စည်းဝေးပွဲအစီအစဉ်များကို သုံးသပ်ရန် အစီအစဉ်သစ်
စာတန့်လောကသည် ဆက်လက်၍ ဆိုးသည်ထက်ဆိုးလာစဉ် ယေဟောဝါသည် “ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကိုပယ်ရှားလျက် ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကို ပြုနေ” ရန် ကျွန်ုပ်တို့ကို အားဖြည့်ပေးသည်။ (တိ. ၂:၁၂၊ ၁၃) ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ မှတစ်ဆင့် ကိုယ်တော်ပြုလုပ်ပေးသောအစီအစဉ်များတွင် နှစ်စဉ် တိုက်နယ်စည်းဝေးပွဲနှင့် အထူးစည်းဝေးပွဲနေ့အစီအစဉ်များ ပါဝင်သည်။ (မ. ၂၄:၄၅) ဤဝိညာဏစုဝေးမှုများသည် အလွန်ခွန်အားရှိစေပါသည်!
ရရှိသည့်ညွှန်ကြားချက်ကို မှတ်မိကာ လက်တွေ့ကျင့်သုံးနိုင်စေရန် ဤစည်းဝေးပွဲအစီအစဉ်များအား ပြန်လည်သုံးသပ်ရန်အစီအစဉ်သစ်ကို ၂၀၀၅ လုပ်ငန်းတော်နှစ်အတွင်း အသုံးပြုပါမည်။ ဤကြားညှပ်၏ စာမျက်နှာ ၅-၆ တွင် တင်ဆက်မည့်အရာများနှင့်စပ်လျဉ်းသည့် ကြိုတင်သုံးသပ်ချက်အပြင် စည်းဝေးပွဲအစီအစဉ်တစ်ခုစီအတွက် ပြန်လည်သုံးသပ်ရန်မေးခွန်းများကို ဖော်ပြထားသည့် ဆောင်းပါးများပါရှိသည်။ အသင်းတော်များသည် မိမိတို့၏စည်းဝေးပွဲများ မတက်မီနှင့် တက်ပြီးနောက်မကြာမီ လုပ်ငန်းတော်စည်းဝေး၌ ဤအချက်အလက်များကို သုံးသပ်ရပါမည်။ ယင်းကို မည်သို့စီစဉ်မည်နည်း။
အသင်းတော်သည် တိုက်နယ်စည်းဝေးပွဲ မတိုင်မီ တစ်ပတ် သို့မဟုတ် နှစ်ပတ်တွင် အစီအစဉ်အား မျှော်လင့်စောင့်စားနေစေရန် လုပ်ငန်းတော်စည်းဝေး၌ “တိုက်နယ်စည်းဝေးပွဲအစီအစဉ်သစ်” ဆောင်းပါးအပေါ်အခြေခံသည့် ဆယ်မိနစ်ဟောပြောချက်ကို တင်ဆက်ပါမည်။ ဟောပြောသူသည် ပြန်လည်သုံးသပ်ရန်မေးခွန်းများကိုလည်း အာရုံစိုက်စေကာ စည်းဝေးပွဲပြီးနောက် အပတ်အနည်းငယ်တွင်ပြုလုပ်မည့် ပြန်လည်သုံးသပ်မှုအတွက် ပြင်ဆင်သည့်အနေဖြင့် မှတ်စုများယူကြရန် အားလုံးကို တိုက်တွန်းပါ။
စည်းဝေးပွဲ ပြီးနောက် အပတ်အနည်းငယ်အတွင်း လုပ်ငန်းတော်စည်းဝေး၌ စည်းဝေးပွဲပထမနေ့ အစီအစဉ်ကို ၁၅ မိနစ်သုံးသပ်ပါမည်။ နောက်တစ်ပတ်တွင် ဒုတိယနေ့အစီအစဉ်ကို ၁၅ မိနစ်သုံးသပ်ပါမည်။ ဤကြားညှပ်ပါ ပြန်လည်သုံးသပ်ရန်မေးခွန်းများကို အခြေခံ၍ ဆွေးနွေးပါမည်။ ပြန်လည်သုံးသပ်မှုသည် အချက်အလက်များ၏ လက်တွေ့ကျတန်ဖိုးအပေါ် အာရုံစိုက်သင့်သည်။ အကြီးအကဲများသည် ဤသုံးသပ်မှုအပိုင်းများအတွက် အချိန်ရစေဖို့အခြားလုပ်ငန်းတော်စည်းဝေးအပိုင်းများကို အတိုချုံးရန်၊ ချန်လှပ်ရန် သို့မဟုတ် အစီအစဉ်ပြန်လည်ပြုလုပ်နိုင်သည်။
အထူးစည်းဝေးပွဲနေ့ အစီအစဉ်နှင့်ပတ်သက်၍ ထပ်တူအစီအစဉ် ပြုလုပ်ပါမည်၊ အစီအစဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ရန် ၁၅ မိနစ်ကြာမည်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါပေးသည့် ကောင်းမွန်သောညွှန်ကြားချက်မှ အကျိုးအပြည့်အဝ ခံစားရရန် ဤကြားညှပ်ကို သိမ်းဆည်းထားကာ အသုံးပြုလိုကြပေမည်။—ဟေရှာ. ၄၈:၁၇၊ ၁၈။