“ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့”
ဧပြီ ၂ ရက်တွင် ကျင်းပမည့် ယေရှု၏သေခြင်း အောက်မေ့ရာပွဲ
၁။ ၂၀၀၇၊ ဧပြီ ၂ ရက်နေ့သည် အဘယ်ကြောင့် အရေးကြီးသောနေ့ဖြစ်သနည်း။
၁ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာသည် ပူဇော်ရာယဇ်အဖြစ် ယေရှုသေဆုံးခြင်းကို အောက်မေ့ရာပွဲကျင်းပရန် ၂၀၀၇၊ ဧပြီလ ၂ ရက်နေ့တွင် စုဝေးကြမည်။ ယေရှုသည် ကောင်းကင်ခမည်းတော်၏ အချုပ်အခြာအာဏာကို ထောက်ခံသူအဖြစ်သေဆုံးခဲ့သည်။ ထို့ပြင် လူတို့သည် ကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကို ဝတ်ပြုကြသည်ဟူသော စာတန်မာရ်နတ်၏စွပ်စွဲချက် မှားကြောင်း သက်သေထူခဲ့သည်။ (ယောဘ ၂:၁-၅) ကိုယ်တော်သည် အပြစ်မဲ့သောစုံလင်သူတစ်ဦးအဖြစ် သေဆုံးခြင်းဖြင့် “မိမိအသက်ကိုစွန့်၍ လူများကိုရွေး” ခဲ့ကြောင်း ထိုအောက်မေ့ရာပွဲတော်က အမှတ်ရစေသည်။ (မ. ၂၀:၂၈) ထို့ကြောင့် “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုတပည့်များကို ယေရှုမိန့်မှာခဲ့သည်။ (လု. ၂၂:၁၉) ထိုဘုရားပေးဆုကို ကျေးဇူးတင်လေးမြတ်ခြင်းက ကိုယ်တော်၏အနှိုင်းမဲ့မေတ္တာကို သတိရစေသော ယင်းပွဲတော်အတွက် စတင်ပြင်ဆင်ရန် သင့်ကိုလှုံ့ဆော်ပေးပါသလော။—ယော. ၃:၁၆။
၂။ အောက်မေ့ရာပွဲအတွက် ကျွန်ုပ်တို့၏စိတ်နှလုံးကို မည်သို့အသင့်ပြင်ဆင်နိုင်သနည်း။
၂ သင့်စိတ်နှလုံးကို ပြင်ဆင်ပါ– ယေရှု၏မြေကြီးအသက်တာကုန်ဆုံးခါနီး နေ့ရက်တစ်ရက်စီတွင် ဖြစ်ပျက်ခဲ့ရာများကို သုံးသပ်ခြင်းဖြင့် ဤအောက်မေ့ရာပွဲအတွက် ကျွန်ုပ်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်နိုင်သည်။ (ဧဇ. ၇:၁၀၊ ကဘ) ထိုသို့သုံးသပ်နိုင်ရန် ၂၀၀၇ ခုနှစ်ထုတ် ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်နှင့် ပြက္ခဒိန်တွင် အထူးကျမ်းစာဖတ်ရှုခြင်းဇယားကို ဖော်ပြထားသည်။ ထိုဇယားပါနေ့ရက်များတွင် ယေရှုသေဆုံးခါနီး အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီး ယင်းတို့သည် ကျွန်ုပ်တို့အသုံးပြုနေသော ပြက္ခဒိန်ပါနေ့ရက်များနှင့် ကိုက်ညီသည်။ ထိုကျမ်းစာမှတ်တမ်းများမှ နေ့ရက်များသည် နေ့တစ်နေ့ကို နေဝင်ချိန်မှ နောက်နေ့နေဝင်ချိန်အထိ ရေတွက်လေ့ရှိသော ဂျူးပြက္ခဒိန်ကို အခြေခံထား၏။ အောက်မေ့ရာပွဲတော် ကျမ်းစာဖတ်ရှုခြင်းဇယားကို ထိုနေ့ရက်တွက်ချက်ပုံအတိုင်း စီစဉ်ထားသည်။ ယင်းတို့ကိုဖတ်ရှုပြီး ဘုရားသခင့်မေတ္တာတော်ကို အလေးအနက်တွေးတောဆင်ခြင်ခြင်းက အောက်မေ့ရာပွဲတော်မှ အကျိုးအပြည့်အဝရရှိစေပါလိမ့်မည်။
၃။ စိတ်ဝင်စားသူများနှင့် မလှုပ်မရှားဖြစ်နေသူများသည် အောက်မေ့ရာပွဲတော်မှ အကျိုးခံစားနိုင်ရန် ကျွန်ုပ်တို့မည်သို့ကူညီနိုင်သနည်း။
၃ အခြားသူများကို ဖိတ်ခေါ်ပါ– ဖေဖော်ဝါရီလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်တွင် အောက်မေ့ရာပွဲတော်သို့ အခြားသူများကိုဖိတ်ခေါ်ရန် အထူးကင်ပိန်းတစ်ရပ်အကြောင်း ကြေညာထားသည်။ ထိုကင်ပိန်းတွင် အပြည့်အဝပါဝင်ရန် သင် စီစဉ်ပြီးပြီလော။ ဖိတ်ခေါ်မည့်သူများကို စာရင်းလုပ်ပြီးပြီလော။ သူတို့ကို စတင်ဖိတ်ခေါ်နေပြီလော။ သင်ဖိတ်ခေါ်ထားသူများအပြင် အခြားစိတ်ဝင်စားသူများကို ကြိုဆိုနိုင်ရန် စောစောရောက်ရှိနေဖို့ စီစဉ်ပါ။ သူတို့နှင့်အတူထိုင်ပြီး ကျမ်းစာနှင့်သီချင်းစာအုပ်ရှိနိုင်ရန် စီစဉ်ပေးပါ။ အသင်းတော်ရှိအခြားသူများနှင့် မိတ်ဆက်ပေးပါ။ သူတို့သိလိုသော မေးခွန်းများကို ဖြေဆိုပေးပါ။ ဧပြီ ၁၅ ရက်တွင်ကျင်းပမည့် အထူးဟောပြောချက်ကို တက်ရောက်ရန် ဖိတ်ခေါ်ပါ။ မလှုပ်မရှားဖြစ်နေသူများသည် အောက်မေ့ရာပွဲတော်နှင့်အထူးဟောပြောချက် ဖိတ်စာများရရှိနိုင်ရန် အကြီးအကဲများ အထူးအာရုံစိုက်ပေမည်။
၄။ အောက်မေ့ရာပွဲပြီးနောက် ဝိညာဉ်ရေးတွင် ဆက်တိုးတက်လာရန် လူများကို မည်သို့ကူညီပေးနိုင်သနည်း။
၄ စိတ်ဝင်စားသူလူသစ်များနှင့် မလှုပ်မရှားဖြစ်နေသူများ တိုးတက်လာရန် ကူညီပါ– အောက်မေ့ရာပွဲတွင် ဟောပြောသူသည် ကျမ်းစာသင်အံမှုအစီအစဉ်အကြောင်း အတိုချုပ်ရှင်းပြကာ စိတ်ဝင်စားသူလူသစ်များကို ယေဟောဝါအကြောင်း ဆက်လေ့လာရန် အားပေးပေမည်။ ယင်းကိုအသုံးပြုကာ သင်ဖိတ်ခေါ်ထားသူများကို ကျမ်းစာလေ့လာရန် ကမ်းလှမ်းနိုင်သည်။ သူတို့သည် တစ်စုံတစ်ဦးနှင့် ကျမ်းစာလေ့လာနေသူများမဟုတ်လျှင် အောက်မေ့ရာပွဲပြီးနောက် သူတို့ထံလည်ပတ်ကာ အခမဲ့ကျမ်းစာသင်အံမှုကို သရုပ်ပြနိုင်သည်။ ဝိညာဉ်ရေးတွင် သူတို့တိုးတက်လာစေရန် အသင်းတော်အစည်းအဝေးများကိုလည်း တက်ရောက်ဖို့လိုပေမည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့ကြောင့် အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန် အားပေးပါ။ အကြီးအကဲများသည် အောက်မေ့ရာပွဲတက်ရောက်ခဲ့သော မလှုပ်မရှားဖြစ်နေသူများထံ လည်ပတ်ပြီး တင်ဆက်ခဲ့သော ဟောပြောချက်အကြောင်း စဉ်းစားသုံးသပ်စေရန် ကူညီပေးသင့်သည်။ ယင်းက ဝိညာဉ်ရေးဘက်တွင် သူတို့ပြန်လှုပ်ရှားလာရန် အားပေးမှုဖြစ်စေပေမည်။
၅။ အောက်မေ့ရာပွဲတော်သည် ကျွန်ုပ်တို့ကို အဘယ်အကျိုးသက်ရောက်စေနိုင်သနည်း။
၅ အောက်မေ့ရာပွဲတော်က ကျွန်ုပ်တို့အတွက် ယေဟောဝါနှင့်ယေရှုတို့ လုပ်ဆောင်ခဲ့ရာများကို အလေးအနက်တွေးတောဆင်ခြင်စေသည်။ ထိုသို့တွေးတောခြင်းက ယေဟောဝါနှင့်ယေရှုအားချစ်သောမေတ္တာကို ပိုမိုနက်ရှိုင်းစေပြီး ကျွန်ုပ်တို့၏အပြုအမူအပေါ် အကျိုးသက်ရောက်စေသည်။ (၂ ကော. ၅:၁၄၊ ၁၅; ၁ ယော. ၄:၁၁) ထို့ကြောင့် ယခုအချိန်သည် အောက်မေ့ရာပွဲတော်တက်ရောက်ရန် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် စိတ်ဝင်စားသူများ စတင်ပြင်ဆင်ရမည့် အချိန်ဖြစ်သည်။ ထိုပွဲတော်တွင် “သခင်ဘုရား အသေခံတော်မူခြင်းကို” ကြေညာကြမည်ဖြစ်သည်။—၁ ကော. ၁၁:၂၆။