သင်၏အားသာချက်ကိုသင်၏အားနည်းချက်မဖြစ်လာပါစေနှင့်
ရေလုံအကန့် ၁၆ ခုပါသောကိုယ်ထည်ရှိ ဇိမ်ခံတိုက်တဲန်းနစ်သင်္ဘောကို မနစ်မြုပ်နိုင်ဟု ယူဆခဲ့ကြသည်။၁၉၁၂ ခုနှစ်တွင် ယင်း၏ပထမဆုံးခရီးစဉ်၌ လိုအပ်သောအသက်ကယ်လှေ အရေအတွက်၏ ထက်ဝက်ခန့်သာသယ်ဆောင်ခဲ့သည်။ သင်္ဘောသည် ရေခဲတောင်ကိုတိုက်မိပြီး နစ်မြုပ်သွားခဲ့ရာလူ ၁,၅၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရသည်။
ဘုရားသခင်အားကြောက်ရွံ့သော ရှေးခေတ်ယေရုရှလင်မြို့၏ဘုရင်သြဇိသည် အလွန်ထက်မြက်သောစစ်သေနာပတိတစ်ဦးဖြစ်ခဲ့သည်။ ယေဟောဝါ၏အကူအညီဖြင့် သူသည် ရန်သူများကို နိုင်ပြီးရင်းနိုင်ခဲ့သည်။ “ထိုသို့ [ဩဇိသည်] တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကိုခံရသည်ဖြစ်၍၊ သတင်းတော်သည် အနှံ့အပြားကျော်စော၏။” သို့သော် “ဩဇိမင်းသည် . . . ထောင်လွှားသောစိတ်ထသဖြင့်၊ မိမိဘုရားသခင်ထာဝရဘုရားကို ပြစ်မှား” ခဲ့၏။ ဩဇိ၏ထောင်လွှားမှုကြောင့် သူသည် နူနာစွဲခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၆:၁၅-၂၁; သု. ၁၆:၁၈။
ဤမှတ်တမ်းနှစ်ခုက အားသာချက်များသည် ဉာဏ်ပညာ၊ ကျိုးနွံမှု၊ နှိမ့်ချမှုတို့နှင့် ဟန်ချက်မညီနေသောအခါ အားနည်းချက်များ သို့မဟုတ် ဆိုးကျိုးများ အလွယ်တကူ ဖြစ်သွားနိုင်ကြောင်း သွန်သင်ပေးသည်။ ယင်းက စဉ်းစားစရာဖြစ်သည်၊ အကြောင်းမှာ ကျွန်ုပ်တို့တစ်ဦးစီ၌ တစ်စုံတစ်ရာသော အစွမ်းသတ္တိ သို့မဟုတ် ဆုကျေးဇူးများရှိပြီး တစ်နည်းမဟုတ်တစ်နည်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများအတွက်၊ အထူးသဖြင့် ဖန်ဆင်းရှင်အတွက် ယင်းတို့သည် အကျိုးရှိသည့်အရာနှင့် ရွှင်လန်းမှုရင်းမြစ်ဖြစ်စေလိုကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ရရှိထားမည်ဖြစ်ကောင်းဖြစ်နိုင်သည့် ဘုရားသခင်ထံမှ မည်သည့်ဆုကျေးဇူးကိုမဆို ကျွန်ုပ်တို့အပြည့်အဝအသုံးချသင့်သော်လည်း တစ်ချိန်တည်းတွင် အဖိုးတန်အရာတစ်ခု ဆက်ဖြစ်နေစေရန် ယင်းကိုထိန်းညှိပေးသင့်သည်။
ဥပမာ၊ မိမိ၏အလုပ်ကိုမြတ်နိုးသူတစ်ဦးသည် အလုပ်စွဲသူဖြစ်လာခြင်းဖြင့် ဤဆုကျေးဇူးသည် အားနည်းချက်တစ်ခု အလွယ်တကူဖြစ်လာနိုင်သည်။ သတိရှိသူတစ်ဦးသည် အလွယ်တကူလိမ်လည်လှည့်ဖြားခံရမည်မဟုတ်သော်လည်း ဘယ်သောအခါမျှ ဆုံးဖြတ်ချက်မချသည့်အထိ သူသတိရှိပေမည်။ အစွမ်းအစရှိခြင်းသည်လည်း ကောင်းသောအရည်အချင်းတစ်ခုဖြစ်၏၊ သို့သော် လူ့အရိပ်အကဲကို လျစ်လျူရှုသည်အထိ အလွန်အကျွံဖြစ်မည်ဆိုလျှင် ပျော်ရွှင်မှုမပေးသည့် အေးစက် တင်းမာသောအခြေအနေတစ်ခုကို ဖြစ်စေနိုင်ပေသည်။ ထို့ကြောင့် ခေတ္တအချိန်ယူ၍ သင်၏အားသာချက်များကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ၎င်းတို့ကို သင်ကောင်းစွာထိန်းချုပ်သလော။ ၎င်းတို့သည် အခြားသူများအတွက် ကောင်းချီးတစ်ခုဖြစ်သလော။ ထို့ထက်ကား ၎င်းတို့ကို “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ၏ရင်းမြစ်ဖြစ်သော ယေဟောဝါအားဂုဏ်တင်ရန် သင်အသုံးပြုနေသလော။ (ယာကုပ် ၁:၁၇) ထို့ကြောင့် အရှိန်မသတ်လျှင် အားနည်းချက်များမက ဆိုးကျိုးများပင်ဖြစ်သွားနိုင်သည့် အားသာချက် ဥပမာအချို့ကို အနီးကပ်သုံးသပ်ကြည့်ကြစို့။
ဉာဏ်ရည်ဉာဏ်သွေးများကို ပညာရှိစွာအသုံးပြုပါ
ဉာဏ်ကောင်းခြင်းသည် အရည်အသွေးကောင်းတစ်ခုဖြစ်သည်မှာ မှန်၏။ သို့တိုင် မိမိကိုယ်ကိုစိတ်ချလွန်းခြင်း သို့မဟုတ် အထူးသဖြင့် အခြားသူများက ကျွန်ုပ်တို့ကိုအလွန်ချီးမွမ်းမည်၊ မြှောက်ပင့်မည်ဆိုလျှင် မိမိကိုယ်ကို ထင်သင့်သည်ထက်ထင်မည်ရှိသော် ယင်းသည် အားနည်းချက်တစ်ခုဖြစ်သွားနိုင်သည်။ သို့မဟုတ် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ကျမ်းစာအခြေပြုစာပေများအပေါ် ပညာရှင်အမြင်မျိုး ထားရှိသွားပေမည်။
စိတ်ချလွန်းခြင်းသည် နည်းအမျိုးမျိုးဖြင့် ပေါ်လာနိုင်ပေသည်။ သာဓကအနေနှင့် ဉာဏ်ကောင်းသူတစ်ဦးသည် ခရစ်ယာန်အသင်းတော်တွင် လူထုဟောပြောချက်ဖြစ်စေ၊ သီအိုကရက်တစ်အမှုဆောင်ကျောင်း၌ ဟောပြောချက်တစ်ခုဖြစ်စေပေးဖို့ တာဝန်ရရှိသောအခါ နောက်ဆုံးမိနစ်ပိုင်းအထိမပြင်ဆင်၊ ယေဟောဝါ၏ကောင်းချီးရဖို့ ဆုပင်မတောင်းဘဲ နေပေမည်။ ယင်းအစား သူသိရှိထားသောအသိပညာနှင့် လက်တန်းစဉ်းစားပြောဆိုနိုင်စွမ်းကို ယုံစား၏။ ပင်ကိုစွမ်းရည်သည် အတိုင်းအတာတစ်ခုအထိ သူ၏ပေါ့လျော့မှုကို ဖုံးကွယ်ထားမည်မှန်သော်လည်း ယေဟောဝါ၏ကောင်းချီးအပြည့်အဝမရသောကြောင့် သူ၏ဝိညာဉ်ရေးတိုးတက်မှုသည် နှေးကွေးပါလိမ့်မည်၊ ရပ်ပင်ရပ်တန့်သွားပေလိမ့်မည်။ ဆုကျေးဇူးကောင်းတစ်ခုကို အလဟဿဖြစ်စေခြင်းပါတကား!—သု. ၃:၅၊ ၆; ယာကုပ် ၃:၁။
ဉာဏ်ထက်မြက်သူတစ်ဦးသည်လည်း ကျမ်းစာနှင့် ကျမ်းစာအထောက်အကူစာပေများအပေါ် ပညာရှင်အမြင်မျိုးရှိလာပေမည်။ သို့ရာတွင် ထိုသို့သောဉာဏ်ပညာသည် “ထောင်လွှားစေတတ်” ရုံ၊ သို့မဟုတ် ပူဖောင်းကိုလေထိုးပေးသကဲ့သို့ လူကိုမြောက်ကြွစေသည်; ယင်းသည် မေတ္တာရှိသောခရစ်ယာန်ဆက်ဆံရေးများကို “တည်ဆောက်” မပေးတတ်ပါ။ (၁ ကောရိန္သု ၈:၁; ဂလာတိ ၅:၂၆) အခြားတစ်ဖက်တွင်မူ ဝိညာဉ်ရေးရာလူသည် စိတ္တစွမ်းရည်များ မည်သို့ပင်ရှိစေကာမူ အစဉ်သဖြင့် ဘုရားသခင့်ဝိညာဉ်တော်ရဖို့အတွက် တောင်းလျှောက်၍ ယင်းကိုအားထားသည်။ သူသည် မေတ္တာ၊ နှိမ့်ချမှု၊ အသိပညာနှင့် ဉာဏ်ပညာအတော်အသင့် တိုးလာလေလေ သူ၏အားသာချက်သည် အဖိုးတန်အရည်အချင်းဖြစ်လာလေလေဖြစ်သည်။—ကောလောသဲ ၁:၉-၁၁။
အရည်အချင်းရှိသောကြောင့် မိမိတို့ကိုယ်ကိုထင်သင့်သည်ထက်ပို၍ထင်မည်ဆိုလျှင် ကျိုးနွံမှုမရှိကြောင်းဖော်ပြသည်ဖြစ်ရာ အရည်အချင်းသည်လည်း အားနည်းချက်ဖြစ်လာပေမည်။ ၁၉၇၄ ယေဟောဝါသက်သေတို့၏နှစ်ချုပ်စာအုပ်က မှတ်ဉာဏ်အလွန်ကောင်းသည့် ဂျာမန်ချွေးတပ်စခန်းကျခဲ့သူ ညီအစ်ကိုတစ်ဦးအကြောင်း ပြောပြသည်။ “သူသင်ယူခဲ့ရာများကို ပြန်အမှတ်ရပြီး အခြားသူတို့ကိုဝေမျှပေးနိုင်သည့် သူ၏အရည်အချင်းသည် အစပိုင်းတွင် ညီအစ်ကိုများအတွက် အားပေးရာရင်းမြစ်တစ်ခုဖြစ်ခဲ့သည်။ သို့ရာတွင် အတန်ကြာလေသော် သူသည် အကြည်ညိုခံရပြီး ‘ဘူချင်ဝေါ၏အံ့ဖွယ်ရာ’ ဖြစ်လာရာ သူ၏အပြောအဆိုများနှင့် သူ၏ကိုယ်ပိုင်အယူအဆကိုပင် အတည်ဖြစ်သည်ဟူ၍ယူမှတ်ခဲ့ကြသည်။” ထိုအခါ ယေဟောဝါအပေါ်သစ္စာစောင့်သိမှုကြောင့် အကျဉ်းကျသူတို့ထဲမှ ထိုသူနှင့်သဘောထားကွဲလွဲသူတို့ကိုပင် ရန်သူများဟူ၍ ရှုမြင်ခဲ့ကြသည်!
ဆုကျေးဇူးထူးရရှိထားသူများဖြစ်စေကာမူ ယေဟောဝါသည် “ဉာဏ်ပညာချွန်သူတို့ကိုပင် ထောက်ထားတော်မမူ” ကြောင်း ဤဆုထူးရရှိထားသူ—နှင့်သူ့ကိုအကြည်အညိုပိုလွန်းသူတို့—က မေ့နေသည်မှာထင်ရှား၏။ (ယောဘ ၃၇:၂၄၊ သမ) “စိတ်နှိမ့်ချသောသူတို့၌ကားပညာရှိ၏” ဟုဘုရားသခင့်နှုတ်မြွက်စကားတော်ကဆိုသည်။ (သု. ၁၁:၂) တမန်တော်ပေါလုသည် အလွန်ဉာဏ်ကောင်း၍ ပညာတတ်တစ်ဦးဖြစ်သော်လည်း ကောရိန္သုမြို့သားများအား ဤသို့ပြောဆိုခဲ့သည်– “ညီအစ်ကိုတို့၊ ငါသည်သင်တို့ရှိရာသို့ရောက်လာသောအခါ၊ . . . ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာအားဖြင့်သင်တို့အားပြသ၍ ရောက်လာသည်မဟုတ်။ . . . သင်တို့နှင့်အတူငါရှိနေသောအခါ၊ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ၏။ သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့်မတည်၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့်တည်စေခြင်းငှာ၊ ငါ့စကား . . . သည် လူပညာနှင့်ယှဉ်သောဖြားယောင်းသောစကားနှင့်တကွ ရှိသည်မဟုတ်။ ဝိညာဉ်တော်၏ နိမိတ်လက္ခဏာတန်ခိုးတော်နှင့်တကွရှိ၏။”—၁ ကောရိန္သု ၂:၁-၅။
အမှန်တကယ်ပညာရှိသူသည် ပညာဉာဏ်အပေါ် လောက၏အမြင်၊ အောင်မြင်မှုဟုလောကရှင်းပြပုံအားဖြင့် လှည့်ဖြားမခံရပါ။ ထို့ကြောင့် သူသည် လူတို့၏ချီးမွမ်းမှုခံရဖို့ သို့မဟုတ် လောကစည်းစိမ်စုဆောင်းဖို့ မိမိ၏စွမ်းရည်များကိုအသုံးပြုမည့်အစား သူ့ကိုအသက်နှင့် ထိုအရည်အချင်းများ ပေးသနားရှင်အား အတတ်နိုင်ဆုံးပေးဆပ်လေသည်။ (၁ ယောဟန် ၂:၁၅-၁၇) ထိုသို့ပြုဖို့ရန် သူ၏ဘဝတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားကာ အသီးများစွာသီးသော ‘မြစ်နားမှာစိုက်လျက်ရှိသောအပင်’ ကဲ့သို့ဖြစ်လာပေသည်။ သူ၏ပင်ကိုစွမ်းရည်များကြောင့်မဟုတ်ဘဲ ယေဟောဝါ၏ကောင်းချီးကြောင့် သူ “ပြုလေသမျှတို့၌ အောင်လိမ့်မည်။”—ဆာလံ ၁:၁-၃; မဿဲ ၆:၃၃။
ခရစ်ယာန်ဘာသာတရားကသင်၏အားသာချက်အပေါ် ထပ်ဆင့်ပါလေစေ
ခရစ်ယာန်ဘာသာတရားကိုယ်နှိုက်က အားသာချက်များစွာရှိထားရာ ၎င်းနှင့်ယှဉ်လိုက်သော် လောကအတွေးအခေါ်များသည် မှေးမှိန်သွားသည်။ ဥပမာ၊ ခရစ်ယာန်ဘဝလမ်းစဉ်သည် ရိုးသားသော၊ ရိုသေလေးစားသော၊ အေးဆေး၍ လုံ့လရှိကြသော အကောင်းဆုံးလင်ယောက်ျားနှင့် ဇနီးသည်များ၊ အကောင်းဆုံးအိမ်နီးချင်းများနှင့် အကောင်းဆုံးအလုပ်သမားများဖြစ်စေသည်။ (ကောလောသဲ ၃:၁၈-၂၃) ထို့ပြင် စကားပြောဆိုခြင်းနှင့် သွန်သင်ခြင်းဆိုင်ရာ ခရစ်ယာန်လေ့ကျင့်မှုက ကောင်းသောဆက်သွယ်မှုစွမ်းရည်ရှိစေသည်။ (၁ တိမောသေ ၄:၁၃-၁၅) ထို့ကြောင့် အလုပ်ရှင်များက ခရစ်ယာန်များကိုရွေးပြီး ထပ်ဆင့်တာဝန်များနှင့် ရာထူးများတိုးပေးချင်ကြခြင်းသည် အံ့ဩစရာမဟုတ်ပါ။ သို့သော် သတိရှိရှိမထိန်းပေးပါက ထိုသို့သောအားသာချက်များကိုလည်း အလွဲသုံးမိနိုင်ပေသည်။ ရာထူးတိုးခြင်း သို့မဟုတ် မက်မောစရာအလုပ်တစ်ခုကမ်းလှမ်းခံရခြင်းက ကုမ္ပဏီအတွက် မိမိကိုယ်ကိုလုံးလုံးလျားလျားနီးပါး မြှုပ်နှံထားရကာ ခရစ်ယာန်အစည်းအဝေးများကိုပုံမှန်ပျက်ရခြင်း သို့မဟုတ် မိသားစုနှင့်နေသည့် အဖိုးတန်အချိန်ကို စွန့်လွှတ်ရခြင်းတို့ရှိလာပေမည်။
ဩစတြေးလျမှ အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်၊ အိမ်ထောင်သည် ခရစ်ယာန်အကြီးအကဲတစ်ဦးလည်းဖြစ်သူမှာ ဆိုရိုးရှိသကဲ့သို့ “ရလိုရာ ရနိုင်” သည့်အခြေအနေတွင်ရှိသည်။ သို့တိုင် ဤအစီအစဉ်စနစ်၌ အောင်မြင်ဖို့ဆွဲဆောင်ခံရခြင်းကို ငြင်းပယ်ခဲ့သည်။ “ကျွန်တော့်မိသားစုနဲ့ ခရစ်ယာန်ဓမ္မအမှုဆောင်ရာမှာ အချိန်ပိုသုံးချင်ခဲ့တယ်” ဟုသူဆိုသည်။ “ဒါကြောင့် လောကအလုပ်မှာ အချိန်လျှော့ဖို့ ကျွန်တော်နဲ့ကျွန်တော့်ဇနီးတို့သဘောတူခဲ့ကြတယ်။ မလိုအပ်ဘဲနဲ့ တစ်ပတ်မှာငါးရက် ဘာကြောင့်အလုပ်လုပ်နေရမှာလဲ” ဟုသူထပ်ပြောပြသည်။ ကောင်းစွာစဉ်းစားပြီး သူ့ဘဝကို အနည်းငယ်ပြောင်းလဲခြင်းဖြင့် တစ်ပတ်တွင် သုံးလေးရက်အလုပ်လုပ်၍ သူ့မိသားစုကိုကြည့်ရှုစောင့်ရှောက်နိုင်ဆဲဖြစ်ကြောင်း ဤအကြီးအကဲတွေ့ရှိခဲ့သည်။ အချိန်တန်သော် ဒေသခံအစည်းအဝေးခန်းမကော်မတီနှင့် ခရိုင်အစည်းအဝေးစီမံခန့်ခွဲရာ၌ အမှုထမ်းခြင်းစသည့် လုပ်ငန်းတော်ဆိုင်ရာ အခြားအခွင့်ထူးများ၌ သူပါဝင်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။ သူ၏အားသာချက်များကို ပညာရှိစွာကျောင်းပေးခဲ့ရာ သူနှင့်သူ့မိသားစုသည် ပျော်ရွှင်မှုနှင့် ကျေနပ်မှုရရှိခဲ့ကြသည်။
အခွင့်ထူးများနှင့်ပတ်သက်၍မျှတသည့်သဘောထား
ခရစ်ယာန်အမျိုးသားတို့သည် အသင်းတော်၌ လုပ်ငန်းတော်အခွင့်ထူးများကို လက်လှမ်းယူကြရန် တိုက်တွန်းခံရကြသည်။ ‘အကြီးအကဲ [သို့မဟုတ် ဓမ္မအမှုထမ်း] အရာကိုတောင့်တသောသူသည် ကောင်းသောအမှုအရာကိုတောင့်တသည်ဟူသောစကားသည် မှန်သောစကားဖြစ်၏။’ (၁ တိမောသေ ၃:၁) ဖော်ပြခဲ့ပြီးသောအားသာချက်များကဲ့သို့ပင် တာဝန်များကို တလိုတလားလက်ခံခြင်း၌လည်း ကောင်းစွာပိုင်းခြားချင့်ချိန်မှုရှိဖို့လိုသည်။ ယေဟောဝါ၏လုပ်ငန်းတော်၌ ပျော်ရွှင်မှုပျောက်သွားသည့်အထိ တာဝန်များစွာကို မည်သူမျှမယူသင့်ပါ။ ယေဟောဝါသည် မိမိကိုယ်ကိုညှာသည့်သဘောထားကို မနှစ်သက်သောကြောင့် တလိုတလားရှိသောစိတ်ဓာတ်သည် ချီးမွမ်းဖွယ်ဖြစ်သည်မက ၎င်းစိတ်ထားရှိဖို့လိုအပ်သည်မှန်သော်လည်း ယင်းကကျိုးနွံစိတ်နှင့် ‘သတိရှိသောစိတ်’ တို့ကိုလည်း ထင်ဟပ်ရပေမည်။—တိတု ၂:၁၃; ဗျာဒိတ် ၃:၁၅၊ ၁၆။
ယေရှု၏ နူးညံ့သိမ်မွေ့ခြင်း၊ ထိုးထွင်းသိမြင်ခြင်းနှင့် နားလည်ခံစားတတ်ခြင်းတို့က အနိမ့်ကျဆုံးသူများကိုပင် ကိုယ်တော်နှင့်သက်သောင့်သက်သာရှိစေသည်။ အလားတူ ယနေ့လည်း စာနာ၊ ဂရုစိုက်တတ်သောစရိုက်အားသာသူတို့နှင့် လူတို့သက်သောင့်သက်သာရှိကြသည်။ ခရစ်ယာန်အသင်းတော်တွင် ဤသို့လှိုက်လှဲပျူငှာ၍ ချဉ်းကပ်လွယ်သောအကြီးအကဲများသည် အမှန်ပင်အဖိုးတန်သည့် “လူတို့တွင်ဆုလာဘ်များ” ဖြစ်ကြသည်။ သူတို့သည် “လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ စီးသောချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း” ဖြစ်ကြ၏။—ဧဖက် ၄:၈; ဟေရှာယ ၃၂:၂။
သို့သော် အကြီးအကဲများသည် အခြားသူများကိုကူညီပေးသည့်အချိန်နှင့် သူတို့ကိုယ်တိုင်လိုအပ်သည့် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း၊ ဆုတောင်းခြင်းနှင့် အမှုဆောင်ခြင်းတို့အတွက်အချိန်ကို မျှတစေရမည်။ အိမ်ထောင်သည်အကြီးအကဲများသည် မိမိတို့မိသားစုကိုလည်း အချိန်ပေးဖို့လိုသည်မှာအမှန်၊ အထူးသဖြင့် သူတို့အတွက် ချဉ်းကပ်ရန်လွယ်ကူသူဖြစ်သင့်သည်။
အရည်အချင်းပြည့်သောအမျိုးသမီးများ—အထူးကောင်းချီးတစ်ခု
ဝိညာဉ်ရေးစိတ်ဓာတ်ရှိသော အမျိုးသမီးများသည်လည်း အရည်အချင်းပြည့်သောအကြီးအကဲများကဲ့သို့ ယေဟောဝါ၏အဖွဲ့အစည်းအတွက် ကောင်းစွာအကျိုးပြုသည်။ များသောအားဖြင့် အမျိုးသမီးများသည် ယေဟောဝါတန်ဖိုးထား၍ အားပေးလှုံ့ဆော်သော အရည်အချင်းတစ်ခုဖြစ်သည့် သူတစ်ပါးကိုစိတ်ဝင်စားခြင်း ဆုကျေးဇူးရရှိထားကြသည်။ တမန်တော်ပေါလုက “ကိုယ်အမှုရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ် [“ပုဂ္ဂိုလ်ရေးအရစိတ်ဝင်စားမှုပြ၊” ကဘ] ကြလော့” ဟုရေးခဲ့သည်။ (ဖိလိပ္ပိ ၂:၄) သို့သော် ဤ ‘ပုဂ္ဂိုလ်ရေးအရစိတ်ဝင်စားမှုပြခြင်း’ မှာအကန့်အသတ်ရှိသည်၊ အကြောင်းမှာ အဘယ်ခရစ်ယာန်မျှ “သူတစ်ပါးအမှု၌ရောနှော” သူမဖြစ်လိုသကဲ့သို့ အတင်းပြောသူတစ်ဦးလည်း မဖြစ်သင့်ပေ။—၁ ပေတရု ၄:၁၅; ၁ တိမောသေ ၅:၁၃။
အမျိုးသမီးများတွင် အခြားဆုကျေးဇူးများစွာရှိသည်။ ဥပမာ၊ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် သူ၏လင်ယောက်ျားထက် ဉာဏ်ရည်ပို၍ကောင်းပေမည်။ သို့သော် ယေဟောဝါအားကြောက်ရွံ့သည့် ‘အရည်အချင်းပြည့်သောမိန်းမတစ်ဦး’ အနေဖြင့် သူ၏လင်ယောက်ျားကိုရိုသေ၍ လင်ယောက်ျားနှင့်ယှဉ်ပြိုင်ဖို့မဟုတ်ဘဲ သူ့ကိုဖြည့်စွက်ပေးဖို့ မိမိ၏ဆုကျေးဇူးများကိုအသုံးပြုရပေမည်။ ပညာရှိ၍ နှိမ့်ချသောလင်ယောက်ျားတစ်ဦးကလည်း ဇနီးကိုမနာလို၊ သို့မဟုတ် မကျေမနပ်ဖြစ်မည့်အစား ဇနီးသည်၏အားသာချက်များကို တန်ဖိုးထား၍ ၎င်းတို့၌ဝမ်းမြောက်ဝမ်းသာဖြစ်ပေမည်။ သူ၏စွမ်းရည်များကို အိမ်ထောင်စုတိုးတက်စေခြင်းအတွက်နှင့် မိမိကိုယ်တိုင်ကဲ့သို့ သားသမီးများလည်း ‘ယေဟောဝါအားကြောက်ရွံ့’ တတ်ဖို့ကူညီပေးခြင်း၌ အတတ်နိုင်ဆုံးအသုံးပြုဖို့ရန် ခင်ပွန်းသည်တိုက်တွန်းပေးပေမည်။ (သု. ၃၁:၁၀၊ ၂၈-၃၀; ကမ္ဘာဦး ၂:၁၈) ဤသို့သောကျိုးနွံနှိမ့်ချသည့် လင်ယောက်ျား၊ မိန်းမတို့သည် ယေဟောဝါအားအမှန်ပင် ဂုဏ်တင်သည့် အိမ်ထောင်ရေး၌အောင်မြင်ကြသည်။
ပြင်းထန်သောပင်ကိုစရိုက်ကိုနှိမ်နင်းခြင်း
ဖြောင့်မတ်ခြင်းနှင့် ယေဟောဝါ၏အလိုတော်ကို စိုးလ်အကြွင်းမဲ့ဆောင်ခြင်းအပေါ်တည်သည့် ပြင်းထန်သောပင်ကိုစရိုက်ကို ကျိုးနွံခြင်းနှင့်နှိမ့်ချခြင်းဖြင့် ပျော့ပျောင်းစေသောအခါ အဖိုးတန်အရည်အချင်းကောင်းတစ်ခုဖြစ်လာနိုင်သည်။ သို့တိုင် ၎င်းဖြင့် အခြားသူကိုလွှမ်းမိုးမည်၊ သို့မဟုတ် ခြိမ်းခြောက်မည်ဆိုလျှင် ယင်းသည် အားနည်းချက်တစ်ခုဖြစ်သွားနိုင်သည်။ ခရစ်ယာန်အသင်းတော်တွင် အထူးသဖြင့်မှန်ကန်သည်။ ခရစ်ယာန်များသည် အသင်းတော်အကြီးအကဲများနှင့် ပေါင်းဖော်သောအခါဖြစ်စေ တစ်ဦးနှင့်တစ်ဦးပေါင်းဖော်သောအခါဖြစ်စေ သက်သောင့်သက်သာရှိသင့်သည်။—မဿဲ ၂၀:၂၅-၂၇။
တစ်ဖန် အကြီးအကဲများကလည်း တစ်ဦးနှင့်တစ်ဦးပေါင်းဖော်ရာတွင် သက်သောင့်သက်သာရှိသင့်သည်။ သူတို့အတူတကွတွေ့ဆုံစည်းဝေးသောအခါ မိမိတို့၏ဆုံးဖြတ်ချက်များကို ပင်ကိုစရိုက်၏အားမာန်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်က ဩဇာလွှမ်းမိုးသင့်သည်။ အမှန်ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် အငယ်ဆုံး သို့မဟုတ် စကားအနည်းဆုံးအကြီးအကဲအပါအဝင် အကြီးအကဲအဖွဲ့ရှိ မည်သည့်အကြီးအကဲကိုမဆို ဩဇာလွှမ်းမိုးနိုင်သည်။ ထို့ကြောင့် ပို၍ပြင်းထန်သောပင်ကိုစရိုက်များရှိသူတို့က မိမိတို့မှန်သည်ဟုယူဆသောအခါ၌ပင် သူတစ်ပါးကိုထောက်ထားညှာတာတတ်ဖို့ သင်ယူခြင်းဖြင့် မိမိတို့၏အားသာချက်များကို ထိန်းချုပ်သင့်သည်၊ ဤနည်းဖြင့် အကြီးအကဲချင်းတို့အား ‘ဂုဏ်တင်ချီးမွမ်း’ ကြသည်။ (ရောမ ၁၂:၁၀) ဒေ. ၇:၁၆ ကကြင်နာစွာဖြင့် ဤသို့သတိပေးထားသည်– “လွန်ကျူးစွာမဖြောင့်မတ်နှင့်။ လွန်ကျူးစွာပညာမရှိနှင့်။ အဘယ်ကြောင့်ကိုယ်အကျိုးကိုဖျက်ချင်သနည်း။”
“ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ၏ပင်ရင်းဖြစ်သော ယေဟောဝါသည် ကိုယ်တော်၏စိုးရွံ့ဖွယ်အစွမ်းသတ္တိများကို အပြည့်အဝစုံလင်စွာထိန်းချုပ်တော်မူ၏။ (ယာကုပ် ၁:၁၇; တရားဟောရာ ၃၂:၄) ကိုယ်တော်သည် ကျွန်ုပ်တို့၏ဆရာလည်းဖြစ်တော်မူ၏! ထို့ကြောင့် ကိုယ်တော်ထံမှသင်ယူကာ ကျွန်ုပ်တို့၏သဘာဝဆုကျေးဇူးများ၊ သို့မဟုတ် အားသာချက်များကို တိုးပွားစေခြင်းနှင့် ၎င်းတို့ကို ပညာရှိစွာ၊ ကျိုးနွံစွာနှင့် မေတ္တာရှိစွာထိန်းချုပ်ရာတွင် ကြိုးပမ်းကြပါစို့။ ထိုအခါ ကျွန်ုပ်တို့သည် အခြားသူများအတွက် တကယ့်ကောင်းချီးဖြစ်လိမ့်မည်တည်း!
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးဘက်တိုးတက်မှုသည် စိတ်အားထက်သန်စွာလေ့လာခြင်းနှင့် ယေဟောဝါအားမှီခိုအားထားခြင်းပေါ်မူတည်
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ကျိုးနွံခြင်းနှင့်ဒွန်တွဲသော ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုသည်ကောင်းချီးတစ်ခုဖြစ်
[Picture Credit Line on page 26]
Courtesy of The Mariners’ Museum, Newport News, VA