“ငါ့နောက်သို့ အဆက်မပြတ်လိုက်လော့”
၁ လူများစွာသည် အသက်တာတွင် မိမိတို့အလိုဆန္ဒရှိရာများကို အဓိကထားကြသော်လည်း များသောအားဖြင့် မပျော်ရွှင်ကြချေ။ ယင်းနှင့်ခြားနားစွာ ယေရှုသည် စစ်မှန်သောပျော်ရွှင်မှုရရှိစေသည့် ကိုယ်ကျိုးမဖက် ပေးကမ်းသောလမ်းစဉ်လိုက်ရန် အကြံပြုခဲ့သည်။ (တ. ၂၀:၃၅) ကိုယ်တော် ဤသို့မိန့်ဆိုခဲ့သည်– “အကြင်သူသည် ငါ၌ ဆည်းကပ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ . . . ငါ့နောက်သို့ [“အဆက်မပြတ်၊” ကဘ] လိုက်ရမည်။” (မာ. ၈:၃၄) ယင်းတွင် အချို့သောအလိုဆန္ဒများမှ မိမိကိုယ်ကို ရံဖန်ရံခါ ငြင်းပယ်ခြင်းထက်မက ပါဝင်သည်။ ယင်းသည် ကျွန်ုပ်တို့အလိုအတိုင်းမဟုတ်ဘဲ ယေဟောဝါ၏အလိုတော်အတိုင်း နေ့စဉ်အသက်ရှင်ခြင်းကို ဆိုလိုသည်။—ရော. ၁၄:၈; ၁၅:၃။
၂ တမန်တော်ပေါလု၏ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ “ခရစ်တော်ယေရှုကို သိကျွမ်းခြင်းပညာ၏ ထူးကဲသောတန်ဖိုး” ကြောင့် ပေါလုသည် ကိုယ်ပိုင်ရည်မှန်းချက်များလိုက်စားခြင်းကို ရပ်ဆိုင်းကာ နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ကို ပေးဆက်ခဲ့သည်။ (ဖိ. ၃:၇၊ ၈၊ ကဘ) ပေါလုက အခြားသူများအကျိုးသယ်ပိုးရာတွင် “ငါသည် ကိုယ်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း ကုန်စေခြင်းငှာ အလွန်စေတနာရှိ၏” ဟုဆိုသည်။ (၂ ကော. ၁၂:၁၅) ကျွန်ုပ်တို့တစ်ဦးစီ ဤသို့မေးသင့်သည်– ‘ကျွန်ုပ်၏အချိန်၊ ခွန်အား၊ စွမ်းရည်နှင့် ဥစ္စာအင်ခွင်များကို မည်သို့အသုံးပြုနေသနည်း။ ကျွန်ုပ်သည် ကိုယ်ကျိုးစီးပွားတိုးတက်ရေးကို အာရုံစိုက်နေသလော သို့မဟုတ် ယေဟောဝါ၏နှစ်သက်မှုရရှိရန် ရှာကြံနေသလော။’
၃ ပေးဆက်ရန် အခွင့်အလမ်းများ– ဘုရားသခင့်လူမျိုးသည် အသက်ကယ်သည့် နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းအတွက် နှစ်စဉ် နာရီသန်းတစ်ထောင်ကျော် ပေးဆက်ခဲ့ကြသည်။ အသင်းတော်ရှိ လူငယ်များရော လူကြီးများပါ အခြားသူများအား အကျိုးပြုသည့် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ကြသည်။ စည်းဝေးပွဲများ၊ စည်းဝေးကြီးများနှင့်သာမက စစ်မှန်သောဝတ်ပြုရေးတိုးချဲ့ရန် အသုံးပြုသည့် အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့နှင့်ဆက်နွှယ်သည့် လုပ်ကိုင်စရာများလည်း များစွာရှိသည်။ ထို့ပြင် ဆေးရုံဆက်သွယ်ရေးကော်မတီနှင့် လူနာများထံ လည်ပတ်သည့်အုပ်စုများတွင် အမှုထမ်းသည့် ညီအစ်ကိုများ၏ မေတ္တာပါစွာပေးသောအကူအညီကို စဉ်းစားကြည့်ပါ။ ထိုကဲ့သို့ ကိုယ်ကျိုးစွန့်ကြိုးစားမှုမှန်သမျှသည် ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအတွက် ကောင်းချီးတစ်ရပ်ဖြစ်သည်!—ဆာ. ၁၁၀:၃၊ ကဘ။
၄ ဘေးဒဏ် သို့မဟုတ် အရေးပေါ်ကိစ္စတစ်ခု ပေါ်ပေါက်လာသည့်အခါ နည်းအမျိုးမျိုးဖြင့် ကျွန်ုပ်တို့ကိုယ်ကိုပေးဆက်ရန် အခွင့်အရေးများပေါ်လာနိုင်သည်။ သို့သော် များသောအားဖြင့် ခရစ်ယာန်ချင်းတစ်ဦးသည် အကူအညီ သို့မဟုတ် အားပေးမှုလိုသည်ကို ကျွန်ုပ်တို့ ပိုင်းခြားသိရှိနိုင်ပေမည်။ (သု. ၁၇:၁၇) အခြားသူများအကျိုးသယ်ပိုးရန်နှင့် နိုင်ငံတော်အကျိုးစီးပွားတိုးတက်စေရန် ကျွန်ုပ်တို့ကိုယ်ကို တလိုတလားပေးဆက်သည့်အခါ ယေရှု၏ပုံသက်သေကို တုပနေရာရောက်သည်။ (ဖိ. ၂:၅-၈) ထိုသို့ အဆက်မပြတ်လုပ်ဆောင်ရန် ကြိုးစားနိုင်ကြပါစေ။