လိမ္မာပါးနပ်ခြင်း အတတ်ကို သင်ယူခြင်း
ပက်ဂီသည် သူ၏သားက ညီငယ်အား မညှာမတာ စကားပြောဆိုနေသည်ကို တွေ့မိလိုက်သည်။ “ညီလေးကို အဲလိုပြောလိုက်တာ အကောင်းဆုံးနည်းပဲလို့ထင်သလား။ ကြည့်၊ သူ့ခမျာဝမ်းနည်းသွားပြီ!” ဟုပက်ဂီပြောလိုက်သည်။ ထိုသို့ သူ အဘယ်ကြောင့်ပြောရသနည်း။ စကားအပြောအဆိုလိမ္မာဖို့နှင့် သူတစ်ပါး၏ခံစားချက်ကို ထောက်ထားစာနာဖို့ သားဖြစ်သူအား သူကြိုးစားသွန်သင်ပေးနေခြင်းဖြစ်၏။
တမန်တော်ပေါလုသည် သူ့ထက်အသက်ငယ်သည့်တွဲဖော်တွဲဖက် တိမောသေကို “ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြု [“လိမ္မာပါးနပ်စွာပြု၊” ကဘ]” ရန် အားပေးခဲ့သည်။ သို့ပြုခြင်းဖြင့် တိမောသေသည် သူတစ်ပါး၏ခံစားချက်များကို နာကြည်းစေမည်မဟုတ်ချေ။ (၂ တိမောသေ ၂:၂၄) လိမ္မာပါးနပ်မှုကား အဘယ်နည်း။ ဤအရည်အချင်းကို သင်မည်သို့တိုးတက်စေနိုင်မည်နည်း။ အခြားသူများလည်း လိမ္မာပါးနပ်တတ်ရန် သင်မည်သို့ကူညီပေးနိုင်သနည်း။
လိမ္မာပါးနပ်မှုကား အဘယ်နည်း
လိမ္မာပါးနပ်မှုသည် “အခြေအနေတစ်ခု၏ အတိမ်းအစောင်းမခံမှုကို သတိပြုမိကာ အကြင်နာဆုံး သို့မဟုတ် အသင့်တော်ဆုံးအရာကို ပြုမူပြောဆိုနိုင်သည့် စွမ်းရည်ဖြစ်၏” ဟုအဘိဓာန်တစ်ခုက ဖော်ပြသည်။ လိမ္မာပါးနပ်သူသည် သူတစ်ပါး၏ခံစားချက်များကို နားလည်ခံစားပေးတတ်ပြီး မိမိ၏အပြောအဆို၊ အပြုအမူသည် အဘယ်သဘောသက်ရောက်စေနိုင်သည်ကို ဝေဖန်ပိုင်းခြားတတ်သည်။ သို့သော် ယင်းသို့လုပ်ဆောင်ခြင်းသည် ကျွမ်းကျင်မှုတစ်ခုမျှသာမဟုတ်ချေ; သူတစ်ပါး စိတ်မထိခိုက်သွားစေလိုသည့်ဆန္ဒ အပြည့်အဝပါဝင်ပေသည်။
ဧလိရှဲ၏ကျွန်ဂေဟာဇိအကြောင်းပါ ကျမ်းစာမှတ်တမ်းတစ်ခုတွင် လိမ္မာပါးနပ်မှုမရှိသူတစ်ဦး၏ ပုံနမူနာတစ်ခုကို ကျွန်ုပ်တို့တွေ့ရှိရသည်။ မိမိ၏ရင်ခွင်ထဲတွင် သားငယ်သေဆုံးသွားခဲ့သည့် ရှုနင်မြို့သူတစ်ဦးသည် နှစ်သိမ့်မှုရရန် ဧလိရှဲကိုလာတွေ့၏။ မာ၏လောဟု မေးမြန်းခံရသောအခါ “မာပါ၏” ဟု သူပြန်ဖြေလေသည်။ သို့သော် ထိုအမျိုးသမီးသည် ပရောဖက်အနားချဉ်းကပ်လာသောအခါ “ဂေဟာဇိသည် တွန်းဖယ်” ပစ်ရန် အနီးသို့တိုးလာခဲ့၏။ ဧလိရှဲကမူ “ရှိစေတော့၊ သူ၌စိတ်ဒုက္ခအားကြီး၏” ဟုဆိုခဲ့သည်။—၄ ဓမ္မရာဇဝင် ၄:၁၇-၂၀၊ ၂၅-၂၇၊ သမ္မာ။
ဂေဟာဇိသည် ထိုသို့မဆင်မခြင်၊ မပါးမနပ် အဘယ်ကြောင့်ပြုမိခဲ့သနည်း။ သာကြောင်းမာကြောင်းမေးမြန်းခံရချိန်တွင် အဆိုပါအမျိုးသမီးသည် မိမိ၏ခံစားချက်ကို မထုတ်ဖော်ပြခဲ့သည်မှာ မှန်၏။ လူအများသည် မိမိတို့၏ခံစားချက်ကို လူတိုင်းထံ လက်လွတ်စပယ် ထုတ်ဖော်မပြတတ်ချေ။ သို့တိုင် ထိုအမျိုးသမီးသည် စိတ်လှုပ်ရှားနေကြောင်း တစ်နည်းနည်းနှင့် သိသာထင်ရှားပေမည်။ သူ၏ခံစားချက်ကို ဧလိရှဲ ရိပ်မိခဲ့ပုံပေါ်သော်လည်း ဂေဟာဇိမူ မရိပ်မိခဲ့ချေ၊ မသိကျိုးကျွန်ပြုနေလိုက်သည်။ ယင်းက ပါးနပ်မှုမရှိသည့်လုပ်ရပ်၏ ဖြစ်လေ့ဖြစ်ထရှိသောအကြောင်းကို ဖော်ပြသည်။ လူတစ်ဦးသည် မိမိ၏အလုပ်တာဝန်ကို အလွန်အမင်းအာရုံစိုက်သည့်အခါ မိမိနှင့်ဆက်ဆံရသူတို့၏ လိုအပ်နေမှုများကို အရေးမစိုက်မိဘဲဖြစ်နိုင်သည်။ သူသည် သတ်မှတ်ထားသည့်နေရာသို့ ဇယားအတိုင်း အချိန်မှန်ရောက်နိုင်ဖို့ကိုသာ စိတ်စောနေရာ ခရီးသည်များကို မခေါ်တင်ခဲ့သည့် ယာဉ်မောင်းနှင့် များစွာတူ၏။
ဂေဟာဇိကဲ့သို့ လိမ္မာပါးနပ်မှုမရှိ၊ ရိုင်းစိုင်းသူမဖြစ်စေရန် လူတို့ကိုသနားကြင်နာတတ်ဖို့ ကြိုးစားသင့်သည်၊ အကြောင်းမှာ သူတို့ အမှန်တကယ် မည်သို့ခံစားနေရသည်ကို ကျွန်ုပ်တို့မသိရှိကြချေ။ လူတစ်ဦး၏ခံစားချက်များကို ပေါ်လွင်စေသည့် အရိပ်လက္ခဏာများကို အမြဲဂရုပြုကာ ကြင်နာသည့်စကား၊ ကြင်နာသည့်အပြုအမူဖြင့် တုံ့ပြန်သင့်သည်။ ယင်းနှင့်စပ်လျဉ်း၍ သင်၏အစွမ်းအစကို မည်သို့တိုးတက်စေနိုင်မည်နည်း။
သူတစ်ပါး၏ခံစားချက်ကို သိနားလည်ပေးခြင်း
ယေရှုသည် လူတို့၏ခံစားချက်များကို သိနားလည်ပေး၍ သူတို့အား ကြင်နာစွာပြုမူဆက်ဆံနိုင်မည့် အကောင်းဆုံးနည်းကို အထူးပိုင်းခြားသိမြင်နိုင်ခဲ့သည်။ တစ်ခါက ကိုယ်တော်သည် ဖာရိရှဲတစ်ဦးဖြစ်သူ ရှိမုန်၏အိမ်၌ ညစာစားနေစဉ် “ထိုမြို့၌ ဆိုးသော” မိန်းမတစ်ယောက်သည် ကိုယ်တော့်ထံ ချဉ်းကပ်ခဲ့သည်။ ဤတွင်တစ်ဖန် စကားတစ်ခွန်းမျှမပြောသော်လည်း အကဲခတ်နိုင်စရာအကြောင်း များစွာရှိ၏။ ထိုအမျိုးသမီးသည် ‘ဆီမွှေးကျောက်ဖြူခွက်တစ်လုံးကိုယူခဲ့၍ နောက်တော်၌ [ယေရှု] ခြေအနီးမှာရပ်လျက် ငိုကြွေး၍ ခြေပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေကိုလည်းနမ်း၍ ဆီမွှေးနှင့်လိမ်းလျက်နေလေ၏။’ ဤအပြုအမူအားလုံးက အဘယ်အရာကိုဖော်ပြကြောင်း ယေရှုရိပ်မိသည်။ ရှိမုန်သည် စကားတစ်ခွန်းမျှမပြောသော်လည်း သူ၏စိတ်ထဲ၌ ဤသို့ပြောဆိုနေကြောင်း ယေရှုရိပ်မိသည်– ‘ဤသူသည် ပရောဖက်မှန်လျှင် ခြေကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကိုသိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏။’—လုကာ ၇:၃၇-၃၉။
အကယ်၍ ယေရှုသည် အဆိုပါအမျိုးသမီးကို တွန်းဖယ်ပစ်လိုက်မည်၊ သို့မဟုတ် ရှိမုန်အား “အသိဉာဏ်ခေါင်းပါးတဲ့သူ! သူနောင်တရတာကို မင်းမတွေ့ဘူးလား” ဟုပြောဆိုခဲ့မည်ဆိုလျှင် အဘယ်ထိတိုင်ဆိုးကျိုးဖြစ်ပွားခဲ့မည်ကို သင်မြင်ယောင်သလော။ ထိုသို့ပြုမည့်အစား၊ ယေရှုသည် အကြွေးများစွာတင်ရှိသူနှင့် အကြွေးအနည်းငယ်သာတင်ရှိသူတို့ကို လျော်ပစ်ခဲ့သည့် လူတစ်ယောက်၏ ပုံဥပမာကို ရှိမုန်အား လိမ္မာပါးနပ်စွာ ပြောပြခဲ့သည်။ ယေရှုက “အဘယ်သူသည် ကြွေးရှင်ကို သာ၍ချစ်လိမ့်မည်နည်း” ဟုမေးလိုက်၏။ ထိုသို့ဖြင့် ရှိမုန်အား အပြစ်တင်ပုံပေါက်စေမည့်အစား သူအဖြေမှန်ပေးခဲ့သည့်အတွက် ယေရှုချီးမွမ်းလိုက်သေးသည်။ ထို့နောက် ကိုယ်တော်သည် အဆိုပါအမျိုးသမီး၏ ခံစားချက်အစစ်အမှန်နှင့် နောင်တရခြင်းလက္ခဏာများစွာကို ရိပ်မိနိုင်ရန် ရှိမုန်အား ကြင်နာစွာကူညီပေးခဲ့သည်။ ထို့နောက် ယေရှုသည် ၎င်းအမျိုးသမီးဘက်သို့လှည့်ပြီး သူ၏ခံစားချက်များကို ကိုယ်တော်နားလည်ပေးကြောင်း ကြင်နာစွာအသိပေးလေသည်။ ကိုယ်တော်က သူ၏အပြစ်များကို ခွင့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဤသို့မိန့်ဆို၏– “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့။” လိမ္မာပါးနပ်သော အဆိုပါစကားများသည် မှန်ရာကိုအမြဲပြုလုပ်တော့မည်ဟူသော သူ၏စိတ်ဆုံးဖြတ်ချက်ကို ပိုခိုင်မြဲစေမည်ဖြစ်သည်! (လုကာ ၇:၄၀-၅၀) ယေရှုသည် လူတို့၏ခံစားချက်ကို အကဲခတ်တတ်ပြီး ထောက်ထားစာနာစွာ တုံ့ပြန်သဖြင့် လိမ္မာပါးနပ်မှုရှိသူဟုဆိုနိုင်၏။
ရှိမုန်ကို ယေရှုကူညီပေးခဲ့သည့်နည်းတူ ကျွန်ုပ်တို့လည်း ကိုယ်ဟန်အမူအရာ မျက်နှာရိပ်မျက်နှာကဲကိုထောက်ပြီး လူတစ်ဦး၏စိတ်လှုပ်ရှားမှုကို သိမြင်နားလည်ရန် သင်ယူနိုင်သည်၊ အခြားသူတို့အားလည်း ထိုသို့ပြုတတ်ရန် ကူညီပေးနိုင်ပါသည်။ အတွေ့အကြုံရှိ ခရစ်ယာန်ဓမ္မအမှုဆောင်များသည် ဤအတတ်ပညာကို ခရစ်ယာန်ဓမ္မအမှုဆောင် လူသစ်များအား တစ်ခါတစ်ရံ သွန်သင်ပေးနိုင်သည်။ သတင်းကောင်းဟောပြောပြီးခဲ့သည့် အိမ်တစ်အိမ်တွင် သူတို့တွေ့ဆုံခဲ့သူ၏ခံစားချက်များကို ဖော်ညွှန်းသော အရိပ်လက္ခဏာများကို ဆွေးနွေးနိုင်သည်။ အိမ်ရှင်သည် ရှက်ကြောက်နေသလော၊ သံသယရှိနေသလော၊ ဒေါသထွက်နေသလော သို့မဟုတ် အလုပ်များနေသလော။ ထိုသူအား အကူအညီပေးရန် အကြင်နာဆုံးနည်းကား အဘယ်အရာဖြစ်မည်နည်း။ ထို့ပြင် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် လိမ္မာပါးနပ်မှုကင်းမဲ့စွာ ပြုမူပြောဆိုခဲ့ကြသည့် ညီအစ်ကိုညီအစ်မများကိုလည်း အကြီးအကဲများ ကူညီပေးနိုင်ပါသည်။ သူတစ်ဖက်သား၏ခံစားချက်ကို သဘောပေါက်စေရန် တစ်ဦးစီကို ကူညီပေးပါ။ သူတစ်ဖက်သားသည် စော်ကားခံရ၏၊ လျစ်လျူရှုခံရ၏၊ သို့မဟုတ် မိမိကိုအထင်လွဲနေ၏ဟု ခံစားနေရပါသလော။ ကြင်နာမှုပြခြင်းက စိတ်သက်သာမှု မည်သို့ရရှိစေနိုင်မည်နည်း။
မိဘတို့သည် သားသမီးများကို သနားကြင်နာမှုမွေးမြူရန် သွန်သင်ပေးသင့်သည်၊ အကြောင်းမှာ သနားကြင်နာမှုရှိခြင်းက သူတို့လေးများအား လိမ္မာပါးနပ်စွာ ပြုမူပြောဆိုစေမည်။ အစပိုင်းတွင်ဖော်ပြခဲ့သည့် ပက်ဂီ၏သားသည် ညီငယ်၏နီရဲနေသည့်မျက်နှာ၊ နှုတ်ခမ်းစူထားပုံနှင့် မျက်ရည်လည်နေသော မျက်လုံးများကို သတိပြုမိပြီး ညီငယ်ခံစားနေသည့် နာကျင်မှုကို ရိပ်မိလေသည်။ မိခင်မျှော်လင့်သည့်အတိုင်းပင် သားကြီးသည် ဝမ်းနည်းသွားပြီး ပြောင်းလဲမည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။ ပက်ဂီ၏သားနှစ်ဦးစလုံးသည် ငယ်စဉ်က သင်ယူခဲ့သည့် အဆိုပါစွမ်းရည်များကို ကောင်းစွာ အသုံးချခဲ့ကြရာ နှစ်များကုန်လွန်လေသော် တပည့်များစွာဖြစ်စေခဲ့၍ ခရစ်ယာန်အသင်းတော်တွင် သိုးထိန်းများဖြစ်လာကြလေသည်။
သင်နားလည်ပေးကြောင်း ဖော်ပြပါ
သင်သည် တစ်စုံတစ်ယောက်အပေါ် အပြစ်တင်စရာအကြောင်းရှိလျှင် လိမ္မာပါးနပ်မှုသည် အထူးသဖြင့် အရေးပါ၏။ သင်သည် သူ၏ဂုဏ်သိက္ခာကို အလွယ်တကူ ထိပါးသွားနိုင်သည်။ ထို့ကြောင့် ဦးဆုံး ချီးမွမ်းစကားပြောဆိုခြင်းသည် အမြဲပင် သင့်တော်လျောက်ပတ်ပေသည်။ သူ့အား ဝေဖန်ပြောဆိုမည့်အစား ပြဿနာကို အဓိကထားဖြေရှင်းပါ။ သူ၏လုပ်ရပ်က မိမိစိတ်ကို မည်သို့ထိခိုက်ကြောင်းနှင့် အဘယ်သို့ ပြောင်းလဲစေလိုကြောင်း အတိအလင်းရှင်းပြပါ။ ထို့နောက် သူ့စကားကိုနားထောင်ဖို့ အသင့်ရှိပါ။ သင်သည် သူ့ကို အထင်လွဲနေခြင်း ဖြစ်နိုင်ပေသည်။
သင်သည် မိမိတို့၏ရှုမြင်ချက်ကို သဘောမတူလျှင်ပင် နားလည်ပေးသည်ဟု လူတို့ခံစားလိုကြသည်။ ယေရှုသည် မာသ၏စိတ်ပူပင်မှုကို နားလည်ပေးကြောင်း လိမ္မာပါးနပ်စွာ စကားပြောဆိုခဲ့သည်။ ကိုယ်တော်ဤသို့မိန့်ဆိုသည်– “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကိုခံရ၏။” (လုကာ ၁၀:၄၁) ထိုနည်းတူ၊ လူတစ်ဦးသည် သူ၏ပြဿနာကိုတင်ပြလာသောအခါ အကြောင်းစုံမသိရသေးဘဲ ဖြေရှင်းချက်ပေးမည့်အစား သင်နားလည်ပေးကြောင်း ပါးနပ်စွာတင်ပြသည့်အနေဖြင့် ထိုပြဿနာ၊ သို့မဟုတ် မကျေနပ်ချက်ကို ကိုယ့်စကားဖြင့်ကိုယ် ထပ်မံတင်ပြပြောဆိုခြင်းဖြစ်သည်။ ယင်းသည် သင်သိနားလည်ပေးကြောင်း ကြင်နာစွာဖော်ပြနည်းဖြစ်၏။
မပြောဆိုရမည့်စကားကို ပိုင်းခြားသိမှတ်ပါလေ
မိဖုရားဧသတာသည် ဂျူးများကိုဖျက်ဆီးရန်ဟူသော ဟာမန်၏လျှို့ဝှက်အကြံအစည်ကို ပျက်ပြားစေဖို့ မိမိ၏ခင်ပွန်းအား တောင်းလျှောက်လိုသောအခါ သူသည် ခင်ပွန်းစိတ်ပျော်စေရန် လိမ္မာပါးနပ်စွာ စီစဉ်ပေးခဲ့သည်။ ထိုသို့ပြုပြီးနောက်မှသာ လိမ္မာပါးနပ်စွာဆွေးနွေးရမည့် ထိုကိစ္စကို ဧသတာအစဖော်ပြောဆိုလေသည်။ သို့သော် သူ မပြောသည့်အရာကိုလည်း ကျွန်ုပ်တို့သတိပြုဖို့လိုသည်။ ယုတ်မာသည့် ထိုအကြံအစည်တွင် သူ့ခင်ပွန်းပါဝင်ပတ်သက်နေကြောင်းကို လိမ္မာပါးနပ်စွာ မပြောဘဲ ချန်လှပ်ထား၏။—ဧသတာ ၅:၁-၈; ၇:၁၊ ၂; ၈:၅။
အလားတူ၊ ခရစ်ယာန်ညီအစ်မတစ်ဦး၏ မယုံကြည်သူခင်ပွန်းသည်တစ်ဦးထံ လည်ပတ်သွားသည့်အခါ ချက်ချင်းကျမ်းစာဖွင့်ဟောပြောမည့်အစား သူစိတ်ဝင်စားရာများကို လိမ္မာပါးနပ်စွာ မေးမြန်းစုံစမ်းခြင်းဖြင့် စတင်ပါလေ။ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ မသပ်မရပ်ဝတ်စားလာသည့် လူစိမ်းတစ်ဦး သို့မဟုတ် ပျောက်ခြင်းမလှပျောက်နေသူတစ်ဦး ပြန်ပေါ်လာသောအခါ သူ၏ဝတ်စားပုံ သို့မဟုတ် သူ၏ပျောက်နေသည့်အကြောင်းပြောဆိုမည့်အစား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါ။ စိတ်ဝင်စားခါစလူသစ်တစ်ဦး၏ ရှုမြင်ချက် မှားယွင်းနေကြောင်း သင်သတိပြုမိလျှင် သူ့ကို ချက်ချင်းလက်ငင်း အမှားမပြင်ပေးခြင်းက အကောင်းဆုံးဖြစ်ပေမည်။ (ယောဟန် ၁၆:၁၂) လိမ္မာပါးနပ်မှုတွင် မပြောသင့်ရာကို ကြင်နာစွာ မပြောဆိုခြင်းပါဝင်သည်။
ကုစားပေးသည့်စကား
အပြောအဆိုလိမ္မာပါးနပ်ခြင်းအတတ်ပညာကို တတ်ထားခြင်းက သူတစ်ပါးနှင့် အသင့်အတင့်ပေါင်းသင်းဆက်ဆံနိုင်စေမည်ဖြစ်သည်၊ သင်၏စိတ်ရင်းကို အထင်လွဲပြီး သင့်အပေါ် စိတ်နာကြည်းနေသူနှင့်ပင် သင့်တင့်နိုင်ပေမည်။ ဥပမာ၊ ဧဖရိမ်အမျိုးသားတို့သည် ဂိဒေါင်အား “ကျပ်ကျပ်အပြစ်တင်” ကြသောအခါ ဂိဒေါင်၏လိမ္မာပါးနပ်သောဖြေရှင်းချက်တွင် အဖြစ်အပျက်မှန်ကို အသေအချာဖော်ပြပေးခြင်းနှင့် ဧဖရိမ်အမျိုးသားတို့၏ အောင်မြင်မှုကို ရိုးရိုးသားသား မှန်မှန်ကန်ကန်အကဲဖြတ်တင်ပြပေးခြင်း ပါဝင်ခဲ့သည်။ ဂိဒေါင်သည် အပြောအဆိုလိမ္မာပါးနပ်ခဲ့ခြင်းမှာ သူတို့အဘယ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းကို ဂိဒေါင်ရိပ်မိခဲ့ခြင်းနှင့် ဂိဒေါင်ကိုယ်တိုင်ကျိုးနွံစွာ တုံ့ပြန်ခဲ့ခြင်းကြောင့် သူတို့ကို စိတ်ကျေအေးသွားစေခဲ့သည်။—တရားသူကြီး ၈:၁-၃; သု. ၁၆:၂၄။
သင့်စကားသည် အခြားသူတို့ကို မည်သို့ဖြစ်စေနိုင်ကြောင်း အမြဲကြိုးစားဆင်ခြင်သုံးသပ်ပါ။ လိမ္မာပါးနပ်မှုရှိရန် ကြိုးစားအားထုတ်ခြင်းက နယပုံပြင် ၁၅:၂၃ တွင်ဖော်ပြထားသည့် ရွှင်လန်းဝမ်းမြောက်မှုကို ခံစားစေပါလိမ့်မည်– “လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။”
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
သူတစ်ပါးကို စာနာပေးတတ်ရန် သားသမီးများကို မိဘများ သွန်သင်ပေးနိုင်ကြ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
အတွေ့အကြုံရှိ ခရစ်ယာန်ဓမ္မအမှုဆောင်များသည် လူသစ်များကို လိမ္မာပါးနပ်မှုရှိရန် သွန်သင်ပေးနိုင်