ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တစ်လောကလုံး ဖျက်ဆီးခံရ!
    ကင်းမျှော်စင်—၂၀၀၂ | မတ် ၁
    • ကြောင်း သက်သေထူ၏။ ၎င်း၏ စိတ်ချရသောပရောဖက်ပြုချက်နှင့် နက်နဲသောဉာဏ်ပညာတို့က လူသားများနှင့်ဘုရားသခင်ဆက်ဆံသည့် နည်းလမ်းဖြစ်ကြောင်းဖော်ပြသည်။ ဒဏ္ဍာရီများနှင့်မတူဘဲ သမ္မာကျမ်းစာပါ သမိုင်းမှတ်တမ်းများတွင် အမည်နှင့်ရက်စွဲများရော ဆွေစဉ်မျိုးဆက်စာရင်းအပြင် ပထဝီဆိုင်ရာ အသေးစိတ်အချက်အလက်များပါရှိ၏။ ရေလွှမ်းမိုးဘေးမတိုင်မီက လူသားဘဝသည် အဘယ်အရာနှင့်တူကြောင်းနှင့် တစ်လောကလုံးသည် အဘယ်ကြောင့် ရုတ်တရက်ဆုံးခန်းတိုင်ခဲ့ရကြောင်းကိုလည်း ဖော်ပြပေးသည်။

      ရေလွှမ်းမိုးဘေးမတိုင်မီက လူသားများသည် အဘယ်အမှားကို ပြုခဲ့ကြသနည်း။ နောက်ဆောင်းပါးက ထိုမေးခွန်းကို သုံးသပ်ထားပါသည်။ ၎င်းက လက်ရှိယဉ်ကျေးမှု၏အနာဂတ် တည်ရှိရေးမှာ မည်မျှစိတ်ချရကြောင်း သိရှိလိုသူများအတွက် အရေးပါသည့်မေးခွန်းတစ်ခုဖြစ်သည်။

  • ရှေးလောကဓာတ် အဘယ်ကြောင့် ပျက်စီးခဲ့ရသနည်း
    ကင်းမျှော်စင်—၂၀၀၂ | မတ် ၁
    • ရှေးလောကဓာတ် အဘယ်ကြောင့် ပျက်စီးခဲ့ရသနည်း

      ကမ္ဘာချီရေလွှမ်းမိုးဘေးသည် သဘာဝဘေးဒဏ်တစ်ခု မဟုတ်ချေ။ ဘုရားသခင်ထံတော်မှ တရားစီရင်ချက်ဖြစ်၏။ သတိပေးခဲ့သော်လည်း အများအားဖြင့် လျစ်လျူရှုခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ယေရှုဤသို့ရှင်းပြသည်– “ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်။”—မဿဲ ၂၄:၃၈၊ ၃၉။

      ဖွံ့ဖြိုးတိုးတက်သောယဉ်ကျေးမှု

      ရေလွှမ်းမိုးဘေးမတိုင်မီက ယဉ်ကျေးမှုသည် ယနေ့ကျွန်ုပ်တို့တွင်မရှိသည့် အခွင့်အရေးအချို့ရှိခဲ့သည်။ ဥပမာ၊ လူခပ်သိမ်းသည် ဘာသာစကားတစ်မျိုးတည်းကိုသာ ပြောဆိုခဲ့ကြ၏။ (ကမ္ဘာဦး ၁၁:၁) ယင်းက စွမ်းရည်အမျိုးမျိုးရှိကြသော လူအများ၏စုပေါင်းအားထုတ်မှုလိုသည့် အနုပညာနှင့် သိပ္ပံပညာရပ်များတွင် အောင်မြင်မှုများရရှိစေမည်ဖြစ်သည်။ ထို့ပြင် ထိုအချိန်က လူအများစု၏ရှည်လျားသောသက်တမ်းက ရာစုနှစ်များတစ်လျှောက် သူတို့လေ့လာသင်ယူခဲ့ရာများကို ဆက်လက်ဆည်းပူးစွမ်းဆောင်နိုင်စေသည်။

      ထိုအချိန်က လူ့သက်တမ်းသည် အမှန်တကယ် ထင်သလောက်ရှည်လျားသည်မဟုတ်ကြောင်းနှင့် ကျမ်းစာမှတ်တမ်းတွင် ဖော်ပြထားသောနှစ်များသည် အမှန်တွင် လများသာဖြစ်သည်ဟု အချို့ကဆိုသည်။ ယင်းသည် မှန်ကန်သလော။ မဟာလေလအကြောင်းကို သုံးသပ်ကြည့်ပါ။ ကျမ်းစာဤသို့ဆိုသည်– “မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသော် သားယာရက်ကိုမြင်လေ၏။ . . . မဟာလေလသည် အသက်နှစ်ပေါင်း ရှစ်ရာကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏။” (ကမ္ဘာဦး ၅:၁၅-၁၇) တစ်နှစ်သည် တစ်လကိုဆိုလိုခြင်းဖြစ်လျှင် မဟာလေလသည် ငါးနှစ်သာရှိစဉ် ဖခင်ဖြစ်လာခဲ့သည်! ထိုသို့မဟုတ်ပါ၊ ထိုစဉ်ကလူတို့သည် ပထမလူသားအာဒံ၏ စုံလင်သောအသက်ရှင်နိုင်စွမ်းနှင့် ပို၍နီးစပ်ခဲ့သည်။ သူတို့သည် ရာစုနှစ်များစွာ အမှန်အသက်ရှည်ခဲ့ကြသည်။ သူတို့ အဘယ်အရာ ပြီးမြောက်အောင်မြင်ခဲ့ကြသနည်း။

      ရေမလွှမ်းမိုးမီ ရာစုနှစ်များ၌ အာဒံ၏သား ကာဣနသည် ဧနောက်ဟုသမုတ်ခဲ့သည့် မြို့တစ်မြို့ကို တည်ထောင်နိုင်ခဲ့သည်အထိ ကမ္ဘာ့လူဦးရေတိုးများလာခဲ့၏။ (ကမ္ဘာဦး ၄:၁၇) ရေလွှမ်းမိုးဘေးမတိုင်မီ ခေတ်များတစ်လျှောက် စက်မှုလုပ်ငန်းအမျိုးမျိုး တိုးတက်ထွန်းကားခဲ့သည်။ “ပန်းတဉ်းသမား၊ ပန်းပဲသမားအပေါင်းတို့” အတွက် ပန်းပဲဖိုများရှိသည်။ (ကမ္ဘာဦး ၄:၂၂) ယင်းကိရိယာများကို ဆောက်လုပ်ရေးလုပ်ငန်း၊ လက်သမားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့တွင် အသုံးပြုခဲ့မည်မှာမလွဲပေ။ ဤလုပ်ငန်းအားလုံးကို ကမ္ဘာ့ရှေးအကျဆုံး လူသားများ၏မှတ်တမ်းများ၌ ဖော်ပြထားသည်။

      စုဆောင်းထားသောအသိပညာကြောင့် အမွေဆက်ခံသော လူမျိုးဆက်သည် သတ္တုဗေဒ၊ စိုက်ပျိုးမှုပညာ၊ သိုးနွားမွေးမြူခြင်း၊ စာပေရေးသားစီကုံးခြင်းနှင့် အနုပညာကဲ့သို့သော ဘာသာရပ်များကို တိုးတက်ဖွံ့ဖြိုးစေနိုင်ခဲ့မည်။ ဥပမာ၊ ယုဗလသည် “စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူအပေါင်းတို့၏ အဘဆရာဖြစ်” သတည်း။ (ကမ္ဘာဦး ၄:၂၁) ယဉ်ကျေးမှုသည် ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်ခဲ့၏။ သို့တိုင် အရာခပ်သိမ်း ရုတ်တရက်ဆုံးခန်းတိုင်ခဲ့ရသည်။ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

      အဘယ်အရာလွဲချော်ခဲ့သနည်း

      ရေလွှမ်းမိုးဘေးမတိုင်မီက လူ့အဖွဲ့အစည်းသည် အားသာချက်များရှိသော်လည်း အစမကောင်းခဲ့ချေ။ ၎င်းကိုတည်ထောင်သူ အာဒံသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။ ပထမဆုံးသော မှတ်တမ်းတင်မြို့တစ်မြို့ကိုတည်ထောင်သူ ကာဣနသည် မိမိညီကိုသတ်ခဲ့သည်။ မကောင်းမှုများ အလျင်အမြန်ကြီးထွားခဲ့ခြင်းကို မအံ့သြသင့်ပေ! အာဒံသည် သူ၏သားစဉ်မြေးဆက်များအား ပေးခဲ့သည့်အမွေ၊ အပြစ်၏အကျိုးဆက်များသည် တစ်ဆင့်တစ်ဆင့်တိုးများလာခဲ့သည်။—ရောမ ၅:၁၂။

      အခြေအနေကို နောက်ထပ်နှစ်ပေါင်း ၁၂၀ သာခွင့်ပြုထားတော့မည်ဟု ယေဟောဝါ သတ်မှတ်ခဲ့ချိန်တွင် အရာရာသည် အထွတ်အထိပ်သို့ဦးတည်နေကြောင်း ထင်ရှားသည်။ (ကမ္ဘာဦး ၆:၃) သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မြေကြီးပေါ်မှာလူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူ . . . ၏။ မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။”—ကမ္ဘာဦး ၆:၅၊ ၁၁။

      နောက်ဆုံးသော် ဘုရားသခင်သည် ရေလွှမ်းမိုးဘေးဖြင့် သတ္တဝါအပေါင်းကိုဖျက်ဆီးမည်ဟု နောဧအား တိတိကျကျမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၆:၁၃၊ ၁၇) နောဧသည် “ဖြောင့်မတ်ခြင်းတရားကိုဟောသော” သူဖြစ်လာခဲ့သော်လည်း လူတို့အနေနှင့် မိမိတို့ဝန်းကျင်ရှိ အရာခပ်သိမ်း ပျက်စီးသွားမည်ကိုယုံကြည်ရန် ခက်ခဲကြောင်းထင်ရှား၏။ (၂ ပေတရု ၂:၅) လူရှစ်ယောက်သာ သတိပေးချက်ကိုဂရုပြုပြီး ကယ်တင်ခံခဲ့ရသည်။ (၁ ပေတရု ၃:၂၀) ယင်းသည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးပါသနည်း။

      ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

      ကျွန်ုပ်တို့သည် နောဧလက်ထက်နှင့် အလားတူသည့်အချိန်တွင် အသက်ရှင်နေကြရသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အကြမ်းဖက်မှုများ၊ အမျိုးဖြုတ်သတ်ဖြတ်မှု စစ်ဆင်ရေးများ၊ အကြောင်းရင်းမည်မည်ရရမရှိဘဲ လက်နက်ကိုင်များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများနှင့် ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းလောက်သည့် အိမ်တွင်းအကြမ်းဖက်မှုများကို အမြဲတစေကြားနေကြရသည်။ ကမ္ဘာကြီးသည် အကြမ်းဖက်မှုများနှင့် ပြည့်လာပြန်၏၊ ယခင်ကကဲ့သို့ပင် ယခုလည်း တရားစီရင်ခံရမည်အကြောင်း ဤလောက အသိပေးခံခဲ့ရပြီ။ ယေရှုကိုယ်တော်တိုင်သည် ဘုရားသခင်၏ခန့်အပ်ခံတရားသူကြီးအဖြစ် ကြွလာ၍ သိုးထိန်းသည် သိုးနှင့်ဆိတ်များကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲမည်ဟု မိန့်တော်မူခဲ့သည်။ မထိုက်တန်သူများသည် ‘ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလတ္တံ့’ ဟုယေရှုမိန့်တော်မူ၏။ (မဿဲ ၂၅:၃၁-၃၃၊ ၄၆) သို့သော် ထိုအချိန်တွင် ကပ်ကျော်သူ သန်းပေါင်းများစွာ—တစ်ဆူတည်းသော ဘုရားသခင်မှန်ကိုဝတ်ပြုသူ လူအုပ်ကြီး—ရှိမည်ဖြစ်ကြောင်း သမ္မာကျမ်းစာဆို၏။ ထိုသူတို့သည် လာမည့်ကမ္ဘာတွင် တစ်ခါမျှမရရှိခဲ့ဖူးသော ထာဝရငြိမ်းချမ်းရေးနှင့် လုံခြုံမှုကို မွေ့လျော်ကြရမည်။—မိက္ခာ ၄:၃၊ ၄; ဗျာဒိတ် ၇:၉-၁၇။

      ထိုသို့သော ကျမ်းစာဖော်ပြချက်များနှင့် တရားစီရင်ချက်နှင့်စပ်လျဉ်းသည့် သတိပေးချက်များကို အများသည် မထီမဲ့မြင်ပြုကြသည်၊ ထိုဖော်ပြချက်များမှန်ကန်ကြောင်း သူတို့အားပြသပါလိမ့်မည်။ သို့သော် ထိုသို့အပြစ်ချည်းရှာသူများသည် အဖြစ်မှန်များကို လျစ်လျူရှုကြကြောင်း တမန်တော်ပေတရု ရှင်းပြ၏။ သူဤသို့ရေးခဲ့သည်– “နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည်၊ . . . သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း . . . ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်။ ရှေးကာလ၌ မိုးကောင်းကင်ကိုလည်းကောင်း၊ ရေထဲကထွက်၍ ရေဖြင့်တည်သောမြေကြီးကိုလည်းကောင်း ဘုရားသခင်၏နှုတ်[မြွက်စကား]တော်သည် ဖြစ်စေတော်မူကြောင်းနှင့် ဖြစ်ဖူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြှုပ်၍ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။ ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ . . . လူ[ဆိုး]တို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်[မြွက်စကား]အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။”—၂ ပေတရု ၃:၃-၇။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ