အစည်းအဝေးမှန်မှန်တက်ခြင်း—ဦးစားပေးကိစ္စတစ်ခု
၁ခရစ်ယာန်မိသားစုများသည် အသင်းတော်အစည်းအဝေးများ မှန်မှန်တက်ရောက်ခြင်းကို ဦးစားပေးကြသည်။ သို့သော် ယနေ့ အသက်တာတွင် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာများက စိန်ခေါ်ချက်ဖြစ်စေနိုင်၏။ အိမ်ထောင်တာဝန်များ၊ လောကီလုပ်ငန်း သို့မဟုတ် ကျောင်းစာသည် ယေဟောဝါအားဝတ်ပြုရန် ဖယ်ထားသည့်အချိန်ကို စတင်ထိခိုက်လာသလော။ အရာရာကို ယေဟောဝါ၏ရှုထောင့်မှ ရှုမြင်ခြင်းက ကျွန်ုပ်တို့၏ ဦးစားပေးရာများကို ထိန်းသိမ်းထားရန် အကူအညီဖြစ်စေမည်ဖြစ်သည်။—၁ ရာ. ၂၄:၆; ၂၆:၁၁။
၂ ဥပုသ်နေ့တွင် ထင်းခွေခြင်းဖြင့် ဣသရေလအမျိုးသားတစ်ဦးသည် ယေဟောဝါ၏ရှုမြင်ပုံကို သုံးသပ်ရန် တမင်သက်သက် ပျက်ကွက်ခဲ့သည်။ ယင်းကို မိသားစုအတွက် လုပ်ဆောင်ခြင်းဖြစ်သည် သို့မဟုတ် ယင်းသည် အသေးအဖွဲကိစ္စသာဖြစ်သည်ဟု သူတွက်ဆခဲ့ပေမည်။ သို့သော် ချမှတ်လိုက်သောစီရင်ချက်အားဖြင့် ယေဟောဝါသည် ဝတ်ပြုရေးအတွက် သတ်မှတ်ထားချိန်အတွင်း လောကီရေးရာများကို လိုက်စားခြင်းမှာ ကြီးလေးသောကိစ္စတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။—တော. ၁၅:၃၂-၃၆။
၃ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း– များစွာသောသူတို့သည် လောကီအလုပ်ကြောင့် အစည်းအဝေးမပျက်ရစေရန် ကြိုးပမ်းရုန်းကန်ကြရသည်။ အချို့သူတို့သည် မိမိတို့၏အလုပ်ရှင်ကို ပြောပြခြင်း၊ အလုပ်ဆိုင်းများကို အလုပ်ဖော်များနှင့် လဲခြင်း၊ ပိုမိုသင့်လျော်သောအလုပ်ကိုရှာခြင်း သို့မဟုတ် မိမိတို့၏ဘဝပုံစံကို ရိုးရှင်းစေခြင်းဖြင့် ဤစိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ကြသည်။ စစ်မှန်သောဝတ်ပြုရေးအတွက် ထိုသို့အနစ်နာခံမှုများကို ဘုရားသခင်နှစ်သက်မည်မှာ သေချာပါသည်။—ဟေဗြဲ ၁၃:၁၆။
၄ ကျောင်းစာသည်လည်း စိန်ခေါ်ချက်ဖြစ်စေနိုင်၏။ “အစည်းအဝေးများမတိုင်မီနဲ့ အိမ်ပြန်ရောက်ပြီးနောက် ရှိတဲ့အချိန်လေးမှာ ကျောင်းစာတချို့ကို ကျွန်မလုပ်တယ်” ဟုလူငယ်တစ်ဦးကဆိုသည်။ ပေးထားသောအိမ်စာအားလုံးကို အစည်းအဝေးရှိသည့်ညများတွင် အပြီးမလုပ်နိုင်ပါက မိဘအချို့သည် ဆရာများအား ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းသည် မိမိတို့၏မိသားစုအတွက် ဦးစားပေးကိစ္စတစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ကြသည်။
၅ ပူးပေါင်းဆောင်ရွက်မှုနှင့် ကောင်းစွာစီစဉ်မှုရှိခြင်းသည် မိသားစုလိုက် အစည်းအဝေးများကို အချိန်မီတက်ရောက်ရန် ပြင်ဆင်ရာတွင် အိမ်မှုကိစ္စများပြီးမြောက်စေဖို့ သော့ချက်များဖြစ်သည်။ (သု. ၂၀:၁၈) ကလေးငယ်များကိုပင် အဝတ်အစားဝတ်ကာ သတ်မှတ်ထားသည့်အချိန်တွင် အစည်းအဝေးအတွက် ထွက်ဖို့အသင့်ဖြစ်နေရန် သင်ပေးနိုင်သည်။ မိဘတို့သည် ပုံသက်သေဖြင့် အစည်းအဝေးများ၏အရေးကြီးမှုကို သားသမီးများစိတ်စွဲမှတ်သွားအောင် သွန်သင်ပေးနိုင်သည်။—သု. ၂၀:၇။
၆ လက်ရှိအစီအစဉ်စနစ်၏ဖိစီးမှုများ တိုးများလာသည်နှင့်အမျှ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းသည် အရေးကြီး၏။ ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ယေဟောဝါ၏ရှုထောင့်မှ ဆက်လက်ရှုမြင်ကာ အစည်းအဝေးတက်ရောက်ခြင်းကို ဦးစားပေးကိစ္စတစ်ခု ဖြစ်စေကြစို့။—ဟေဗြဲ ၁၀:၂၄၊ ၂၅။