၁၃၊ ၂၄-၂၆; ၁၂:၂၊ ၃) ဖြောင့်မတ်သောကမ္ဘာသစ်ဆိုင်ရာ ဘုရားသခင့်ကတိတော်ကို ကျွန်ုပ်တို့၏နှလုံးထဲတွင် ထွန်းလင်းတောက်ပနေစေခြင်းကလည်း ဆက်လက်မြဲမြံနေရန် ကျွန်ုပ်တို့ကို ကူညီပေးမည်ဖြစ်သည်။—၂ ပေ. ၃:၁၁-၁၃။
၅။ ကျွန်ုပ်တို့၏ ယခင်က သစ္စာစောင့်သိမှုဆိုင်ရာလုပ်ရပ်များကို ပြန်ပြောင်းသုံးသပ်ခြင်းက အဘယ်ကြောင့် အားရှိစေနိုင်သနည်း။
၅ ကျွန်ုပ်တို့၏ ယခင်က သစ္စာစောင့်သိမှု၊ ကိုယ်ကျိုးစွန့်မှုနှင့် ရဲရင့်မှုဆိုင်ရာလုပ်ရပ်များကို ပြန်အမှတ်ရခြင်းကလည်း အမှုတော်ဆောင်ရာတွင် ခွန်အားရှိစေ၏။ (ဟေဗြဲ ၁၀:၃၂-၃၄) ယင်းက ကျွန်ုပ်တို့ထံမှ ယေဟောဝါတောင်းဆိုထားသောအရာ—စိုးလ်အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှု—ကိုပေးဆက်ရာမှ ခံစားရသည့် ရွှင်လန်းမှုကို ပြန်အမှတ်ရစေ၏။—မ. ၂၂:၃၇။