ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင် ထောက်ခံသလော
၁ သမ္မာကျမ်းစာကို အယုံအကြည်ကင်းမဲ့သော ဤလောကတွင် ခရစ်ယာန်စစ်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဇွဲရှိရှိထောက်ခံကြသည်။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူ” ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။ ထို့ကြောင့် “ကိုယ်တော်၏နှုတ်ကပါဌ်သည် သမ္မာတရားဖြစ်ပါ၏” ဟု ယေဟောဝါထံဆုတောင်းခဲ့သူ ယေရှုနှင့် ကျွန်ုပ်တို့သဘောတူညီကြသည်။ (၂ တိ. ၃:၁၆; ယော. ၁၇:၁၇) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မည်သို့ထိရောက်စွာ ထောက်ခံနိုင်မည်နည်း။
၂ ကျမ်းချက်များကို မှတ်သားပါ– ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ယေရှု ထက်သန်စွာလေ့လာခဲ့မည်မှာ သေချာသည်။ ထို့ကြောင့် ဓမ္မအမှုလုပ်ငန်းတွင် ကျမ်းစာမှကောင်းစွာသွန်သင်ပေးနိုင်ခဲ့၏။ (လု. ၄:၁၆-၂၁; ၂၄:၄၄-၄၆) ကျမ်းချက်များကို ကောင်းစွာမှတ်မိရန် ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။ ကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်း၊ အထူးသဖြင့် ဓမ္မအမှုအတွက် အားရှိစေမည့် သို့မဟုတ် အထောက်အကူပြုမည့် အခန်းငယ်တစ်ခုကို တွေးတောဆင်ခြင်ခြင်းဖြင့်ဖြစ်သည်။ အစည်းအဝေးများအတွက် ပြင်ဆင်သည့်အခါ ညွှန်းထားသော ကျမ်းချက်များကို ကျမ်းစာမှဖွင့်ဖတ်ပြီး ယင်းတို့ကို မှတ်ချက်ပေးရန် ပြင်ဆင်သင့်သည်။ အစည်းအဝေးများတွင် ဟောပြောသူဖတ်ရှုသည့် ကျမ်းချက်များကို လိုက်ဖွင့်ဖတ်သင့်သည်။ ကျမ်းချက်များကို သင်ယူမှတ်သားခြင်းဖြင့် “သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်” လာနိုင်သည်။—၂ တိ. ၂:၁၅။
၃ သမ္မာကျမ်းစာ ပြောဆိုပါစေ– ဓမ္မအမှုတွင် ပါဝင်သည့်အခါ သမ္မာကျမ်းစာကို ပြောဆိုစေသင့်သည်။ ဥပမာ၊ အခြေအနေပေးပါက အိမ်ရှင်ကို ကျမ်းချက်တစ်ချက် ဖတ်ပြသင့်သည်။ အိမ်ရှင်သည် မေးခွန်းမေးပါက သို့မဟုတ် ငြင်းချက်ထုတ်ပါက ကျမ်းစာသုံးပြီးဖြေဆိုခြင်းသည် အကောင်းဆုံးဖြစ်၏။ အိမ်ရှင်အလုပ်များနေသည့်တိုင် “ကျွန်တော်မသွားခင် ဒီကျမ်းချက်တစ်ချက်လောက် ဖတ်ပြပါရစေ” ဟုပြောခြင်းဖြင့် ကျမ်းစာမှအချက်တစ်ချက်ကို အလေးပေးနိုင်ပေမည်။ ဖြစ်နိုင်သည့်အခါတိုင်း ကျမ်းစာမှ တိုက်ရိုက်ဖတ်ပြပြီး အိမ်ရှင်ကိုပါ လိုက်ကြည့်စေပါ။
၄ အိမ်ရှင်တစ်ဦးကို သုံးပါးပေါင်းတစ်ဆူမှားကြောင်းနှင့်ပတ်သက်သော ကျမ်းချက်များ ဖတ်ပြသည့်အခါ သူက “ကျွန်တော့်တစ်သက်လုံး ချာ့ချ်တက်လာခဲ့တာ၊ ကျမ်းစာမှာ ဒီလိုပြောထားမှန်း လုံးဝမသိဘူး” ဟုတအံ့တသြဆိုခဲ့သည်။ သူသည် ကျမ်းစာသင်အံမှု တလိုတလားလက်ခံခဲ့၏။ ယေရှုက မိမိသိုးများသည် မိမိစကားသံကို နားထောင်မည်ဟု မိန့်ဆိုသည်။ (ယော. ၁၀:၁၆၊ ၂၇) စိတ်နှလုံးရိုးဖြောင့်သူများကို အမှန်တရားသိရှိလာစေနိုင်သည့် အကောင်းဆုံးနည်းမှာ သမ္မာကျမ်းစာမှ တိုက်ရိုက်ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်အမှန်တရားကို ဆက်လက်ထောက်ခံကြပါစို့!