ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • လူ့ဘဝက ဒီလိုပဲဖြစ်သင့်သလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
    • လူ့ဘဝက ဒီလိုပဲဖြစ်သင့်သလား

      သတင်းစာဖတ်တဲ့အခါ၊ ရုပ်မြင်သံကြားကြည့်တဲ့အခါ ဒါမှမဟုတ် ရေဒီယိုနားထောင်တဲ့အခါတွေမှာ ရာဇဝတ်မှု၊ စစ်မှု၊ အကြမ်းဖက်မှုအကြောင်း အများကြီး မြင်ရကြားရတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်ခံစားနေရတဲ့ ဒုက္ခတွေကိုလည်း စဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင်ဖျားနာနေလို့ ဒါမှမဟုတ် သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားလို့ အရမ်းစိတ်သောက ရောက်နေနိုင်တယ်။ လူကောင်းတစ်ဦးဖြစ်တဲ့ယောဘလို သင်လည်း ခံစားနေရမှာဖြစ်တယ်၊ “ဒုက္ခပြည့်နှက်နေလို့ ခေါင်းမော့နိုင်မှာမဟုတ်ဘူး” လို့ သူပြောခဲ့တယ်။—ယောဘ ၁၀:၁၅၊ ကဘ။

      သင့်ကိုယ်သင် ဒီလိုမေးပါ–

      • ငါနဲ့ တခြားလူသားအားလုံးအတွက် ဘဝက ဒီလိုပဲဖြစ်သင့်သလား။

      • ငါ့ရဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဘယ်နေရာကနေ အကူအညီရနိုင်သလဲ။

      • ကမ္ဘာကြီး ငြိမ်းချမ်းလာမယ်လို့ မျှော်လင့်စရာအကြောင်း ရှိသလား။

      ဒီမေးခွန်းတွေရဲ့ စိတ်ကျေနပ်စရာအဖြေတွေ သမ္မာကျမ်းစာမှာ ပါပါတယ်။

      ဘုရားသခင်က ကမ္ဘာပေါ်မှာ ဒီအပြောင်းအလဲတွေဖြစ်စေမယ်လို့ သမ္မာကျမ်းစာသွန်သင်တယ်။

      “ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။” —ဗျာဒိတ် ၂၁:၄

      “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။” —ဟေရှာယ ၃၅:၆

      “မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်း ကြလိမ့်မည်။” —ဟေရှာယ ၃၅:၅

      ‘သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် ထွက်ရကြလိမ့်မည်။’ —ယောဟန် ၅:၂၈၊ ၂၉

      “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။” —ဟေရှာယ ၃၃:၂၄

      ‘ပြည်တော် [“မြေကြီး၊” ကဘ] ၌ များစွာသောစပါးရှိမည်။’ —ဆာလံ ၇၂:၁၆

      ဘုရားသခင့်ရည်ရွယ်ချက်အတိုင်း ကမ္ဘာပေါ်မှာ အပြောင်းအလဲဖြစ်လာမယ်- အိုမင်းသူ နုပျိုလာမယ်၊ ရောဂါတွေမရှိတော့ဘူး၊ မျက်မမြင်တွေ ပြန်မြင်လာမယ်၊ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်၊ အစားအစာ ပေါကြွယ်၀မယ်

      သမ္မာကျမ်းစာသွန်သင်ရာတွေကနေ အကျိုးရယူပါ

      ရှေ့စာမျက်နှာမှာ ဖော်ပြထားတဲ့အချက်တွေက ဖြစ်စေချင်တဲ့စိတ်ကူးတွေပါလို့ပြောပြီး အလျင်စလို မငြင်းပယ်လိုက်ပါနဲ့။ အဲဒီအရာတွေဖြစ်လာမယ်လို့ ဘုရားသခင် ကတိပြုထားပြီး သမ္မာကျမ်းစာက ကိုယ်တော် ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတာ ရှင်းပြတယ်။

      လူနှစ်ယောက် ကျမ်းစာသွန်သင်ရာစာအုပ်ကိုသုံးပြီး ကျမ်းစာလေ့လာနေကြ

      ဒါပေမဲ့ သမ္မာကျမ်းစာက အဲဒါထက်မက ပိုဖော်ပြတယ်။ ယခုအချိန်မှာတောင် အမှန်တကယ် ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝအသက်တာမျိုးမှာ သင်အသက်ရှင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သင်ကိုယ်တိုင်ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲတွေကို ခဏစဉ်းစားကြည့်လိုက်ပါ။ အဲဒီအထဲမှာ ငွေရေးကြေးရေးပြဿနာ၊ မိသားစုပြဿနာ၊ ကျန်းမာရေးမကောင်းတာ၊ ဒါမှမဟုတ် ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးခြင်းစတာတွေ ပါဝင်မယ်။ သမ္မာကျမ်းစာက မျက်မှောက်ခေတ် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်ပြီး အောက်ပါမေးခွန်းတွေကိုလည်း ဖြေဆိုပေးနိုင်တယ်–

      • ကျွန်ုပ်တို့ ဘာကြောင့် ဆင်းရဲဒုက္ခတွေ ခံစားနေရသလဲ။

      • ဘဝစိုးရိမ်ပူပန်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်သလဲ။

      • မိသားစုဘဝကို ပိုပျော်ရွှင်စေဖို့ ဘာလုပ်နိုင်သလဲ။

      • ကျွန်ုပ်တို့သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားသလဲ။

      • ကျွန်ုပ်တို့ချစ်မြတ်နိုးရတဲ့ သေဆုံးသွားသူတွေကို ပြန်တွေ့ရဦးမလား။

      • ဘုရားသခင်က အနာဂတ်နဲ့ပတ်သက်တဲ့ မိမိရဲ့ကတိတော်ကို ပြည့်စုံစေမယ်ဆိုတာ ဘယ်လိုယုံကြည်စိတ်ချနိုင်သလဲ။

      သင် ဒီစာအုပ်ကိုဖတ်ရှုတဲ့အတွက်ကြောင့် သင်ဟာ သမ္မာကျမ်းစာသွန်သင်ချက်တွေကို သိချင်တယ်ဆိုတာ ဖော်ပြတယ်။ ဒီစာအုပ်က သင့်ကို အကူအညီပေးပါလိမ့်မယ်။ စာပိုဒ်နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို ဖော်ပြထားတာကို သတိပြုပါ။ မေးခွန်းတွေက စာပိုဒ်တစ်ပိုဒ်စီရဲ့အဓိကအချက်ကို ရှာတွေ့ဖို့ သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ သန်းနဲ့ချီတဲ့သူတွေက ဒီနည်းကိုသုံးပြီး ယေဟောဝါသက်သေတွေနဲ့ သမ္မာကျမ်းစာအကြောင်း ဆွေးနွေးကြတယ်။ သင်လည်းနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ သင်ဟာ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာတွေကို လေ့လာခြင်းကနေ နှစ်ထောင်းအားရ၊ ကျေနပ်ဖွယ်အတွေ့အကြုံရရှိပြီး ဘုရားသခင့်ကောင်းချီးကိုပါ ရရှိနိုင်ပါစေ။

      ကျမ်းစာအကြောင်း သိရှိအောင်ကြိုးစားပါ

      သမ္မာကျမ်းစာကို ကျမ်းစောင်ရေ ၆၆ စောင်နဲ့ ဖွဲ့စည်းထားတယ်။ အလွယ်တကူရည်ညွှန်းနိုင်ဖို့ အခန်းကြီး၊ အခန်းငယ်တွေ ခွဲထားတယ်။ ဒီစာအုပ်မှာ ကျမ်းချက်တွေကိုးကားတဲ့အခါ ကျမ်းစောင်နာမည်နောက်က ဦးဆုံးဂဏန်းက ကျမ်းစောင်ရဲ့အခန်းကြီးကို ရည်ညွှန်းပြီး နောက်ဂဏန်းက အခန်းငယ်ကို ရည်ညွှန်းတယ်။ ဥပမာ၊ “၂ တိမောသေ ၃:၁၆” ဆိုတာက တိမောသေသြဝါဒစာ ဒုတိယစောင် အခန်းကြီး ၃၊ အခန်းငယ် ၁၆ ကိုဆိုလိုတယ်။

      ဒီစာအုပ်မှာ ကိုးကားထားတဲ့ ကျမ်းချက်တွေကို ရှာဖွေခြင်းအားဖြင့် သင်ဟာ သမ္မာကျမ်းစာနဲ့ အလျင်အမြန် အကျွမ်းတဝင်ရှိလာမယ်။ ဒါ့အပြင် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုတဲ့ အစီအစဉ်တစ်ခုကို စတင်ပါ။ သင်ဟာ တစ်နေ့ကို အခန်းကြီး သုံးခန်းကနေ ငါးခန်းအထိ ဖတ်မယ်ဆိုရင် ကျမ်းစာတစ်အုပ်လုံးကို တစ်နှစ်အတွင်း အပြီးဖတ်ရှုနိုင်ပါတယ်။

  • ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
    • ကလေးမလေးက မော့ကြည့်ပြီး မေးခွန်းမေးနေ

      ၁။ ကလေးတွေ ဘာလုပ်တတ်ကြသလဲ။

      ကလေးတွေမှာ စူးစမ်းလိုစိတ်ရှိတာကို သင်သတိပြုမိသလား။ ကလေးတွေက စကားစပြောတတ်တာနဲ့ ဒါကဘလဲ၊ ဟိုဟာကဘလဲ ဆိုပြီး မေးခွန်းတွေ မေးလေ့ရှိတယ်။ သင် အတတ်နိုင်ဆုံး အဖြေပေးပေမဲ့ အမြဲတော့မလွယ်ဘူး။ အတတ်နိုင်ဆုံး အဖြေပေးလိုက်ရင်တောင် “ဘာဖြစ်လို့လဲ” လို့ထပ်မေးမှာဖြစ်တယ်။

      ၂။ လူကြီးတွေလည်း ဘာကြောင့် စူးစမ်းလေ့လာနေဖို့လိုသလဲ။

      ၂ ကလေးတွေပဲ စူးစမ်းချင်စိတ်ရှိတာမဟုတ်ဘူး။ ကျွန်ုပ်တို့အားလုံးလည်း အသက်ကြီးလာတာနဲ့အမျှ ဘဝမှာအောင်မြင်မှုရဖို့ ဘာလုပ်ရမလဲ၊ အန္တရာယ်ကို ဘယ်လိုရှောင်မလဲ၊ ဉာဏ်ပညာရဖို့ ဘာလုပ်ရမလဲဆိုတာ စူးစမ်းဖို့လိုတယ်။ ဒါပေမဲ့ လူတွေက ဒီအကြောင်းတွေကိုသိဖို့ မဖြစ်နိုင်ဘူးဆိုပြီး စိတ်ပျက်လာကြတယ်။ တချို့ကျတော့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မေးရမှာရှက်ကြတယ်။

      ၃။ ကျွန်ုပ်တို့လေ့လာသင်ယူဖို့လိုတဲ့ အရေးကြီးဆုံး အကြောင်းအရာတချို့က ဘာတွေလဲ။

      ၃ ပျော်ရွှင်တဲ့မိသားစုဘဝဖြစ်ဖို့ ဘာလုပ်ရမလဲ၊ ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဖြစ်ရတာလဲ၊ ကျွန်ုပ်တို့ သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားသလဲဆိုတဲ့ စာမျက်နှာ ၆ မှာပါတဲ့မေးခွန်းတွေက ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးဆုံးမေးခွန်းတချို့ဖြစ်တယ်။ ဒါတွေက သင် လေ့လာသင်ယူနိုင်တဲ့ အရေးကြီးဆုံး အကြောင်းအရာတချို့ဖြစ်တယ်။ ဒါဆိုရင် သင် ဘယ်လို လေ့လာသင်ယူနိုင်သလဲ။

      ၄။ ဘဝရဲ့ အရေးကြီးဆုံးအကြောင်းအရာတွေကို ဘယ်မှာ လေ့လာသင်ယူနိုင်သလဲ။

      ၄ သင်ဟာ သမ္မာကျမ်းစာဖတ်ခြင်းအားဖြင့် ဘဝရဲ့အရေးကြီးဆုံး အကြောင်းအရာတွေကို လေ့လာသင်ယူနိုင်ပါတယ်။ သင် ကျမ်းစာကို မြင်ဖူးသလား၊ ဒါမှမဟုတ် ဖတ်ဖူးသလား။ တချို့လူတွေက သမ္မာကျမ်းစာဆိုတာ ခရစ်ယာန်တွေအတွက်ပဲလို့ ထင်ကြတယ်။ တချို့ကျတော့ ကျမ်းစာက နားလည်ရခက်လွန်းလို့ ဘာသာရေးခေါင်းဆောင်တွေ၊ ဆရာတွေပဲ နားလည်နိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာထဲမှာ နာမည်အကြီးဆုံးဆရာဖြစ်တဲ့ ယေရှုခရစ်က ဒီလိုပြောခဲ့တယ်– “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်။” (မဿဲ ၇:၇) ယေရှု ဘာကို ဆိုလိုတာလဲ။

      ၅။ (က) “ရှာမြဲရှာ” လို့ပြောတဲ့အခါ ယေရှု ဘာကို ဆိုလိုတာလဲ။ (ခ) သမ္မာကျမ်းစာကို လေ့လာခြင်းကနေ သင် ဘယ်လိုအကျိုးကျေးဇူး ရနိုင်သလဲ။

      ၅ ကြိုးစားအားထုတ်မယ်ဆိုရင် ဘယ်သူမဆို ကျမ်းစာကို နားလည်နိုင်တယ်လို့ ယေရှု ဆိုလိုနေတာဖြစ်တယ်။ ကျမ်းစာက နားလည်ဖို့ အရမ်းမခက်ပါဘူး။ ယေရှုပြောတဲ့အတိုင်း ကျမ်းစာကို လေ့လာခြင်းအားဖြင့် စစ်မှန်တဲ့ဉာဏ်ပညာကို “ရှာမြဲရှာ” မယ်ဆိုရင် ဘဝရဲ့ အရေးကြီးဆုံးအကြောင်းအရာနဲ့ပတ်သက်တဲ့ အဖြေကို သင် တွေ့မှာဖြစ်တယ်၊ အဲဒီအဖြေက ကျေနပ်စရာကောင်းပြီး ယုံကြည်စိတ်ချရတယ်။ (သုတ္တံ ၂:၂-၅) ကျမ်းစာမှာပါတဲ့ ရိုးရှင်းပြီး နားလည်လွယ်တဲ့ သွန်သင်ချက်တွေကို လေ့လာခြင်းအားဖြင့် သင်ဟာ အခုအချိန်မှာ ကျေနပ်ပျော်ရွှင်တဲ့ဘဝနဲ့ အသက်ရှင်နိုင်ပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ငြိမ်သက်မှုနဲ့ ကျေနပ်ရောင့်ရဲမှုကို ထာဝစဉ်ခံစားရဖို့လည်း မျှော်လင့်နိုင်ပါတယ်။ အခု ဘာသာတရားအားလုံးကလူတွေ နားလည်ရခက်တဲ့ အကြောင်းအရာတစ်ခုကို ကျမ်းစာက ဘယ်လိုသွန်သင်တယ်ဆိုတာ စပြီးလေ့လာကြည့်ကြစို့။

      ဘုရားသခင် ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုတာလဲ

      ၆။ ဘယ်အဖြစ်အပျက်တွေကြောင့် လူတွေက ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုတာလဲဆိုတာ သိချင်ကြသလဲ။

      ၆ ဘုရားသခင်မှာ ကြီးမားတဲ့တန်ခိုးနဲ့ ဉာဏ်ပညာရှိတယ်ဆိုရင် ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခမရှိသင့်ဘူးလို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းကို ကြည့်လိုက်တဲ့အခါ စစ်ပွဲတွေ၊ မုန်းတီးမှုတွေနဲ့ စိတ်ဆင်းရဲစရာတွေကို တွေ့နေရတယ်။ ကျွန်ုပ်တို့တစ်ဦးစီအနေနဲ့လည်း ဖျားနာကြပြီး ဆင်းရဲဒုက္ခခံစားကြရတယ်၊ ကျွန်ုပ်တို့ချစ်ရသူတွေ သေဆုံးကြရတယ်။ ဒါကြောင့် လူအတော်များများက ‘ဘုရားသခင် ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုတာလဲ’ ဆိုပြီး သိချင်ကြတယ်။

      ၇။ (က) ဘုရားသခင်ကို အကြင်နာကင်းမဲ့တဲ့ဘုရားလို့ လူတွေထင်မှတ်သွားအောင် ဘာသာရေးအကြောင်း သင်ပေးတဲ့ဆရာတွေက ဘယ်လိုပြောကြသလဲ။ (ခ) ကျွန်ုပ်တို့ခံစားရတဲ့ ဆင်းရဲဒုက္ခတွေက ဘုရားသခင်လုပ်တာလား။ ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ ဘယ်လိုသွန်သင်သလဲ။

      ၇ ပိုဆိုးတာက တစ်ခါတလေမှာ ဘာသာရေးအကြောင်း သင်ပေးတဲ့ဆရာတွေက ဘုရားသခင်ဟာ ရက်စက်တယ်လို့ လူတွေ ထင်မှတ်သွားအောင် လုပ်ကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ စစ်ပွဲ၊ ဖျားနာမှု၊ ဆင်းရဲဒုက္ခ၊ သေခြင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဒါတွေက ဘုရားသခင့်အလိုတော်ပဲလို့ ဆရာတွေက ပြောကြတယ်။ သူတို့ အဲဒီလိုပြောတဲ့အတွက် လူတွေက ဘုရားသခင်ကို အပြစ်တင်ကြတယ်။ ဒါ အမှန်ပဲလား။ ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ။ ယောဘ ၃၄:၁၂ မှာ “ဘုရားသခင်သည် ဒုစရိုက်ကိုပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင်တော်မမူ” လို့ပြောထားတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာဖြစ်နေတဲ့ ဆင်းရဲဒုက္ခတွေက ဘုရားသခင်လုပ်တာ လုံးဝမဟုတ်ဘူး။ (ယာကုပ် ၁:၁၃) တကယ်တော့ ကိုယ်တော်က ဆိုးသွမ်းမှုတွေကို ဖြစ်ပျက်ခွင့်ပြုထားတာဖြစ်တယ်။ တစ်စုံတစ်ခုကို ဖြစ်ပျက်ခွင့်ပြုတာနဲ့ ဖြစ်အောင်လုပ်တာက မတူဘူး။

      ၈၊ ၉။ (က) ဆိုးသွမ်းမှုကို ဖြစ်ပျက်ခွင့်ပြုတာနဲ့ ဆိုးသွမ်းမှုဖြစ်ပွားအောင်လုပ်တာက မတူဘူးဆိုတာ သင် ဘယ်လိုရှင်းပြမလဲ။ (ခ) လူသားတွေ ထင်ရာစိုင်းလမ်းစဉ်လိုက်တာကို မတားတဲ့အတွက် ဘုရားသခင်ကိုအပြစ်တင်တာက ဘာကြောင့် မတရားသလဲ။

      ၈ ဥပမာ၊ အရွယ်ရောက်နေပြီဖြစ်တဲ့သားက ပညာရှိပြီး မေတ္တာပြည့်ဝတဲ့အဖေနဲ့အတူ နေတယ်ဆိုပါစို့။ သားဖြစ်သူက အဖေ့ရဲ့ဆုံးမစကားကို နားမထောင်ဘဲ အိမ်ကထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို အဖေက မတားဘူး။ သားဖြစ်သူ လမ်းမှားရောက်ပြီး ဒုက္ခတွေ့သွားတယ်။ သားဒုက္ခရောက်အောင် အဖေ လုပ်တာလား။ မဟုတ်ပါဘူး။ (လုကာ ၁၅:၁၁-၁၃) အဲဒီလိုပဲ လူသားတွေ ဆိုးသွမ်းတဲ့လမ်းကို စလိုက်ဖို့ ရွေးချယ်ခဲ့ချိန်မှာ ဘုရားသခင် သူတို့ကိုမတားဆီးခဲ့ဘူး၊ အဲဒီဆိုးသွမ်းတဲ့လမ်းစဉ်ကြောင့် ဆင်းရဲဒုက္ခတွေဖြစ်လာတယ်၊ ဒါပေမဲ့ ဒီဆင်းရဲဒုက္ခတွေက ဘုရားသခင် လုပ်တာမဟုတ်ဘူး။ ဒါကြောင့် လူသားတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခအတွက် ဘုရားသခင်ကို အပြစ်တင်မယ်ဆိုရင် တရားနည်းလမ်းမကျဘူး။

      ၉ လူသားတွေ ဆိုးသွမ်းတဲ့လမ်းစဉ်လိုက်တာကို ဘုရားသခင်မတားတဲ့ အကြောင်းရင်းရှိတယ်။ ပညာရှိပြီးတန်ခိုးကြီးတဲ့ ဖန်ဆင်းရှင်အနေနဲ့ ဒီအကြောင်းရင်းကို ရှင်းပြစရာမလိုဘူး။ ဒါပေမဲ့ ဘုရားသခင်က မေတ္တာရှိတဲ့အတွက် အဲဒီအကြောင်းရင်းတွေကို ရှင်းပြပေးတယ်။ ဒီအကြောင်းရင်းတွေကို အခန်း ၁၁ မှာ ပိုသိရမှာဖြစ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ ဒုက္ခပြဿနာတွေအတွက် ဘုရားသခင်မှာ တာဝန်မရှိတာ သေချာတယ်။ ကိုယ်တော့်မှာတာဝန်မရှိပေမဲ့ ဖြေရှင်းနည်းအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ကို ပေးထားတယ်။—ဟေရှာယ ၃၃:၂။

      ၁၀။ ဘုရားသခင်က မကောင်းမှုမှန်သမျှကိုဖယ်ရှားပြီး အကောင်းအတိုင်းဖြစ်အောင် ပြန်လုပ်ပေးမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

      ၁၀ ဘုရားသခင်က သန့်ရှင်းတယ်။ (ဟေရှာယ ၆:၃) ဒါက ကိုယ်တော်ဟာ စင်ကြယ်တယ်၊ အညစ်အကြေးနဲ့ကင်းစင်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ ကိုယ်တော့်မှာ မကောင်းမှုဆိုတာ လုံးဝမရှိဘူး။ ဒါကြောင့် ကိုယ်တော့်ကို ကျွန်ုပ်တို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်တယ်။ ယိုယွင်းဖောက်ပြန်တတ်တဲ့ လူသားတွေကိုတော့ အပြည့်အဝယုံကြည်စိတ်ချလို့ မရဘူး။ အရမ်းရိုးသားတဲ့ အခွင့်အာဏာရှိသူတွေတောင် လူဆိုးတွေကြောင့်ဖြစ်တဲ့ ထိခိုက်ပျက်စီးမှုတွေကို အကောင်းပကတိပြန်ဖြစ်အောင် မလုပ်ပေးနိုင်ကြဘူး။ ဒါပေမဲ့ ဘုရားသခင်မှာတော့ တန်ခိုးအပြည့်အဝရှိတယ်။ လူသားတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခမှန်သမျှကို ဖယ်ရှားပြီး အကောင်းအတိုင်းပြန်ဖြစ်အောင် ကိုယ်တော် လုပ်နိုင်တယ်၊ လုပ်လည်းလုပ်ပေးပါလိမ့်မယ်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ အမေတစ်ယောက်က သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း နေတာကိုကြိုက်တယ်။ သူ့အခန်းကိုလည်း အမြဲ သန့်ရှင်းအောင်ထားတယ်။ သူ့ကလေးတွေက အခန်းကိုရှုပ်ပွနေအောင် လုပ်ထားတယ်ဆိုရင် သူ ဒီအတိုင်းထားမလား။ ထားမှာမဟုတ်ဘူး။ ရှုပ်ပွနေတာကိုရှင်းပြီး အခန်းကို သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်မှာပဲ။ ဒီလိုပဲ ယေဟောဝါက သန့်ရှင်းတဲ့ဘုရားသခင်ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ မကောင်းမှုတွေကို ဒီအတိုင်းထားမှာမဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဘုရားသခင်က မကောင်းမှုတွေ နောက်ထပ်မဖြစ်ပွားတော့အောင် လုပ်ဆောင်မှာဖြစ်တယ်။—ဆာလံ ၃၇:၉-၁၁ ကိုဖတ်ပါ။

      မတရားမှုတွေနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုခံစားရသလဲ

      ၁၁။ (က) မတရားမှုနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုခံစားရသလဲ။ (ခ) သင်ကြုံတွေ့နေရတဲ့ဆင်းရဲခက်ခဲမှုနဲ့ ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုခံစားရသလဲ။

      ၁၁ လက်ရှိကမ္ဘာမှာ ဖြစ်ပျက်နေတာတွေ၊ သင့်အသက်တာမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုခံစားရသလဲ။ သမ္မာကျမ်းစာမှာ “ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏” လို့သွန်သင်ထားတယ်။ (ဆာလံ ၃၇:၂၈) ဒါကြောင့် ဘုရားသခင်က လူတွေကို မျှမျှတတ၊ မှန်မှန်ကန်ကန် လုပ်ကိုင်သူတွေ ဖြစ်စေချင်တယ်။ ဒါက ဘုရားသခင်အတွက် အလွန်အရေးကြီးတယ်။ ကိုယ်တော်က မတရားမှုမှန်သမျှကို မုန်းတယ်။ အရင်တုန်းက ကမ္ဘာပေါ်မှာ မကောင်းမှုတွေနဲ့ပြည့်နေတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးတယ်။ အဲဒါကိုကြည့်ပြီး ဘုရားသခင် “နှလုံးတော်ပူပန်” တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၆:၅၊ ၆) ဘုရားသခင်က မပြောင်းလဲဘူး။ (မာလခိ ၃:၆) အခုလည်း ကမ္ဘာတစ်ဝန်းမှာ လူတွေဆင်းရဲခက်ခဲနေတာကို ကိုယ်တော် မတွေ့မြင်ချင်ဘူး။ လူသားတွေ ဆင်းရဲခက်ခဲနေတာကို ကိုယ်တော်မနှစ်သက်ဘူး။ ဘုရားသခင် “သင်တို့ကို ဂရုစိုက်” တယ်လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ပေတရု ၅:၇ ကိုဖတ်ပါ။

      ဘုရားသခင့်ဖန်ဆင်းရာများ- တောင်တန်း၊ ရေကန်၊ ငါးတွေ၊ ငှက်တွေနဲ့ အပင်တွေ

      ယေဟောဝါဟာ မေတ္တာရှိတဲ့ စကြဝဠာဖန်ဆင်းရှင်ဖြစ်တယ်လို့ ကျမ်းစာကသွန်သင်

      ၁၂၊ ၁၃။ (က) ကျွန်ုပ်တို့မှာ ဘာကြောင့် ချစ်ခြင်းမေတ္တာလို ကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိတာလဲ။ ကျွန်ုပ်တို့မှာ ချစ်ခြင်းမေတ္တာရှိတဲ့အတွက် မတရားမှုတွေကို မြင်တွေ့ရတဲ့အခါ ဘယ်လိုခံစားရသလဲ။ (ခ) ကမ္ဘာ့ပြဿနာတွေကို ဘုရားသခင် ဖြေရှင်းပေးမယ်ဆိုတာ ကျွန်ုပ်တို့ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။

      ၁၂ ဘုရားသခင်က ဆင်းရဲခက်ခဲမှုတွေကို မတွေ့မြင်ချင်ဘူးဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိနိုင်သလဲ။ နောက်ထပ်အထောက်အထားတစ်ခု ရှိပါသေးတယ်။ လူကို ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းထားတယ်လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ (ကမ္ဘာဦး ၁:၂၆) ဘုရားသခင်မှာ ကောင်းမွန်တဲ့အရည်အသွေးတွေရှိတယ်၊ ဒါကြောင့် ကျွန်ုပ်တို့မှာလည်း ကောင်းမွန်တဲ့အရည်အသွေးတွေရှိတယ်။ ဥပမာ၊ အပြစ်မဲ့သူတွေ မတရားခံနေရတာကို မြင်ရတဲ့အခါ သင် စိတ်အနှောင့်အယှက်ဖြစ်တယ်မဟုတ်လား။ မတရားမှုတွေကို သင်သတိပြုမိတယ်ဆိုရင် ဘုရားသခင်က ပိုပြီး သတိပြုမိတယ်ဆိုတာ ယုံကြည်စိတ်ချပါ။

      ၁၃ လူတွေမှာရှိတဲ့ အကောင်းဆုံးအရည်အသွေးတစ်ခုက ချစ်ခြင်းမေတ္တာဖြစ်တယ်။ ဒါကလည်း ဘုရားသခင်မှာရှိတဲ့ အရည်အသွေးကိုတုပ၊ တင်ပြခြင်းဖြစ်တယ်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” လို့ သမ္မာကျမ်းစာမှာသွန်သင်ထားတယ်။ (၁ ယောဟန် ၄:၈) ဘုရားသခင်က ချစ်တတ်လို့ ဘုရားသခင့်ပုံသဏ္ဌာန်နဲ့ဖန်ဆင်းခံရတဲ့ ကျွန်ုပ်တို့လည်း ချစ်တတ်ကြတယ်။ ယနေ့ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခနဲ့ မတရားမှုတွေ အများကြီးတွေ့နေရတယ်။ သင့်မှာ တန်ခိုးရှိမယ်ဆိုရင် ဒါတွေအားလုံးကို ဖယ်ရှားပစ်မယ်မဟုတ်လား။ လူတွေကို သင်ချစ်တဲ့အတွက်ကြောင့် ဒါတွေကို ဖယ်ရှားပစ်မှာ သေချာတယ်။ ကျွန်ုပ်တို့က ဒီပြဿနာတွေကို ဖြေရှင်းပေးချင်တယ်ဆိုရင် ဘုရားသခင်က ပိုပြီးတော့ ဖြေရှင်းပေးချင်မှာပဲ။ ဘုရားသခင်က ဆင်းရဲခက်ခဲမှုနဲ့ မတရားမှုတွေကို ဖယ်ရှားပစ်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဒီစာအုပ်ရဲ့နိဒါန်းမှာဖော်ပြထားတဲ့ ကတိတွေက စိတ်ကူးယဉ်အိပ်မက်၊ အခြေအမြစ်မရှိတဲ့မျှော်လင့်ချက် မဟုတ်ဘူး။ ဘုရားသခင့်ကတိတော်တွေက သေချာပေါက်ပြည့်စုံလာမယ်။ ဒါပေမဲ့ အဲဒီကတိတွေ တကယ်ပြည့်စုံလာမယ်ဆိုတာကို ယုံကြည်ဖို့ဆိုရင် ဒီကတိတွေပေးတဲ့ ဘုရားသခင်အကြောင်း ပိုသိဖို့လိုတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ