“မကြောက်နှင့်”
၁။ ယေရမိလိုပဲ ကျွန်ုပ်တို့လည်း ဘယ်အခက်အခဲတွေကို ကြုံတွေ့ရနိုင်သလဲ။
၁ ပရောဖက်တစ်ပါးအဖြစ် ခန့်အပ်ခံရချိန်မှာ ယေရမိက အရည်အချင်းမပြည့်မီဘူးလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါက သူ့ကို “မကြောက်နှင့်” လို့ အားပေးခဲ့ပြီး သူ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့ မေတ္တာပါပါခွန်အားပေးခဲ့တယ်။ (ယေ. ၁:၆-၁၀) ကျွန်ုပ်တို့အချိန်မှာလည်း အရှက်အကြောက်ကြီးတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမရှိတာက ဓမ္မအမှုမှာပါဝင်ခြင်းကို ထိခိုက်စေနိုင်တယ်။ လူတွေ ကျွန်ုပ်တို့ကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုရှုမြင်မလဲဆိုတာကို ကြောက်ရွံ့ခြင်းက တစ်ခါတစ်ရံ ကျွန်ုပ်တို့ကို တွန့်ဆုတ်စေနိုင်ပါတယ်။ ဒီစိုးရိမ်ကြောက်ရွံ့မှုကို ကျွန်ုပ်တို့ဘယ်လို အောင်မြင်နိုင်မလဲ၊ ဘယ်ကောင်းချီးတွေကို ကျွန်ုပ်တို့ခံစားရမလဲ။
၂။ ဓမ္မအမှုမှာ ကျွန်ုပ်တို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုကို လျော့ပါးစေဖို့ ကြိုတင်ပြင်ဆင်ခြင်းက ဘယ်လိုထောက်ကူပေးမလဲ။
၂ ကြိုတင်ပြင်ဆင်ပါ– လုံလောက်တဲ့ကြိုတင်ပြင်ဆင်မှုက ကျွန်ုပ်တို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုကို များစွာ လျော့ပါးစေနိုင်တယ်။ ဥပမာ၊ စကားစပြတ်စေသူတွေ ဘာတွေပြောနိုင်တယ်ဆိုတာ ကြိုတင်တွေးတောပြီး ဘယ်လိုပြန်ဖြေမယ်ဆိုတာ ပြင်ဆင်ထားနိုင်တယ်။ (သု. ၁၅:၂၈) ကျောင်းမှာ၊ ဓမ္မအမှုမှာကြုံတွေ့ရနိုင်တဲ့ အကျပ်ရိုက်စေတဲ့မေးခွန်းတွေကို ဖြေဆိုဖို့ မိသားစုဝတ်ပြုမှုညချမ်းမှာ လက်တွေ့လေ့ကျင့်နိုင်ပါတယ်။—၁ ပေ. ၃:၁၅။
၃။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက စိုးရိမ်ကြောက်ရွံ့စိတ်ကိုအနိုင်ယူဖို့ ဘယ်လိုကူညီပေးသလဲ။
၃ ယေဟောဝါကို ယုံကြည်ကိုးစားပါ– စိုးရိမ်ကြောက်ရွံ့မှုအတွက် အစွမ်းထက်တဲ့ဖြေဆေးက ကျွန်ုပ်တို့ရဲ့ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဖြစ်တယ်။ ယေဟောဝါက ကျွန်ုပ်တို့ကို ကူညီပေးမယ်လို့ အာမခံထားတယ်။ (ဟေရှာ. ၄၁:၁၀-၁၃) ဒီထက်ယုံကြည်စိတ်ချရတာ ဘာမှမရှိဘူး။ ဒါ့အပြင် မမျှော်လင့်တဲ့အခြေအနေပေါ်လာမယ်ဆိုရင်တောင် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က ကောင်းစွာသက်သေခံနိုင်ဖို့ ထောက်ကူပေးမယ်လို့ ယေရှု ကျွန်ုပ်တို့ကို အာမခံထားတယ်။ (မာ. ၁၃:၁၁) ဒါကြောင့် ယေဟောဝါရဲ့စွမ်းအားတော်ကို မှန်မှန်တောင်းခံသင့်ပါတယ်။—လု. ၁၁:၁၃။
၄။ အခက်အခဲတွေကြားမှာ ဓမ္မအမှုကို ဇွဲထက်သန်စွာလုပ်ဆောင်နေမယ်ဆိုရင် ဘာကောင်းချီးတွေ ခံစားရမလဲ။
၄ ကောင်းချီးများ– အခက်အခဲတွေကြားမှာ ဓမ္မအမှုကို ဇွဲထက်သန်စွာလုပ်ဆောင်နေမယ်ဆိုရင် အနာဂတ်မှာကြုံရနိုင်တဲ့ စုံစမ်းနှောင့်ယှက်မှုတွေကို အောင်မြင်စွာ ရင်ဆိုင်နိုင်ဖို့ ခွန်အားရှိမှာဖြစ်တယ်။ သန့်ရှင်းသောစွမ်းအားတော်ရှိသူတွေရဲ့အမှတ်အသားဖြစ်တဲ့ သတ္တိနဲ့ ရဲရင့်မှုရှိလာမယ်။ (တ. ၄:၃၁) ဒါ့အပြင် ယေဟောဝါရဲ့အကူအညီနဲ့ ကျွန်ုပ်တို့ရဲ့ကြောက်စိတ် တဖြည်းဖြည်းလျော့ပါးလာတဲ့အခါ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းနဲ့ ကိုယ်တော့်ရဲ့ကယ်တင်နိုင်စွမ်းအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ကိုးစားမှု ပိုတိုးများလာတယ်။ (ဟေရှာ. ၃၃:၂) ကျွန်ုပ်တို့က ကောင်းကင်ခမည်းတော်ရဲ့စိတ်ကို ပျော်ရွှင်စေတယ်ဆိုတာ သိရခြင်းကနေဖြစ်ပေါ်လာတဲ့ ရွှင်လန်းမှုနဲ့ စိတ်ကျေနပ်မှုကိုလည်း ခံစားကြရတယ်။ (၁ ပေ. ၄:၁၃၊ ၁၄) ဒါကြောင့် ယေဟောဝါရဲ့ကျောထောက်နောက်ခံရှိနေတယ်ဆိုတာကို အမြဲယုံကြည်စိတ်ချပြီး နိုင်ငံတော်သတင်းကောင်းကို မကြောက်မရွံ့၊ သတ္တိရှိရှိ ကြွေးကြော်နေကြပါစို့။