သင်ခန်းစာ ၁၈
ကျမ်းစာကိုအသုံးပြု၍ ဖြေဆိုခြင်း
ကျွန်ုပ်တို့၏ယုံကြည်ချက်များ၊ ဘဝလမ်းစဉ်၊ လတ်တလောဖြစ်ရပ်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ရှုမြင်ပုံ၊ ကျွန်ုပ်တို့၏အနာဂတ်မျှော်လင့်ချက် အစရှိသည်တို့နှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ကျမ်းစာကိုအသုံးပြု၍ဖြေဆိုရန် ကျွန်ုပ်တို့ကြိုးပမ်းကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်၍တည်း။ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို သမ္မာကျမ်းစာမှ ရရှိကြသည်။ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်သည် ကျမ်းစာအပေါ် အခြေပြုသည်။ ကမ္ဘာ့ဖြစ်ရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ရှုမြင်ပုံကို ယင်းက ပုံသွင်းပေးသည်။ ကျွန်ုပ်တို့၏အနာဂတ်မျှော်လင့်ချက်ကို သမ္မာကျမ်းစာ၏ တန်ခိုးပါသည့်ကတိတော်များတွင် မြဲမြံစွာ အမြစ်စွဲထားသည်။—၂ တိ. ၃:၁၆၊ ၁၇။
ကျွန်ုပ်တို့၏နာမည်နှင့်အတူ ဒွန်တွဲပါလာသောတာဝန်ကို ကျွန်ုပ်တို့ ကောင်းစွာသတိပြုကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏သက်သေများဖြစ်ကြသည်။ (ဟေရှာ. ၄၃:၁၂) ထို့ကြောင့် မေးခွန်းများကိုဖြေဆိုရာတွင် လူ့အတွေးအခေါ်ပညာ၌ အခြေမခံဘဲ ကိုယ်တော့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်၌ ယေဟောဝါမိန့်တော်မူထားရာတွင်သာ အခြေခံသည်။ လူသားများအနေနှင့် ကိစ္စရပ်များအပေါ် ထင်မြင်ချက်အမျိုးမျိုးရှိကြသည်မှာမှန်သော်လည်း ကျွန်ုပ်တို့၏ရှုမြင်ပုံများကို ပုံသွင်းပေးရန် ဘုရားသခင့်စကားတော်ကိုသာ ခွင့်ပြုကြသည်၊ အကြောင်းမှာ ယင်းသည် အမှန်တရားဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ကြသောကြောင့်တည်း။ မြောက်မြားစွာသော ကိစ္စရပ်များတွင် ကိုယ်ပိုင်စိတ်ကြိုက် လုပ်ဆောင်ပိုင်ခွင့်ကို ကျမ်းစာက ကျွန်ုပ်တို့အားပေးထားသည်မှာ မှန်ပါသည်။ ကျွန်ုပ်တို့၏ကြိုက်နှစ်သက်ရာများကို အခြားသူများကြိုက်စေရန် ဖိအားပေးမည့်အစား ကျမ်းစာတွင်ပြဋ္ဌာန်းထားသည့် မူများကိုသွန်သင်ပေးလိုကြသည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့၏နားထောင်သူများအား ကျွန်ုပ်တို့ခံစားရသည့် တူညီသောလွတ်လပ်စွာရွေးချယ်ခွင့်ကို ကျင့်သုံးစေလိုကြသည်။ တမန်တော်ပေါလုနည်းတူ ကျွန်ုပ်တို့သည် “ယုံကြည်ခြင်းဖြင့် နာခံမှုကိုမြှင့်တင်ရန်” ရှာကြံအားထုတ်ကြသည်။—ရော. ၁၆:၂၆၊ ကဘ။
ယေရှုကို ဗျာဒိတ် ၃:၁၄ ၌ “သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ” အဖြစ် ဖော်ပြထားသည်။ ကိုယ်တော်သည် မေးခွန်းများကို မည်သို့ဖြေဆိုခဲ့ပြီး မိမိအပေါ်ကျရောက်လာသည့် အခြေအနေများကို မည်သို့ရင်ဆိုင်ဖြေရှင်းခဲ့သနည်း။ တစ်ခါတစ်ရံ လူတို့ကိုတွေးတောစေမည့် ပုံဥပမာများကို အသုံးပြု၍ဖြစ်သည်။ အခြားအချိန်များ၌ စုံစမ်းမေးမြန်းသူအား ကျမ်းချက်အပေါ် သူ၏နားလည်မှုနှင့်ပတ်သက်၍ မေးခွန်းမေးခြင်းအားဖြင့်ဖြစ်သည်။ မကြာခဏ ကျမ်းချက်များကို ကိုးကားခြင်း၊ စကားပြေပြန်ခြင်း သို့မဟုတ် ရည်ညွှန်းခြင်းတို့ ပြုခြင်းအားဖြင့်ဖြစ်သည်။ (မ. ၄:၃-၁၀; ၁၂:၁-၈; လု. ၁၀:၂၅-၂၈; ၁၇:၃၂) ပထမရာစုတွင် ကျမ်းစာလိပ်များကို များသောအားဖြင့် တရားဇရပ်များတွင် သိမ်းဆည်းထားသည်။ ယေရှုတွင် ကိုယ်ပိုင်စုစည်းထားသော ယင်းကျမ်းလိပ်များ ရှိခဲ့သည်ဟူသည့် အထောက်အထားမရှိသော်လည်း ကျမ်းစာကို ကောင်းစွာသိရှိပြီး အခြားသူများကို သွန်သင်ရာ၌ ယင်းတို့ကို တွင်တွင်ရည်ညွှန်းဖော်ပြခဲ့သည်။ (လု. ၂၄:၂၇၊ ၄၄-၄၇) ကိုယ်တော်သည် မိမိအလိုအလျောက် မဟောပြောကြောင်းကို မှန်ကန်စွာ ပြောဆိုနိုင်ခဲ့သည်။ မိမိခမည်းတော်ထံမှ ကြားသိခဲ့ရာကိုသာ ပြောဆိုခဲ့သည်။—ယော. ၈:၂၆။
ကျွန်ုပ်တို့၏ဆန္ဒမှာ ယေရှု၏စံနမူနာကို လိုက်လျှောက်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ပြောဆိုရာကို ယေရှုကြားခဲ့သည့်အတိုင်း ကိုယ်တိုင်မကြားခဲ့ရပါ။ သို့သော် သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည်။ ကျွန်ုပ်တို့၏အဖြေများအတွက် အခြေခံအဖြစ် ၎င်းကိုအသုံးပြုသည့်အခါ ကျွန်ုပ်တို့ထံ အာရုံစူးစိုက်လာစေခြင်းကို ရှောင်ကြဉ်ကြသည်။ မစုံလင်သည့်လူသားတစ်ဦး၏ ထင်မြင်ချက်ကို ပြောဆိုမည့်အစား အဘယ်အရာသည် အမှန်တရားဖြစ်ကြောင်း ဘုရားသခင်မှ မိန့်မှာပေးစေရန် ကျွန်ုပ်တို့အခိုင်အမာဆုံးဖြတ်ထားကြသည်။—ယော. ၇:၁၈; ရော. ၃:၄။
မှန်ပါသည်၊ ကျွန်ုပ်တို့၏ဆန္ဒသည် ကျမ်းစာကိုအသုံးပြုရုံသာမဟုတ်ဘဲ ကျွန်ုပ်တို့၏ကြားနာသူကို အကျိုးအပြုဆုံးဖြစ်စေမည့်နည်းဖြင့် အသုံးပြုရန်ဖြစ်သည်။ ခံယူရန်အသင့်ရှိသောစိတ်နှင့် နားထောင်စေလိုကြသည်။ လူတစ်ဦး၏သဘောထားအပေါ်မူတည်၍ ဤသို့ပြောဆိုခြင်းဖြင့် ကျမ်းစာဆိုင်ရာအတွေးအခေါ်များကို သင်နိဒါန်းပျိုးနိုင်သည်– “ဘုရားသခင်မိန့်တော်မူရာသာ အဓိကဖြစ်တယ်ဆိုတာ ခင်ဗျားသဘောမတူပေဘူးလား။” သို့မဟုတ် သင်ဤသို့ပြောနိုင်သည်– “အဲဒီမေးခွန်းကို ကျမ်းစာက ဆွေးနွေးထားတယ်ဆိုတာ သိပါသလား။” ကျမ်းစာအား ရိုသေလေးစားမှုမရှိသူတစ်စုံတစ်ယောက်နှင့် သင်စကားပြောဆိုနေပါက အတော်အတန်ကွဲပြားသောနိဒါန်းတစ်ခုကို အသုံးပြုဖို့ လိုအပ်ပေမည်။ သင်ဤသို့ပြောနိုင်သည်– “ခင်ဗျားကို ဒီရှေးကျတဲ့ပရောဖက်ပြုချက် ဝေမျှခွင့်ပြုပါလား။” သို့မဟုတ် သင်ဤသို့ပြောကောင်းပြောနိုင်သည်– “လူ့သမိုင်းမှာ အကျယ်ပြန့်ဆုံးဖြန့်ဝေရတဲ့စာအုပ်က ဒီလိုဆိုတယ် . . . ”
အချို့အချိန်အခါများတွင် ကျမ်းချက်ကို စကားပြေဖြင့်ပြောပြပေးရုံသာ သင်ရွေးချယ်ပေမည်။ သို့သော်လည်း ဖြစ်နိုင်လျှင် ကျမ်းစာကိုယ်နှိုက်ကိုဖွင့်ပြီး ၎င်းပြောသည့်အရာကိုဖတ်ပြခြင်းသည် အကောင်းဆုံးဖြစ်သည်။ လက်တွေ့ကျသည့်အခါတိုင်း ထိုလူအား သူ့ကိုယ်ပိုင်ကျမ်းစာအုပ်တွင် ကျမ်းချက်ကိုပြပေးပါ။ ဤတိုက်ရိုက်ကျမ်းစာအသုံးပြုပုံသည် လူတို့အပေါ် တန်ခိုးပါသော အကျိုးသက်ရောက်မှု ရှိစေတတ်သည်။—ဟေဗြဲ ၄:၁၂။
ခရစ်ယာန်အကြီးအကဲများသည် မေးခွန်းများကိုဖြေဆိုရာတွင် ကျမ်းစာကိုအသုံးပြုရန် အထူးတာဝန်ရှိကြသည်။ အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းရန်အတွက် ရှိရမည့်အရည်အချင်းတစ်ခုမှာ ထိုညီအစ်ကိုသည် “သူ၏သွန်သင်ခြင်းနည်းပညာကို လေးမြတ်သည်နှင့်အမျှ သစ္စာရှိသောနှုတ်ကပါဌ်စကားကို ခိုင်မြဲစွာစွဲကိုင်” ထားသောသူဖြစ်သည်။ (တိ. ၁:၉၊ ကဘ) အသင်းတော်သားတစ်ဦးသည် မိမိအား အကြီးအကဲတစ်ဦးက သွန်သင်ချက်ပေးပြီးသည့်နောက် ဘဝအသက်တာတွင် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချပေမည်။ ထိုသွန်သင်ချက်ကို ကျမ်းစာအပေါ် အခိုင်အမာအခြေပြုထားဖို့ မည်မျှအရေးကြီးလှသည်တကား! ယင်းကိုလုပ်ဆောင်ရာတွင် အကြီးအကဲတစ်ဦး၏ပုံသက်သေက အခြားသူများစွာတို့၏သွန်သင်သည့်နည်းကို ဩဇာသက်ရောက်စေနိုင်ပါသည်။