လူငယ်တို့—ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ပါလေ!
၁ လူငယ်ဘဝဟူသည် ပြဿနာများ၊ အရေးကြီးသောဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရချိန်ဖြစ်၏။ အသင်ခရစ်ယာန်လူငယ်များစွာသည် အကျင့်အကြံဆိုင်ရာ ဘုရားသခင့်စံနှုန်းများကို ချိုးဖောက်ရန် ဖိအားပေးမှု နေ့စဉ်ရင်ဆိုင်ကြရသည်။ သင်တို့သည် ပညာရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်း၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်များစတင်ချနေစဉ် ဝိညာဏပန်းတိုင်များကို ချမှတ်ပြီးသားဖြစ်သင့်သည်။ သို့မှသာ သင်၏ကျန်ရှိသည့်အသက်တာကို အကျိုးရှိစေမည့် အခြားဆုံးဖြတ်ချက်များချနိုင်မည်ဖြစ်သည်။ ရှင်းလင်းတိကျသော ဝိညာဏပန်းတိုင်များက သင်တို့အား ပညာရှိစွာပြုမူစေကာ သင်တို့၏လမ်းခရီးကို အောင်မြင်စေမည်ဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုကာ တွေးတောဆင်ခြင်ခြင်းဖြင့် သင်တို့သည် ၎င်း၏မှုတ်သွင်းခံ သွန်သင်ချက်နှင့်အညီနေထိုင်ရန် လှုံ့ဆော်ခံရမည်ဖြစ်ကာ သင်တို့၏မှန်ကန်သောကြိုးစားမှုများသည် အောင်မြင်မှုရရှိမည်ဖြစ်သည်။—ယောရှု ၁:၈; ဆာ. ၁:၂၊ ၃။
၂ ကျမ်းစာကသင်တို့အားမည်သို့အကျိုးပြုမည်နည်း– စာတန့်လောကသည်အမှားပြုရာ၌ပါဝင်ရန် သွေးဆောင်မှုများဖြင့်ပြည့်နေ၏။ (၁ ယော. ၂:၁၅၊ ၁၆) ရွယ်တူချင်းဖိအားကို အလျှော့ပေးလိုက်လျောခြင်းကြောင့် ဒုက္ခရောက်ခဲ့ကြသည့် သင်တို့နှင့်သက်တူရွယ်တူ အတန်းဖော်များ သို့မဟုတ် အခြားသူများကို သင်တို့သိပေမည်။ ကျမ်းစာသွန်သင်ချက်ကိုလိုက်နာခြင်းက သင်တို့အား အပြစ်ရှိသောလမ်းစဉ်ကိုငြင်းပယ်နိုင်သည့် စာရိတ္တနှင့် ဝိညာဏခွန်အားရှိစေမည်။ ထို့ပြင် ဘုရားသခင့်နှုတ်ကပါဌ်တော်သွန်သင်ချက်က စာတန်၏ပါးနပ်သိမ်မွေ့သောထောင်ချောက်များကို ရှောင်ရန် သင်တို့အား ကူညီပေးနိုင်သည်။ (၂ ကော. ၂:၁၁; ဟေဗြဲ ၅:၁၄) ဘုရားသခင့်လမ်းစဉ်တွင် လျှောက်လှမ်းခြင်းက သင်တို့အား စစ်မှန်သောပျော်ရွှင်မှု—သင်တို့၏ဘဝလမ်းစဉ်တွင် ကိုယ်တိုင်အားရကျေနပ်မှု—ရရှိစေမည်ဖြစ်သည်။—ဆာ. ၁၁၉:၁၊ ၉၊ ၁၁။
၃ ထာဝရတည်မြဲသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်မူများသည် လူ့ဉာဏ်ပညာထက် သာလွန်၏။ (ဆာ. ၁၁၉:၉၈-၁၀၀) ကျမ်းစာမူများနှင့်အကျွမ်းတဝင်ရှိခြင်း၊ လှိုက်လှဲစွာဆုတောင်းလျက် ယေဟောဝါ၏ဖော်ပြထားသော ရည်ရွယ်ချက်များကို တွေးတောဆင်ခြင်ခြင်းက သမ္မာကျမ်းစာ၏ ဉာဏ်ပညာအရှိဆုံးအာဘော်ရှင် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးတည်ဆောက်ရန် သင့်ကို ကူညီပေးနိုင်သည်။ ကိုယ်တော်က ဤသို့ကတိပြုသည်– “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်။”—ဆာ. ၃၂:၈။
၄ ကျမ်းစာဖတ်ရှုရန် အချိန်ယူပါ– ခရစ်ယာန်လူငယ်တစ်ဦးသည် ကျမ်းစာတစ်အုပ်လုံးကိုဖတ်ရှုရန် ပန်းတိုင်ထားကာ တစ်နှစ်အတွင်း အပြီးဖတ်ရှုခဲ့သည်။ သူ မည်သို့အကျိုးခံစားခဲ့ရသနည်း။ သူက ဤသို့ပြန်ပြောပြသည်– “ယေဟောဝါနဲ့ပတ်သက်ပြီး ကိုယ်တော့်ထံ ပိုချဉ်းကပ်စေတဲ့အရာ၊ ကျွန်မရဲ့ ကျန်ရှိတဲ့အသက်တာမှာ ကိုယ်တော့်ကိုကြောက်ရွံ့လိုစိတ် ဖြစ်ပေါ်စေတဲ့အရာများစွာကို ကျွန်မသိခဲ့ရတယ်။” (ယာ. ၄:၈) ကျမ်းစာတစ်အုပ်လုံးကို သင်တို့ဖတ်ရှုပြီးပြီလော။ မဖတ်ပြီးသေးပါက ထိုသို့ဖတ်ရှုရန် ပန်းတိုင်ထားပါလေ။ ယေဟောဝါသည် သင်တို့၏ကြိုးစားမှုများကို ကောင်းချီးပေးမည်ဖြစ်ကာ သင်တို့သည် ကြီးမားသောအကျိုးကျေးဇူးများ ခံစားရမည်မှာသေချာသည်။